" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, January 5, 2012

အိုကြွယ်နှင့် အိုပယ်(စိတ်အားဖြည့်)

ယခု ဆိုလျှင် ၂၀၁၁ ခု ကုန်လွန်ခဲ့၍ ၂၀၁၂ ဟူသည့် ခရာဇ်နှစ်သစ် ဆီသို့ ဝင်ရောက်လို့ လာပြန်ပါပြီ။ ခုနှစ် သက္ကရာဇ်အားဖြင့် ကုန်လွန်ခဲ့သည်က နှစ်ဟောင်း၊ ကြုံလာရသည်က နှစ်သစ် ဟုဆိုကြရ၏။ တရားဓမ္မဖြင့် ကြည့်လျှင် အသက်အရွယ်ကျတော့ ကုန်လွန်ခဲ့သည်က နုပျိုခြင်းများ၊ ကြုံလာရသည်က အိုမင်းခြင်း ဟု ဆိုရမည်ဖြစ်၏။ နုပျိုမှုသည် သစ်လွင်လန်းဆန်းသည့် ရုပ်ရည်၏ တစ်စိပ်တစ်ပိုင်း အလှတရား၊ အိုမင်းခြင်းသည် ရင့်ကျက်ခြင်း ထည်ဝါခန့်ငြားခြင်း၏ တစ်စိပ်တစ်ပိုင်း အလှတရားပင် ဖြစ်၏။ အိုခြင်း တရားကို ယိုယွင်းပျက်စီးခြင်းဟု အဓိပ္ပါယ်ဖော်ဆောင်နိုင်သော်လည်း အကောင်းမြင်ဘက်က ကြည့်ပြန်လျှင် နုပျိုရာမှ ရင့်ကျက်ခြင်းဆီသို့၊ ဘဝမှာတည်ငြိမ်လေးနက်သည့် သိက္ခာသမာဓိ ရင့်ကျက်မှုဆီသို့ ဦးတည်ခြင်းဟု ဆိုနိုင်မည်ထင်ပါသည်။

အမှန်စင်စင်တော့ မိဘဘိုးဘွား ဆရာသမား သက်ကြီးရွယ်အိုများသည် အိုကြွယ်များဖြစ်၏ ဟုဆိုနိုင်၏။ ထိုသူတို့သည် မြန်မာ့ယဉ်ကျေးမှု၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအလိုရ ဂုဏ်အားဖြင့်လည်းကောင်း အသက်သိက္ခာအားဖြင့်လည်း လည်းကောင်း ရင့်ကျက် ကြီးမြတ်သောကြောင့် အိုလေ အိုလေ အိုကြွယ်တွေ ဟု ပင် ဆိုရမည်ဖြစ်၏။ သက်ကြီးစကား သက်ငယ်ကြား ဟူသည့် မြန်မာ့ဆိုရိုးစကားသည်ပင် မိဘဘိုးဘွား ဆရာသမား သက်ကြီးရွယ်အိုဖြစ်ကြည့် အိုကြွယ်ရှင်များထံမှ ဆင်းသက်လာသော စကားပင်ဖြစ်ပေ၏။

သက်ကြီးရွယ်အို မိဘဘိုးဘွား ဆရာသမားများသည်လည်း တစ်ချိန်က နုပျိလန်းဆန်း ဘဝ၏ အရုဏ်ဆည်းဆာ အရွယ်များပိုင်ဆိုင်ခဲ့ကြသူများဖြစ်ကြ၏။ အိုလာလို့ အသုံမကျတော့ဘူးဟု သားသမီးများသည် အိုကြွယ်များကို ပစ်မထားသင့်။ ထိုအိုကြွယ်တို့ထံမှ အကြံကောင်း နည်းလမ်းကောင်း ဘဝအတွေ့ကြုံကောင်းတွေကို ရယူနိုင်၏။ အထူးသဖြင့် မိဘများသည် သားသမီးတို့အပေါ် အင်မတန်ကျေးဇူးကြီးမားလှသည်ဆိုတာကိုတော့ အထူးထွေပြောစရာမလိုပါ။ မိဘတိုင်းသည် မိမိရင်သွေးငယ်လေး၏ တစ်ချက်လွှတ် ဗီတိုအာဏာ သြဇာပါဝါ အပြည့်ပါသည့် အူဝဲ ဟူသော အသံတစ်ခု စတင်ပြီး ကြားလိုက်တယ်၊ သောတပန်ဆင်လိုက်ရတယ်ဆိုရင်ဘဲ ဘယ်မိဘတိုင်းကမှ မရှိလို့၊ မပြည့်စုံလို့၊ အလုပ်မအားလပ်သေးလို့ဟု မည်ကဲ့သို့သော ဆင်ခြေဆင်လက်မှ ပေးမနေကြတော့ပေ။

