" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Tuesday, July 8, 2014

သီတဂူဆရာတော်ကြီး၏ တရားစာအုပ် မိတ်ဆက် နိဒါန်း



လောကကြီးသည် နာရီမိနစ်စက္ကန့် မလပ် အမြဲမပြတ် အရှိန်အဟုန်ဖြင့် ပြောင်းလဲဖောင်ပြန်နေ၏။ ထိုပြောင်းလဲ ဖောက်ပြန်နေသော လောကကြီးအတွင်း လူသားနှင့်သတ္တဝါတို့သည် ဇာတိမှစ၍ ဘဝတစ်ခု ရရှိလာသည်ကတည်းက တဖြေးဖြေးအချိန်၏ ဝါးမျိုမှု၊ မောင်းနှင်မှုကို မလွဲမသွေ ခံနေကြရပေ၏။ အချိန်ဟူသော ကာလတစ်ခုအတွင်းမှာပင် လူသားတို့သည် ကြီးပွားရေး စီးပွားရေးအတွက် ကုသိုလ်ရှာ၊ ပညာရှာ၊ စီးပွားရှာရင်း အရွယ်ရောက် ဖြစ်ထွန်းလာခဲ့ကြရ၏။ တဖန် ကာလခေါ် အချိန်၏ ဝါးမျိုမှုကို ရင်ဆိုင်ကြရင်း လူသားတို့သည်  ဘဝ၏ အားနည်းမှု၊ အားသာမှု၊ လွတ်လပ်မှု မလွတ်လပ်မှု၊ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုစသည့် ဘဝလှိုင်းဒဏ် လောကဓံ ဒီရေ အတက်အကျတို့မှာ မျောပါကြပြီး အပန်းတကြီး လျှောက်လှမ်းကာ အပန်းတကြီး အဆုံးသတ်သွားခဲ့ကြရ၏။ ။


ကာလော  ဃသတိ ဘူတာနိ, သဗ္ဗာနေဝ သဟတ္တနာ;။
ယော စ ကာလဃသော ဘူတော, သ ဘူတပစနိံ ပစိ။။
မူလပရိယာယဇာတက။ (ဇာတက၊၁၊၆၈။)

Time devoured all Living Beings and Time, အချိန်သည် သက်ရှိသတ္တဝါအားလုံးကို ဝါးမျိုသလို အချိန်က အချိန်ကို ဝါးမျိုနေသည်မှာလည်း မှန်လှ၏။ အချိန်ကို တန်ပြန် ဝါးမျိုနိုင်သူတို့သည် လောကတွင် လူစွမ်းကောင်း အာဇာနည်များပင် ဖြစ်ကြ၏။ ထိုသူတို့သည် ကာလဟုခေါ်ဆိုအပ်သော အချိန်ကို နိုင်အောင်ပြန်စားကြ၏။ ထိုအချိန်ကို တန်ပြန်စားနိုင်သူတို့သည် တန်ဘိုးရှိသော တကယ့်လူပီသသူ လူစွမ်းကောင်းတို့ပင် ဖြစ်ကြ၏။ ပါရမီရှင်၊ လူစွမ်းကောင်း၊ အချိန်၏ တန်ဘိုးကို သိနားလည်သူတို့သည် မိမိတို့လာရှိလာသည့် ဘဝတစ်ခုကို အလဟပ်သတ် ဖြုန်းမပြစ်ခဲ့ကြပေ။ မိမိတို့၏ ဘဝကို တန်ဘိုးရှိစွာ အသုံးချနိုင်ကြ၏။ ရခဲလှစွာသော လူ့ဘဝကို အကျိုးရှိရှိ တန်ဘိုးရှိရှိ အချိန်နဲ့အမျှ မိမိအတွက်သာမက လောကကြီးအတွက်ပါ ကောင်းကောင်း အသုံးချတတ်ကြကုန်၏။ ထိုသူတို့သည်ကား မြတ်ဗုဒ္ဓညွှန်းဆိုသည့် တကယ့်လူပီသသူ၊ တန်းဘိုးရှိသူများ ဖြစ်ကြ၏။ မြတ်ဗုဒ္ဓက လူဦးရေတိုးတက်ကာ ကမ္ဘာလောကကြီး လူအရေအတွက် များလာသည်ကို လူ့ဘဝရခဲသည်ဟု မဆိုလိုပေ။ လူ့အသိဥာဏ်ရှိပြီး လူ့လောကကြီး တစ်ခုလုံးအတွက် တန်ဘိုးရှိစွာနေနိုင်သူ၊ ဘဝကို ဓမ္မဖြင့် ကောင်းကောင်း အသုံးချတတ်သူတို့သည်သာ တန်ဘိုးရှိသူ၊ တန်ဘိုးရှိသော လူ့ဘဝကို ပိုင်ဆိုင်သူဟု ဟောတော်မူခဲ့ခြင်း ဖြစ်၏။


