" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Tuesday, January 3, 2012

ပထမဆုံး လွတ်လပ်ရေး ကြေငြာစာတမ်း






အောင်စေသတည်း

.....

....................



၁။ မြန်မာသက္ကရာဇ် ၁၃၀၉ - ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ် သက္ကရာဇ် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အချာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ဘူမိနက်သန်မှန်သော မြေထူးမြေမြတ်လည်း ဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး တရားမြတ်တို့ တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်း မြေပြင် အထူးထူးသော ရတနာပေါင်းတို့နှင့် ပြည့်စုံသဖြင့်သတ္တ၀ါ
အပေါင်းတို့ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော်လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ် အနှစ်သာရကြွယ်ဝ ပြည့်စုံသောမြေလည်းဖြစ်၏။ ဘူမိနက်သန်မှန်လှထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ချင်း၊ မွန်၊ မြန်မာစသည့်ဖြင့်တသွေးတသား တမိဘွား ဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာသင်္ချာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇ၀င်ရှည်ဝေး ရှေးပဝေသဏီမှစ၍ တညီညွတ်တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ်တည်ခဲ့ကြ၏။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့နောက် မန္တလေးအထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လ၀ါပမာကဲ့သို့ တဖြာဖြာတ၀င်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာတန်ဆာ ကာလအသင်္ချေတည်နေအပ်သော နေမင်းသူရိယ လစန္ဒာတို့ပင် ဆီနှင့်မြူတိမ် ဖုံးအုပ်၍ ခဏခေတ္တ အရှိန်အ၀ါ ညှိုးလျော်နွမ်းလျ မထွန်းမပ ဖြစ်ဘိသကဲ့သို့ ငါတို့၏ လွတ်လပ်သော မြန်မာနိုင်ငံတော်သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပတိုက်မှ ထွက်ပေါ်လာ၍ တကမ္ဘာလုံးကို ရစ်ပတ်အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒနှင့် မရှောင်မကွင်းသာ ကြုံကြိုက် ဆုံတွေ့မိ၍ ပထမအင်္ဂလိပ် မြန်မာစစ်၌ ရခိုင်၊ တနသာင်္ရီ၊ ဒုတိယ အင်္ဂလိပ်မြန်မာစစ်၌ ဟံသာဝတီ၊ ပဲခူး၊ တတိယအင်္ဂလိပ်မြန်မာစစ်၌မန္တလေးရတနာပုံသုံးကြိမ် သုံးတန်ချအပ်ရခြင်းဖြင့် ဤမြေထူးပေမြေမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍ လာခဲ့ကြသော ငါတို့၏လွတ်လပ်ရေးသည် ငါတို့လက်မှလွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝကျရောက်ခဲ့ကြရသည်။ သို့သော် နေမင်းသူရိယ လစန္ဒာတို့ကို ဆီနှင်းမြူတိမ်တို့သည် မည်သို့ပင်ဖုံးလွှမ်းစေကာမူ နေလတို့၏အရှိန်အတောက်ကို မခံနိုင်ရကား ခြောက်ဆယ့်တစ်နှစ် တစ်လနှင့် တစ်ရက်သော အခိုက်အတန့်လေးမှာပင် အလိုအလျှောက် ကွယ်ပျောက်သွားသဖြင့် ဤနေ့ ဤအခါမှစ၍ ငါတို့သည် အသူရိန်ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့ သာယာစွာဖြင့် လုံးဝလွတ်လပ်သော ဘ၀ထူးဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။

၃။ ယခုငါတို့ရရှိသော လွတ်လပ်ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်းကင် တိမ်ရိပ်ထင်သကဲ့သို့သော လွတ်လပ်ရေးမဟုတ်၊ ငါတို့အားလွတ်လပ်ရေးလမ်းစဉ်သို့ ညွှန်လည်းညွှန်းပြ လမ်းစရှာကြံ အမြန်ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ကူးတို့မှူးခေါင်းဆောင်ကြီးတို့၏ အဆုတ်မနစ်သော လုံ့လ မလျော့သော ၀ီရိယဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပအပ်သော ဥာဏ်မျက်စိ ၀ဇီရ စိန်သွားကဲ့သို့ စူးရှသော သတ္တတို့ကြောင့် အဟံမမ သံပကြိုးဝါး အခြားအခြားလွတ်လပ်သော နိုင်ငံကြီးတို့နှင့် တန်းတူ မြူတစ်ခြမ်းမျှ မလျော့မလို ထိုထိုသို့သော တန်းခိုးရှိန်ဝါတေဇောအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အခြာတည်းဟူသော အာဏာထူးအမြတ် ကို ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ။

