" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Tuesday, August 27, 2013

မိစ္ဆာဝါဒ တည်ထောင်သူများ နှင့် သူတို့၏ ဝါဒ အနှစ်ချုပ် ၅



၆။ သဉ္စယဗေလဋ္ဌပုတ္တ

အမည်ရင်းမှာ သဉ္စယ ဖြစ်သည်။ စုဝေးရာဟု အဓိပ္ပါယ်ရသဖြင့် အတတ်ပညာပေါင်းစုံ စုဝေးရာ, အတတ်ပညာများ ပြည့်စုံသော ဆရာကြီးဟု ဆိုလိုသည်။ ဖခင်မှာ ဗေလဋ္ဌဖြစ်၍ သူ့အား ဗေလဋ္ဌပုတ္တ-ဟု ခေါ်ဝေါ်ကြ၏၊ သဉ္စယ အမည်ရင်းနှင့် ပေါင်းကာ သဉ္စယဗေလဋ္ဌပုတ္တ-ဟု အမည်တွင် သူဖြစ်ပေသည်၊ သဉ္စယမှ သိဉ္စည်းအမည်နှင့် ထင်ရှားသူလည်းဖြစ်ပေသည်၊
သူသည် ပရိဗိုဇ်ပင် ဖြစ်သည်။ ပရိ သမန္တတော ဝဇတီတိ ပရိဗ္ဗာဇကော ဟူသည်နှင့်အနှင့် ပရိဗ္ဗာဇက(ပရိဗိုဇ်)တို့မည်သည် တစ်နေရာတည်း အတည်တကျ မနေဘဲ နေရာအနှံ့ လှည့်လည် သွား နေကြပြီး အယူဝါဒရေးရာများကို ငြင်းခုံဟောပြောနေသူများ ဖြစ်ကြသည်။

လှည့်လည် ဝါဒငြင်းခုံမှုနှင့် ပတ်သက်ပြီး ရှေးတုန်းက မြန်မာပြည်မှာတောင် ရက်ကွက်ထဲ မဏ္ဍာပ်ထဲမှာ အဘိဓမ္မာစကား ငြင်းခုံမှုနှင့်စပ်၍ ရယ်စရာဟာသ သဖွယ်ပင် ပြောစမှတ်ကျန်ရစ်သည်။ ဝိပဿနာသမားရော အဘိဓမ္မာသမားပါ အလှူမဏ္ဍာပ်တကာ လိုက်ပြီး အဘိဓမ္မာစကားများ ငြင်းကြ၊ ခုံကြ၊ တရားစကား ဆွေးနွေးကြ၏။ ထို့ကြောင့် "သောမနဿဂုတ်၊ လဖက်သုပ်၊ ကြက်သွန်လည်း သုပ်၊ အကုန်တုတ်" ဟု ပြောစမှတ်ပင် ပြုထားကြ၏။ တရားစကား ဆွေးနွေးရင်း လက်ဖက်ရည်ဝိုင်းကြီးမှာ ပြောကြ၊ ဆိုကြ၊ ငြင်းကြ၊ ခုံကြနဲ့၊ နောက်ပိုင်း တစ်ယောက်သော သူက ငြင်းခုံရင်း ဒေါသဖြစ်လာသောအခါ လက်ဖက်ရည်အိုးနှင့် ထပေါက်သတဲ့၊ တချို့ကလည်း လက်သီးနှင့် ထထိုးသတတ်၊ သူက…ဟေ့…"ဒါ ဝိပဿနာ လက်သီးကွ" တဲ့၊ လက်သီးနှင့် ထိုးတော့ နာသလားဆိုတော့ မနားဘူး၊ အေး မင်း မနာဘူးဆိုရင် မင်း "အနာဂါမ်" ဖြစ်ပြီကွတဲ့။