ညဥ့်နက်သန်းခေါင်ယံအချိန်မျိုးမှာ ဖြစ်စေဦးတော့ အအိပ်ပျက်တယ်၊ စိတ်ပျက်တယ်၊ အလုပ်ရှုပ်တယ် စသည်ဖြင့် ဘာတစ်ခုမှ ညည်းညူမနေရှာကြတော့ဘဲ မိမိရင်သွေး ကလေးငယ်လေး၏ အရိပ်အကဲကိုကြည့်ကာ နို့ဆာတယ်ထင်လျှင် နို့ချိုတိုက်၊ ချမ်းပုံပေါ်လျှင် ရင်ဝယ်ထွေးပိုက်၊ ပူအိုက်ပုံပေါ်လျှင် လေခပ်ပေး ယပ်တောင်ခတ်ပေးလိုက်၊ အိပ်ချင်ပုံပေါ်လျှင် သားချော့တေးဖြင့် ပုခက်လွှဲသိပ်လိုက်၊ မှက်၊ခြင်၊ ယင် ကိုက်ပုံပေါ်လျှင် အကာကွယ်ပေးနိုင်သည့် အရာမျိုးဖြင့် ဖုံးကာ ဖိကာ၊ ခြင်ဆေးခွေထွန်းကာ ပျာသလဲလဲ တာဝန်မလပ် မပြတ်လုပ်ဆောင်ကြရရှာ၏။

မိဘတို့သည် သားသမီးတို့၏ ဘဝဆည်းဆာ အရုဏ်ဦးမှာ ရောင်စုံပန်းများ သာယာလှပ ဖူးပွင့်ဝေဆာအောင် ဆေးရောင်စုံခြယ်ပေးနေသူများဖြစ်၏။ သားသမီးတို့၏ ရောင်စုံ ဘဝအလှ ပန်းဥယျာဉ်ကြီးကို လှသထက်လှအောင် မိဘတိုင်းက မိဘများ၏ မေတ္တာစုတ်တံဖြင့် အစွမ်းကုန်ခြယ်မှုန်းပေးကြ၏။ သားသမီးတို့သည် မိဘများ၏ ကျေးဇူးတရားကြောင့် ပညာသင်ရမည့်အချိန် ပညာသင်နိုင်ကြရ၏။ ဘဝတစ်ခုရပ်တည်နိုင်ဖို့အတွက် အသက်မွေးမှု၊ အတတ်ပညာကိုယ့်မှာပါအောင် ဘဝသာယာလှပအောင်၊ လူရာဝင် လူလားမြောက်အောင် ပြုစုစောင့်ရှောက်ခဲ့ကြသည့် မိဘတို့၏ ကျေးဇူးတရားကို မိဘများ အိုမင်းသည့်အခါမှာလည်း သားကောင်းသမီးကောင်းတို့သည် ဘယ်သောအခါမှ မမေ့သင့်။ အရုဏ်ဆည်းဆာ ပိုင်ဆိုင်ကြသည့် သားသမီးတို့သည်လည်း တစ်နေ့ကြလျှင် ငါတို့လည်း ဘဝ၏နေညိုဆည်းဆာကို ဖြတ်သန်းကြရမည်သာဖြစ်၏ဟု အမြဲတမ်းနှလုံးသွင်းဆင်ခြင်သင့်၏။ မိမိတို့ တစ်ချိန်မှာ ရင်ဆိုင်ကြရဦးမည့် နေညိုဆည်းဆာကို လှမြဲလှဖို့ ယခုအချိန်မှာ ဘဝနေညိုဆည်းဆာအချိန်ရောက်နေသည့် ကျေးဇူးရှင် မိဘဘိုးဘွား ဆရာသမား အိုကြွယ်များကို တာဝန်ကျေစွာ ပြုစုစောင့်ရှောက်ဖို့အထူးလိုအပ်၏။