၎။ ငါတို့သည်တမျိုးဘာသာတစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား ကျောသားရင်းသား သူကားငါကားခွဲခြားခြင်းကို အလိုမရှိ မြစ်ချောင်းသီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာဓမ္မတာသဘာဝအပိုင်းအခြား ထင်ရှားစွာသတ်မှတ်အပ်သော ရာဇ၀င်ရှည်ဝေး ရှေးပဝေသဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေနေထိုင် မြန်မာနိုင်ငံတော်တ၀ှမ်းကို တသွေးတသားတည်းဟူသော ကြိုးထူး၊ တစ်စိတ်တ၀မ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝအထောက်အပံ့ဖြင့်သာလျှင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရလေပြီ။

၅။ ငါတို့နိုင်ငံတော်သည် မည်သူတစ်ဦးတစ်ယောက် တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိကအပိုင်ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလ၌ ၄င်း၊ ယခုမျက်မှောက်က၄င်း၊ နောင်လာလတ္တံသော အနာဂတ်ကာလ၌၄င်း၊ ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ် ဝေးနီး ကျား မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ ဒို့၏ အမွေအနှစ် အပိုင်ပစ္စည်း အကျိုး ခံစားရာဖြစ်သည်ဟူသော လူ့ဘာသာ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏ စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအ၀ှမ်း၏ အကျိုးကို ကောင်းစွာ ဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတတင်မြောက်ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိသန့်ရှင်းဖြူစင်သော မူလ လူ့ဝါဒနှင့် လျော်စွာ စည်းကမ်းဥပဒေသေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ် တူညီသောတရား တူညီသောအခွင့်အရေး တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာ လျှင်အဓိကဖြစ်ငော သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။

၆။ သိကြကုန်လော့၊ ယနေ့မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏ မူလအပိုင်ဖြစ်သော လုံးဝလွတ်လပ်ရေးကို ငါတို့ပြန်ယူပြီ။ တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေးအဆင့်အတန်း တူညီသည့်ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်၊ ငါတို့သည် လွတ်လပ်သောနိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သာ နိုင်အပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကိုစောင့်ရှောက်ကျင့်ဆောင်မည်၊ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ တပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားစောင့်စည်းမည်၊ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့်လိုလားသူများနှင့် အတူ လက်တွဲ၍ ကမ္ဘာငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။

ဤငါတို့ကျေညာချက်ကို တကမ္ဘာလုံးတယောက်မကျန်ကြားသိစေသတည်း။

From လွတ်လပ်ရေးကြေညာစာတမ်း" on FOREVER FRIENDS ထာဝရသူငယ်ချင်းများ

Sunday, January 1, 2012

အဏိမာ ၊ မဟိမာ တန်ခိုးတော် (စာရေးဆရာဒါရိုက်တာဦးသုခ)


" ကဲ .. ဆရာကဲကိုကျွန်တော်ရုပ်တုတော်တစ်ဆူပြမယ်၊ အထူးအဆန်းပေါ့ "

သူ့တိုက်အပေါ်ထပ်ဘုရားစင်မှရုပ်တုတော်တစ်ဆူကိုတရိုတသေပင့်လာပြီး ဆရာကဲအားပြပါသည်။ ကွန်တော်တစ်ခါမှမတွေ့ဖူး၊ မဖူးဖူးသည့်ပုံတော်မျိုး။ သစ်ကနက်သားဟုထင်ရသောပြောင်လက်နေသော အသား၊ ဥာဏ်တော်တစ်ထွာခန့်၊ ပလ္လင်ပေါ်မှခြေတော်နှစ်ဘက်ချ၍ထိုင်နေတော်မူသည့်အပြင် ထူးထူး ဆန်းဆန်းလက်တော်နှစ်ဖက်က မျက်နှာတော်ကိုဖုံးအုပ်ထားတော်မူသည့်သဏ္ဍာန်၊ မဏိတော် နားရွက် တော်တို့ကြောင့်သာဗုဒ္ဓရုပ်ပွားတော်ဟုပြောနိုင်စရာရှိသည်။ " ကျုပ် ဒီရုပ်တုတော်ကိုဘယ်သူ့ကိုမှ မပြဘူး၊ ပြရင်မဟုတ်က ဟုတ်က တောင်တောင်အီအီ နားမလည်ပဲနဲ့ပြောကြလွန်းလို့၊ တစ်ချို့က ဂဝံမျက်နှာဖုံးလို့နားမလည်ပဲနဲ့ပြောကြသေးတယ်၊ ဆရာကဲ ဒီပုံတော်မျိုး ဖူးဘူးသလား " " မဖူးဘူးပါ ဘူး၊