အစဦးပိုင်းတွင် အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန် အပါအ၀င် တပည့်ငါးရာတို့၏ ဆရာကြီး လည်း ဖြစ်သည်။ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန်တို့သည် မြတ်ဗုဒ္ဓသာသနာနှင့် မတွေ့ခင်က သိဉ္စည်း၏ အယူဝါဒကို နှစ်ခြိုက်ခဲ့ကြဖူးသည်။ အဂ္ဂသာဝကကြီး နှစ်ပါးတို့သည် လူဝတ် ကြောင်ဘဝ တုန်းက ပွဲကြည့်ရင်း စဉ်းစားမိကြလေသည်။ လက်ခုပ်တီးလိုက်၊ ဆုချလိုက်၊ ရီလိုက် မောလိုက် ဖြင့် အချိန်ကုန်နေလို့ အကျိုးမရှိပြီ၊ ဤပွဲကြည့်သူတွေအားလုံး နောင် အနှစ်တစ်ရာ အတွင်း အကုန်သေ ကြပေလိမ့်မည်၊ တို့တတွေလည်း သေကြပေလိမ့်မည် ဟု အတွေးလေးဝင်ပြီး ငါတို့ ဒီလိုနေလို့တော့ မဖြစ်တော့ဘူးဟု ဆုံးဖြတ်ကာ မသေရာ အမတ အမြိုက်တရားရှာပေအဲ့ဟု စဉ်းစားပြီးနောက် လူ့ဘောင်ကို စွန့်ခွာ၍ ထွက်လာခဲ့ရာ ယင်း သဉ္စယဗေလဋ္ဌပုတ္တ ဆရာကြီးနှင့် ရှေးဦးစွာ တွေ့ဆုံခဲ့ လေသည်။ သူ့တပည့်ခံယူကာ ဆရာ့အယူဝါဒများကို သင်ယူပြီး နောက်ပိုင်း အရှင် အဿဇိမထေရ်နှင့် တွေ့စဉ် ယေ ဓမ္မာ ဟေတုပ္ပဘာဝါ စသော လေးပါဒရှိ ဂါထာတစ်ပုဒ် သစ္စာလေးပါးတရား အကျဉ်းချုပ် နာကြားခွင့်ရပြီး နှစ်သက်သဘောကျကာ ပရိဗိုဇ်ဘာသာ၊ ပရိဗိုဇ်သာသနာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာခဲ့ကြပေသည်။
အမရာဝိက္ခေပ၀ါဒ
သဉ္စယဗေလဋ္ဌပုတ္တ အယူဝါဒမှာ အမရာဝိက္ခေပ၀ါဒ-ငါးရှဉ့်ကဲ့သို့ အဖမ်းရခက်သော (၀ါ) မည်သည့်အယူဟု ဖော်ပြရန် ခက်ခဲသောအယူပင် ဖြစ်ပေသည်။ အမရာမည်သော ငါးတစ်မျိုးသည်လည်း အလွန်ချောထွက်နေသဖြင့် အလွန်အဖမ်းရခဲ့၏။ သူ၏ အယူဝဒါသည်လည်း တောင်မရောက် မြောက်မရောက်ဝါဒ ပင်ဖြစ်သည်။ သူသည် ဘဝ၊ လောက၊ မောက္ခနှင့် ပတ်သက်၍ အယူဝါဒတစ်ခုကို တိတိကျကျ မပြောရဲ၊ အကြောင်းမှာ (၁) မုသားကြောက်၍ စကားကို ရှောင်လွှဲပြောဆိုခြင်း၊ (၂) စွဲလမ်းမှု ဥပါဒါန်ကြောက်၍ လွှဲပြောခြင်း၊ (၃) ပညာရှိများ စစ်မေးမည်ကို ကြောက်၍လွှဲပြောခြင်း၊ (၄) ညံ့ဖျင်းထုံအခြင်း အကြောင်းကြောင့် စကားကို ရှောင်လွှဲ တိမ်းရှောင် ခြင်း တို့ဖြစ်သည်။ ခြံစည်းရိုး ခွထိုင်သည့် သူဟုလည်းကောင်း၊ သံသယဝါဒီဟု လည်းကောင်း၊ ခေါ်ဆိုနိုင်သည်။(Speculative Thinker or the founder of doctrine of doubt).
အဇာတသတ်မင်းကြီးကတော့ တိတ္ထိဆရာကြီး ခြောက်ယောက်ထဲမှာ သဉ္စယဗေလဋ္ဌပုတ္တ၏ အယူဝါဒဟာ မရောရာဆုံး ဝါဒ၊ အမိုက်မဲဆုံး ဝါဒဟု မှတ်ချက်ပြုထားသည်ကို တွေ့ရ၏။ မြတ်စွာ ဘုရား မပွင့်ခင်ကတည်းက အထက်ဆိုခဲ့ပြီး ဂိုဏ်းဆရာကြီးတို့၏ ဘာသာဝါဒများ မဂဓတိုင်း၌ ခေတ်စားနေခဲ့ပုံကို သဟမ္ပတိ ဗြဟ္မာကြီး တရားတောင်းခဲ့စဉ်က မြတ်ဗုဒ္ဓအား ထည့်လျှောက်ထားခဲ့ပေသည်။
ပါတုရဟောသိ မဂဓေသု ပုဗ္ဗေ၊
ဓမ္မော အသုဒ္ဓေါ သမလေဟိ စိန္တိတော။
အပါပုရေတံ အမတဿ ဒွါရံ၊
သုဏန္တု ဓမ္မံ ဝိမလေနာနုဗုဒ္ဓံ။
(အရိယပရိယေသနသုတ်(မူလပဏ္ဏာသပါဠိ)၊  ဗြဟ္မယာစနကထာ(ဝိနည်းမဟာဝါ ပါဠိ)။

