" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Sunday, April 8, 2012

လူဝတ်ကြောင်များနှင့် ရဟန်းတော်များ၏ ဆက်ဆံရေး-ဘာသာရေးလှုပ်ရှားမှု (ရှေးပုံရိပ်လွှာ)


အထူးသဖြင့် လူဝတ်ကြောင် ဗုဒ္ဓဘာသာဝင်လူထု အများစုသည် သူတို့၏ဘာသာရေးဘဝနှင့် အရှင်းအလင်းဆုံး အထုံးခြားဆုံးအသွင်ပြင်မှာ သံဃာတော်များအား အလွန်ကြည်ညိုခြင်းဖြစ်သည်။ ယင်းသို့ဖြစ်ခြင်းမှာ အကြောင်းနှစ်ချက်လောက် ကောက်ချက်ဆွဲနိုင်သည်။ ပထမအချက်ကား လူအများသည် သူတို့၏ယုံကြည်ရဆုံး ဆရာနှင့် လမ်းညွှန်မှုကြောင့်ပင်ဖြစ်သည်။ ထိုဆရာရဟန်းသည် အရေးကြီးကိစ္စများအားလုံးတွင် ကြားဝင်ဆောက်ရွက်ပေးပြီး နိုင်ငံတော်ရေးရာ ကိစ္စများမှာပင် အငြင်းပွားမှုများကို ပြေငြိမ်းစေခဲ့သည်။ ကိစ္စကြီးငယ်မဟူ အရေးအခင်းအားလုံးတွင် အကြံဥာဏ်နှင့် လမ်းညွှန်မှုများ ရရယူရန် ရဟန်းတော်များထံသို့ သွားကြပြီး ယုံကြည်ချက်ကြီးမားစွာဖြင့် တိုင်ပင်ကြသည်။ ရဟန်းတော်များသည် နိုင်ငံတော်၏ ဆရာနှင့် လမ်းညွှန်သူများ ဖြစ်သောကြောင့် အကယ်၍ ထိုဆရာရဟန်းတော်များ ကိုယ်ကျင့်မကောင်းလျှင် တစ်နိုင်ငံလုံး လမ်းမှားသို့ ရောက်သွားကြလိမ့်မည်။ အကယ်၍ ထိုဆရာရဟန်းတော်များ ဆိုးသွမ်းနေလျှင် ရဟန်းတော်များ ကိုယ်တိုင်မှာ အန္တရယ်ရှိသည်သာမက တစ်နိုင်ငံလုံး ဤဘဝတွင်ရော နောက်ဘဝတွင်ပါ ဘေးဒက္ခကြုံရနိုင်သည်။

ဒုတိယအချက်ကား လူအများစုသည် နောင်ဘဝအတွက် ရဟန်းတော်တို့အား ပိုမိုအားထားကြသည်။ ယေဘုယျအားဖြင့် ယောင်္ကျားမိန်းမများသည် မိမိတို့၏ ဤဘဝအတွက်ထက် နောင်ဘဝချမ်းသာမှုကို ပိုမိုလိုလားကြသည်။ နောင်ဘဝအတွက် ကူညီပေးနိုင်သူများမှာ ရဟန်းတော်များမှတပါး အခြားသူမရှိကြဟု ယုံကြည်ကြပေသည်။

ကုသိုလ်ဟူသည် နောင်ဘဝအတွက် လုံခြုံစွာ မြှပ်နှံထားသော စစ်မှန်သည့် အရင်းအနှီးဖြစ်ကြောင်းကို ယုံကြည်ကြသည်။ ရဟန်းသံဃာတော်များအား ကောင်းမှုမျိုးစေ့ကို ကြဲချစိုက်ပျိုးရာ နောင်ဘဝအတွက် လယ်ယာမြေကောင်းသဖွယ် နောင်ဘဝအတွက် အသီးအပွင့်များကို ပြန်လည်ရိတ်သိမ်းရာ အမြတ်ဆုံး ကုသိုလ်လယ်မြေ အနုတ္တရ ပုညခေတ္တဖြစ်ကြောင်းကို အကြွင်းမဲ့ ယုံကြည်ထားကြပေသည်။

လူထုအများစုသည် မြတ်ဗုဒ္ဓ၏ အဆင့်မြင့်တရားတော်များကို လေ့ကျင့်အားထုတ်ခြင်းအတွက် လိုအပ်သော လုံလောက်သည့် စိတ်အားထက်သန်မှုနှင့် စိတ်ငြိမ်းချမ်းမှု မရှိခဲ့ကြချေ။ လူအများစုသည် ယင်းလိုအပ်ချက်၏ အရေးပါမှုကို နားလည်နိုင်သည့် အသိဥာဏ်လည်း အားနည်းကြပေသည်။ သို့သော်လည်း လူအများသည် ဘာသာတရားအပေါ် အကြီးမားဆုံးသော ရိုသေလေးစားခြင်းနှင့် နှစ်သက်မြတ်နိုးခြင်းတော့ ရှိခဲ့ကြသည်။ တကယ့် ဘာသာတရား၏ ရည်ရွယ်ချက်အစစ်မှန်ကို ကောင်းကောင်းမသိကြသော်လည်း လူအများသည် လိုအပ်လာပါက ဘာသာတရားအမည်ဖြင့် မိမိတို့၏ အသက်ကိုပင် ပေးလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ လူအများသည် မိမိတို့၏ ဤဘဝတွင်ရော နောက်ဘဝအတွက်ပါ ဘဝနှင့် စိတ်ဓာတ်ရေးရာ လမ်းညွှန်များ ဖြစ်တော်မူကြသည့် ရဟန်းတော်များအား ဘာသာတရား လေ့ကျင့်အားထုတ်မှုအတွက် အထူးမျှော်လင့်ကြသည်။ လူအများသည် မြင့်မြတ်သည့် ကိစ္စများတွင် ပါဝင်ကြပြီး စိတ်ထားဖြူစင်သည့် သံဃာတော်အား ကူညီထောက်ပံခြင်းဖြင့် ကုသိုလ်ကောင်းမှုကို ရယူကြတတ်ပေသည်။ သံဃာတော်များအား ထောက်ပံ့မှုသည် လူဝတ်ကြောင်များ၏ တာဝန်ဝတ္တရား ဖြစ်သည်။ အံ-ဌ ၂၊ စာမျက်နှာ ၁၀၅ ၌ ဒုဌဂါမဏိမင်းသားသည် အခါတစ်ပါးမှာ မိမိ၏ အနီးနေ ငယ်ကျွန်အလုပ်ကျွေး (စူဠုပဌာက) တစ်ဦးအား မိမိသည် သံဃာတော်များအား မလှူဒါန်းဘဲ ဦးဦးဖျားဖျား မည်သည့်အစားအစာကိုမျှ မစားဖူးကြောင်း မိန့်ဆိုဖူးသည်။ သို့သော် နောင်အခါ၌ မင်းကြီးသည် ရဟန်းတော်များကို မေ့လျှော့ပြီး ငရုပ်သီးတစ်တောင့်ကို စားလိုက်မိသဖြင့် မိမိ၏ ပေါ့လျော့မှုကို မိမိကိုယ်ကို ပြစ်ဒဏ်ပေးသည့်အနေဖြင့် မရီစဝဋ္ဋိစေတီ(ငရုပ်သီးစေတီ) တည်ထားကြောင်း အဆိုရှိသည်။ မဟာဝံသ ၃၇၊ ၂၀၂-၂၀၃ မှာလည်း ပထမဥပတိဿမင်း(အေဒီ ၅ ရာစု)သည် တစ်လတွင် လေးကြိမ် ရှစ်ပါးသီလစောင့်သုံးပြီး ထိုမင်းသည် အသက်ထက်ဆုံး ရဟန်းတော်များအား ရှေးဦးစွာ ဆွမ်းကပ်ပြီးနောက် စားသုံးခဲ့၏။ သူသည် သံဃာတော်များ၏ ဆွမ်းစားကျောင်းဆောင်ဖြစ်သည့် မဟာပါဠိ ခေါ် ဆွမ်းစားကျောင်းမှ ထမင်းကိုသာ သံဃာတော်များ၏ နောက်မှစားကြောင်း ယာဝဇီဝဉ္စ သော ဘုဉ္ဇိ၊ မဟာပါဠိမှိ ဘောဇနံ ဟု စသည်ဖြင့် ယင်းမဟာဝံသကျမ်းမှာ ဖော်ပြထား၏ ။