လူ့လောကကြီးမှာ သူ့အလှည့်၊ ကိုယ့်အလှည့်၊ သူ့တာဝန် ကိုယ့်တာဝန်တွေ ကိုယ်စီရှိကြ၏။ တာဝန်သိသည့်အတိုင်း တာဝန်ကျေအောင် ဆောင်ရွက်ဖို့လို၏။ ကတညုတ၊ ကတဝေဒီ- ပြုဖူးသည့် ကျေးဇူးကို သိရှိသည့်အလျှောက် ပြန်လည် ပေးဆပ်ခြင်းကို မင်္ဂလာတစ်ပါးအဖြစ် ဘုရားမြတ်စွာတို့က ချီးကျူးတော်မူကြ၏။ ကျေးဇူးသစ္စာ မင်္ဂလာတရားသည် လောကကြီးမှာ အထူးလိုအပ်ပါ၏။ ကျေးဇူးသစ္စာ အပြန်အလှန် မသိတတ်ကြပါလျှင် ယဉ်ကျေးသည့် ကမ္ဘာကြီးမှာ လူသားတို့သည် လူ့သိက္ခာ၊ လူ့ဂုဏ်ပုဒ်များ အကုန်လုံးပျက်သုဉ်းကာ ကျောက်ဖြစ်ရုပ်ကြွင်းသဖွယ်၊ အသေကောင်များသဖွယ် ဖြစ်သွားနိုင်ပါ၏။ သားသမီး နောင်လာနောက်သား တပည့်သားတို့သည် မိဘဘိုးဘွား ဆရာသမား အိုကြွယ်များ လေ့လာဆည်းပူးခဲ့သည့် ကောင်းမွန်သည့်ပညာအမွေအနှစ်များကို လက်ခံရယူနိုင်ကြသလို ဆက်လက်ပြီးတော့လည်း တီထွင်ကြံဆ ကြိုးစားနေကြရမည်ဖြစ်၏။ တကယ့်အိုကြွယ်အစစ်တွေကို အိုပယ် အဖြစ်ပစ်မထားသင့်ကြပေ။ ဘဝနေညိုဆည်းဆာ လျှောက်လှမ်းရဦးမည့်သူတိုင်း အလေးအနက်ထားကာ အိုကြွယ်များကို တန်ဘိုးထားတတ်ဖို့လိုပါသည်။

ခေါင်းတစ်လုံးနဲ့ စဉ်းစားလို့ မရနိုင်တဲ့ ပြဿနာကို ကြုံလာရင် ခေါင်းသုံးလုံးနဲ့လူကို ရှာပြီးဆည်းကပ် မေးမြန်းပါ ဟူသော နီတိစကားကို အားလုံးကြားဖူးကြမည်ဖြစ်ပါသည်။ ဆိုလိုတာကတော့ ခေါင်းသုံးလုံးနဲ့လူဆိုတာ အဘိုးအဖွားများကို ဆိုလိုပါသည်။ အဘိုးအို အဖွားအိုများ ထိုင်နေသည့်အခါ သူ့တို့၏ခါးက အသက်ရွယ်ကြီးလာတော့ အတော်လေးကို ညွတ်ကိုင်းနေသောကြောင့် ဒူးနှစ်လုံးကြားမှာ ဦးခေါင်းရောက်နေလေတော့ အဝေးက မြင်ရသူအဖို့ ခေါင်းသုံးလုံးနဲ့လူဟု ထင်ရပါသည်။ ထိုကဲ့သို့ ဘဝနေညိုဆည်းဆာ ရောက်နေကြသည့် အဘိုးအဖွားများတည်းဟူသော အိုကြွယ် ခေါင်းသုံးလုံးနဲ့လူများထံ ပြဿနာအခက်အခဲကြုံတွေ့လာပါက ပိုင်နိုင်စွာ ဖြေရှင်းဖို့ အကြံဥာဏ်ကောင်းများ တောင်းရမည်ဟု ဆိုလိုပါသည်။ သူတို့သည် ဘဝဆည်းဆာ နုပျိုသူများထက် ဘဝအတွေ့အကြုံပိုမိုကြွယ်ဝလှပါသည်။ ထိုကြောင့် အိုကြွယ်များကို ဆည်းကပ်သင့်ပါသည်။ အိုကြွယ်များထံမှ နောင်လာနောက်သားတို့ အကောင်းအဆိုးနှင့် စပ်လျဉ်း၍ သင်ယူစရာ လေ့လာစရာ၊ အတုယူစရာ စံနမူနာများ ရှောင်စရာ ဆောင်စရာများ မြောက်များစွာရှိ၏။

