မြန်မာ ဘာသာနှင့် မြန်မာ စာပေပညာ များကို ဂရု တစိုက် အရေး မူကာ မပြုနိုင် ကြဘဲ ဘာသာခြား လူမျိုး တို့၏ ဘာသာ စကားနှင့် စာပေ ပညာ များကိုသာ သင်ကြား နေကြ လေသည်။ ယခု ခေတ် ယခု အခါနှင့် ကြုံကြိုက် သော လူအများ တို့သည် အင်္ဂလိပ် ပညာကို ခင်ခင် မင်မင် တွင်တွင်ကြီး အရေး တယူ သင်အံ လေ့လာ နေကြ ရ၏။ ဤကဲ့သို့ အင်္ဂလိပ်စာ ထွန်းကား သည့်အချိန် ကြီးတွင် အင်္ဂလိပ်စာ တတ် မြောက်မှ ပွဲသဘင် ပေါက်ရောက်၊ လူရာ ထင်ပေါ် ကျော်စော လေသည်။ အင်္ဂလိပ်စာ ကိုသာ အပတ် တကုတ် လုံ့လ ထုတ်နေ ကြသော သူတို့အား မြန်မာ စာပေ ပညာနှင့် မြန်မာ ဘာသာ စကားကို ထိထိ ရောက်ရောက် ပေါက်ပေါက် ရှရှ၊ ကျကျ နန တတ်မြောက် နိုင်ရန်
ခဲယဉ်း ပေလိမ့်မည်။ အင်္ဂလိပ်မြန်မာ နှစ်ဘာသာသင် ကျောင်းများတွင် ထူထူး ချွန်ချွန် တတ်မြောက်
သောသူမှ ကျောင်းတွင် ထင်ပေါ် ကျော်စော၍ ကျောင်းသား အချင်းချင်း နှီးနှောကြသည့် အခါ မည်သူက အင်္ဂလိပ် ဘာသာတွင် မဟော် တဆူ ပါရဂူ ဖြစ်သည်ဟု အမျိုးမျိုး ချီးမွမ်းလေ့ ရှိကြ သည်။
မြန်မာ ဘာသာကို ကောင်းမွန် ချေငံစွာ တတ်မြောက်သော သူမှာကား အချီး အမွမ်း များစွာ မခံရဘဲ မျက်နှာ ငယ်စွာသာ နေရ ရှာလေသည်။ ဆရာ များကလည်း အင်္ဂလိပ် ဘာသာတွင် တော်သူ ကိုသာ ချီးမွမ်း ထောပနာ ပြုခြင်း၊ ကြိုးစား အားပေးခြင်း တို့ကို ပြုလေ့ ရှိကြ၍ မြန်မာ ဘာသာတွင် တော်တတ်သူတို့ကို မူကား အလေး တမူ မပြု ကြချေ။ ဤကဲ့သို့ မြန်မာ စာပေ ပညာနှင့် မြန်မာ
ဘာသာ စကားသည် မျက်နှာ ငယ်သော အခြေ အနေသို့ လျှော့ကျ သက်ဆင်း၍ မှေးမှိန်သော
အခြေသို့ ဆိုက်ရောက်လာ လေရကား မြန်မာ စာအုပ် ဖတ်နေ သည်ကို မိတ်ဆွေ အချင်းချင်း တွေ့မြင်ပါက မြန်မာစာကို အရေးတကြီး ဖတ် မနေ ပါနှင့်၊ သည်စာကို မဖတ် တတ်သော်လည်း ဆရာ ပြော သည်ကို ကြားဘူး နားဝ နှင့်ပင် အောင်မြင် နိုင်ပါသည်ဟု တိုက်တွန်း အားပေး ကြသည်ကို မကြာ မကြာ နားနှင့် ဆတ်ဆတ် ကြားဖူး ပါသည်။