သာမန် ဆင်းရဲသားများ၏ သံဃာတော်များအပေါ် ကြည်ညိုလေးစားမှုမှာ ပိုမိုရိုသား ဖြူစင်ပြီး ဘုရင်မင်းနှင့် ဝန်ကြီးများထက် ပိုမိုနှစ်သက်ဖွယ်ရာ ဖြစ်တတ်၏။ ချမ်းသာသူများအဖို့ သံဃာတော်များအား ကြည့်ရှုစောင့်ရှောက် ထောက်ပံ့ခြင်းငှာ အခက်အခဲမရှိဘဲ ယင်းကိစ္စအတွက် တစ်စုံတစ်ရာ စွန့်လွှတ်ရန် မလိုချေ။ သို့သော် တစ်ခါတစ်ရံ ဆင်းရဲသားများသည် မိမိတို့ကိုယ်တိုင် မစားသောက်ကြဘဲ သံဃာတော်များအား ကျွေးမွေးတတ်ကြသည်။ အချို့မှာ သံဃာတော်များအား မိမိ၏ သားသမီးများကဲ့သို ဆက်ဆံတတ်ကြသေးသည်။ ထိုအကြောင်းကို (ဒီ-ဌ ၃၊ ၃၈၀၊ မ-ဌ ၁၊ ၂၉၈၊ အံ-ဌ ၁၊ ၃၉၃၊ အဘိ-ဌ ၂၊ ၂၆၆ တို့မှာ) အောက်ပါ ဆင်းရဲသူအမျိုးသမီးဇာတ်လမ်းလေးဖြင့် ဖော်ပြထား၏။ ဆင်းရဲသူ အမျိုးသမီးအဖွားအိုကြီးတစ်ယောက်သည် ကဿပလေဏ(ကဿပလိုဏ်ဂူ)၌ သီတင်းသုံးတော်မူသည့် မဟာမိတ္တ မထေရ်မြတ်အား မိမိ၏သားတော်ကဲ့သို့ ပြုစုစောင့်ရှောက်သည်။ ထိုအမျိုးသမီးကြီး၏ သမီးမှာလည်း အရှင်မြတ်အား မိမိ၏အစ်ကိုအရင်းကဲ့သို့ ပြုစုစောင့်ရှောက်၏ ။ တကယ်တော့ အဖွားအိုနှင့် သမီးတို့မှာ အလွန်ဆင်းရဲစွာ စားသောက်ရသော်လည်း ထိုအရှင်မြတ်အားမူ သူတို့၏အတိုင်းအတာအရ အကောင်းမွန်ဆုံးသော အစားအစာများဖြင့် ကျွေးမွေးပြုစုကြသည်။ မဟာမိတ္တမထေရ်လည်း တစ်နေ့သော နံနက်တွင် ထိုသားအမိနှစ်ယောက် ပြောဆိုနေသံကို အမှတ်မထင်ကြားလိုက်မိသဖြင့် အလွန်ကြည်နူးသွားကာ ထိုသားအမိနှစ်ယောက်အား အလွန်သနားကဂုဏာဖြစ်သဖြင့် သူတို့၏ဆွမ်းကို ထိုက်တန်အောင် တရားအားထုတ်ကာ ရဟန္တာဖြစ်သွားပေသည်။

တစ်ချို့သော သဒ္ဓါတရားအားကြီးသော ဆင်းရဲသူတို့သည် သံဃာတော်များအား ပြုစုစောင့်ရှောက်ရေးအတွက် ငွေကြေးရရန် မိမိတို့၏ သားသမီးများကိုပင် ပေါင်နှံကြသေးသည်။ ဥပမာ မုဏ္ဍဂုတ္တသည် ရဟန်းတော်များအား ပြုစုစောင့်ရှောက်ရန်နှင့် နွားတစ်ကောင် ဝယ်ရန် ရှစ်ကဟာပဏ(ရှစ်အသပြာ)ဖြင့် မိမိ၏သားကို ပေါင်နှံခဲ့ပုံကို(ဒီ-ဌ၊၃၊ ၃၈၀။မ-ဌ၊၁၊ ၂၉၈၊ အံ-ဌ၊၁၊ ၃၉၃။အဘိဌ-၂၊ ၂၆၆ တွင်) ပြဆိုထားသည်။ အံ-ဌ ၁၊ ၃၉၅ ၌လည်း မဟာဂါမအရပ်မှ ဒါရုဘဏ္ဍက မဟာတိဿသည် ၁၂ ကဟာပဏဖြင့် သူ့သမီးလေးကို ပေါင်နှံပြီး သံဃာပြုစုရန် ရည်ရည်ချက်ဖြင့် နွားတစ်ကောင်ဝယ်သည်။ ဆက်လက်ပြီး ယင်း အံဌ-၁၊၃၉၅ ၌ပင် ထိုသူသည် ပို၍ပင် အံ့သြဖွယ်ကောင်းအောင် ပြုခဲ့သေးသည်။ သမီးလေးအား ပြန်ပြီးရွေးရန် မျှော်လင့်၍ သကြားစက်ရုံတွင် အလုပ်လုပ်ပြီး ရရှိလာသည့် ၁၂ အသပြာ(ကဟာပဏ) တို့ဖြင့် (သမီးလေးကို မပြန်မရွေးသေးပဲ) နေ့ဆွမ်းလွတ်တော့မည့် ရဟန်းတော်အတွက် ဆွမ်းတစ်နပ်စာ ဝယ်လှူလိုက်လေသည်။