ဒီတခါပဲကြည်ညိုရပါတယ် " ဟုဆရာကမျက်တောင်မခတ်လက်အုပ်ချီနေရာကဖြည်းဖြည်းသက်သာ ပြန်ဖြေသည်ကိုဦးသာဒွန်းမှာကျေနပ်နေပုံရသည်။ " ပလ္လင်ပေါ်ကခြေတော်နှစ်ဘက်စလုံးချထိုင်ထားတယ် လက်တော်နှစ်ဘက်စလုံးမျက်နှာတော်ကိုဖုံးထားတယ်နော်၊ ဒီကိုယ်တော်ဟာကျုပ်တို့မိဘဘိုးဘွားများ လက်ထက်အစဉ်အဆက်တရိုတသေကိုးကွယ်လာခဲ့ကြတာ၊ နေ့နေ့ညညဘယ်အခါမှ ဝတ်မပျက် အာရုံပြုခဲ့ရတယ်၊ ကျုပ်ပြောရဲပါတယ်၊ ဒီပုံတော်မျိုးဘယ်မှာမှရှိမှာမဟုတ်ဘူး " ဆရာကဲကဦးသာဒွန်းစကားကို နားကသာထောင်၍မျက်စိကပုံတော်မှမလွှဲ၊ ကျွန်တော့်မှာလည်း အရိပ်အကဲကိုသာကြည့်နေရသည်။ " ဆရာကဲ၊ ဒီပုံတော်ကို ဘာအကြောင်းနဲ့ထုထားတယ်ဆိုတာ ကျွန်တော့်ကိုပြောပြနိုင်မလား " အမှန်ပြောရလျှင်ကျွန်တော့်ရင်ထဲဆရာကဲ၏သိက္ခာကို စိုးရိမ်လိုက်မိသည်။ " သူဌေးကတော့သိပြီးသားဖြစ်ပါလိမ့်မယ် " " ကျုပ်မသိပါဘူး၊ မိဘအစဉ်အဆက်တရိုတသေ ကိုးကွယ် လာကြလို့ကျွန်တော်လည်းကိုးကွယ်ရတာပါ၊ ရှေးလူကြီးများကအမြော်အမြင်ပညာဗဟုသုတ များကြတယ်မဟုတ်လား " ဆရာကဲက ဦးသာဒွန်းကိုခပ်ပြုံးပြုံးအတန်ကလေးကြာအောင်စိုက်ကြည့်နေ သည်။ ( နောင်အခါမှာ ဆရာကဲက အလကားပြောတာကွ၊ သူသိပြီးသား၊ ငါ့ကိုပညာစမ်းတာ ဟု ကျွန်တော့်အားပြောပြပါသည် ) " အဲဒီလိုသူဌေးကိုးကွယ်ဆည်းကပ်လာတဲ့ကာလပတ်လုံး အကျိုးထူး ဝိသေသ ဘယ်လိုများကိုယ်တွေ့ခံစားရပါသလဲ " " ဒါတော့ခင်ဗျားယုံချင်မှယုံမယ် " " ဗုဒ္ဓ၏တန်ခိုးတော် အာနုဘော်မှန်သမျှ ကျွန်တော်ယုံကြည် လက်ခံနေတာပါ " " ကျုပ်ကိုမကောင်းကြံကြမယ်ဆိုရင် ကျုပ်စိတ်ထဲမှာအလိုလိုသိနေပြီ " " တယ်ဟုတ်ပါလား၊ ဘယ်လိုသိပုံမျိုးလဲ၊ အမိန့်ရှိပါဦး " " ဘယ်လိုသိပုံမျိုးလဲဆိုတော့ စိတ်ထဲမှာ သင်္ကာယနမကင်းဖြစ်နေတယ်ဗျာ၊ ဥပမာ ကျုပ်တိုက်ကို ဓားပြလာတိုက် တော့မယ်ဆိုပါတော့၊ ကျုပ်စိတ်ထဲမှာ ဓားပြလာတိုက်လိမ့်မယ်လို့ချည်းပဲထင်နေတယ်၊ ဒါကြောင့်ရာဇဝတ်ဝန်ထောက်ကို သွားပြောလိုက်တယ်၊ ဝန်ထောက်ကလည်းမိတ်ဆွေဆိုတော့ ဦးသာဒွန်းကတယ်ပြီးအစိုးရိမ်ကြီးသကိုး လို့ခပ်ရွှတ်ရွှတ်ပြောပြီး အကာအကွယ်တော့ပေးပါတယ်၊ ဟော.. လေးငါးခြောက်လကြာတော့ တခြားရွာမှာသွားတိုက်တာ မိတာနဲ့စစ်တော့ ကျုပ်တိုက်ကိုပါ ဘယ်နေ့ဘယ်ရက်ကတိုက်ဖို့စီစဉ်ခဲ့ကြောင်းပေါ်တာပဲ " ဆရာကဲ၏မျက်နှာမှာကျေနပ်သွားသကဲ့သို့ ကြည်လင်ရွှင်ပြလာတော့သည်။ "