အချို့သော ကျောင်းသား မိဘ ဖြစ်သူ များကလည်း ငါတို့သား၊ ငါတို့ သမီး တို့သည် အင်္ဂလိပ် ဘာသာကို သွက် သွက် လက်လက် တတ်မြောက် ပြောဆို နိုင်စေ တော့ဟု အင်္ဂလိပ် ဘာသာ သက်သက် သင်ကြားသော ကျောင်းကြီး များတွင် မိမိတို့ သားသမီးများကို အပ်နှံ ကြလေသည်။ ထိုကျောင်းသား မိဘ တို့၏ အယူကား အင်္ဂလိပ် ဘာသာကို သွက်သွက် လက်လက် တတ်မြောက် ပြောဆို နိုင်မှ မိမိတို့ သားသမီးများသည် အစိုးရ အရာရှိကြီး၊ ကျောင်းဆရာ မကြီးများ ဖြစ်နိုင်ပေ လိမ့်မည်ဟု အယူသည်းကြ၏။ ထိုကဲ့သို့ အင်္ဂလိပ် ဘာသာကို လုံးလုံး လျားလျား သင်ကြား ရသော
ကျောင်းသား၊ ကျောင်းသူတို့ အတန်း ကုန်၍ ကျောင်းထွက် သောအခါ အင်္ဂလိပ် ဘာသာကို
သွက်သွက် လက်လက် ပြောဆို နိုင်ကြ သော်လည်း မိမိတို့ မြန်မာ ဘာသာ စကားကို
မေ့မေ့ လျော့လျော့ ဖြစ်၍ “ငှက်ကလေးတွေ သစ်ပင် ပေါ်မှာ ထိုင်နေ ကြသည်”
“၀မ်းဘဲဥ မှည့်ပြီ” “လိမ္မော်သီး ဖွင့်လိုက်ပါ” စသည်ဖြင့် အမှားမှားအယွင်းယွင်း အချွတ်ချွတ် အလွဲလွဲနှင့် ပြောဆို နေကြသည်ကို ခဏ ခဏ ကြားရလေသည်။
ကျောင်းသား မိဘများ ကလည်း မိမိတို့ သား၊ သမီးတို့ အင်္ဂလိပ် စာအုပ် များကိုသာ ကြိုးစား အားထုတ်၍ ဖတ်ရန် တိုက်တွန်းသည် အားလျော်စွာ ကျောင်းသား များတွင် အင်္ဂလိပ် စာအုပ် ဖတ်ဖူး ကြသလောက် မြန်မာ စာအုပ်များကို ဖတ်ဖူး ကြသူ ရှားပါးကြ၏။ အင်္ဂလိပ် ပညာရှိ ဆရာကြီးများ ဖြစ်ကြသော “Shakespeare” ရှိတ် စပီးယား၊“Lord Macaulay” လော့မယ် ကောလေး တို့၏ အကြောင်းကို ၄င်းတို့ မွေးဖွားသည့်သက္ကရာဇ် ခုနှစ် နှင့်တကွ သိ၍ ချီးမွမ်း ကြသောသူ များသော်လည်း မြန်မာ ပညာရှိက၀ိကြီးများ အကြောင်းကို ကြားဘူးသူ၊ ချီးမွမ်းသူ ရှားပါး လှပေသည်။ ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာ သီလ၀ံသ၊ ရှင်ဥတ္တမကျော်၊ ဦးပုည အစရှိသော မြန်မာ
ပညာရှိကြီးများ ရေးသား စပ်ဆိုသော စာများ အကြောင်းကို သိသူ ချီးမွမ်း သူကား
အတိုင်းထက် အလွန် ရှားပါး လှပေသည်။ သတင်းစာများ ဖတ်လည်း မြန်မာစာ ဆုတ်ယုတ် လာခဲ့ရာ မြန်မာ သတင်းစာ မြန်မာမဂ္ဂဇင်း များမှာပင် မြန်မာ နေ့စွဲများကို အသုံး မပြုကြဘဲ “ဇန်န၀ါရီလ”