ဘန္တေ- အို မြတ်စွာဘုရား၊ ပုဗ္ဗေ- ရှင်တော်ဘုရား ထင်ရှားပွင့်ပေါ်တော်မူရာ ကာလမှ ရှေး၌၊ မဂဓေသု- မဂဓတိုင်း၌၊ သမလေဟိ- ရာဂအစရှိသော ကိလေသာ အညစ်နှင့်တကွဖြစ်သော ပုရာဏကဿပ အစရှိသော ဂိုဏ်းဆရာကြီးတို့သည်၊ စိန္တိတော- ဖောက်ဖောက်ပြန်ပြန် တွေးကြံ သတ်မှတ် ပညတ်အပ်ကုန်သော။ အသုဒ္ဓေါ- မစင်မကြယ် စက်ဆုပ်ဖွယ်ဖြစ်သည့် မိစ္ဆာအယူဝါဒသည် (ဝါ) စင်ကြယ်မှုကို မပေးစွမ်းနိုင်သော မိစ္ဆာအယူဝါဒသည်၊ ပါတုရဟောသိ- ဇမ္ဗူဒိပ်၌ အဆိပ်ရေဖြန်းသကဲ့သို့ ထင်ရှားစွာ ပေါ်ပေါက်နေပါပြီ။ (တွံ- ရှင်တော်ဘုရားသည်)၊ အမတဿ- သေခြင်းကင်းရာ အမြိုက်နိဗ္ဗာန်၏၊ ဧတံ ဒွါရံ- ကဿပဘုရား သာသနာကွယ်သည်မှ စ၍ ပိတ်နေလျက်ရှိသော ထိုအရိယာမဂ်တံခါးကို၊ အပါပုရ(ဝိဝရ)- ဒေသနာတော်ဥာဏ်တည်းဟူသော လက်တော်ဖြင့် ဖွင့်လှစ်တော်မူပါလော့၊ ဝိမလေန- ရာဂအစရှိသော ကိလေသာ မြူအညစ်အကြေး ကင်းဝေးတော်မူသော ရှင်တော်ဘုရားသည်၊ အနုဗုဒ္ဓံ- လျော်စွာ သိတော်မူအပ်သည့် သစ္စာလေးပါး အမှန်တရားကို၊ (ဣမေ သတ္တာ- ဤသတ္တဝါတို့သည်)၊ သုဏန္တု- နာကြားပါစေကုန် ဘုရား။

အသိ အလိမ္မာ၊ ဉာဏ်ပညာတို့၊ လွန်စွာခေါင်းပါး၊ သူတို့အားလျှင်၊ ရှည်လျားဒုက္ခ၊ ရောက်သမျှပင်၊ ပညာ့တံခွန်၊ ဉာဏ်ရည်ချွန်သည့်၊ သူမွန်မြတ်ဖျား၊ ရှင်တို့အားမူ၊ တရားလက်ကိုင်၊ ကျေးဇူးလှိုင်၍၊ ဖြိုင်ဖြိုင်သုခ၊ ကောင်းကျိုးရသည်၊ လောကဓမ္မတာပါတကား”



ဆင်ခြင်စဉ်းစား အသိပွားနိုင်ကြပါစေ။
မေတ္တဖြင့်
ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)
August 21- 2013 Wed.
(၁၃၇၅ခု ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ရေးပြီး)။