ယေဘုယျအားဖြင့် သံဃာကို ကြည်ညိုသည်သာမက အချို့လူတို့သည် ပုဂ္ဂိုလ်ရေးအရပါ အခြားရဟန်းတော်များထက် ဂေဟသိတပေမဖြင့် ပိုမိုစွဲလန်းကာ မိမိတို့နှင့် ရင်းနှီးကျွမ်းဝင်ကြည်ညိုသည့် ရဟန်းတော်များလည်း ရှိကြပါသည်။ ဥပမာ အဘိဌ-၂၊ ၄၃၃ တွင် ကုဋကဏ္ဏတိဿမင်းမှာ ယင်းသို့ကြည်ညိုအပ်သော ရဟန်းတော်နှစ်ပါးရှိသည်။ တစ်ပါးမှာ ဂိရိဂါမကဏ္ဍအရပ်မှ စူဠသုဓမ္ဓမထေရ်ဖြစ်သည်။ မင်းကြီးသည် ယင်းမထေရ်၏ မိခင်(မယ်တော်ကြီး)ထံမှ မထေရ်ကြိုက်နှစ်သက်သော အစားအစာမျိုးကို သိအောင်စုံစမ်းပြီး အထူးသဖြင့် ထိုအစားအစာမျိုးကို ပြင်ဆင်ပေးသည်။ မင်းကြီးသည် မထေရ်၏မျက်နှာကို တည့်တည့်ကြည့်နိုင်ခြင်းမရှိဟု ဆိုသည်။ ဤသည်မှာ မထေရ်၏ ရုပ်ရည်သပ္ပါယ်မှုနှင့် မင်းကြီး၏မထေရ်အပေါ် လေးစားမှု အကြောင်းနှစ်မျိုးလုံးကြောင့် ဖြစ်နိုင်သည်။ မင်းကြီး၏ အခြားမထေရ်ဖြစ်သည့် တိပိဋကစူဠနာဂမထေရ်အား ဂေဟသိတပေမဖြင့် ကြည်ညိုစွဲလမ်းမှုမှာ ပိုမို၍ပင် ပြင်းပြလှပေသည်။ တစ်ခါသော် မထေရ်၌ လက်ညှိုးမှာ အနာစိမ်းပေါက်သောအခါ မင်းကြီးကိုယ်တိုင် ပြုစုစောင့်ရှောက်၏။ မင်းကြီးသည် မထေရ်အပေါ်အလွန်ချစ်ခင်ကြည်ညိုသည့် စိတ်ဖြင့် မထေရ်၏လက်ချောင်းလေးကို ပါးစပ်ဖြင့် ငုံထား၏။ ထိုသို့ ငုံထားစဉ် အနာစိမ်းသည် မင်းကြီး၏ ပါးစပ်ထဲ၌ အနာပြည်ပေါက်သွားသည်။ မင်းကြီးသည် ပေါက်ထွက်လာသော အနာပြည်များကို ထွေးထုတ်လိုက်ပါက မထေရ်အား မရိုသေရာကျမည်စိုးသောကြောင့် မျိုချလိုက်သည်အထိ မင်းကြီး၏ ဤမထေရ်အပေါ် ဂေဟသိတပေမဖြင့် ချစ်ခင်မှုမှာ blind faith မျက်ကန်ဆန်ကြည်ညိုမှုတောင် ဆိုနိုင်ပေ၏။ နောင်အခါတွင် မထေရ်မြတ် သေလုနီးပါး နာမကျန်းဖြစ်သဖြင့် မင်းကြီးသည် ရှိုက်ကြီးတငင် ငိုကြွေးကာ မထေရ်အား ကိုယ်တိုင် ပြုစုစောင့်ရှောက်ခဲ့၏။

မ-ဌ၊၂၊ ၂၉၅၊ အံဌ၊၃၊ ၉၂ တွင်လည်း မဟာခီရါမ(နို့ထွက်ပစ္စည်းများစွာထွက်သည့်ရွာ)မှ အညတရ ဥပါသိကာမတစ်ယောက်သည်လည်း လေဏဂိရိ(တောင်ခေါင်းလိုဏ်ဂူ)အရပ်မှာ သီတင်းသုံးတော်မူသည့် မထေရ်တစ်ပါးအား အလွန်ခင်မင်လှသည်။ ထိုဥပါသကာမသည် ထိုမထေရ်အတွက် နို့ထမင်းကို ပြင်ထားစဉ် အခြားရဟန်းတော်များစွာတို့ အိမ်သို့ ဆွမ်းခံကြွလာကြသော်လည်း ထိုရဟန်းတော်များအား နို့ထမင်းကို မလောင်းလှူဘဲ နေလေသည်။ နောက်ဆုံး မိမိမထေရ်မြတ် အိမ်သို့ ကြွရောက်တော်မူလာမှသာလျှင် ယင်းတိဿမထေရ်မြတ်အားသာလျှင် လောင်းလှူပေသည်။ ထို့ပြင် သီဟိုဠ်ကျမ်းစာဖြစ်သည့် ရသဝါဟိနီကျမ်းမှာလည်း ဗြဟ္မဏတိဿသူပုန်ဘေးကြီးဖြစ်သောအခါ သံဃဒတ္တာနှင့် မောင်နှမတစ်စုသည် စစ်ဘေးကင်းရာသို့ တိမ်းရှောင်သွားကြစဉ် သူတို့မိသားစု၏ မိတ်ဆွေ ကြည်ညိုလေးစားကြသည့် စူဠနာဂမထေရ်အား မိမိတို့မိသားစုတို့နှင့်အတူ တပါတည်းပင့်သွားပြီး ထိုမထေရ်အား ပြုစုစောင့်ရှောက်ထားခဲ့ကြ၏ ဟုဆိုသတတ်။