အင်း .. သူဌေးကတော့ဒီဆင်းတုတော်အကြောင်းသိပြီးဖြစ်ချင်လည်း ဖြစ်မှာပါပဲ၊ မိဘဘိုးဘွားများထံမှကြားခဲ့ရတဲ့အကြောင်းနဲ့ အခု ကျွန်တော်ပြောမယ့်အကြောင်းတစ်ထပ်တည်းတူချင်မှတူပေလိမ့်မယ်၊ ကွဲပြားရင်လည်းကွဲပြားလိမ့်မယ်၊ ဒါတော့အာမ မခံနိုင် ပေဘူးနော်။ ကျွန်တော့်အလိုအရပြောရမယ်ဆိုရင်တော့ဒီပုံတော်ကိုဗုဒ္ဓဝင်အလွန်တရာကျွမ်းကျင်တဲ့လူပညာရှိ၊ ရဟန်းပညာရှိ တစ်ဦးဦးကအထူးသီးသန့်ကြည်ညိုပြီးမှထုခဲ့တာဖြစ်ပါလိမ့်မယ်" " အမိန့်ရှိပါဆရာ " ဦးသာဒွန်းက လေးလေးစားစားပြောသောကြောင့် ကျွန်တော့်မှာဝမ်းသာအားရကြားနာချင်လာပါတော့ သည်။ " ဒီပုံတော်ဟာ ဘုရားရှင်ရဲ့အံ့ဖွယ်တော်တစ်ဆယ့်ရှစ်ပါးအနက်က ' သာသပမတ္တ ပဝေသန ' ဂုဏ်တော်အံ့ဖွယ်တော်ကိုရည်ညွှန်းပြီးထုထားတာဖြစ်ပါတယ်" " အို .. ဟုတ်ကဲ့လား၊ ကျွန်တော် တခါမှမကြားဘူး၊ မနာဘူးပါဘူးခင်ဗျာ" ဦးသာဒွန်းကလှုပ်လှုပ်ရွရွဖြစ်လာသလို ကျွန်တော်လည်း စိတ်ဝင်စားနေမိသည်။ ဘုရား၏ဂုဏ်တော် ၉ ပါး၊ အာဝေဏိကဂုဏ်တော်တစ်ဆယ့်ရှစ်ပါးတို့ကိုသာ ကြားဖူးနာဖူးဖတ်ခဲ့ရဖူးပါသည်၊ ယခုဆရာကဲပြောသော အံ့ဖွယ်တော်တစ်ဆယ့်ရှစ်ပါးကို မကြားမနာ မဖတ်ခဲ့ဖူးပါ။ " မြတ်စွာဘုရားမှာ အာဝေဏိကဂုဏ်တော် ၁၈ ပါးရှိသလို အံ့ဖွယ်တော်တစ်ဆယ့်ရှစ်ပါး လည်းရှိပါတယ်၊ အဲသည်ဂုဏ်တော်များအနက်က သာသပမတ္တ ပဝေသန ဂုဏ်တော်ဆိုတာ သေးငယ်သောမုန်ညင်းစေ့လောက်မြေစိုင်ခဲလေးအတွင်းမှာ စင်္ကြံ ကြွတော်မူနိုင်လောက်အောင် ကိုယ်တော်ကိုငယ်အောင် ဖန်ဆင်းနိုင်ခြင်းဆိုတဲ့အံ့ဖွယ်ကြီးတစ်ပါးပါ။ အဏိမာ, လင်္ဃိမာ, မဟိမာ, ပတ္တိမာ, ကမ္မ, ဤသိတာ, ဝသိတာ, ယတ္ထကာမဝသယိတာ ဟူ၍ ရာဇဂြိုဟ်ဥဒါန်းမှာရှိကြောင်း ကျီးသဲလေးထပ်ဆရာတော်ကပြပါတယ်။

၁။ အဏိမာ - ရံသီနေပြောက်ပြတင်းပေါက်၌မြင်လောက်ရုံသောအဏုမြူပမာ သိမ်မွေ့စွာသော

ကိုယ်တော်ကိုငယ်အောင်ဖန်ဆင်းတော်မူနိုင်ခြင်း

၂။ လဃိံမာ - ရေပြင်မြေမိုး ပျံလျှိုးငုတ်လွှားသွားတော်မူနိုင်ခြင်း

၃။ မဟိမာ - ကြီးစေလိုက မြင်းမိုရ်ပြန်ရာ ထိုထက်သာ၍ စကြဝဠာတိုက်လုံး အုပ်ဖုံးပတ်လှည့်