မိစ္ဆာဝါဒ တည်ထောင်သူများ နှင့် သူတို့၏ ဝါဒ အနှစ်ချုပ် ၎



၅။ နိဂဏ္ဌနာဋပုတ္တ
ဂိုဏ်ဆရာကြီး ခြောက်ဦးထဲက မင်းရော ပြည်သူပါ အလေးစားဆုံးခံရသည့် “မဟာဝီရ” ခေါ် “ဂျိန(ဇိန)=ဂျိန်း” ဘာသာရေးခေါင်းဆောင်ကြီး “နိကဏ္ဌ”ပင် ဖြစ်ပါသည်။ သူတို့၏ ဘာသာရေး ကျမ်းစာများအလိုအရ နိဂဏ္ဌသည်လည်း သိဒ္ဓတ္ထ မင်းသားလို ရှင်ဘုရင်၏ သားတစ်ဦပင် ဖြစ်သည်ဟု ဆိုပါသည်။ သူနှင့် သူ၏ဂိုဏ်းသားတို့သည် အထူးသဖြင့် ကမ္မဝါဒကို ပြင်းပြင်းထန်ထန် လက်ခံကျင့်သုံးနေကြသော သူများဖြစ်ကြသည်။။ နိကဏ္ဌ၏ ပြင်းပြင်းထန်ထန် ခန္ဓာကိုယ်ကို ညှင်းပန်းနှိပ်စက်သည့် အတ္တကိလမထာနုယောဂ အကျင့်ကို သဘောကျသူ အများအပြားပင် ရှိ၏။

နိဂဏ္ဌ= နိ- မရှိ၊ ဂဏ-္ဌအနှောင်အဖွဲ့၊ အထုံးအဖွဲ့၊ နိဂဏ္ဌ= ဟူသည်မှာ မည်သည့် နှောင်ကြိုးမှ မရှိ၊
 "နှောင်ကြိုးမဲ့သူ" ဟု သူ့ကိုယ်သူ ကြေညာထားသူ ဖြစ်၏။ ယုတ်စွဆုံး မိမိဝတ်ထားသည့် အဝတ်အစားပေါ်မှာ တပ်မက်မှု အနှောင်အဖွဲ့မျိုး မရှိတော့ဘူးဟု ယူဆလျှက် လောဘကို ချိုးနှိမ်သည့်အနေဖြင့် သူပိုင်တာဆိုလို့ ဘာပစ္စည်းမျှ မရှိဟုဆိုပြီး ဝတ်လစ်စလစ်နေလေတော့၏။ ဘုရားရှင်လက်ထက်နှင့် ပရိနိဗ္ဗာန်စံပြီး ယနေ့ခေတ်အထိပင် သူ၏ ဝါဒများ ပေါ်ပျူလာဖြစ်သေး၏။ သူသည် နိဂဏ္ဌဂိုဏ်းကြီးကို တည်ထောင်ထားသူလည်းဖြစ်၏။ ယနေ့ခေတ် သူတို့ကို "ဂျိန်း" ဟုလည်း ခေါ်ကြသေး၏။ "ဂျိန်း"  ဆိုသည်မှာ "ဂျိန-Jina" (ဇိန) ဟူသော ပါဠိမှ ဆင်းသက်လာသည့် အောင်မြင်သူ သို့မဟုတ် အောင်တော်မူဘုရားရှင် ဟုဆိုလို၏။ အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်အတွင်း ရာဇဂြိုဟ် နာလန္ဒာနေရာတစ်ဝိုက် ဂျိန်းကျောင်းများ အများကြီးရှိပါသေးသည်။ အိန္ဒိယနိုင်ငံ၌ သူ၏အယူဝါဒ ဘာသာတရားကို လိုက်နာသူအများအပြား ရှိသေး၏။

နိဂဏ္ဌနာဋပုတ္တ၏ အယူဝါဒ
 နိဂဏ္ဌသည် လေးမျိုးသော စောင့်စည်းခြင်းဖြင့် စောင့်စည်း၏၊ စတုယာမ သံဝရ သံဝုတ(လေးဘက်လေးတန်မှ အကုသိုလ်တိုက်ဖျက် ဟန့်တားရေးဟူသော ဝါဒ) ကို ကျင့်သုံးပါသည်။ ဤလောက၌နိဂဏ္ဌသည် (၁) အလုံးစုံသော ရေအေးကို တားမြစ်၏၊ (သဗ္ဗဝါရိ ဝါရိတော)။
(၂) (မကောင်းမှုကို) အလုံးစုံ တားမြစ်၏၊ (သဗ္ဗဝါရိ ယုတ္တော)။
(၃) (မကောင်းမှုကို) အလုံးစုံ တားမြစ်ခြင်းဖြင့် ပယ်ခွါပြီး ဖြစ်၏၊ (သဗ္ဗဝါရိ ဓုတော)။
(မကောင်းမှု ကို) အလုံးစုံတားမြစ်ခြင်းဖြင့် (လွတ်မြောက်ရာကို) တွေ့ပြီးဖြစ်၏၊ (သဗ္ဗဝါရိ ဖုဋော)။ ဤလေးမျိုးသော စောင့်စည်းခြင်းဖြင့်စောင့်စည်းပြီးသော ဤနိဂဏ္ဌနာဋပုတ္တကို အထွတ်အထိပ်သို့ ရောက်သော စိတ်ရှိသူ စောင့်စည်းသော စိတ်ရှိသူ တည်ကြည်သော စိတ်ရှိသူဟု ဆိုအပ်၏''ဟု ပြောဆို ပါသည်။