ဆိုခဲ့သည့်အတိုင်း မြတ်ဗုဒ္ဓက လူ့ဘဝရခဲလှပုံ၊ တန်ဘိုးရှိစွာ နေထိုင်ကာ ဘဝအဆုံးသတ် သွားသင့်ပုံတို့ကို  ဟောထားခဲ့ပေ၏။ သို့သော် မကြာခင်နှစ်တွေက ကမ္ဘာလောကကြီးမှာ လူသန်းပေါင်း ခြောက်ထောင်ကျော်သွားပြီင်္ဟု သီတင်းတွေ၌ ဖတ်လိုက်ရ၏။ ဥာဏ်မမှီသည့် လူသားတို့အဖို့ မြတ်ဗုဒ္ဓဟောတော်မူခဲ့သော လူ့ဘဝရခဲလှပါသည် ဆိုသောအချက်ကို လက်ခံဖို့ ဒွိဟသံသယ ရှိကောင်းရှိနိုင်ပါ၏။ ထိုသို့ ဒွိဟမဖြစ်သင့်ပေ။ ရခဲ့လှသည့် ဘဝတစ်ခုအတွင်းမှာ လူသားတို့ ဘဝလွတ်မြောက်ရေး ထွက်ပေါက်ကို မရှာနိုင်ဘဲ လောဘ ဒေါသ မောဟစသည့် ဘဝအမောတွေ၊ အကြောင်းအမျိုးမျိုးကြောင့် သောကပရိဒေဝတွေ ဒုက္ခတွေဖြင့် ဘဝမွန်းကြပ်မှုကို ခံနေကြရ၏။ ဘာသာရေးခေါင်းဆောင်၊ ကဗျာဆရာ၊ ဒဿနပညာရှင်၊ စာပေပညာရှင်တို့ကလည်း လူ့လောက လူ့အသိုက်အမြုံ၏ မွန်းကြပ်လှပုံ အဖုံဖုံတို့ကို ဟောကြပြောကြ စာဖွဲ့ခဲ့ကြပေ၏။ လူ့ဘဝနှင့် မြို့ပြလူနေမှုဘဝ၏ မွန်းကြပ်မှုကို သက်ပြင်းချခဲ့ကြ၏။ ထိုအတောအတွင်းမှာပင် လူ့ဘဝ ရှင်သန်နိုင်ရေးအတွက် လောကီလူသားတို့သည် စားဝတ်နေရေးအပါဝင် ဒုက္ခသုခမျိုးစုံတို့ဖြင့် ရုန်းကန်လှုပ်ရှားကြရ၏။ လောကီလူသားတို့အဖို့ စားဝတ်နေရေးသည် ဘဝရှင်သန်ရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်မှာ မှန်ပါ၏။ သို့သော်လည်း လောကီလူသားတို့သည် လောကရေးရာ အဖြာဖြာသာမက ဘဝသံသရာအတွက် ဓမ္မရေးရာ အဖြာဖြာကိုလည်း တတ်သိနားလည် သဘောပေါက်သိမြင်ကာ ကျင့်ကြံကျိုးကုတ်အားထုတ်ကြရမည် ဖြစ်၏။  မြတ်ဗုဒ္ဓက မွန်းကြပ်လှသည့် ဘဝမောတွေ ပြေပျောက်စေရန် ရခဲလှသည့် လူ့ဘဝအတွင်းမှာ ဓမ္မမှတပါး အခြား အားထားရာ မရှိဟု ဓမ္မကိုသာ လက်တွေ့ ကျင့်ကြံဖို့ အားပေးတိုက်တွန်းတော်မူခဲ့၏။


လက်တွေ့ဘဝတွင် ဓမ္မကို တွင်တွင်ကျယ်ကျယ် အားမထုတ်နိုင်သူသာ များ၏။ သို့သော် ရရှိလာသော ဘဝတစ်ခု၏ မွန်းကြပ်လှသည့် ဘဝအမောတွေကို လူစွမ်းကောင်း၊ အာဇာနည်၊ ပါရမီရှိသူတို့သည် တည်ငြိမ်အေးဆေးစွာ ဓမ္မဖြင့် ရင်ဆိုင်ဖြတ်သန်းခဲ့ကြ၏။  မိမိတို့သည်လည်း သူတော်ကောင်းတို့၏ ကျင့်ထုံးကို အတုယူကာ မြတ်ဗုဒ္ဓ ဟောတော်မူခဲ့သည့် ဓမ္မဖြင့် ဘဝတန်ဘိုးရှိအောင် ပုံဖော်ရမည်ဖြစ်၏။ ဓမ္မဖြင့် နေထိုင် ရှင်သန်ကြရမည်ဖြစ်၏။ ဘဝလောကဓံ အတက်အကျတွေကို ဓမ္မဖြင့် ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်၏။ ဘဝမွန်းကြပ်မှုဒဏ်များ ပြေပျောက်ဖို့ ခွန်းအားဖြစ်သည့် ဓမ္မဖြင့် ရှင်သန်ရပ်တည်သင့်၏။ ကုန်လွန်သွားသော နှစ်ဟောင်းကို ဓမ္မနှင့် နှုတ်ဆက်ကာ ဓမ္မဖြင့်ပင်  နှစ်သစ်ကို ကြိုဆိုကြရမည်ဖြစ်၏။ မြတ်ဗုဒ္ဓ၏ဓမ္မ၊ မြတ်ဗုဒ္ဓ၏ တရားစကား တစ်ခွန်းသည် သတ္တဝါတို့အတွက် အလွန် တန်ဘိုးကြီးမားလှသည့် ဘဝတိုးတက်ရေး၊ ဘဝအမောပြေစေနိုင်သော ဘဝအားဆေး၊ ဘဝရေအေး တစ်ခွက်ပင် ဖြစ်၏။ မြတ်ဗုဒ္ဓ၏ တရားတော်များသည် ပူပင်သောက ရောက်ကြသည့်လူတိုင်း လက်တွေ့ မှီဝဲသုံးဆောင်သင့်သည့် တကယ့်အမြိုက်ဆေး ဖြစ်၏။ မြတ်ဗုဒ္ဓသည် ဘဝမှာ ငြိမ်းငြိမ်းချမ်းချမ်း အပူပင်ကင်းစွာ နေထိုင်နိုင်မည့် နည်းလမ်းကောင်း အစစ်အမှန်များကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ကျော်ကတည်းက သူကိုယ်တိုင်ရှာဖွေသိမြင်ပြီး လောဘဒေါသမောဟ သောကပရိဒေဝ စသော ဘဝ-အမောတို့ဖြင့် မွန်းကြပ်နေသည့် သတ္တဝါတို့အားလည်း နည်းလမ်းညွှန်ပြပေးတော်မူခဲ့၏။ ဘဝတစ်ခု ရရှိလာသူတိုင်းသည် တစ်နေ့တွင် အိုကြနာကြ သေကြရဦးမည် ဖြစ်၏။ မြတ်ဗုဒ္ဓ နည်းညွှန်ခဲ့သည့် တရားများစွာထဲမှ ဘဝတစ်လျှောက်လုံး အို(နာ-သေ)သည့်တိုင်အောင် ကောင်းလှသည့် သီလ၊သဒ္ဓါ၊ပညာ၊ ကုသိုလ်တရားလေးပါးတို့ကို မိမိတို့၏ လက်တွေ့ဘဝတွင် လိုက်နာကျင့်သုံးပါက တကယ် အကျိုးရှိ လှပေ၏။