ဗုဒ္ဓဘာသာတရားသည် နောင်ဘဝအတွက်သာမက ယခုဘဝအတွက်ပါ ကိုးကွယ်အားထားရာနှင့် အကာအကွယ်တရားပင် ဖြစ်သည်။ ဥပမာ နိုင်ငံရေးအရ အန္တရာယ်ရှိသော ကာလများတွင် မင်းညီမင်းသားများသည် မိမိတို့၏ အသက်ချမ်းသာရေးအတွက် ဗုဒ္ဓဘာသာသွန်သင်ရာ သာသနဘောင်သို့ပင် ဝင်ရောက်ခဲ့ကြပေသည်။ သာမန်လူဝတ်ကြောင်တစ်ယောက်အဖို့ ဘုန်းတော်ကြီးကျောင်းများသည် ဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းထားသည့်နေရာဖြစ်ပြီး ရဟန်းတော်များမရှိပါကလည်း ဘုန်းတော်ကြီးကျောင်းများ မတည်ရှိနိုင်ပေ။ သို့အတွက်ကြောင့် နောက်ဆုံးတွင် ရဟန်းတော်များသည် လူဝတ်ကြောင်များ၏ ဘာသာတရားခံယူချက်များနှင့် ကြည်ညိုမှုအားလုံးကို ဖော်ထုတ်ပေးနိုင်သည့် အရာဖြစ်လာပေတော့သည်။ အလွန်အံ့သြဖွယ်ကောင်းလှသည့် လူဝတ်ကြောင်များ၏ သံဃာတော်များအပေါ် ကြည်ညိုနှစ်သက်မှုကို ဖော်ပြမှုတစ်ရပ်ကို တွေ့ရသည်။ ခရစ်မပေါ်မီ ဘီစီ (၂) ရာစုလောက်တွင် သီဟိုဟ်(သီရိလင်္ကာနိုင်ငံ) တွင် မဟာလေ့ ဝိဒုရိန်ဒုနာဝို (Mahale Vidurindunavo) အမည်ရှိ နိုင်ငံ့အတွင်းဝန်ချုပ်သည် အနုရာဓပူရမြို့ရှိ ပန်းခြံတစ်ခုတွင် သင်္ကန်းဝတ်ထားသည် အမျိုးသားနှင့် အမျိုးသမီးတစ်ယောက်ကို အမှတ်မထင် တွေ့မြင်မိလိုက်သည်။ ထိုအတွင်းဝန်သည် မိမိမျက်လုံးများကိုသာ အပြစ်တင်လျှက် သံဃာ၏အမှားကို နောက်တစ်ကြိမ် လုံးဝမမြင်နိုင်စေရန် မိမိမျက်လုံးထဲကို သဲများထည့်သွင်းလျှက် မျက်လုံးကို စုံလုံးကန်းအောင် လုပ်ခဲ့သည်ကို စိတ်မကောင်းစွာ လေ့လာရပေသည်။

အထက်ပါကိစ္စကို အတွင်းဝန်သည် မည်သူတစ်ဦးတစ်ယောက်မျှ မသိနိုင်အောင် အထူးဂရုစိုက်ခဲ့သည်။ သို့သော်လည်း သူ၏စိတ်ဝင်စားမှုကို စောင့်ကြည့်ခဲ့သည့် ရက္ခသ(ဘီလူး) တစ်ကောင်က ထိုရှောင်တခင်ဖြစ်ရပ်ကြောင်းကို (မိမိမြင်ခဲ့ပုံကို လူသူအများမသိစေချင်သော) အတွင်းဝန်အား ပြောပြခဲ့သဖြင့် အတွင်းဝန်သည် အလွန်အမင်း ဒေါသထွက်ပြီး ရက္ခသ အား ပြစ်တင်ဝေဖန်သေးသည်။ နောက်ဆုံးတွင် အတွင်းဝန်၏ မျက်စိနှစ်စုံသည် အဲ့သြဖွယ် နဂိုမူလအတိုင်း ဖြစ်သွားကြောင်းကို (သီဟိုဠ် ဓမ္မပြဒီပိကာ ၃၂၂ လာ) ဝတ္ထုဇာတ်ကြောင်းက ဆက်လက်ဆိုပြထားသည်။ ယင်းဝတ္ထုကြောင်းရာ တစ်ခုလုံး အမှန်ဟု မယူဆနိုင်သော်လည်း ယင်းဖြစ်ရပ်တစ်ခု လုံးဝမဖြစ်နိုင်ဟုတော့ မဆိုသာပေ။ ယင်းဖော်ပြချက်က လူဝတ်ကြောင်အချို့သည် သံဃာအပေါ် မည်မျှကြီးမားစွာ ကြည်ညိုကြောင်း၊ ရဟန်းသံဃာ၏ မစင်ကြယ်မှုကို အထူးစိုးရိမ်ကြောင်းနှင့် သံဃာ၏အမှားကို ပြည်သူ့ရှေ့မှောက်၌ ဖွင့်ဟ(ဖွင့်ချ)ခွင့်မပြုရန် မည်မျှ ဂရုစိုက်ကြောင်းကို သံသယကင်းဖွယ် ဖော်ပြနေပေသည်။