သူသည် အဟိံသ ဝါဒကိုလည်း(သတ္တဝါတို့ကို မညှင်းပန်း မနှိပ်စက်ခြင်း Non-Violence to others) ကို လက်ခံယုံကြည်ထား၏။ အဟိံသဝါဒနှင့် ကမ္မဝါဒကို လက်ခံကျင့်သုံးရာ၌ နိဂဏ္ဌ၏အကျင့်က အတော့်ကို ကြံပေါက်ကြံစည် ကတ်သီးကတ်သပ် လည်းနိုင်၊  ပြင်းလည်းပြင်းထန်၊ တဖက်စွန်းလည်း ရောက်လွန်းလှ၏။ ဥပမာ ဆိုပါစို့၊ ပါဏာတိပါကံ တစ်ခုရှောင်ဖို့လေးမှာတောင် ရေစိမ်းမှာ ပိုးမွှားပါလို့  ဒီအတိုင်းသောက်ရင် အပြစ်ရှိတယ်ဟု ယူဆသောကြောင့် ရေစိမ်းသောက်ခြင်းကို လုံးဝရှောင်သည်။ သွားတဲ့ ခြေလှမ်း အောက်မှာ ပိုးမွှားတွေ  ကင်းအောင် ခြေလှမ်းတိုင်းမှာ တံမြက်စည်းလှဲပြီးမှ လှမ်းရမည်ဟု ဆို၏။ ဂျိန်းဘုန်းကြီးတို့သည် မြူမှုန်ကလေးများ၌လည်း အသက်ဇီဝ ရှိသည်ဟု ယူဆကြ၏။ မိမိက အသက်ရှုလိုက်လျှင် ထိုမြူမှုန်လေးများ နှာခေါင်းမှဝင်လာပြီး လူ၏ကိုယ်ငွေ့ဖြင့် အသက်ဇီဝ ပျက်စီးလျှင် ပါဏာတိကံထိုက်ကာ သီလကျိုးပေါက်လေတော့၏။ ထို့ကြောင့် ဂျိန်းဘုန်းကြီးတို့သည် ကျန်းမာရေးလိုက်စားလိုခြင်းကြောင့် မဟုတ်ဘဲ မြူမှုန်၌ရှိသော မမြင်နိုင်သည့် ပိုးကောင်လေးများ သေမည်စိုးသောကြောင့် သူတို့၏ နှာခေါင်း၌ အဝတ်စီးထားတတ်ကြ၏။

အထူးသဖြင့် အိန္ဒိယ၌ ဂျိန်းဝါဒကို ကုန်သည် ပွဲစား၊ သူဌေးများသာ ကိုးကွယ်နိုင်ကြပေမည်။ တောင်သူလယ်သမားတို့သည် ထွန်ယက်စိုက်ပျိုးရာဝယ် မြေကို ပေါက်တူးဖြင့် ပေါက်ခြင်းကြောင့် ပိုးမွှားကလေးများ သေကျေသဖြင့် ပါဏာတိပါတ ကံထိုက်လေ၏။ ထို့ကြောင့် တောင်သူ လယ်သမားတို့ ကိုးကွယ်ဖို့ ခက်ခဲလှပေ၏။  နိဂဏ္ဌအလို ပါဏာတိပါတ ကံမှ လွတ်ဖို့ အလွန်ပင် ခက်ခဲလှပေ၏။ မကောင်းမှုကို တားမြစ်ခြင်းဆိုသည့်  ဓမ္မဖြင့်သာ အမြဲထိတွေ့နေစေဖို့အတွက် အဝတ်အရုံ အထိအတွေ့ကိုပါ ရှောင်ကြဉ်၏။ တချို့သော ကျင့်စဉ်၌ သာယာမှု အထိ အတွေ့မဖြစ် အောင်  ဆူးပေါ်မှာသာ ထိုင်ခြင်း၊ အိပ်ခြင်းတို့ကို ကျင့်သုံး၏။ ရသာရုံခံစားမှု ကင်းအောင် အစား တစ်လုတ် ရေတစ်မှုတ်သာ သုံးဆောင်သည်အထိ မသေရုံ တမယ် စားသောက်၏။  ထို့ကြောင့် သူ၏ ဝါဒသည်လည်း အစွန်းရောက်ဝါဒ ဟုဆိုနိုင်၏။