ကျေးဇူးရှင် သီတဂူဆရာတော်ကြီးသည် ၁၃၇၅ခု၊ နှောင်းတန်ခူးလဆန်း (၁၀) ရက် နေ့ညတွင် ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် ဥတိုမြို့သစ် အောင်ချမ်းသာ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်မှာ (သီတဂူ) ဦးအောင်သောင်းနှင့် (သီတဂူ) ဒေါ်ကြည်ဝင်းတို့ မိသားစုတို့က အမတဒါန ဓမ္မဒါနပြုသဖြင့် သီတဂူဓမ္မသဘင်တွင် တရားနာ ပရိတ်သတ်အပေါင်း သူတော်ကောင်းတို့အား မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့သော အိုသည့်တိုင်အောင်ကောင်းသည့် တရားလေးပါးတို့ကို “နှစ်ဟောင်းကို ဓမ္မဖြင့် နှုတ်ဆက်ပြီး နှစ်သစ်ကို ဓမ္မဖြင့် ကြိုဆိုတတ်စေရန် ရည်သန်လျှက်” တရားနိဂုံးချုပ်အနေဖြင့် ဟောတော်မူခဲ့၏။ ယခုအခါ သီတဂူဆရာတော်ကြီး၏ ဟောတရားကို မနာကြားရသေးသော သူတော်တော်ကောင်းတို့ ဖတ်ရှု့လေ့လာမှတ်သားပြီး သတိတရား လက်ကိုင်ထားလျက် သံဝေဂတရားပွားကာ ဓမ္မဖြင့် နှစ်သစ်ကို ကြိုဆိုရုံသာမက ဓမ္မဖြင့် ဘဝတစ်လျှောက်လုံး နေထိုင်တတ်ရန်အတွက် (သီတဂူ) ဦးအောင်သောင်းနှင့် (သီတဂူ) ဒေါ်ကြည်ဝင်းတို့ မိသားစုတို့က အမတဒါန ဓမ္မဒါနပြုသဖြင့် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် သုတေသနနှင့် ကျမ်းပြုဋ္ဌာနက စီစဉ် ထုတ်ဝေလိုက်ပါသည်။

ဓမ္မဖြင့် ဘဝလှလှ နေနိုင်ကြပါစေ။
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

                                                                                    (သီတဂူ)ဒေါက်တာသုတာစာရာလင်္ကာရ
သီတဂူကမ္ဘာ့တက္ကသိုလ်(ရန်ကုန်)

Tuesday, June 3, 2014

ဘဝကြီးပွားတိုက်တက်ကြောင်းတရား (၆) ပါး


‘‘အာရောဂျမိစ္ဆေ ပရမဉ္စ လာဘံ, သီလဉ္စ ဝုဒ္ဓါနုမတံ သုတဉ္စ;။
ဓမ္မာနုဝတ္တီ စ အလီနတာ စ, အတ္ထဿ ဒွါရာ ပမုခါ ဆဠေတေ’’တိ။။
ဧကနိပါတ်။ အတ္ထဿဒွါရဇာတ်(ဇာ၊ဋ္ဌ၊၁၊၃၈၈။)  (ဇာ၊ဋ္ဌ၊၁၊၃၈၉။)

တာတ-ချစ်သား၊ အာရောဂျံ- အနာကင်းသည်၏ အဖြစ်ဟုဆိုအပ်သော၊ ပရမံ-အမြတ်ဆုံး ဖြစ်သော၊ လာဘံစ- လာဘ်ကိုလည်း၊ ဣစ္ဆေ-ဘဝတိုးတက်ဖို့ အလိုရှိရာ၏။ သီလဉ္စ-ကိုယ်ကျင့်သီလကိုလည်း၊ ဣစ္ဆေ-အလိုရှိရာ၏။  ဝုဒ္ဓါနုမတံ- ပညာရှိ သူတော်ကောင်းတို့၏ အဆိုဆုံးမ သြဝါဒကို၊ ဣစ္ဆေ- အလိုရှိရာ၏။ သုတဉ္စ- သုတပညာ အဖြာဖြာကိုလည်း၊ ဣစ္ဆေ- အလိုရှိရာ၏။ ဓမ္မာနုဝတ္တီ စ- သုစရိုက်တရား ကျင့်သုံးခြင်းကိုလည်း၊ ဣစ္ဆေ-အလိုရှိရာ၏။ အလီနတာ စ-မပြင်းမရိ မတုန့်ဆုတ်သူ၏ ဖြစ်ကြောင်း လုံ့လဝီရိယကိုလည်း၊ ဣစ္ဆေ-အလိုရှိရာ၏။ ဣတိ- ဤသို့၊ ဆ-ခြောက်ပါးကုန်သော၊ ဧတေ-ဤတရားတို့သည်၊ အတ္ထဿ-လောကီလောကုတ် မယုတ်တိုးပွားခြင်း၏၊ (ဝါ) ဘဝကြီးပွားတိုးတက်ခြင်း။၏၊  ပမုခါ- အထက်တန်းကျကုန်သော၊  ဒွါရာ- နည်းလမ်း အကြောင်းတရားတို့ပေတည်း။  

