ဘဝဆိုတာ ဗုဒ္ဓက ဒုက္ခလို့ဟောတော်မူခဲ့တယ်။ ဒုက္ခခေါ်တဲ့ဘဝကိုပဲ စာရေးဆရာ ကဗျာဆရာ အတွေးခေါ်ပညာရှင်တို့က အမျိုးမျိုးဖွဲ့ကြနွဲ့ကြ ရေးသားကြတယ်။ တချို့က ဘဝကို ဗေဒါပင်နှင့် ပမာတင်စားနှိုင်းယှဉ်ကြတယ်။ ဒါဟာလဲ သဘာဝကျပါတယ်။ ဗေဒါပင်ဟာ တစ်ခါတလေမှာ ကမ်းစပ်တွင် မေးတင်နေတတ်တယ်။ တစ်ခါတလေကြတော့လဲ ဒီရေလှိုင်းကြားမှာ မြှပ်ချည်တစ်ခါ ပေါ်ချည်တစ်လှည့်နဲ့ ရေစီးကြောင်းပေါ်မှာ ကမ်းမမြင် လမ်းမမြင်မျောပါနေတယ်လေ။ ဒီလိုပါဘဲ ဘဝဟာလည်း လောကဓံ လေကြမ်း ရေကြမ်း လေနုရေနုတွေ တလှည့်စီ နိမ့်တုံမြင့်တုံ ကကြိုးစုံတဲ့လောကဇာတ်ခုံကြီးထဲမှာ တိုက်ခတ်ခံနေရတာပါဘဲ။ ဘဝဆိုတာတော့ ပန်းခင်းလမ်းပမာ အမြဲတန်းဖြှောင့်ဖြူးသာယာ လိမ့်မယ်လို့တော့ မျှော်လင့်လို့မရပါဘူး။ ဆူခင်းလမ်းကိုလဲ လျှောက်လှမ်းရတတ်ပါလိမ့်မယ်။ သို့သော် ဗေဒါဟာ ဘယ်သောခါမှ ရေအောက်နစ်မြုပ်သွားတယ် ဆိုတာမရှိပါဘူး။ ထိုတူ ကိုယ်လက်ရှိဘဝလေးကိုလဲ ဒီထက်မနိမ့်ကျ မနစ်မြုပ်သွားဖို့တော့ ရှိသမျှဇွဲ အားကုန်နွဲသင့်ပါတယ်။ ဘဝဟာ နာရီလက်တန်လေးလို အဆက်မပြတ် နိမ့်ချည် မြင့်ချည် လောကဓံလှိုင်းရိုက်ပုတ်တိုင်း ခံနေရတာပါ။ ထိုချိန်မှာ ခိုင်မာတဲ့ ဇွဲသတ္တိရှိဖို့တော့ သိပ်အရေးကြီးတာပေါ့။
တချို့ကတော့ ဘဝစာမျက်နှာ ခဲဖျက်ပမာ တင်စားပြောတတ်ကြပါတယ်။ စာသင်ကျောင်းတွေမှာ အများအားဖြင့် အသုံးပြုတဲ့ ခဲဖျက်ကို ဘဝရဲ့ပြယုဂ် အဖြစ်ရှု့မြင်တတ်ကြပါတယ်။ လူဆိုတာ အမှားမကင်းတဲ့ သတ္တဝါ အမှားမကြာခဏ ပြုလုပ်လွယ်တဲ့ သတ္တဝါပါ။ ခဏခဏ ဘဝအမှားများကို ပြန်ဖျက်လိုက် ပြန်ပြင်လိုက် ပြန်ဖျက် ပြန်ရေးလုပ်နေရပါတယ်။ တချို့များဆိုရင် ပြင်လို့မရတဲ့ အမှားတွေ ထပ်ခါတလဲလဲ လုပ်မိလို့ ပြန်ဖျက်ပြန်ရေးရင်းနဲ့ ဘဝစာမျက်နှာများ အဖတ်ဆယ်မရအောင် ရိပြဲပေါက်ထွက်သွားတတ်ကြပါတယ်။ ခဲဖျက်ကုန်သွားလို့ စာမျက်နှာပေါ်မှာ အမှားပေါ်အမှားထပ် နေသလို ဘဝမှာလဲ အမှားပေါ် အမှားထပ်နေတတ်ကြပါတယ်။ ထိုသို့ဖြစ်ရင် ဘဝဟာ အကျနာလွန်းလှပါတယ်။ အသိဥာဏ်ရှိတဲ့ လူဘဝရရှိခိုက်မှာ ပြင်လို့မရနိုင်တဲ့ အမှားမျိုးကို မပြုမိဖို့ကတော့ သိပ်အရေးကြီးပါတယ်။
တချို့ကလဲ လူ့ဘဝလူ့အဖြစ် လူ့အနေထားတို့ကို လောင်ကျွမ်းသွားသော ဖရောင်တိုင်တစ်တိုင်လို လောကမှ ပီပီပြင်ပြင် ပျောက်ကွယ်မသွားဘဲ အမျှင်တန်းများအဖြစ် ကျန်ရစ်ပုံကို ဖရောင်းတိုင်နဲ့နှိုင်းယှဉ်တင်စား တတ်ကြပါတယ်။ ဒါကတော့ လောကကောင်းကြိုး သယ်ပိုးသူတွေ အတွက် နှိုင်းယှဉ်စရာ ဥပမာဆိုပါတော့။ အများသိကြတဲ့ ဗြိတိန်တော်ဝင်မင်းသမီး ဒိုင်ယာနာ ကွယ်လွန်စဉ်က အသုဘ အခန်းနားမှာ သီဆိုတဲ့” လေတိုက်ခတ်ရာမှ ဖရောင်းတိုင်” သီချင်းလေးနဲ့ အမွှမ်းတင်ဂုဏ်ပြု သီဆိုခဲ့ကြတာပါ။ ဟုတ်ပါတယ် လေတိုက်ခတ်တိုင်း ထွန်းညှိထားတဲ့ ဖရောင်းတိုင်ဟာ တဖြေးဖြေးအကုန်မြန်တဲ့ သဘောကို တင်စားညွှန်းဆိုခဲ့တာပါ။ ဒါဟာလဲ ခရစ်ယာန် သမ္မာကျမ်းစာမှာ ဆိုထားတဲ့ “ညှိထွန်းထားတဲ့ ဖရောင်းတိုင်ကဲ့သို့ သူတစ်ပါးကို အလင်းပေးပါ” ဟု သူတစ်ပါးတို့ကို အလင်းရောင် ပေးရင်းဖြင့် ကုန်ခန်းသွားတဲ့ ဖရောင်းတိုင်လေးနှင့် တင်စားကြတာပါ။
မြတ်ဗုဒ္ဓရဲ့ဓမ္မနယ်ပယ်မှာတော့ အမြဲတစေသက်ဝင်နေတဲ့ စကားရပ်လေးတစ်ခုရှိပါတယ်။ “အချိန်မီချုပ် အစုပ်သက်သာ”တဲ့။ ဘဝနဲ့ပတ်သက်လို့ စကားပုံတွေ စကားရပ်တွေ လက်သုံးစကားတွေ တေးသီချင်းတွေ စသည်ဖြင့် လူသုံးများလှတဲ့ ဝေါဟာရနယ်ပယ်ထဲမှာ ဓမ္မသဘောလေးတွေ ကိန်းဝပ်နေတာကို တွေ့နိုင်ပါတယ်။ အထက်ပါ စကားရပ်ဟာ သာမန်လိုတို့ပင် နားလည်လွယ်ပါတယ်။ ပိတ်စ သို့မဟုတ် အဝတ်ထည်ဟာ အကြောင်းအမျိုးမျိုးကြောင့် စုတ်ပြဲသွားခဲ့ရင် နောက်ထပ် အစုတ်အပြဲ ဧရိယာပိုမကျယ်အောင် အပ်ချည်နဲ့ ချုပ်သီဝတ်ဖို့ အသိပေးတဲ့ စကားပါဘဲ။ လူ့ဘဝ ရလာတာလဲ ပိတ်စ အထည်စ သို့မဟုတ် အဝတ်ထည်တစ်ခုခု ရလိုက်ခြင်းနဲ့တူပါတယ်။