(မှတ်ချက်။ စကားချပ်။ ယနေ့ အနည်းငယ်လွတ်လပ်လာသောမီဒီယာခေတ်၌ ထိုအချက်ကို အလေးထားသင့်ပေသည်။ စာရေးဆရာကြီး မဟာဆွေ (စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး၏ဖခင်ကြီး) က ယခင်လွတ်လပ်သောမီဒီယာခေတ်၌ သာသနာသန့်ရှင်းရေးအကြောင်းကို "ဈေးချိုသူ" ဝတ္ထုမှာ ရေးခဲ့သောကြောင့် ဘုန်းကြီးလောက တော်တော်လေးပွက်လောရိုက်လို့ တော်တော်လေးကို ဝန်ချကန်တော့တောင်းပန်ခဲ့သည်ဟူ၏ ။ သာသနာနှင့်မသင့်လျှောင်သည့် ဝေါဟာရများလည်း သုံးနှုန်းထားသည်တဲ့။ ဥပမာ " ဟဲ လို …မစ္စတာ ကောသလ္လ… How do you do? စသည်တို့ဖြစ်၏။ ယင်းလွတ်လပ်သည့် မီဒီယာခေတ်၌ သံဃာတော်တွေမကောင်းကြောင်း ရေးသားသည့် စာရေးဆရာနောက်တစ်ယောက်ကတော့ စာရေးဆရာသိန်းဖေမြင့်။ သူက " တက်ဘုန်းကြီး" ဟူသည့် ဝတ္ထုကို ရေး၏။ ထိုအချိန်တုန်းက ခေတ်ကို "တက်ခေတ်" ဟု ခေါ်ကြသည်ဟူ၏။ လူငယ်တွေကိုလည်း "တက်လူ" ဟုခေါ်၏။ ယင်းခေတ်မှာပေါ်ပေါက်သည့် ဘုန်းကြီးလေးတွေကို "တက်ဘုန်းကြီး" ဟု နာမည်ပေးကာ တက်ဘုန်းကြီးဝတ္ထုဟု ရေးဖြစ်သွား၏။ ယင်းဝတ္ထုကြောင့် တက်ဘုန်းကြီး သိန်းဖေ ဟု နာမည်ကြီးသွား၏။ စာရေးဆရာ သိန်းဖေကလည်း တကသတည်းက ရဲဘော်ရဲဘက်ကြီးဖြစ်သည့် ဝန်ကြီးချုပ် ဦးနုကို သွားပြ၏။ ဘာသာရေးသမားတဖြစ်လည်း ဦးနုက သာသနာပြုပြင်ရေး ဝတ္ထု ဟုယူဆကာ "..အေး ကောင်းတယ်ကွ၊ ဒီလိုမဟုတ်မဟပ်လုပ်နေတဲ့ ကိစ္စတွေ၊ မသန့်ရှင်းတဲ့ ကိစ္စတွေ ရေးရမှာပဲကွ" ဟု ဆိုပြီး မြှောက်ပင့်ကာ ဦးသိန်းဖေ ရေးတာကို ဦးနုက နိဒါန်းရေးပြီးတော့ ချီးမြှင့်ခဲ့သည် ဟူ၏။ စာအုပ် မဖြစ် ဖြစ်အောင် ထုတ်လိုက်တော့ တနိုင်ငံလုံး ပွက်လောရိုက်သွားလေ၏။ သံဃာတော်များက" မောင်နုနှင့် သိန်းဖေ "သေဒဏ်" ဆိုတာမျိုးဖြစ်ပြီး နောက်တော့ သံဃာတော်တွေကို ဝန်ချတောင်းပန် ကန်တော့လိုက်ရသည်ဟူ၏။ ဘုန်းကြီးတွေဘက်ကလည်း ရွှေမြိုင် ပဏ္ဍိတ ကဲ့သို့သော ဓမ္မကထိကတွေကလည်း ဤကဲ့သို့ ဘုန်းကြီးတွေ မကာင်းကြောင်းရေးတာ မကျေနပ်သဖြင့် ကလောင်ဖြင့် ပြန်တုန့်ပြန်သည်ဟု ကြားဖူး၏။ ဥပမာ မင်းတို့လည်း ဘုန်းကြီးအကြောင်း မကောင်းရေးရင် တစ်နေ့ ဘုန်းကြီး ယောက်ဖ ဖြစ်ရမည်ဆိုသည့် "ဘုန်းကြီး ယောက်ဖ"။ သိန်းဖေကို စိမ်းဖေ၊ မောင်နုကို မောင်စု စသည်ဖြင့် သူတို့နှမတွေ ဘုန်းကြီးနှင့် ညားကြသည့် ဇာတ်လမ်းတွေကို ရေးကြကြောင်းကို ဆရာကြီး တင်မိုး၏ စာပေဟောပြောပွဲ မှတ်တမ်းများအရ သိရ၏။ တက်ဘုန်းကြီး ဝတ္ထုကို မိတ္တူစာအုပ်မှတဆင့် စာရေးသူ ဖတ်ဖူးပါ၏။ မည်သို့ပင်ဆိုစေ ဘာသာရေးနှင့် စပ်သည့် ရေးသားချက်များကို လွတ်လပ်သော မီဒီယာခေတ်ဖြစ်စေကာမူ အထူးသတိထား ရေးသင့်ကြောင်းကို အထက်ပါ သာဓကများက သက်သေပြနေ၏)။ ။

ဆက်လက်ဖော်ပြရန် …..

မေတ္တာဖြင့်

အရှင်သုတာစာရာလင်္ကာရ

မေ့သားလှ(ဇလဂ္ဂ)

၉-၄-၂၀၁၂

Sunday, April 1, 2012

သမိုင်းကျောက်စာက ပြောသော ဘုရင်အသောက၏ပုံရိပ် တစ်စိပ်တစ်ဒေသ(အပိုင်း၂)


ဗုဒ္ဓစာပေ၌ ဘာသာတရားနှင့် ပတ်သက်သည့် သည်းခံစိတ်ဓာတ်ကို ဗုဒ္ဓကိုယ်တော်တိုင် တည့်သာဝကများအား ဟောကြားတော်မူခဲ့ပြီးဖြစ်သည်။ မဇ္ဈိမနိကယ် ဥပါလိသုတ်တွင် နာလန္ဒာမြို့သား အထင်ကရ သူဌေးကြီး ဥပါလိသည် နိဂဏ္ဍနာဋပုတ္တခေါ် (မဟာဝီရ) အခြားဂိုဏ်းဆရာကြီး၏ တပည့်တစ်ဦးဖြစ်သည်။ မဟာဝီရ၏ တပည့်ဖြစ်သူ သူဌေးကြီး ဥပါလိသည် မြတ်ဗုဒ္ဓ၏ တပည့်သာဝကတစ်ဦး ပြောင်းလဲဖြစ်လိုကြောင်း မြတ်ဗုဒ္ဓအား လျှောက်ထားလာသည်ကို ပါဠိတော်၌ ဤကဲ့သို့မှတ်တမ်းတင်ထားသည်။ ရှင်တော်ဗုဒ္ဓက ဥပါလိသူကြွယ်အား မြတ်ဗုဒ္ဓ၏ တပည့်တစ်ဦး(ဗုဒ္ဓဝါဒီ) ဖြစ်လာပြီးနောက်ပိုင်းမှာပင် ယခင်ဆရာဟောင်း နိဂဏ္ဍတို့အား လိုအပ်သည့် ပစ္စည်းများဖြင့် ဆက်လက်ထောက်ပံ့မှုများကို ဆက်လက်ပြုလုပ်ရန် တိုက်တွန်းတော်မူခဲ့သည်။ ဘုရင်အသောကသည် ဘာသာရေးနှင့်ပတ်သက်သည့် အလားတူ သည်းခံနားလည်မှုကို နက်ရှိုင်းစွာ ခံယူထားသည်မှာ သူ၏ ကျောက်စာမှတ်တမ်းများက သက်သေပြနေကြာင်း သေချာပေသည်။