အကောင်းအဆိုးနှင့် ပတ်သက်၍ ရှောင်စရာ ဆောင်စရာ သင်ခန်းစာယူစရာကောင်းလှသည့် ကြားလည်းကြားဖူး အကြိမ်ကြိမ်လည်း ဖတ်ဖူးသည့် ဂျပန်ပုံပြင်ကလေးတစ်ပုဒ်ကို တင်ပြချင်သေး၏။ ရှေးခေတ်က ဂျပန်ပြည်မှာ စာဝတ်နေရေး အတွက် လှုပ်ရှားရုန်းကန်ရသည်မှာ အလွန်ခက်ခဲသည်ဟူ၏။ မိသားစုတွေထဲမှာ လူအိုတွေကို ဆင်းရဲမှုဒဏ်ကြောင့် လူပိုတွေအဖြစ်ရှု့မြင်ကြ၏။ မိမိတို့အိမ်မှာ မလုပ်ကိုင်နိုင်သည့် မိအို ဖအိုများရှိလာပြီဆိုလျှင် ထိုမိအိုဖအိုများကို သားသမီးတွေက ပုတ်တောင်ကြီးတွေ ရက်လုပ်ကာ ကျေးဇူးရှင်မိခင်ဖခင်အိုကြီးများကို ယင်းပုတ်တောင်းကြီးတွေထဲမှာ ထည့်ကာ မြစ်ထဲမျှောပစ်လိုက်ကြသည်ဟူ၏။ မြစ်၏ အဆုံးပင်လယ်ဝက ကျွန်းကြီးတစ်ကျွန်းသို့ မျောပါ ရောက်ရှိသွားကြသောအခါ ထိုကျွန်းပေါ်မှာ နေထိုင်သည့် သူများက စားဝတ်နေရေး ပြည့်စုံကြသောကြောင့် ကူညီစောင့်ရှောက်သောအားဖြင့် ထိုရေမျောလာသည့် ပုတ်တောင်ကြီးတွေထဲမှ အဖိုးအို အဖွားအိုများကို ကျွန်းပေါ်မှာ ရှင်ဘုရင်တို့၊ ပစ္စည်းဥစ္စာ ကြွယ်ဝသူတို့က တာဝန်ပေးထားခံရသူတို့က ဆယ်ယူကာ ကျွေးမွေးပြုစုစောင့်ရှောက်ထားသည်ဟူ၏။

တစ်ခါမှာတော့ ရှစ်နှစ်ကိုးနှစ်အရွယ် သားကလေးတစ်ယောက်၏ဖခင် လူငယ်တစ်ယောက် သူ့အဖေအိုကြီးကို ရေမျှောဖို့ ပုတ်တောင်းရက်နေသည်ကို သားလေးက မြင်၏။ အနားလာပြီး သားလေးက သူ့ဖခင်အား အဖေ ဘာလုပ်နေတာလဲ ဟု မေးသတတ်။ ပုတ်တောင်းရက်နေတာလေကွာ ဆိုတော့ ဘာလုပ်ဖို့ ရက်တာလဲဟု ဆက်မေးသတတ်။ မင်းအဘိုးက အိုပြီလေကွာ။ ဒို့အိမ်မှာ သူဘာမှ အလုပ်မလုပ်နိုင်တော့ဘူး။ အဖေလည်း သူအတွက် ရှေ့ဆက်ရှာမကျွေးနိုင်တော့လို့ မင်းအဘိုးကို ဒီတောင်းကြီးထဲမှာ ထည့်ပြီး မြစ်ထဲမျှောလိုက်မလို့။ သားရေ ဟိုပင်လယ်ဝမှာတော့ မပြန်ကျွန်းဆိုတာ ရှိတယ်။ အဲဒီကျွန်းရောက်သွားရင် မင်းအဘိုးကို တတ်နိုင်သူတွေက ဆယ်ယူပြီး ကျွေးကြမှာပေါ့ကွာ ဟု ဆိုလိုက်တော့ အသိဥာဏ်ရှိသည့် သားငယ်က ခဏစဉ်းစားပြီးတော့ အဖေ…ဒီလိုဆိုရင် ပုတ်တောင်းကြီး နှစ်လုံးသာ အဆင်သင့်ရက်ထားလိုက်ပါတော့ ဟု ဖခင်အား ပြောလေတော့၏။ ..ဟ မင်းအဘိုးက တစ်ယောက်ပဲရှိတာဆိုတော့ ပုတ်တစ်လုံးဆို တော်ပြီလေကွာ၊ ပင်ပန်းတာရှိတာပဲ၊ နောက်ထပ်တစ်လုံးက ဘာလုပ်ဖို့ ရက်ရမှာလဲ ဟု မေးသောအခါ အော် မဟုတ်ဘူးလေ အဖေရယ်။ အဖေ့အလှည့်ကျတော့ သားက ပုတ်တောင်း မရက်တတ်ဘူး။ ဒါကြောင့် ခုကတည်းက တစ်လုံးအပို ရက်ထားပေးပါလို့ ပြောတာပါ ဟု သူ၏သားငယ်က ပြောပြလိုက်လေသတဲ့။ ပုံပြင်ကလေးက ဒါပါဘဲ။ သို့သော် ဒီပုံပြင်ကလေးက ပေးသည့် သင်ခန်းစာ အတွေးတွေကတော့ မြောက်များစွာ ကျန်ရှိပါသည်။