 ဧကနိပါတ်၊ အတ္ထဿဒွါရဇာတ်(ဇာ၊ဋ္ဌ၊၁၊၃၈၈-၃၈၉။)တွင် ဘဝဝကြီးပွား တိုးတက်ကြောင်း တရားခြောက်ပါးကို မြတ်ဗုဒ္ဓက ဟောတော်မူခဲ့၏။ ဇာတ်လမ်းအကျဉ်းချုပ်ကား သုံးလူ့သခင် ဘုရားရှင် သာဝတ္ထိပြည်မွန် ဇေတဝန်ခေါ် ရွှေကျောင်းတော် သီတင်းသုံးစဉ်က ဘဝကြီးပွားတိုးတက်ခြင်းကို လိုလားသော (၇)နှစ်အရွယ် ပညာရှိ အမျိုးကောင်းသားလေးက သူ့ဖခင်သူဋ္ဌေးကြီးအား “ဖေဖေ…လောကမှာ ဘဝကြီးပွား တိုးတက်ကြောင်းတရား၊ တိုးတက်ရာတိုးတက်ကြောင်း နည်းလမ်းကောင်းတွေက ဘာပါလဲ”ဟု မေးခဲ့လေ၏။ ဖခင်သူဋ္ဌေးကြီးက ဤမေးခွန်းသည် အလွန်တရာ သိမ်မွေ့နက်နဲလှပေ၏၊ အထက်ဘဝဂ် အောက်အဝီစိ မြတ်ဗုဒ္ဓမှတစ်ပါး မည်သူ တစ်ဦးတစ်ယောက်မျှ ဖြေကြားနိုင်စွမ်း ရှိမည်မဟုတ်ဟု ကြံစည်ပြီး ညချမ်းကာလသမယမှာ ပန်းနံ့သာလက်ဆွဲ ဇေတဝန်ကျောင်း ဘုရားဖူးတရားနာလာရင်း သူ့သားလေးက သူ့အားမေးမြန်းသည့် ဘဝကြီးပွားတိုးတက်ကြောင်း နည်းလမ်းကောင်းများကို မြတ်ဗုဒ္ဓထံ မေးလျှောက်ထားခဲ့၏။ ယင်းအမေးနှင့်စပ်လျဉ်း၍ မြတ်ဗုဒ္ဓက အတိတ်ဇာတ်လမ်းလေးကို ပြန်လည်ဟောပြတော်မူခဲ့သည်။

သူဋ္ဌေးကြီး၊ ငါဘုရားလောင်း ပါရမီနုစဉ် ဘဝတုန်းက ဤကလေးသည် ငါ၏ သားဖြစ်ခဲဖူး၏။ ဗာရာဏသီ ဗြဟ္မဒတ်မင်းသည် တိုင်းပြည်အုပ်ချုပ် မင်းလုပ်၏။ ငါသည်လည်း ထိုဗာရာဏသီကြီးမှာ ချမ်းသာကြွယ်ဝသည့် သူဋ္ဌေးကြီးဖြစ်ခဲ့ဖူး၏။ ဤငါ၏သားဖြစ်သော (၇)နှစ်အရွယ် ကလေးသည် ပညာရှိ၏။ ဘဝကြီးပွား တိုးတက်ခြင်းကိုလည်း လိုလားတောင်းတ၏။ တစ်နေ့သောအခါမှာ ငါဖခင်ကြီးကို လောကမှာ ကြီးပွားချမ်းသာနိုင်သည့် ဘဝကြီးပွားတိုးတက်ကြောင်း နည်းလမ်းကောင်းတွေက ဘာပါနည်းဟု သားလေးက မေးမြန်းခဲ့ဖူး၏။ ထိုစဉ်က ငါသည် ဘဝကြီးပွား တိုးတက်ကြောင်း တရားခြောက်ပါးကို သားလေးအား ပြောပြခဲ့ဖူး၏။ ဘုရားလောင်းဘဝတုန်းက (၇)နှစ်အရွယ် ငါ့သားငယ်လေး မေးမြန်းခဲ့သည့် ဘဝကြီးပွားတိုးတက်ကြောင်း နည်းလမ်း ကောင်းများကို နာကြားလော့ သူဋ္ဌေးကြီးဟု မြတ်ဗုဒ္ဓက သာဝတ္ထိသူဋ္ဌေးကြီးအား အတိတ်က ဇာတ်လမ်း ဖြစ်စဉ်ကို ပြန်ပြောင်းဟောတော်မူခဲ့လေသည်။

*အရတော်ပြန်၊ လူဖြစ်မှန်သော်၊ လက်မွန်ဦးစွာ၊ ကင်းအနာနှင့်၊ ရောဂါမစပ်၊ မြတ်သောလာဘ်ကို၊ လိုအပ်သည်သာ၊ ထို့နောက်မှာလျှင်၊ ငါးဖြာပဉ္စသီ၊ ထိန်းစောင့်ညီလျက်၊ ထိုပြီနောက်တိ၊ ပညာရှိထံ၊ နည်းခံဆုံးမ၊ နောက်မှတပါး၊ မြင်ကြားရှာဖွေ၊ နောက်ပေ သုစရိုက်၊ ကိုယ်၌မကွာ၊ ယှဉ်စေရာ၏။ တစ်ဖြာထိုမှ၊ ဓနရှာခြင်း၊ မပျင်းလုံ့လ၊ ဝီရိယကို၊ ဖြစ်ထစေရာ၊ ဤခြောက်ဖြာကား၊ လူ့ရွာ၌မှီ၊ လူဖြစ်ပြီတို့၊ လောကီလောကုတ်၊ မယုတ်အကျိုး၊ မညှိုးစင်စစ်၊ ပွားကြောင်းဖြစ်၏။ (မဃဒေဝ -၃၂၆)။
ဘဝကြီးပွားတိုက်တက်ကြောင်းတရား (၆) ပါး အကျဉ်းချုပ်ကား
(က) ကျန်းမာရေး ကောင်းခြင်း၊
(ခ) ကိုယ်ကျင့်သီလ ကောင်းခြင်း၊
(ဂ) ပညာရှိတို့၏ အဆိုဆုံးမ သြဝါဒကို နားထောင်ခြင်း၊
(ဃ) သုတပညာ အဖြာဖြာနှင့် ပြည့်စုံခြင်း၊
(င) သုစရိုက်တရား ကျင့်သုံးကျင့်၊
(စ) မပျင်းမရိ လုံ့လဝီရိယ ရှိခြင်းတို့ ဖြစ်ပေသည်။