ဘုရင်အသောကသည် မိမိတိုင်းသားပြည်သူများ ကိုယ်ကျင့်တရားကောင်းမွန် တိုးတက်ရေးအတွက် နည်းမျိုးစုံ အသုံးပြုခဲ့သည်။ ကျောက်စာအမှတ် (၇) အရ ဘာသာတရားအဆုံးအမများကို သင်ကြားပြီး လက်တွေ့အသုံးချမှုများကို ပြုလုပ်ခဲ့သည်။ မင်းကြီးသည် ဗုဒ္ဓဝါဒီ၊ဂျိန်းဝါဒီ၊ အာဇီဝကနှင့် အခြားဘာသာဝါဒီများ ဖြစ်ကြသည့် ရဟန်းရှင်လူ ပြည်သူများအကြား မိမိ၏မေတ္တာရှေ့သွားပြုသည့် သင်ကြားချက်များကို ပြန့်ပွားစေရန် ဓမ္မမဟာမတ္တ(တရားရေးရာဝန်ကြီး)များနှင့် ရာထူးအဆင့်အမျိုးမျိုးရှိသည့် အရာရှိများကို ခန့်ထားသည်။ ပြည်သူများ၏ ကိုယ်ကျင့်တရား စာရိတ္တရေးရာ ကောင်းမွန်မှုအတွက် ရည်ရွယ်သည့် ယင်းဓမ္မမဟာမတ္တဌာန(တရားရေးရာဝန်ကြီးဌာန)သည် အသောကမင်းကြီး၏ ကိုယ်ပိုင်ဆန်သည့် ဆန်းသစ်တီထွင်မှုလုံးဝ ဖြစ်ပေသည်။

အသောကမင်းကြီးသည် ရှေးခေတ်ဘုရင်များ လုပ်လေ့လုပ်ထရှိခဲ့သည့် တောကစားထွက်ခြင်းနှင့် အပန်းဖြေခရီး ထွက်ခြင်းတို့အစား တိုင်းသားပြည်သူများအား အကြံဥာဏ်ပေးရန်နှင့် ဗုဒ္ဓဝင်နေရာများကို ဖူးမျှော်ရန် ဘုရားဖူးခရီးထွက်ခြင်း များပြုလုပ်ခဲ့ပုံများကို ကျောက်စာအမှတ်(၈) အရ သိရသည်။ ကျောက်စာအမှတ် (၃)တွင် မင်းကြီးသည် သူကိုယ်တိုင် ဘုရားဖူးခရီးထွက်သည်သာမက အဆင့်မြင့်အရာရှိများအားလည်း တာဝန်တစ်ရပ်အနေနဲ့ မိမိ၏စံနမူနာကို ယူကြရန် (ဘုရားဖူးခရီးထွက်ရန်) လမ်းညွှန်ခဲ့သည်။ တိုင်းသူပြည်သားများ ဘာသာတရား အသိစိတ်ဓာတ်များ ပြည့်ဝလာစေရန် ကိုယ်ကျင့်ကောင်းမွန်သည့်ဘဝသို့ နိုးကြားလာစေရန် ဘုရင်အသောကသည် (ဗုဒ္ဓဝါဒီဖြစ်လာပြီးနောက်) ဘိုးဘေးစဉ်ဆက်များကကဲ့သို့ စစ်မက်ရေးရာအင်အားဖြင့် ဆောင်ရွက်ခြင်းအစား ဆင်ပြောင်ကသည့် နတ်ရထားများ၌ နတ်သား နတ်သမီးရုပ်ပုံ ခင်းကျင်းပြသမှုများ၊ (ဗုဒ္ဓဝင်) သရုပ်ဖော်မှုများပါဝင်သည့် နှစ်သက်ဖွယ် နတ်လောကအသွင်အပြင်များဖြင့် ပြည်သူအပေါင်းအား ဆွဲဆောင်စည်းရုံးလုပ်ဆောင်ခဲ့ပုံများကို ကျောက်စာအမှတ် (၃)တွင် ဖော်ပြထားသည်။ Bhabru Edict (ဘာဗြု) ကျောက်စာအမှတ်(၄) ၌ ဖော်ပြချက်အရ ဗုဒ္ဓကျမ်းစာများကို ဟောကြားခြင်းကိုပင် ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များဖြင့် ဆောက်ရွက်ခဲ့ပုံရသည်။

Bhabru Edict (ဘာဗြု) ကျောက်စာနှင့် မိဂဒါဝုန်၊ ကောသမ္ဗီ၊ ဆန်ချီစေတီ ရှိရာအရပ်တို့၌ တွေ့ရသည့် ကျောက်စာတိုင်တို့၌ ဖော်ပြချက်အရ ယခုအချိန်တွင် ဗုဒ္ဓဝါဒသည် ဘုရင်အသောက၏ အဓိကကိစ္စဖြစ်လာသည်။ အသောကသည် ဗုဒ္ဓဝါဒကို အိန္ဒိယ၏ နိုင်ငံတော်ဘာသာ ဖြစ်စေခဲ့သည် ပထမဆုံးသော ဘုရင်ဖြစ်ပေသည်။ မိဂဒါဝုန်၊ ကောသမ္ဗီ၊ ဆန်ချီစေတီ ရှိရာအရပ်တို့၌ တွေ့ရသည့် ကျောက်စာတိုင်တို့၌ ဖော်ပြချက်အရ သံဃာအသင်းကွဲမှုကို ဖြစ်ပေါ်စေသည့် ဘိက္ခု ဘိက္ခုနီမများကို လူဝတ်လဲရမည်ဖြစ်ပြီး ဘုန်းကြီးကျောင်းများ၌ ဆက်လက်နေထိုင်ခွင့်မပြုရန် အမိန့်ထုတ်ပြန်ထားသည်။ ဤသို့ဖြင့် အသောကမင်းကြီးသည် ဗုဒ္ဓဝါဒ၏ လောကီရေး ဆောင်ရွက်မှုကို လက်ခံလျှက် ဗုဒ္ဓဝါဒ ဗုဒ္ဓဘာသာ ကောင်းကျိုးအတွက် သက်ဝင်လှုပ်ရှားသည့် စိတ်ဝင်စားမှုကို ရယူခဲ့သည်။