မိစ္ဆာဝါဒ တည်ထောင်သူ ဂိုဏ်းဆရာကြီး ခြောက်ယောက်တို့တွင် နိဂဏ္ဌနာဋပုတ္တ၏ အယူဝါဒကတော့ အကောင်းဆုံးဝါဒ ဟုဆိုရမည် ဖြစ်၏။ အရှင်မဟာဗုဒ္ဓဃောသ ဆရာကြီးက "ဧတဿ ဝါဒေ ကိဉ္စိ သာသနာနုလောမမ္ပိ အတ္ထိ၊ အသုဒ္ဓလဒ္ဓိတာယ ပန မိစ္ဆာဒိဌိယေဝ ဇာတာ- (သူ၏ အဆုံးအမတွေထဲမှာ မြတ်ဗုဒ္ဓအဆုံးအမများနှင့် ကိုက်ညီတာတွေ ပါသော်လည်း ထာဝရမြဲတဲ့ ဇီဝ ရှိတယ် အတ္တရှိတယ် ဆိုတာကို အခြေခံပြီး ဟောထားလို့ မိစ္ဆာဝါဒ ပါဘဲ) ဟု မှတ်ချက်ပြုတော်မူခဲ့၏။ (နတ်သုဒ္ဓါတမျှ မည်မျှပင် စားသောက်ဖွယ်ရာတွေ ကောင်းကောင်း၊ ယင်းစားဖွယ် သောက်ဖွယ်ကောင်းထဲ၌ မစင်အညစ်အကြေး တစ်စက်ကျသွားလျှင်ပင် မစင်မကြယ် ရွံစဖွယ်ဖြစ်သွားသကဲ့သို့ သူ၏ အယူဝါဒ မည်မျှပင် ကောင်းကောင်း၊ ဗုဒ္ဓဝါဒနှင့် မည်မျှပင် ကိုက်ညီပါစေ၊ မြတ်ဗုဒ္ဓဝါဒကား အနတ္တဝါဒ သူ၏ ဝါဒက အတ္တဝါဒ ဖြစ်သွားသောကြောင့် သူ၏အယူဝါဒ အားလုံး မိစ္ဆာဒိဌိဝါဒ ဖြစ်သွားရပေတော့၏)။