ကိုယ်တော်ပြည့်အောင် ထရှိထိုင်တော်မူနိုင်ခြင်း

၎။ ပတ္တိမာ - မြေထုရေထုနေရုပဗ္ဗတာသီလာတောင်ထပ် အတွင်းရပ်ကိုကျဉ်းကျပ်ပိတ်ဆီးခြင်းးမရှိ၊

ပကတိကောင်းကင်ဟင်းလင်းပြင်ကဲ့သို့လျှိုးဝင်ဖေက်ထွက်ကြွရောက်တော်မူနိုင်ခြင်း

၅။ ကမ္မ - မနောဓိဋ္ဌာန်စိတ်တော်ကြံတိုင်း ကမ္မာကမ္မ ဟူသမျှတို့ ကုံငပြီးမြောက်ခြင်း

၆။ ဤသိတာ - ၃၁ ဘုံအလုံးစုံကို ဥဿုံစိုးပိုင်တော်မူခြင်း

၇။ ဝသိတာ - လောကီဈာန်ရပ် သမာပတ်ကို မပြတ်ဝင်ကာ လိုတိုင်းပါအောင် လေ့လာတော်မူနိုင်ခြင်း

၈။ ယတ္ထကာမဝသယိတာ - သက်မရှိသည့် ဂီရိဗဟိုတောင်မြင်းမိုရ်မှလည်းလိုတော်လိုက်ကာညွတ်ငိုက် လာရခြင်းတည်းဟူသောတန်ခိုးတော်ရှစ်ဦး ဘုန်းတော်ထူး လို့ ကျီးသဲလေးထပ်ဆရာတော်ကြီးက ဖွင့်ဆိုကြည်ညိုခဲ့ပါတယ်၊ အခုဒီရုပ်တုတော်က အဏိမာ ဆိုတဲ့ဂုဏ်တော်ပါ။ " "

မျက်နှာတော်ကို လက်တော်နဲ့အုပ်ထားတာက သေးငယ်စွာဖန်ဆင်းနိုင်ခြင်းဆိုတဲ့ ဂုဏ်တော်နဲ့ ဘယ်လိုသက်ဆိုင်နေပါ သလဲခင်ဗျာ " " ဟုတ်ကဲ့၊ ကျွန်တော်ပြောပြပါ့မယ်၊ မကျဉ်းမကျယ်ပေါ့ခင်ဗျာ၊ နတ်ဗြဟ္မာ လောကမှာ ကိုယ်ခန္ဓာအတ္တဘောအကြီးမားဆုံးပုဂ္ဂိုလ်ဟာ ' မဟေသရ ' နတ်မင်းဖြစ်ပါတယ်၊ အသူရိန်လို့လည်းခေါ် ကြပါတယ်။ ဘယ့်ကလောက်များကြီးမားသလဲဆိုရင် နေ နဲ့ လ ကိုခံတွင်းမှာငုံပြီးကစားတတ်တယ်လို့ စာဆိုရှိပါတယ် " " ရာဟုနတ်ကြီးလားဆရာ" ကျွန်တော်ကဖောက်၍မေးလိုက်သည်။ " အေး၊ ရာဟုနတ် လို့လည်းခေါ်ကြတာပေါ့၊ သူ့ပမာဏတစ်ခုကိုပြောရင် လက်ညှိုး တစ်ချောင်း၏အရှည်အလျားပင်လျှင် ယူဇနာ ၅၀ ရှိတယ်လို့ကျမ်းဂန်မှာဆိုတယ်၊ ဒါကြောင့် လောကသုံးပါးမှာ သူသာလျှင် အကြီးကျယ်ဆုံး ပုဂ္ဂိုလ်လို့ထင်နေတယ်။ ဟုတ်တော့လည်းဟုတ်တယ်၊ ဘုရားကပင် ဧတဒဂ် ပေးထားတယ်၊ နတ်ဗြဟ္မာ များက သုံးလောကထွတ်ထားမြတ်စွာဘုရား၏ဂူဏ်သတင်းများကိုပြောကြတဲ့အခါ လူ့ပြည်ကလူသား အသေးအမွှားလေးက လောကသုံးပါးမှာ ဘုရားဖြစ်တယ်ဆိုတာ သူကမယုံနိုင်ဘူး။ အခြားနတ်ဗြဟ္မာတွေ က ကိုယ်တိုင်သွားဖူးပြီးစုံစမ်းပါဆိုလို့တစ်နေ့တော့မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ဇေတဝန် ကျောင်းတော်ကို သန်းခေါင်ယံအချိန်မှာလာခဲ့တယ်။ မြတ်စွာဘုရားက မဟေသရနတ်ကြီးလာလိမ့်မယ် ဆိုတာသိထားနှင့်တော့ပလ္လင်ပေါ်မှခြေတော်နှစ်ဖက်ကိုချ၍ထိုင်တော်မူနေတယ်။ ကျောင်းတော်ကိုလည်း သူဝင်လာနိုင်အောင် ဟာလာဟင်းလင်းဖန်ဆင်းထားတယ်။ မဟေသရနတ်ကြီး ဘုရားရှေ့တော်မှောက်ရောက်တဲ့အခါ မတ်တပ်ရပ်မျက်နှာတူရူ ကြည့်လိုက်သည်ကိုပင် ဘုရားခြေမ, တော်ကိုသာမြင်ရသေးသတဲ့။ ထို့နောက်မှ ခြေဖမိုးတော်၊ ထိုကမှ ညှို့သကျည်းသလုံးတော်၊ ထိုကမှ သလုံးမြင်းခေါင်းတော် (ဒူးဆစ်)၊ မဟေသရနတ်ကြီး၏အရပ်အမောင်းနဲ့အဲသည်ကကျေိာလွန်၍ မမြင်နိုင်လောက်အောင် ကြီးမားတော်မူနေတယ်၊ တအံ့တသြမော့ပြီးဖူးတော်မှ သူ့ထက်အဆပေါင်း များစွာမြင့်မားနေတဲ့မျက်နှာတော်ကိုဖူးနိုင်တော့သတဲ့၊ ဒီလောက်မြင့်မားကြီးကျယ်၍သာနေတယ်၊ မြတ်စွာဘုရား၏ပုံတော်အချိုးအစားဟာ ပြေပြစ်တင့်တယ်ပြီးရှုမငြီးအောင် သပ္ပါယ်နေပါတယ်တဲ့။ ဒါဟာ အခုနပြောခဲ့တဲ့ ' မဟိမာ ' ဆိုတဲ့ဘုန်းတော်ပါ " " သြော် .. ဒါကြောင့်ဘုရားမြတ်စွာကပလ္လင်ပေါ်မှာ ခြေတော်နှစ်ဘက်ချထိုင်တော်မူပေတာကိုး၊ ပြောပါဦးဗျာ၊