ကျန်းမာရေး ကောင်းခြင်း


ကံအားလျှော်စွာ အရတော်လို့ လူဖြစ်လာသောသူတို့သည် ဘဝကြီးပွားတိုးတက်ချင်လျှင် လောကီလောကုတ္တရာ ကောင်းကျိုးတိုးတက်ဖို့ဆိုလျှင် (၁) ကျန်းမာရေး ကောင်းအောင် နေထိုင်ရမည်။ လူသားတို့သည် အနာရောဂါကင်းခြင်း, ကျန်းမာရေး ကောင်းခြင်း တည်းဟူသော လာဘ်ကို အထူးလိုအပ်ပါသည်။ ကျန်းမာရေးမကောင်းလျှင် မည်သည့် အရာမျှ တိုးတက်အောင် ပြုလုပ်ရာ၌ မဆင်မပြေပါ။ အာရောဂျံ ဣဋ္ဌံ ကန္တံ မနာပံ ဒုလ္လဘံ လောကသ္မိံ;   (ဣဋ္ဌဓမ္မသုတ်-အံ၊၃၊ ၃၆၄-၅)အရ ကျန်းမာရေး ကောင်းခြင်းသည် လောကမှာ တကယ့် နှစ်သက်စရာ မြတ်နိုးစရာ ရခဲသောအရာပင် ဖြစ်၏။  ဗုဒ္ဓစာပေလာ ဓမ္မပဒတွင် ကျန်းမာခြင်းသည် မြတ်သော လာဘ်ဖြစ်၏။ ရောင်ရဲတင်းတိမ်ခြင်းသည် မြတ်သော ဥစ္စာဖြစ်၏။ မိမိနှင့် ချစ်ကျွမ်းဝင်သူသည် မြတ်သော မိတ်ဆွေဖြစ်၏။ နိဗ္ဗာန်သည် မြတ်သော ချမ်းသာဖြစ်၏ဟု မြတ်ဗုဒ္ဓက ဟောတော်မူ၏။
 ‘‘အာရောဂျပရမာ လာဘာ, သန္တုဋ္ဌိပရမံ ဓနံ;။
ဝိဿာသပရမာ ဉာတိ, နိဗ္ဗာနပရမံ သုခ’’န္တိ။။  (ဂါထာ၂၀၄)၊ (ဓမ္မ၊ဋ္ဌ၊၂၊၁၇၃။)
  
မဟာဘာရတ ဇာတ်တော်ကြီးတွင် ဟတ္ထိနာဂပုရပြည့်ရှင် ဘုရင် ဇနမေဇယမင်းကြီးက ဗျာသမည်သော ပညာရှိသူတော်ကောင်း ရသေ့ကြီးအား လျှောက်ဖူး၏ " အိုအရှင်၊ အရှင်၏ ဂုဏ်ကျေးဇူးကြောင့် အကျွန်ုပ်ထံတွင် အလုံစုံအကုန်စင် ရှိပါ၏။ ရတနာရွှေငွေ ဆန်ရေစပါး ပေါကြွယ်ဝပြီး ပညာရှိ သူရဲကောင်းများလည်း ဝန်းရံနေကြပါ၏။ သို့သော် အကျွန်ုပ်၏ ရှေးအတိတ် မကောင်းမှု အကုသိုလ်ကံကြောင့် ကုဌနူနာ ကိုယ်ရေပြား ရောဂါ စွဲကပ်နေပါ၏။ ထို့ကြောင့် ဤ၍ဤမျှ ကြီးကျယ် ခမ်းနား များပြားစွာသော ချမ်းသာသုခ အဝဝသည် အကျွနိုပ်အတွက် အဆိပ်သက်သက် ဝါးမျိုရသလို ဖြစ်နေပါသည်။"ဟု လျှောက်ထားဖူး၏။ ထိုကြောင့် လာဘ်လာဘတို့တွင် အနာရောဂါ ကင်းခြင်းသည်လည်း မြတ်သောလာဘ်ဟု ဆိုနိုင်ပါသည်။ အနောက်တိုင်း ဆေးပညာရှင် တို့သည်လည်း "လူသားတို့ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာတို့တွင် အသက်သည် ပထမ၊ ကျန်းမာခြင်းသည် ဒုတိယ အဖိုးထိုက်တန်ဆုံး ဖြစ်၏"ဟု ဆိုကြ၏။ 