နိဂဏ္ဌနာဋပုတ္တသည်လည်း ဗုဒ္ဓဘာသာ ငါးပါးသီလကဲ့သို့ သူ့တပည့်တို့အား ငါးပါးသော သီလကို ပညတ်ခဲ့ကြောင်း အချို့သော ဂျိန်းစာပေတို့၌ ဖော်ပြထား၏။ ယင်းငါးပါဟူသော်ကား (၁) အဟိံသ=သူတပါးကို မညှင်းဆဲခြင်း (Non-Violence to others)၊ (၂) သစ္စဘာသန= အမှန်တရားကို ပြောဆိုခြင်း (Telling only what is true)၊ (၃) အထေယျ= မခိုးမဝှက်ခြင်း (Not stealling)၊ (၄) ဗြဟ္မစရိယ= မေထုန်ရှောင်ကြဉ်လျှက်  မြတ်သောအကျင့်ကို ကျင့်ခြင်း (Noble practice refraing from sexual intercourse)၊ (၅) အပရိဂ္ဂဟ= ပစ္စည်းပစ္စယ မိမိကိုယ်ပိုင်အတွက် မသိမ်းပိုက် မယူခြင်း (Not taking possession for oneself) တို့ ဖြစ်သည်။
မဇ္ဈိမနိကာယ် စူဠဒုက္ခခန္ဓသုတ်၌ မဟာနာမ်မင်းကြီးလျှောက်ထားမှုနှင့်စပ်၍ နိဂဏ္ဍတို့  ကျင့်စဉ်အကြောင်း သိနိုင်သေး၏။ နိဂဏ္ဌနာဋပုတ္တသည် တပည့်တို့အား 'အိုနိဂဏ္ဌတို့ ရှေး၌ပြုထားသော မကောင်းမှုကံသည် ရှိသည်သာတည်း၊ ထိုမကောင်းမှုကံကို ဤစပ်ရှားလှသည့် ပြုနိုင်ခဲသော အကျင့်ကို ကျင့်ခြင်းဖြင့် ချေဖျက်ကြကုန်လော့၊ ယခုဘဝ၌ ကိုယ်ဖြင့်စောင့်စည်းခြင်း နှုတ်ဖြင့်စောင့်စည်းခြင်း စိတ်ဖြင့်စောင့်စည်းခြင်းသည်ပင် နောင်ဘဝ၌ မကောင်းမှုကံကို မပြုခြင်းဖြစ်၏၊ ဤသို့လျှင် ကံဟောင်းတို့ကို အကျင့်ဖြင့် ဖျက်ဆီးခြင်း, ကံသစ်တို့ကို မပြုခြင်းကြောင့် နောင်ဘဝ၌ မတိုးပွားခြင်းဖြစ်၏၊ နောင်ဘဝ၌ မတိုးပွားခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခကုန်၏၊ ဆင်းရဲဒုက္ခကုန်ခြင်းကြောင့် ခံစားခြင်းဝေဒနာကုန်၏၊ ဝေဒနာကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခအားလုံးသည် ပျက်ပြုန်းလတ္တံ့'ဟု ဆို၏။
ဆိုလိုသည်မှာ လူသားတို့မှာ ကံဟောင်းများ ရှိကြ၏။ ထိုအတိတ်ဘဝက ပါလာသည့် ကံဟောင်းများ ကုန်ခန်းအောင် တပအကျင့်၊ အတ္တကိလမထ နုယောဂအကျင့်ကို အပင်ပန်းခံကျင့်ပြီး ကျင့်ရမည်။ ပစ္စုပ္ပန် ကံသစ်များကိုလည်း သံဝရ စောင့်စည်းခြင်းဖြင့် ရှောင်ရမည်။ ခံစားမှု ကုန်အောင်၊ ကံသစ် ကံဟောင်းများ ကုန်အောင်ကျင့်ပြီး နောက်ဆုံး၌ လုံးဝဖြူစင်လှသည့် အတ္တကလေးသာ ကျန်ရှိပြီး Mokkha(Liberation) ဟုခေါ်သည့် လွတ်မြောက်မှု ရှိကြသည် ဟူ၏။