မျက်နှာတော်ကိုလက်တော်နဲ့အုပ်ထားတော် မူတဲ့အကြောင်း " ဦးသာဒွန်းကကျေနပ်ဝမ်းမြောက်စွာမေးလိုက်ပါသည်။ သူမမေးလျှင်လည်းကျွန်တော် ကမေးမည့်ဆဲဆဲဖြစ်ပါသည်။ " အဲသလို မဟေသရနတ်ကြီးက မြတ်စွာဘုရား၏တန်ခိုးတော်နဲ့ဘုန်းတော် ကိုဒိဋ္ဌမြင်တွေ့ရသော်လည်းလောကသုံးပါးကိုသိမြင်တော်မူတယ် ဆိုတာကိုသံသယရှိနေတုန်းပဲဖြစ်ပါတယ်၊ မြတ်စွာဘုရားကလည်းဒီအချိန်မှာသူနဲ့စကားလျှောက်ထားမေးမြန်း ပြောဆိုနိုင်အောင် မဟေသရ နတ်ကြီးနဲ့ရွယ်တူတန်းတူပမာဏကိုဖန်ဆင်းထားလိုက်ပါပြီ " ' အရှင် ဂေါတမ၊ လူသားစင်စစ်ကကျွန်ုပ်ထက် ဘုန်းတန်ခိုးအာနုဘော်ကြီးတာကိုဝန်ခံပါပြီ၊ လောကသုံးပါးကိုမြင်တယ်ဆိုတာကိုအဘယ်နည်းနဲ့ ကျွန်ုပ်သိနိုင်ပါမည်လဲ ' လို့မေးလျှောက်ပါတယ်။ ' အချင်းမဟေသရ၊ သင်သိလိုသောနည်းဖြင့်သင် လျှောက်လော့' ဟုဗုဒ္ဓကခွင့်ပြုပါတယ်။ အဲဒီမှာ မဟေသရနတ်ကြီးကအကြံယူစဉ်းစားပြီးမှလျှောက် ထားပါတယ်။ ' အရှင်ဂေါတမ၊ လောကသုံးပါးကိုအကြွင်းမရှိမြင်တယ်ဆိုရင် ထိုသုံးဆယ့်တစ်ဘုံအတွင်း တစ်နေရာရာမှာ ကျွန်ုပ်သွား၍ပုန်းကွယ်နေပါ့မယ်၊ အရှင်ဂေါတမ ကျွန်ုပ်နေရာအမှန်ကို တန်ခိုးတော်ဖြင့် ကျွန်ုပ်အားလှမ်း၍ပြောနိုင်ပါ့မလား ' ' အချင်းမဟေသရ၊ သင်နှစ်သက်သလိုသာဖြစ်ပါစေ၊ ယခုပင်သွား၍ ပုန်းအောင်း ကာကွယ်၍နေပါတော့ ' ' ရှင်ဂေါတမ၊ သင်က ကျွန်ုပ်အားမျက်ခြည်မပြတ်ကြည့်နေ၍မဖြစ်ပါ၊ သင်၏မျက်လုံးအစုံကို လက်နှစ်ဘက်ဖြင့် ဖုံးအုပ်ထားပါလေဦး ' " သြော် .. ဒီလိုကိုး " ဤစကားမှာတော့ ဦးသာဒွန်နှင့်ကျွန်တော်ပြိုင်တူပြောမိကြပါသည်။ " ဆက်ပြောပါဦးဆရာ၊ ကောင်းလိုက်တာ " ဟု ဦးသာဒွန်းကနှစ်ခွန်းဆင့်၍အဘိယာစက လုပ်ရှာပါသည်။ " ဟုတ်ကဲ့၊ ဗုဒ္ဓမြတ်စွာဟာ သတ္တဝါတစ်ဦး တစ်ယောက်ပဲဖြစ်စေ၊ အများပဲဖြစ်စေ ဓမ္မရသကိုခံစားရဖို့ကိစ္စမှာ မဟာဂရုဏာတော်ဖြင့် အလွန်တရာ သည်းခံတော်မူလေ့ရှိပါတယ်။ ယခုလည်း မဟေသရနတ်ကြီး၏အလိုဆန္ဒအတိုင်း မျက်နှာတော်ကို လက်နှစ်ဘက်ဖြင့် ဖုံးအုပ်ပေးလိုက်ပါတယ်၊ ဒီအခါမတ္တက ပုံတော်မုဒြာကိုယူပြီး သူဌေးကိုးကွယ်တဲ့ ပုံတော်ကို ပညာရှိကြီးတစ်ဦးဦးကထုလုပ်ခဲ့တာဖြစ်စရာရှိပါတယ်" " ဟုတ်လိမ့်မယ်ဆရာ၊ ကျွန်တော် ချွင်းချက်မရှိထောက်ခံပါတယ်၊ တဆိတ်ဆက်ပြောပါ " "