 ‘‘ရောဂေါ နာမ သဗ္ဗံ အာရောဂျံ မဒ္ဒန္တော အာဂစ္ဆတီ’’ ရောဂါမည်သည် ကျန်းမာခြင်းအားလုံးကို နင်းချေဖျက်ဆီးလျက် လာတတ်၏။ (ဥဒါန၊ဋ္ဌ၊၃၆၄)။ မြတ်ဗုဒ္ဓကတော့ အကြာင်းအားလျှော်စွာ ရောဂါသတ်မှတ်ချက် အမျိုးမျိုးဟောထားတာ ရှိပါ၏။ ဇိဃစ္ဆာပရမာ ရောဂါ, (ဓမ္မ၊ဋ္ဌ၊၂၊၁၇၁။) ဆာလောင် မွတ်သိပ်ခြင်းသည်ပင် တစ်ချို့နေရာ၌ ရောဂါဟု သတ်မှတ်ချက် တမျိုးဟောထားပါသည်။ လူသားတိုင်း ရောဂါတစ်မျိုးမျိုးတော့ ရှိကြသည်သာတည်း။ ရောဂါအကြီး အသေးမျှသာ ကွာခြားပါလိမ့်မည်။ ဆေးရုံးဆေးခန်းရောက်မှ ရောဂါရှိသည်ဟု မဆိုနိုင်။ တစ်ခါတုန်းက မြတ်ဗုဒ္ဓက နကုလပိတာ ဒကာကြီးကို အကြောင်းပြု၍ ဟောထားသည့် စကားလေး တစ်ရပ်ရှိ၏။  “သူကြွယ် ဒီခန္ဓာကိုယ်ကြီး ရွက်ဆောင်နေရတဲ့သူတိုင်းဟာ တစ်မုဟုတ်လောက်မျှ ငါ ကျန်းမာပါတယ်ဟု ဝန်ခံမယ်ဆိုရင် ဒါဟာ မိုက်မဲရာ ကြပါတယ်၊ ကိုးဆယ့်ခြောက်ဖြာသော ဘေးရောဂါတို့ အမြဲနှိပ်စက်ခံနေရသော သူများဟာ ကိလေသာတို့ နှိပ်စက်မခံရအောင် စိတ်ရောဂါမဖြစ်အောင် သတိဖြင့် ကြိုးစားသင့်တယ်” ဟု မြတ်ဗုဒ္ဓက တိုက်တွန်းထားပါသည်။ ကိုယ်ရောဂါ လူသားတိုင်း အနည်းနှင့်အများ ရှိလင့်ကစား ကိလေသာနှိပ်စက်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသည့် စိတ်ရောဂါကိုတော့ အတတ်နိုင်သမျှ မိမိတို့သန္တာန်မှာ မဖြစ်အောင် ကြိုးစားကြရမည် ဖြစ်ပါသည်။
  ယာ  ဟိ, ဂဟပတိ, ဣမံ ကာယံ ပရိဟရန္တော မုဟုတ္တမ္ပိ အာရောဂျံ ပဋိဇာနေယျ, ကိမညတြ ဗာလျာ? တသ္မာတိဟ တေ, ဂဟပတိ, ဧဝံ သိက္ခိတဗ္ဗံ – ‘အာတုရကာယဿ မေ သတော စိတ္တံ အနာတုရံ ဘဝိဿတီ’တိ။ ဧဝဉှိ တေ, ဂဟပတိ, သိက္ခိတဗ္ဗ’’န္တိ။။ (သံ၊၂၊၁။)  

မြတ်ဗုဒ္ဓအလို ရောဂါကို အချုပ်အားဖြင့် နှစ်မျိုး သတ်မှတ်နိုင်ပါသည်။ (၁) ကာယေ- ရောဂါတုရ= ကိုယ်ခန္ဓာ၌ ၉၆ ဖြာဘေးရောဂါတို့ နှိပ်စက်ခံရမှု ကိုယ်ရောဂါ၊ (၂) စိတ္တေ-ကိလေသာတုရ- ဖြူစင်နေသော စိတ်လေးကို ကိလေသာတို့ နှိပ်စက်ခံရမှု စိတ်ရောဂါဟု နှစ်မျိုးရှိပါ၏။ ကိုယ်ခန္ဓာ၌ ၉၆ ဖြာဘေးရောဂါ တစ်မျိုးမျိုး နှိပ်စက်ခံရလျှင်လည်း လောကီစီးပွားတိုးတက်ဖို့ မလွယ်ကူပေ။ ထို့အတူ စိတ်မှာ ကိလေသာ နီဝရဏတရားတို့ နှိပ်စက်ခံရပါလျှင်လည်း လောကုတ္တရာ ကြီးပွားတိုးတက်ဖို့ မလွယ်ပါပေ။ ထို့ကြောင့် ကိုယ်ရောဂါဖြစ်စေ၊ စိတ်ရောဂါဖြစ်စေ ရောဂါကင်းလျှင် ဘဝမှာ လောကီလောကုတ္တရာ အကျိုးစီးပွားများ တိုးတက်လာပါလိမ့်မည်။
အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု စစ်ကိုင်းမြို့မဟာသုဗောဓာရုံ ဆရာတော်ကြီး(ယခု ပါချုပ်ဆရာတော်ကြီး၏ နောင်တော်ကြီး) ကတော့ "ဆုံးမသမျှ နားထောင်၊ ကျန်းမာအောင် သတိပြု၊ သိမှုအတွက် ကြိုးစား၊ ဝတ္တရား ကျေပွန်စေ၊ ကွက်လပ်တွေ မရှိစေနဲ့" ဟု စာရေးသူတို့ မိခင် မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီးမှာ နေစဉ်က ကျန်းမာရေး အထူးဂရုစိုက်ကြဖို့ မကြာခဏ သြဝါဒ ပေးတော်မူခဲ့၏။  