ဆိုပါတော့ ပဋိသန္ဓေသားဘဝ မိခင်ရင်ငွေ့လှုံ မေတ္တာငွေ့လှုံ ရင်ခွင်ထွေးပွေ့ကာစ တယုတယ ပိုးမွေးသလိုမွေးရတဲ့ အရွယ်ဟာ ပိတ်သားစ အသစ်စက်စက်လေးနဲ့တူပါတယ်။ တယုတယသိမ်းထားတဲ့ မကိုင်ရက် မထိရက်တဲ့ အဝတ်အထည်လေးဟာ အချိန်တန်တော့ ဟောင်းနွမ်းလာတာပါဘဲ။ သို့မဟုတ် မဝတ်မဖြစ်ဝတ်ရလေတော့ စွန်းထင်ပေကျံလာတာပါပဲ။ အဖန်ဖန်လျှော်ဖွတ်ရပါတော့တယ်။ လျှော်ဖွတ်ဖန်များတော့ ဒီအဝတ် ဘာခံနိုမလဲ။ အဟောင်းစာရင်း တဖြေးဖြေးဝင်လာတော့တာပါဘဲ။ ဆပ်ပြာမှုန့် ဓာတုဗေဒဆေးမျိုးစုံတို့ဒဏ်ကြောင့် အရိအနွမ်းတို့က အလွန်အမင်းနေရာယူလာပါတော့တယ်။ လျှော်ရင်းဖွတ်ရင်း လောကဓံ ဓာတုဆပ်ပြာမှုန့်တို့ မကြာခဏတိုက်စားမှုကြောင့် ဘဝခန္ဓာအဟောင်းထည်ကြီးလဲ ဆွေးမြေ့ပျိုကွဲအရောင်မွဲလာပါတော့တယ်။ ဘဝခန္ဓာကတော့ နိယာမအတိုင်း စုတ်ပြဲ ဟောင်းနွမ်း ဆွေးမြေ့သွားမှာပါဘဲ။ လက်ရှိဘဝခန္ဓာလေးကို တဖြေးဖြေးဟောင်းလာပေမဲ့ အိုမင်းရင့်ရော်လာပေမဲ့ သုံးမရလောက်အောင်ထိ ဘဝစုတ်ပြဲမသွားစေဖို့ အချိန်မှီဥာဏ်နှင့်ချုပ် တရားအားထုတ်ဖို့လိုအပ်ပါတယ်။ လက်ရှိကျန်ရှိနေသေးတဲ့ အချိန်လေးကို စနစ်တကျအသုံးချလို့ ဘဝခန္ဓာနဲ့တူတဲ့ ဒီအဝတ်ထည်ကြီးကို အချိန်မှီချုပ် အစုပ်သက်သာအောင် ဘဝသံသရာမှာလွတ်မြောက်ရာ တရားဘာဝနာကို အမြန်ဆုံးပွားများမှ တော်ပါလိမ့်မည်လို့ ဆုံးဖြတ်ချက်ချနိုင်လိုက်ပါလျှင် သင်ဟာ ဗုဒ္ဓက ဘဝကို ဒုက္ခလို့ ဟောတော်မူခဲ့တာကို ကောင်းကောင်းကြီး သိလာဖို့ ခြေလှမ်းစတွေ လှမ်းမိနေပြီ ဖြစ်ပါကြောင်း…။
အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ။
မေ့သားလှ(ဇလဂ္ဂ)
၃၁-၁-၂၀၁၁
ကျေးဇူးတင်ပါသည်
No comments:
Post a Comment