“မတ်လ” စသည်ဖြင့် အသုံး ပြုသည်ကို တွေ့ရှိ ရပါသည်။
တိုင်းပြည် ကြီးပွားရေးကို ရည်ရွယ်၍ တည်ထောင် အပ်သော အသင်း များကို မြန်မာအမည် မပေးဘဲ “YMBA” ဟု ခေါ်ခြင်း၊ ထိုအသင်း အကျိုးဆောင် များကို “စက္ကရီတေရီ”ဟု ဆိုခြင်း များကို ထောက်ထား စာနာသည် ရှိသော် မြန်မာစာနှင့် မြန်မာစကားကို လျစ်လျူရှု ကြသည်ကို သိရှိ နိုင်ပေသည်။ ဃရာဝါသ အိမ်ထောင် မှုကို ပြုကြသော လူများကို မဆိုထား ဘိဦး၊ အချို့သော
ရဟန်း သံဃာတော်တို့ကပင် ပရိယတ္တိ၊ ပဋိပတ္တိ တို့ကို မလေ့လာဘဲ အင်္ဂလိပ်ဘာသာစာကို သင်အံလေ့ ရှိကြသည်။ ထိုရဟန်းတော် များအယူကား မိမိတို့ အင်္ဂလိပ်စာသင်ကြား ရသဖြင့် ဘာသာကွဲ ဖြစ်သော အင်္ဂလိပ် လူမျိုး တို့ကို သာသနာတော်တွင်းသို့ သွတ်သွင်း ချီးမြှင့် နိုင်ပေ လိမ့်မည်ဟု အယူ ရှိကြ၏။ လူမျိုး ကွဲများကို ၄င်းတို့ တရား ဟော၍ အောင်မြင် သည်ကိုကား မတွေ့ ရသေးချေ။ ဤကဲ့သို့ ကျောင်းသား မှစ၍ သတင်းစာ ဘက်ဆိုင်ရာ နေရာ တကာတွင် မြန်မာစာကို
အရေး မလုပ် သဖြင့် မြန်မာစာ တဖြေးဖြေး တိမ်မြုပ် လာသည့် ကာလကြီးကို စိတ်ပေါက်ပေါက် ရှိလှ သဖြင့် မြန်မာ ဘာသာ ဆိုင်ရာ ဆရာကြီး ဦးလင်း ရေးစပ်သော “မြန်မာစာ အဘိုး မတန်ကြောင်း” တေးထပ်မှာ အောက်ပါ အတိုင်း ဖြစ်သည်။
“မြန်မာစာ ဈေးမရှိတာမို့၊ ဆွေးမချိ နောက်ဘွယ်၊ ရှေးက၀ိ ပျောက်ကွယ်သည်၊
အထောက် ၀ယ်အိုချို့၊ စာကုံးမူ ဘိုးမတန်သည်၊ ကျိုးမသန် ကြပ်တဲ့ ခါမို့၊
ရှေးမြန်မာ ထုံးမ ထွင်သည်၊ ချုံးမရွင် သွေညို့၊ သုံးမ၀င် အခြေ ရို့တာမို့၊
ကဝေတို့ နွမ်းနယ်၊ အေ၊ ဘီ၊ စီ၊ အခြေ စားလောက်မှ၊ နေအထား ဖြောင့်ဘု တကယ်၊
ခေတ်အလိုက် အရိုးကွယ်သည်၊ မျိုးအနွယ် တိမ်ခဲ့ပေါ့၊ နှိမ်ဖဲ့လို့ အောင်ချတာ၊
ကြောက်ဘွဲ့အခါ၊ မျိုးမြန်မာ အသုံးစာနှယ်၊ နှလုံး နာခေတ်ကြီး မို့လေး၊”