နိဂဏ္ဍတို့  ကျင့်စဉ်များကို မြတ်ဗုဒ္ဓက စူဠဒုက္ခခန္ဓသုတ်၌ အောက်ပါအတိုင်း မှတ်ချက်ပြုတော်မူ။
မဟာနာမ၊် ဤသို့ပြောဆိုသော် ငါဘုရားသည် ထိုနိဂဏ္ဌတို့အား- ''ငါ့သျှင် နိဂဏ္ဌတို့ 'ငါတို့သည် ရှေးက ဖြစ်ဖူးကြကုန်သည်သာ၊ မဖြစ်ဖူးကြကုန်သည် မဟုတ်'ဟု သင်တို့ သိကြကုန်သလော'' ဟုမေးမြန်းခဲ့၏၊ ငါ့သျှင်(ဂေါတမ) မသိကြပါဟု (ပြန်လည် ဖြေဆိုကြကုန်၏)။
 ''ငါ့သျှင် နိဂဏ္ဌတို့ 'ငါတို့သည် ရှေးက မကောင်းမှုကံ့ကို ပြုခဲ့ဖူးသည်သာ၊ မပြုခဲ့ကြဖူးသည် မဟုတ်'ဟု သင်တို့ သိကြကုန်သလော'' ဟု (မေးမြန်းခဲ့၏) ငါ့သျှင် မသိကြပါဟု (ဆိုကြကုန်၏)။
''ငါ့သျှင် နိဂဏ္ဌတို့ 'ဤသို့ ဤသို့သော မကောင်းမှုကံကိုပြုခဲ့ကြဖူးကုန်ပြီ'ဟု သင်တို့ သိကြကုန်သလော'' ဟု (မေးမြန်းခဲ့၏)။ ငါ့သျှင် မသိကြပါဟု (ဆိုကြကုန်၏)။ ''ငါ့သျှင် နိဂဏ္ဌတို့ 'ဤမျှသော ဆင်းရဲဒုက္ခကား ကျေပျက်ပြီးပြီ၊ ဤမျှသောဆင်းရဲဒုက္ခကို ချေဖျက်ရ ဦးမည်၊ ဤမျှသော ဆင်းရဲဒုက္ခ ကျေပျက်သော် ဆင်းရဲဒုက္ခ အလုံးစုံသည်ကျေပျက်လတ္တံ့'ဟု သင်တို့ သိကြကုန်သလော'' ဟု (မေးမြန်းခဲ့၏)။ ငါ့သျှင် မသိကြပါဟု (ဆိုကြကုန်၏)။
''ငါ့သျှင်နိဂဏ္ဌတို့ မျက် မှောက်ဘဝ၌ပင် အကုသိုလ်တရားတို့၏ ပျောက်ကင်းခြင်းကို ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို သင်တို့ သိကြကုန်သလော'' ဟု (မေးမြန်းခဲ့၏)။ ငါ့သျှင် မသိကြပါဟု (ဆိုကြကုန်၏)။
''ငါ့သျှင် နိဂဏ္ဌတို့ 'ဤသို့လျှင် ငါတို့သည် ရှေးက ဖြစ်ခဲ့ကြဖူးသည်သာ၊ မဖြစ်ခဲ့ကြဖူးသည်မဟုတ်'ဟု သင်တို့ မသိကြကုန်။ ငါတို့သည် 'ရှေးက မကောင်းမှုကံကို ပြုခဲ့ကြဖူးသည်သာ၊ မပြုခဲ့ကြဖူးသည် မဟုတ်ကုန်'ဟု မသိကြကုန်။ 'ဤသို့ ဤသို့သော မကောင်းမှုကံကို ပြုခဲ့ကြဖူးကုန်ပြီ'ဟု မသိကြကုန်။ 'ဤမျှသော ဆင်းရဲဒုက္ခကား ကျေပျက်ပြီးပြီ၊ ဤမျှသောဆင်းရဲဒုက္ခကို ချေဖျက်ရဦးမည်၊ ဤမျှသော ဆင်းရဲဒုက္ခ ကျေပျက်သော် ဆင်းရဲဒုက္ခ အလုံးစုံသည် ကျေပျက်လတ္တံ့'ဟု မသိကြကုန်။ မျက်မှောက်ဘဝ၌ပင် အကုသိုလ်တရားတို့၏ ပျောက်ကင်းခြင်း ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို မသိကြကုန်။ ငါ့သျှင် နိဂဏ္ဌတို့ ဤသို့ဖြစ်သော် လောက၌ကြမ်းတမ်းသူ သွေးစွန်းသောလက်ရှိသူ ကြမ်းကြုတ်သော အမှုရှိသူတို့သည် လူဖြစ်လာကုန်လျက် နိဂဏ္ဌတို့၌ ရှင်ရဟန်းပြုကြလေ ကုန်ယောင် တကား'' ဟု (ပြောခံရပေလိမ့်မည် ဟု) မှတ်ချက်ပြုတော်မူ၏ ။

နိဂဏ္ဌ၏ အဆုံးအမသည် အသိဉာဏ်သဘောတရားရယ်လို့ မပါဘဲ ခန္ဓာကိုယ်ကို ညှင်းပန်းသည့် အကျင့်မျိုးစုံကိုသာ ဟောညွှန်ထားတာဖြစ်သောကြောင့် သူ့ဝါဒကို ယုံကြည်သူအများစုသည်လည်း ဆင်ခြင်တုံတရားနည်းပါးကြသဖြင့် အသိနည်းသလောက် အစွဲနာ အခွါခက်တွေဖြစ်ကြကာ ယခုအထိလည်း မျိုးဆက်တော့ဖြင့် မဆိတ်သုဉ်းသေးပေ။     မြတ်ဗုဒ္ဓပွင့်ပေါ်သည့်အခါ နိဂဏ္ဌတို့ဂိုဏ်းသည် တဖြည်းဖြည်း အင်အားလျော့ပါးလာတာကတော့ အတော်လေး သိသာပါ၏။ တချို့ ဆင်ခြင်တုံရှိကြသည့်ဲ့ သီဟစစ်သူကြီးတို့၊ ဥပါလိသူကြွယ်တို့လို ပုဂ္ဂိုလ်တွေက မြတ်ဗုဒ္ဓ၏ တပည့်သားအဖြစ် ခံယူသွားကြသည်ကို မှန်းဆ၍ သိနိုင်ပေသည်။