မဟေသရနတ်ကြီးဟာ နှစ်သိန်းလေးသောင်း အထုရှိတဲ့ ဤမဟာပထဝီမြေကြီးရဲ့အောက် ပံသုပထဝီ နဲ့ သေလာပထဝီအလွှာကြားမှာ သွား၍နေပါ တယ်၊ ထို့နောက် သူ့အသံက အကနိဋ္ဌ ဗြဟ္မာဘုံကနေပြီး အရှင်ဂေါတမ ကြည့်တော့ လို့ ဘုရား ကြားအောင်အော်လိုက်ပါတယ် " " မပြောကောင်း ပြောကောင်း၊ တူတူပုန်းသလိုပဲနော် " ဟုကျွန်တော် ကဖောက်၍ပြောလိုက်မိပါသည်။ ဦးသာဒွန်းကကျွန်တော့အားမျက်စောင်းလှည့်ထိုးလိုက်သည့်အခါ .. " အေး .. မောင်သိန်းမောင်ပြောသလို ဆရာကိုယ်တိုင်ပဉ္ဇင်းပျိုတုန်းကပြောခဲ့မိတယ်၊ မြတ်စွာဗုဒ္ဓက သတ္တဝါတွေကိုဘယ်လောက် ကြင်နာသနားတော်မူသလဲဆိုရင် အကျွတ်တရာရဖို့ တူတူပုန်တမ်း ကစားတန်ကစားတော်မူရှာတယ်၊ လိုက်တမ်းပြေးတမ်း ကစားတန်ကစားတော်မူရှာတယ် လို့ခပ် ပျော်ပျော်ပြောလိုက်မိတာကြောင့်စာချဆရာတော်ရဲ့အကြိမ်းအမောင်းခံရဖူးတယ်၊ စေတနာမပါသော်လည်း အဂါရဝစကားမျိုးဖြစ်တယ်၊ နောက်ကိုမပြောနဲ့" ဟုသာယာညင်းပျောင်းဆုံးမပါသည်။