မြန်မာ ဘာသာကို သေချာစွာ ခွဲစိတ် ဝေဖန်၍ စီစစ် ပါလျှင် လွန်စွာ ခိုင်မာသော အခြေ အမြစ်နှင့် တကွ ယဉ်ကျေးသော ဘာသာ စကား တမျိုး ဖြစ်ကြောင်းကို သိနိုင်ပေသည်။ မြန်မာ ဘာသာသည် ဌာန်၊ ကရိုဏ်း၊ ပယတ် စသည် တို့ဖြင့် သေချာ စီစဉ်ထုံးဖွဲ့၍ ထားအပ်သော စကားမျိုး ဖြစ်ပေသည်။ ဗျည်း တလုံးမှာ သရ ပေါင်းများစွာယှဉ်ကပ် စေ၍ အသံ အမျိုးမျိုး အဓိပ္ပါယ် အမျိုးမျိုး ထွက်စေ နိုင်သော ဘာသာစကား သည်ကား မြန်မာ စကားပင် ဖြစ်ပေသည်။ မြန်မာစကား အစစ် တို့သည် ယေဘူယျအားဖြင့် အသံ တချက်တည်း ထွက်သော လုံးကောက် စကား များသာ ဖြစ်၍ အသံပေါင်း
များစွာ ပေါင်းစပ်၍ သမာသ်သဘော အားဖြင့် ပြုပြင်ရာ၊ အသံပေါင်း များစွာနှင့်
အဓိပ္ပါယ် အမျိုးမျိုးကို ဖော်ပြ နိုင်လေသည်။ ခွေး၊ ကြောင်၊ ကျွဲ၊ နွား၊ ၀က်၊ တော၊ တောင်၊ ကျွန်း၊ အိုင်၊ မြစ်၊ ချောင်းစသော စကား တို့ကို ဆင်ခြင်လျှင် မြန်မာ စကား တို့သည် လုံးကောက် စကားများ
ဖြစ်ကြောင်း ထင်ရှား လေသည်။
ထို့ပြင် မြန်မာ ဘာသာတွင် ကြိယာနှင့် ဆိုင်သော အသံ များသည် တလုံးတည်းသော အသံတို့သာ ဖြစ်ကြောင်း ကို “သွား၊ လာ၊ စား၊ သောက်၊ ချက်၊ ပြုတ်၊ ထ၊ ထိုင်၊ လျောင်း၊ အိပ်၊ ပြေး၊ ခုန်” စသည် များကို ဆင်ခြင်သော အားဖြင့် သိနိုင်ပေသည်။ ပြေးသည်၊ ခုန်သည်၊ သွား၏ ဟူ၍ စကား သုံးကြ ရာတွင် “၏” နှင့် “သည်” ဟူသော အသံများသည် စကား အသုံး ထွားခြင်းငှာ ကြိယာနှင့် တွဲ၍ သုံးသော ပဒပုရဏ အသံများသာ ဖြစ်ကြ လေသည်။ မြန်မာ ဘာသာတွင် “မ” သဒ္ဒါသည် ပါဠိဘာသာတွင် “န”သဒ္ဒါ ကဲ့သို့ နိသေဓ တားမြစ်ခြင်း အနက်တွင် ဖြစ်လေသည်။ ဥပမာ – မနေ၊ မထိုင်၊ မသွား၊ မလာ၊ မစား မသောက် တို့ပေတည်း။ ကြိယာ ပုဒ်တိုင်းတွင် “မ” သဒ္ဒါ ကပ်လာလျှင် ထိုကြိယာ အနက်ကို တားမြစ် လေတော့သည်။
ဗုဒ္ဓဘာသာသည် ကမ္ဘာ၏ မူလဘာသာဟု ဆိုအပ်သော မာဂဓဘာသာကို လက်သုံးပြု၍ ပိဋကတ်
သုံးပုံနှင့် တကွ အခြေ အမြစ် ကျနစွာ ထူထောင် လာခဲ့သော ဘာသာကြီး ဖြစ်သည်နှင့် အညီ၊ ထိုဗုဒ္ဓ ဘာသာကို သက်ဝင် ယုံကြည် နေကြသော လူမျိုး တို့သည် ယေဘူယျ အားဖြင့် ယဉ်ကျေးသော စာပေ ပညာ များနှင့် ပြည့်စုံ ကြသည်ပင် ဖြစ်လေသည်။ ရှေးဟောင်း ရာဇ၀င် အဆို