သက်ရှိလူနှင့် တိရစ္ဆန်များအတွက် လိုအပ်သည့် ဆေးခန်းများတည်ထောင်ခြင်း၊ လမ်းဘေးများ၌ ရေတွင်းရေကန်များတူဖော်စေခြင်း၊ သစ်ပင်စိုက်ပျိုးစေခြင်း စသည့် ကြီးမားကျယ်ပြန့်သည့် လူမှုရေး ကောင်းကျိုးဆောင်ရွက်မှုများသည် ဘာသာတရားလေးစားပြီး စာရိတ္တ နက်ရှိုင်းသူ ဘုရင်အသောက၏ စိတ်ကို အားရကျေနပ်မှု မဖြစ်စေနိုင်သေးပေ။ ပြုပြီးသမျှ လူမှုရေးကောင်းကျိုးဆောင်ရွက်မှုများသည် မတည်မြဲဘဲ ရုပ်ပိုင်းဆိုင်ရာ အကူညီထောက်ပံသာဖြစ်ပြီး ယင်းလှူဒါန်းထောက်ပံမှုများ (ရေတွင်းပေါင်း ရှစ်သောင်းလေးထောင် ရေကန်ပေါင်း ရှစ်သောင်းလေးထောင် စေတီပေါင်း ရှစ်သောင်းလေးထောင်) စသည်များမှာ လောကုတ္တရာဓမ္မရေးရာနှင့် နှိုင်းယှဉ်ပါက မဆိုစလောက်သာ ဖြစ်သည်။ မင်းကြီးအနေဖြင့် ဓမ္မဒါနနှင့်တူသော ဒါနမရှိဟု ပြင်းပြစွာခံစားနားလည်ထားသည်။ (ကျောက်စာအမှတ် (၁၁) နာ သတိ ဧတာရိသံ ဒါနံ၊ ယာရိသံ ဓမ္မဒါနံ) နှင့် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ- ဓမ္မပဒ ဂါထာ ၂၁)။ ။ ထို့ပြင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမဟာထေရ်မြတ်၏ သွန်သင်ချက်များကြောင့် ဘုရင်မင်းကြီးသည် စစ်မှန်သည့် သာသနဒါယာဒ (သာသနမွေခံ) ဖြစ်စေရန် မိမိ၏ ရင်နှစ်သည်းချာ သားတော် မဟိန္ဒမင်းသားနှင့် သမီးတော် သင်္ဃမိတ္တာ မင်းသမီးကိုတို့ သာသနဘောင်သွတ်သွင်းခဲ့လေသည်။ ။ အသောက မင်းကြီးသည် မြတ်ဗုဒ္ဓဓမ္မပြန့်ပွားရေး ရည်ရွယ်ချက်ဖြင့် ယခင်က မကြားဖူး မရှိခဲ့ဖူးသေးသည့် (န ဘူတပြုဗ္ဗ) (ပါဠိ-န ဘူတ ပုဗ္ဗံ) ဓမ္မမဟာမတြ ခေါ်သည့် သာသနာပြုဌာနသစ်တစ်ခု ဖွင့်လှစ်ခဲ့သည်ကို ကျောက်စာအမှတ် (၅) တွင် အတိအလင်း ဖော်ပြထားသည်။ ယင်းကျောက်စာအမှတ် (၅) ၌ ဓမ္မမဟာမတြများကို ဓမ္မတည်တံ့ ပြန့်ပွားရေးနှင့် ဘာသာတရားကို ချစ်မြတ်နိုးသူများ၏ ကောင်းကျိုးချမ်းသာရေးအတွက် ဘာသာရေးဂိုဏ်းဂဏအသီးသီး၌ ခန့်ထားကြောင်းပြဆိုထားသည်။

အဆိုပါ ဓမ္မမဟာမတြ(တရားရေးရာအမတ်ကြီး) များကို ယောနက၊ ကမ္ဗောဇ၊ ဂန္ဓာရနှင့် မင်းကြီး၏ အနောက်ဖက်နယ်ခြားဒေသရှိ အခြားလူမျိုးများအကြား ခန့်အပ်ထားသည်။ ဓမ္မကို လိုက်နာကျင့်သုံးသူများ၏ ကောင်းကျိုးချမ်းသာနှင့် ဆင်းရဲမွဲတေခြင်းများမှ လွတ်မြောက်ခြင်းတို့အတွက် ယင်းအမတ်များကို စစ်သားများ၊ စစ်ဗိုလ်ချုပ်များ၊ ဗြဟ္မဏဘာသာ ဂိုဏ်းကွဲများ၊ ဂဟပတိများ၊ ခိုကိုးရာမဲ့သူများ၊ အိုမင်းမစွမ်းသူများ သက်ကြီးရွယ်အိုများအကြား၌ ခန့်အပ်ထားလေသည်။ ထိုအမတ်များသည် အကျဉ်းသား ဖြစ်မှုဆန့်ကျင်ရေး ဆောင်ရွက်ရန်၊ မွေးကင်းစကလေး များစွာရှိသူများ သို့မဟုတ် အသက်အရွယ်ကြောင့် ကံမကောင်း အကြောင်းမလှဘဲ ဆင်းရဲဒုက္ခရောက်နေသူများအား လွတ်လပ်ခွင့် (လွတ်ငြိမ်းချမ်းသာခွင့်) ပေးခြင်းတို့အတွက်လည်း လုပ်ပိုင်ခွင့်အာဏာအပြည့်အဝ ရှိသည်။

ကျောက်စာအမှတ် (၁၃) တွင် "အဓိက အောင်မြင်မှုဟု မင်းတရားကြီးက ယူဆပြီး သူ၏အင်ပါယာ အတွင်းအပြင်ရှိ လူအပေါင်းတို့အား ကြိမ်ဖန်များစွာ အောင်မြင်ပြီးဖြစ်သည့် ဓမ္မဝိဇယခေါ် တရားဖြင့် အောင်မြင်မှုကြီးအကြောင်းကို ဖော်ပြထားသည်။ အသောကမင်းကြီး၏ ဓမ္မဝိဇယသည် ဆီးရီးယားဘုရင် အန္တီယိုချပ်စ်(Antiochus)၊ အီဂျစ်ဘုရင် ပတိုလေမီ(Ptolemy)၊ မက်ဆီဒန် ဘုရင် အန္တီဂိုနပ်စ်(Antigonus of Macedon)၊ အိုင်ရီနီ ဘုရင် မဂါ့စ် (Magas of Eyrene)၊ အီပီရပ်စ် ဘုရင် အလက်ဇန္ဒား (Alexander of Epirus) ဘုရင်များနှင့် စောဠ၊ ပန်ဒျာ(ပန်ဂျပ်) (Pandyas) မှသည် တမ္ဗပဏ္ဏိခေါ် သီဟိုဠ်(သီရိလကာင်္ာ)နိုင်ငံများအထိပင် ကျယ်ပြန့်ခဲ့သည်။ မင်းကြီးက ဆက်လက်ဖော်ပြသည်မှာ " နေရာတိုင်း၌ လူအများသည် မင်းတရားကြီး၏ ဘာသာတရား သွန်သင်ဆုံးမမှုကို လိုက်နာကျင့်သုံးလျက်ရှိ၏။