" လိုက်တမ်းပြေးတမ်းကစားတယ် ဆိုတာက " ဦးသာဒွန်းကမဝံ့မရဲမေးလိုက်သည်။ " လိုက်တမ်း ပြေးတမ်းလိုဖြစ်ရတာက အင်္ဂုလိမာလ ကိုချွတ်တော်မူတုန်းကလေ " " သြော်သြော် .. ဟုတ်ပေသားပဲ၊ ဘုရားကမပြေးသော်လည်းအင်္ဂုလိမာလကအပြေးလိုက်တာမှီမှမမှီနိုင်ပဲကလား၊ ဒီတွင် အင်္ဂုလိမာလက အပြေးလိုက်ကာ ရဟန်းကြီး ပြေးလှချည်လား လို့ဆိုတော့ ဘုရားက ငါမပြေးဘူး၊ ရပ်နေပြီ၊ မင်းသာ ပြေးနေတာ လို့အစချီပြီးဓမ္မဒေသနာဟောရတာ၊ ဟုတ်တယ်မဟုတ်လားဆရာ " ဟု ဦးသာဒွန်းက ထောက်ခံသည်။ " ဟုတ်ပါတယ်ခင်ဗျာ၊ အခုလည်းအဲဒီလိုမဟေသရနတ်ကြီးပုန်းနေတာကို မြတ်စွာဗုဒ္ဓ မြင်တော်မူလို့နေရာဌာနပြောပြပြီး ခေါ်ထုတ်တော်မူရတယ်။ အဲသည်မှာ မဟေသရနတ်ကြီး ပထဝီ နှစ်လွှာကြားကထွက်လာပြီးဘုရားသခင်ကို ' သင်လည်းပုန်းစမ်းပါ၊ ၃၁ ဘုံအလုံးစုံကိုကျွန်ုပ်လည်း အကုန်အစင်မြင်ပါတယ်၊ အကယ်၍ ကျွန်ုပ်ကရှင်ဂေါတမပုန်းနေရာကိုဖော်နိုင်မယ်ဆိုရင် သာတူညီမျှ သရေပွဲအဖြစ်နဲ့ နတ်ဗြဟ္မာလောကမှာ ကျွန်ုပ်ကဗုဒ္ဓ (မြင်သူ) ဘွဲ့ခံပြီး ရှင်ဂေါတမ ကလူ့လောကမှာ ဗုဒ္ဓ ဘွဲ့ခံပါ ' လို့ အလောင်းအစား လုပ်ပြန်ပါတယ်။ အဲဒီအခါ မြတ်စွာဘုရားက မဟေသရနတ်ကြီးကို ကြည့်တော်မူလိုက်ပါတယ်။ သူ့မျက်တောင်မွှေးပေါ်မှာ မုန်ညင်းစေ့ ကလေးလောက် မြေမှုန့်တစ်မှုန့်ကို မြတ်စွာဘုရားကမြင်တော်မူလိုက်ပါပြီ၊

အဲဒီနောက် မြတ်စွာဘုရားသခင်က ' အချင်းမဟေသရ၊ ငါ့ကို အသင်ရှာလော့' ဟုပြောပြီး မဟေသရနတ်ကြီးရဲ့မျက်တောင်မွှေးပေါ်မှာတင်နေတဲ့ မုန်ညင်းစေ့မျှရှိတဲ့ မြေမှုန့်လေးထဲကို အဏိမာ ဟူသောတန်ခိုးဖြင့်ကြွဝင်သွားပါတော့တယ်။ မဟေသရနတ်ကြီးဟာ မြတ်စွာဘုရားကို ကာမ ၁၁ ဘုံ၊ ဗြဟ္မာ့ဘုံ ၂၀ ကုန်အောင် နှံ့နှံ့စပ်စပ်လိုက်ရှာပါတယ်၊ ဒါပေမဲ့ သူသွား လေရာသူ့မျက်တောင်မွှေးပေါ်ကမြေမှုန့်လေးထဲမှာ စင်္ကြံကြွလျှက်လိုက်ပါနေတော်မူ တာမို့လို့ မတွေ့ မမြင်နိုင်ပါဘူး၊ နောက်ဆုံး အရှုံးပေးပြီလို့ဆိုတော့မှ မျက်တောင်မွှေးပေါ်မှဆင်းပြီး ပကတိကိုယ်တော် အနေနဲ့ မဟေသရနတ်ကြီးကို ကထာလေးရပ်အနက် သီလကထာ၊ သမာဓိကထာ၊ ပညာကထာတို့ကို ဟောကြားပြီး သရဏဂုံခံယူစေပါတယ်။ အဲဒီ အကြောင်းအကျိုးနဲ့ အဏိမာ တန်ခိုး၊ မဟိမာ တန်ခိုးတော် ကိုသိရတဲ့အပြင် ရုပ်တုတော်အနေအထားကို ကြည်ညိုနိုင်ပါပြီခင်ဗျား "

ဦးသာဒွန်း၏မျက်နှာမှာ ပီတိဖြင့်ရွှန်းရွှန်းဝေနေပါသည်၊ ကျွန်တော့်မှာလည်း ဆရာကဲကို ကြည်ညိုသည်ထက် ကြည်ညိုလိုက်မိပါသည်။

သုခ

From= Gaw Na 's Facebook, on Sunday, January 1, 2012 at 1:48pm