အတုန့်အလှည့်အတုန့်အပြန်ဆိုတာ ရှိသမြဲပါဘဲ။ ဘဝအရုဏ်ဦးဆည်းဆာ အရွယ်ရောက်ရှိနေကြသည့် သားသမီး လူငယ်လူရွယ် ပျိုမြစ်နုငယ်သူများသည် မိမိတို့အတွက် ဂျပန်ပုံပြင်ကလေးထဲကလို ပုတ်တစ်လုံး အပိုရက်ထားခံဖို့ နေထိုင်ကြမလား၊ ခုကတည်းက နောင်ဘဝ နေဝင်ဆည်းဆာညိုအတွက် ကြိုတင်ပြင်ဆင်ထားကြမလား ဆိုတာ မိမိတို့ကိုယ်တိုင် ရွေးချယ်ကြရမည်ဖြစ်၏။ ဘဝ နေညိုဆည်းဆာ အချိန်ရောက်ကြသည့် သက်ကြီးရွယ်အို မိခင်ဖခင်ကျေးဇူးရှင်များသည် တကယ်တော့ သူတို့၏ ဘဝနဲ့ရင်းနှီးပြီး နှစ်ပေါင်းများစွာ ဖြတ်သန်း သိုလှောင်ထားသည့် ဘဝအတွေ့ကြုံ၊ ဘဝအသိဥာဏ် ဗဟုသုတ ဟင်းလေးအိုးကြီးတွေ၊ ရှောင်စရာ ဆောင်စရာအပြင် တကယ့်ဘဝ အနှစ်သာရဖြစ်သည့် သဒ္ဓါ သီလ ပညာ စသည့် ရတနာများဖြင့် ပြည့်ကြွယ်ဝနေကြသည့် အိုကြွယ် ရတနာတိုက်ကြီးတွေပင်ဖြစ်ပါသည်။ ယင်းအိုကြွယ်များကို အိုပယ် အဖြစ်ပစ်မထားကြဘဲ ထိုသူများကို ကြည့်ရှု့စောင့်ရှောက်ခြင်း၊ ထိတွေ့ဆက်ဆံခြင်း ပြုလုပ်နိုင်ကြပါမှ သူတို့ထံမှ အကြံကောင်း ဥာဏ်ကောင်း စိတ်ကောင်းနှလုံးကောင်းများ ကူးစက်လာပြီး မိမိတို့ဘဝတွေမှာလည်း ပိုမိုပြည့်စုံလှပမှာသေချာပါသည်။

မြတ်ဗုဒ္ဓကတော့ အိုပယ်ဆိုတာ သူအိုတွေကို ဆိုလိုတာမဟုတ်ပါဘူး။ အသိမကြွယ် သီလကွယ် အိုပယ် ဖြစ်သွား၏ ဟူသည့်အတိုင်း အသိဥာဏ်လည်း မရှိ၊ သီလ(သမာဓိ ပညာ) အကျင့်သိက္ခာလည်း မရှိသူများကိုသာလျှင် ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ အိုပယ်များဟု မြတ်ဗုဒ္ဓက မိန့်တော်မူပါသည်။ ထို့ကြောင့် သီလံ ယာဝ ဇရာ သာဓု- သီလသည် အရုဏ်ဆည်းဆာ နုပျိုသည်မှ ဘဝဆည်းဆာညို အိုသည့်တိုင်အောင် ကောင်း၏ ဟု ဟောတော်မူခြင်းဖြစ်ပါသည်။ အိုလေ အိုလေ ကောင်းလေ ဆိုသည်မှာ သီလရှိသူများပင်ဖြစ်ပါ၏။ အကျင့်သီလသည် အိုသည်မရှိ၊ အိုပယ်ဆိုတာ မရှိ။ သီလကောင်းမှ ဘဝအတွက် စိတ်ချရ၏။