အသောကမင်းကြီးလက်ထက်တွင် သံဃာတော်များအတွင်း မလိုလားအပ်သည့် အကျင့်ပျက်မှုများဖြစ်ပေါ်လာမှုကြောင့် သံဃာတ်ေများ ညီညွတ်မှုနှင့် ငြိမ်းချမ်းရေးကို အနှောက်ယှက်များဖြစ်စေသည်။ ထေရဝါဒက လက်ခံထားသည့် ယူဆချက်များ ကျင့်စဉ်များနှင့် ဆန့်ကျင်သည့် ဂိုဏ်းအမျိုးမျိုးပေါ်ပေါက်ခဲ့သည်။ ယင်းအခြေအနေသည် အသောကဘုရင်အား ပါဋလိပုတ်မြို့တော်၌ တတိယသင်္ဂါယနာတင်ရန် တွန်းအားပေးခဲ့သည်။ (ဝိဌ၁၊ ၄၅၊ မဟာဝံသ ၅၊ ၂၂၈ ဂါထာ)။ ရည်ရွယ်ချက်မှာ ပိဋကတ်သုံးပုံကို စင်ကြယ်စေရန်နှင့် အဓမ္မဝါဒီများကို သုတ်သင်ရန်ရန်ဖြစ်ပြီး အသောက၏ အဓိကစိုးရိမ်မှုမှာ မည်သည့် တွေးခေါ်မြော်မြင်မှု သို့မဟုတ် ဘာသာဝါဒရေးရာ တရားဓမ္မထက်မဆို နိုင်ငံတော်က တည်ဆောက်ထားသည့် ဘာသာရေး အဆောက်အအုံက ပိုပြီးအဓိက ဖြစ်သည် (Sir John Marahall: The Monument of Sanchi, P -22)။ ။ ထေရဝါဒ အသိုက်အမြုံကို ငြင်းဆိုသူများသည် ရာဇဂြိုဟ်မြို့အနီး နာလန္ဒာမြို့၌ စင်ပြိုင် သီးခြားသင်္ဂါယနာတစ်ခု တင်ကြလေသည်။ ဤသည်မှာ မဟာယာနအုပ်စုအသစ်စတင်ဖြစ်ပေါ်လာခြင်းဖြစ်ပေတော့သည်။ ယင်းအုပ်စုအသစ်မှ ယင်းတို့၏ ကိုယ်ပိုင်ကျမ်းဂန်များကို ရေးသားလျှက် ဂိုဏ်းကိုးဂိုဏ်း စတင်ဖြစ်ပေါ်ခဲ့လေသည်။ (နိကာယသင်္ဂဟ၊ စာ ၇-၈)။ ။

မိဂဒါဝုန်၊ ကောသမ္ဗီနှင့် ဆန်ချီ ကျောက်စာများတွင် အသောကမင်းကြီးသည် သံဃာစည်းလုံးညီညွတ်မှုနှင့် ပတ်သက်၍ ကျောက်စာတိုင်တို့ဖြင့် တိကျသည့် အမိန့်အာဏာများ၊ သံဃာသင်းကွဲမှုကို ဖြစ်ပေါ်စေသူ ရဟန်းမည်သူမဆို လူထွက်ရမည်ဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းမှ ထွက်ခွာသွားရမည်ဟု ထုတ်ပြန်ထားသည်အထိ အလွန်စိုးရိမ်သည်။ ယေဘုယျယူဆချက်အရ အသောကမင်းကြီး၏ အထောက်အပံ့ဖြင့် ဖြစ်ပေါ်လာသည့် ပိဋကတ်တော် တတိယပါဋလိပုတ္တ သင်္ဂါယနာကို ဖြစ်ပေါ်စေသည့် ပါဠိအစဉ်လာ၏ စစ်မှန်မှုကို အတည်ပြုသည်။ (Barua: Inscriptions of Asoka, II, p. 379) ။ ။

တတိယသင်္ဂါယနာတင်ပြီး ယင်းသင်္ဂါယနာ၏ သံဃာ့ဥသျှောင် အမြှော်အမြင်ကြီးမားတော်မူသည့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမဟာထေရ်၏ လမ်းညွှန်မှုဖြင့် မြတ်ဗုဒ္ဓသာသနာ အရှည်ခံ့တည်တံ့ ပြန့်ပွားရေးအတွက် ကိုးတိုင်း ကိုးနိုင်ငံတို့သို့ သာသနာပြုအာဇာနည်အရှင်မြတ်များကို စေလွှတ်တော်မူခဲ့သည်။(ဝိ-ဌ ၁၊ ၄၇၊ မဟာဝံသ ၇၊ ၁ ဂါထာ)။ ။ အသောကမင်းကြီး၏ သားတော် အရှင်မဟာမဟိန္ဒမထေရ်မြတ်သည် (သီရိလင်္ကာ) သီဟိုဟ်ကျွန်း၌ ဗုဒ္ဓသာသနာတည်တံ့ရေးအတွက် တာဝန်ပေးခြင်းခံရသည်။ အိန္ဒိယမှ မင်းကြီးသာသနာပြုစေလွှတ်မူခဲ့သော ဗုဒ္ဓသာသနာပြု ကိုးဖွဲ့လုံး သွားလေရာရာ နိုင်ငံ ဒေသတိုင်း၌ အောင်မြင်ခဲ့သည်။ ယောနကဓမ္မရက္ခိတ မထေရ်ကဲ့သို့သော ဂရိလူမျိုးများပင် ဗုဒ္ဓဝါဒီရဟန်းတော်များ ဖြစ်သွားကြသည်။ ဤသို့အားဖြင့် အသာကမင်းကြီးသည် သူ၏ ဓမ္မဝိဇယနိုင်ငံတော် အတွက် လောကီလောကုတ္တရာ နှစ်ဖြာသော တိုးတက်သောစီမံကိန်းများဖြင့် ပီပြင်စွာ အကောင်ထည်ဖော်နိုင်ခဲ့သောကြောင့် နှောင်းလူတို့အတွက် အလွန်ပင် စံနမူနာ အတုယူလေးစားထိုက်ပါကြောင်း တင်ပြအပ်ပါသည်။

မှတ်ချက်။ ။ သီရိလင်္ကာဆရာတော် ပညာရှင်ကြီး ဝါလ်ပိုလာ ရာဟုလာ၏ ပါရဂူဒေါက်တာဘွဲ့အတွက် တင်သွင်းခဲ့သည့် History of Buddhism in Cylon written by Wapola Rahula (သီရိလင်္ကာ ဗုဒ္ဓဘာသာသမိုင်း စာအုပ်မှ ကောက်နှတ်ဖော်ပြအပ်ပါသည်။ ။

မေတ္တာဖြင့်

မေ့သားလှ(ဇလဂ္ဂ)

၎-၁-၂၀၁၂