မဃဒေဝလင်္ကာ၌ “လျောက်ပတ်ကျင့်ငြား၊ လျောက်ပတ်စားနှင့်၊ ဆေးဝါးစာကြေ၊ သွားထွေကာလ၊ ဗြဟ္မစာရီ၊ ဤငါးလီ လောကီလူပေါင်း၊ သက်ရှည်ကြောင်းတည်း”ဟု ကျန်းမာရေး ကောင်းအောင် အသက်ရှည်ကြောင်း နည်းလမ်းကောင်းများကို မန်လည်ဆရာတော်ကြီးက မြတ်ဗုဒ္ဓအလိုကျ ညွှန်ပြထား၏။ ပဌမ-ဒုတိယ အနာယုဿာသုတ် (အံ၊၂၊၁၂၈။)တွင် မြတ်ဗုဒ္ဓက သက်ရှည်ကျန်းမာနိုင်ကြောင်း လမ်းညွှန်ချက် နှစ်သုတ်ပေါင်း (၇)ခု ဟောထားတော်မူ၏။
 (၁) သပ္ပါယကာရီ ဟောတိ- သပ္ပါယဖြစ်အောင် နေတတ် ထိုင်တတ်ရမည် ဖြစ်၏။ သပ္ပါယသည် ဥတုသပ္ပါယ၊ (ဘောဇန) အာဟာရသပ္ပါယ၊ အာဝါသသပ္ပါယ၊ ပုဂ္ဂလသပ္ပါယဟု သပ္ပါယလေးမျိုးရှိ၏။ အသက်ရှည်ဖို့ ကျန်းမာရေး ကောင်းဖို့ဆိုလျှင် ဥတုသပ္ပါယသည်လည်း အလွန်အရေးကြီး၏။ အလွန်ပူပြင်းလျှင် အအေးဓာတ်ရှိသည့်နေရာမျိုးမှာ ရွေးချယ်နေထိုင်ခြင်း၊ အေးလွန်ပြန်လျှင်လည်း အပူဓာတ်ရသည့် အနေထားမျိုးဖြစ်အောင် နေတတ်ထိုင်တတ်လျှင် ကျန်းမာရေးကို လွန်စွာ အထောက်ကူပြု၏။ အစားအာဟာရ သပ္ပါယမဖြစ်လျှင်လည်း ကျန်းမာရေး မကောင်းနိုင်သလို ဘုရားရှင်လက်ထက်က အာဟာရ သပ္ပါယ မမျှတသောကြောင့် တရားထူးပင် မရရှိနိုင်သည့် သာဓကများ ရှိပါ၏။  ဥတုဘောဇနဝသေန ဟိ အာယု ဟာယတိပိ ဝဍ္ဎတိပိ။(ဒီ၊ဋ္ဌ၊၂၊၇။) ဥတုဘောဇဉ်ကြောင့် အသက်တိုခြင်း အသက်ရှည်ခြင်းတို့ ဖြစ်နိုင်၏။ သပ္ပါယဖြစ်သည့် ဥတု ဘောဇဉ် သုံးဆောင်မှီဝဲရလျှင် အသက်ရှည်မည် ဖြစ်၏။ သပ္ပါယမဖြစ်သည့် ဥတု ဘောဇဉ်တို့ကြောင့် ကျန်းမာရေး အထောက်ကူမပြုဘဲ အသက်တိုမည် ဖြစ်၏။ ထို့ကြောင့် သပ္ပါယဖြစ်သည့် ဆွမ်းဘောဇဉ် ချိုချဉ်အရသာ အဖြာဖြာသည် ကျန်းမာရေးကို အလွန်တရာ အထောက်ကူပြုလှပါသည်။ အာဝါယသပ္ပါယ- သင့်တင့်လျှောက်ပတ်သည့် အဆောက်အဦးများ ရှိဖို့လည်း ကျန်းမာရေးအတွက် အရေးကြီးလှ၏။ ခနော်နီ ခနော်နဲ့ အိုးအိမ်လေးများဖြင့် အာဝါသသပ္ပါယချို့တဲ့စွာ နေထိုင်နေရပါလျှင် ကျန်းမာရေးကို အလွန်ဆိုးဝါးစွာ ထိခိုက်နိုင်ပါသည်။ ကျန်းမာရေး ကောင်းအောင် အာဝါသသပ္ပါယ သင့်တင့်လျောက်ပတ်သော အဆောက်အဦးသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ တစ်ဖန် ပုဂ္ဂလသပ္ပါယ မဖြစ်လျှင် စိတ်ဆင်းရဲနိုင်၏။ စိတ်မချမ်းသာလျှင်လည်း ကိုယ်ကျန်းမာဖို့ မလွယ်ကူလှပေ။ စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်ပျိုတော့ကိုယ်နု ဆိုသလို စိတ်ချမ်းသာလျှင် ကိုယ်လည်း နုပျိုကျန်းမာနိုင်၏။ ထို့ကြောင့် ပုဂ္ဂလသပ္ပါယ ဖြစ်ခြင်းသည်လည်း ကျန်းမာရေးကို များစွာ အထောက်ကူပြုပါသည်။

 (၂) သပ္ပါယေ မတ္တံ ဇာနာတိ, ဆိုခဲ့ပြီး သပ္ပါယများကို မိမိနှင့် တကယ်သပ္ပါယ ဖြစ်မဖြစ်၊ သပ္ပါယယ ဖြစ်မှု၌ မိမိအတိုင်းတာအရ လိုသလောက်သာ အသုံးချရမည်ဖြစ်၏။ အလွန်အကျွန် အသုံးမချရ၊ သပ္ပါယ၌ အတိုင်းတာပမာဏကို ဥာဏ်ရှေ့သွားပြု နားလည်သိရှိရမည် ဖြစ်၏။ (၃) ပရိဏတဘောဇီ စ ဟောတိ, မိမိ-ပါစကဝမ်းမီး ကြေစေနိုင်သည့် အစားအစာကိုသာ စားသင့်၏။ အစားကို ကြေညက်စွာ စားပါမှ ကျန်းမာရေးကို အထောက်ကူ ပိုပြုမည်ဖြစ်၏။ (၄) ကာလစာရီ စ ဟောတိ, သွားလာသင့်သည့် အချိန်အခါမျိုးသာ သွားသင့်သည်။ ညအခါ အကာလ မှောင်မိုက်မဲမဲ သွားလာလျှင် မိမိအား သူခိုးစသည် စွပ်စွဲမှုခံရနိုင်ပြီး အထင်မှားကာ ရိုက်နှက်ကြပါလျှင် အသက်ဆုံးပါးနိုင်၏။ ထို့ကြောင့် အသက်ရှည်ဖို့ဆိုလျှင် သွားသင့်သည့် အချိန်ကာလ၌ သွားကြဖို့ အရေးကြီး။ (၅) ဗြဟ္မစာရီ စ- သူတော်ကောင်းတရား ကျင့်လျှင် သက်ရှည်ကျန်းမာသည်မှာ အထူးပြောစရာပင် မလိုပါခြေ။ အသက်ရှည် ကျန်းမာချင်လျှင် သူတော်ကောင်းတရားများ ကျင့်ရမည် ဖြစ်၏။ ကျန်းမာမှသာလျှင် မိမိလိုလား တောင်းတအပ်သည့် ဘဝမှာ လောကီကြီးပွားတိုးတက်မှု လောကုတ္တရာကြီးပွား တိုးတက်မှုများ ရနိုင်မည် ဖြစ်၏။