မိမိ၏ သီလ သမာဓိ ပညာတို့သည် ဘဝအတွက်စိတ်အချရဆုံး စွမ်းရည်များပင်ဖြစ်၏။ မိမိသီလကို ယုံကြည်စိတ်ချမှုရှိသူတိုင်းသည် လောကဓံတရားဆိုးများနှင့် ရင်ဆိုင်တွေ့ကြုံရသောအခါ ပို၍ပင် ကြောက်ရွံ့ခြင်းကင်းစွာ သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိကြ၏။ ထို့ကြောင့် သီလသည် မိမိ၏စိတ်ကို များစွာ အားရှိစေသည်။ စိတ်အားရှိသောကြောင့်ပင် သီလရှိသူများ အသက်ပိုမိုရှည်ကြ၏။ စိတ်အားပြည့်ဝဖို့က သမာဓိတရားသည်လည်း များစွာအရေးကြီးပါ၏။ သမာဓိရှိပါမှ မိမိစိတ်ကို စုစည်းထားနိုင်ပြီး လောကဓံအဆိုးလေးပါးဒဏ်ကိုလည်း ကြံ့ကြံ့ခံကာ လောကဓံအကောင်း လေးပါးနှင့် ကြုံလာပြန်လျှင်လည်း တည်တည်ကြည်ကြည်ပင် မောက်မာ မော်ကြွားမှုမရှိဘဲ တည်ကြည်လေးနက်စွာ နေထိုင်တတ်ပါ၏။ ထို့ပြင် ပညာသည်လည်း စိတ်အင်အားတစ်ခုပင် ဖြစ်ပါသည်။ ကုသိုလ်အကုသိုလ်၊ အမှားအမှန်၊ အဆိုးအကောင်း အကျိုးအကြောင်း ကောင်းစွာ ခွဲခြားသိမြင်နိုင်ဖို့ဆိုသည်မှာ ပညာရှိမှ ဖြစ်နိုင်ပါ၏။ သို့သော် ပညာမာန်တက်နေသူများကိုတော့ တကယ်တမ်း ပညာတတ်သူလို့တော့ သတ်မှတ်ဖို့ခဲယဉ်းလှပါ၏။ ပညာရှိသူတော်ကောင်းတွေ၏ လက္ခဏာဖြစ်သည့် စဉ်းစားနှိုင်းချိန် ခွဲခြမ်းဝေဖန်သုံးသပ်တတ်ပြီး တကယ့်အမှန်တရားကို သိပြီး လိုက်နာကျင့်သုံးပါမှ ပညာရှိဟု ဆိုလျှင် ပိုမှန်ပါလိမ့်မည်။

မိမိတို့၏ ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာတို့သည် ဘဝမှော်ရုံတောကြီးထဲမှာ အကယ်စင်စစ် အားကိုးရာ ရှာမရနိုင်ချေ။ မိမိ၏ သီလ သမာဓိ ပညာ တို့သည်သာလျှင် အလွန်ရှုပ်ထွေးလှသည့် ဘဝဆိုသည့် သံသရာမှာ အားကိုးရာအမှန်စင်စစ်ဖြစ်လေတော့၏။

အိုလေ ကောင်းလေဖြစ်သည့် တရားများကို နိဗ္ဗာန်တံခါးပေါက် ခေါက်သည့်တိုင် ကျင့်ကြံနိုင်ပါစေ။

မိဘဘိုးဘွား ဆရာသမား သက်ကြီးရွယ်အို အိုကြွယ်များကို ပြုစုစောင့်ရှောက်နိုင်ကြပါစေ။

ဘဝ၏ ဆည်းဆာတိုင်းမှာ လူတိုင်း လှပနိုင်ကြပါစေ။

မေတ္တာဖြင့်

မေ့သားလှ(ဇလဂ္ဂ)

၆-၁-၂၀၁၂

No comments:

Post a Comment