ဒုတိယ အနာယုဿာသုတ်၌ နောက်ဆုံးအင်္ဂါရပ် နှစ်ခုကို သီလဝါ စ, ကလျာဏမိတ္တော စ ဟု ဟောထား၏။ ရှေ့သုံးပါး အတူတူပင်တည်း။ ဒုတိယသုတ်အလိုအရ (၆) သီလဝါ စ, သီလအားကောင်းလျှင် သီလရှိလျှင် အသက်ရှည်၏။ ယနေ့ခေတ် ရှေးခေတ် ဟိုနောက်နောင် ခေတ် မည်သည့် ခေတ်မဆို အသက်ရှည် ကျန်းမာသည့် အဖိုးအဖွားများသည် သီလကောင်းသောကြောင့် အသက်ရှည်ခြင်း ကျန်းမာခြင်းများ ဖြစ်ပါ၏။ (၇) ကလျာဏမိတ္တော စ- မိတ်ကောင်း ဆွေးကောင်းရှိလျှင် မိတ်ကောင်းဆွေးကောင်းနှင့် ပေါင်းရလျှင် ပိုမိုအသက်ရှည်နိုင်၏။ မိတ်ကောင်းဆွေကောင်း သူတော်ကောင်းတို့နှင့် ပေါင်းသင်းရပါက စိတ်ချမ်းသာ၏။ စိတ်ချမ်းသာလျှင် ပိုမိုအသက်ရှည် နိုင်ပါသည်။ ဤကဲ့သို့ မြတ်ဗုဒ္ဓက အသက်ရှည်ကြောင်း ကျန်းမာကြောင်း နည်းလမ်းကောင်းတို့ကို အကြောင်းအားလျှော်စွာ ညွှန်ပြထားတော်မူခဲ့၏။
‘‘စတ္တာရော  ပဉ္စ အာလောပေ, အဘုတွာ ဥဒကံ ပိဝေ;။
အလံ ဖာသုဝိဟာရာယ, ပဟိတတ္တဿ ဘိက္ခုနော’တိ။ (အဘိ၊ဋ္ဌ၊၁၊၄၃၂။)

အဆိုပါ ဂါထာနှင့်အညီ ချမ်းချမ်းသာသာ ကျန်းကျန်းမာမာ နေနိုင်အောင် အစားအသောက်ကို ဝနင့်နေအောင် မစားသင့်ပေ။ အနည်းဆုံး လေးငါးလုပ်လောက် မိမိစားနေကျ အချိုးစားထဲမှ လျှော့စားပြီး ရေသောက်လျှင် ပိုမိုပြီး နေရထိုင်ရ သက်သောင့်သက်သာရှိကာ ကျန်းမာရေးကို အထောက်ကူပြုသဖြင့် တရားလည်း အားထုတ်လို့ ကောင်းသည်။ အနည်းဆုံးတော့ ဤအင်္ဂါသုံးချက်လောက် လိုက်နာလျှင် ကျန်းမာမည်ဟု ယုံကြည်မိသည်။ “သောကကိုရှောင်၊ ဝအောင်မစား၊ လှုပ်ရှားကိုယ်လက်၊ ဤသုံးချက်၊ အသက်ရှည်ကြောင်းတည်း။”

ကဏှဇာတ်လာ ဘုရားလောင်း ကဏှရသေ့ကြီး၏ ဆုတောင်းခြောက်ပါးတို့တွင် အနာကင်းကွာ ကျန်းမာစွာဖြင့် သီလသမာဓိပညာ သိက္ခာသုံးရပ် အားထုတ်နိုင်ရပါလို၏ဟု သိကြားမင်းထံမှ ဆုတောင်းခဲ့ဖူး၏။ ထို့ကြောင့် ရှေးဆရာတော်တို့က “ဤသို့ပြုရ၊ မြတ်ပုညကြောင့်၊ ဘဝထိုထို၊ နောက်အဟိုဝယ်၊ တစ်ကိုယ်ထီးတည်း၊ တောရပ်မှီးကာ၊ အနာကင်းကွာ၊ ကျန်းမာစွာဖြင့်၊ သုံးရပ်သိက္ခာ၊ သာသနာ၊ ကောင်းစွာကျင့်နိုင်ရပါလို၏” ဟု ရေးသားတော်မူခဲ့ကြ၏။ 

အင်္ဂုတ္တိုရ် ပဓာနိယင်္ဂသုတ်လာ အင်္ဂါငါးပါးတို့တွင် ယောဂီပုဂ္ဂိုလ် မဂ်ဖိုလ်ရဖို့ဆိုလျှင် ကျန်းမာရေး ကောင်းခြင်းသည်လည်း တစ်ပါးအပါဝင် ဖြစ်၏။ လယ်တီဆရာတော်ကြီးက မှတ်သားမိလွယ်စေရန် အောက်ပါအတိုင်း လင်္ကာသွယ်ထား၏။ “ယုံကြည်,ကျန်းမာ၊ ဖြောင့်စင်းစွာနှင့်၊ လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်သိမြင်၊ ဤငါးအင်၊ မဂ်လျှင်ရကြောင်းတည်း။”
ဘဝမှာ လောကီလောကုတ္တရာ ကြီးပွားတိုးတက်လိုသူတိုင်း ကျန်းမာရေးကောင်းရမည်။ ထို့ကြောင့် လောကီလောကုတ္တရာ ကြီးပွားတိုးတက်ချင်လျှင် မိမိကိုယ်ကို ကျန်းမာရေးကို ဥာဏ်နှင့်ယှဉ်ကာ အထူး ဂရုစိုက်သင့်ပေသင့်ပေသည်။


(ဆက်လက် တင်ပြပါဦးမည်)။

(သီတဂူ) ဒေါက်တာသုတာစာရာလင်္ကာရ
မေ့သားလှ(ဇလဂ္ဂ)