အားဖြင့် မြန်မာပြည်သည် ဂေါတမ မြတ်စွာဘုရား ပွင့်တော် မမူမီကပင် ထီးနန်း ကြငှန်း အစုံ အလင်နှင့် အခိုင် အခန့်တည်တန့်၍ လာသော နိုင်ငံတခု ဖြစ်လေရာ၊ ထိုစဉ် အခါ ကပင်လျှင် စာပေ ပညာများ ထွန်းကားလျှက် ရှိကြ လေသည်။ သို့ရာတွင် ထိုခေတ် ထိုအခါက အသုံးပြု ကြသော စာပေ ပညာများသည် ကာလ အဓွန့်ရှည် ကြာသဖြင့် တရွေ့ရွေ့ ပြောင်းလဲ၍ လာခဲ့ရာ၊၄င်းတို့၏ ယခုခေတ်၊ ယခု အခါ သုံးစွဲ လျက်ရှိသော စာပေ ပညာမျိုးတို့နှင့် အတူတူပင် ဖြစ်သည်ဟု မဆို နိုင်ပေ။ ပုဂံ မြို့ကောင်းစား စဉ်အခါ၊ လွန်ခဲ့သော နှစ်ပေါင်း (၇၀၀) ကျော်လောက် ကပင် ရေးသား စိုက်ထူ သော ကျောက်စာဟောင်းများတွင် ရေးသား ထားသည့် စကားနှင့် နှိုင်းစာလျှင် စကား အသုံးအနှုန်း မျှသာမက ရေးပုံ၊ သားပုံ၊ အက္ခရာ ပုံသဏ္ဍာန် အားဖြင့်လည်း လွန်စွာပင် ခြားနားလျှက် ရှိကြောင်းကို သိရှိ နိုင်ပေသည်။ ၄င်းကျောက်စာ ဟောင်းကြီးများကို တွေ့မြင်ခြင်း အားဖြင့် မြန်မာ ပြည်သည် စာပေ ပညာ အားဖြင့် ယဉ်ကျေးသည်မှာ များစွာ ကြာမြင့် ခဲ့ပြီဟု သိနိုင်ပေသည်။
မြန်မာပြည်တွင် သက္ကရာဇ် (၈၀၀)ကျော် အခါက ထွန်းကား ပေါ်ပေါက်သည့် “ပေလည်း
လေးပင်၊ ရှင်လည်း လေးပါး” အတိတ် နမိတ်နှင့် မွေးဘွားသော ရှင်သီလ၀ံသ၊ စာတော်ဆိုဘက် ရှင် မဟာ ရဋ္ဌသာရ၊ ရှင်အဂ္ဂသမာဓိ စသော ကဗျာ ပဏ္ဍိ၊ ပညာရှိတို့ လက်ထက်တွင် အသုံးပြု ကြသော မြန်မာ ဘာသာ စကား တို့သည် ယခု ခေတ်အခါတွင် ရှေးကျသော မြန်မာ ဘာသာ စာကောင်း၊ စာခန့်ကြီးများ အဖြစ်သို့ ရောက်ကြ သဖြင့် ယခု အသုံးပြု နေကြသော မြန်မာ စကားကို တတ်ကျွမ်း ရုံမျှနှင့် ပညာရှိများ ရေးသား ထားသော စကား တို့ကို လွယ်ကူစွာ နားမလည် နိုင်အောင် ရှိကြ လေသည်။ နောင်အနာဂတ် ကာလကို မျှော်တွေးကြည့် လိုက်ပါလျှင် ယခုခေတ်တွင် အသုံးပြုသော
အသုံးတွင်သော စကား တို့ကို များစွာ သုံးစွဲ တော့မည် ဖြစ်ရကား ရှေးပေါရာဏ မြန်မာ စကား များသည် တိမ်မြုပ် သည်ထက် တိမ်မြုပ် သွားရန်သာ ရှိသောကြောင့် မျိုးရိုး ဘာသာ စကား များကို ဆင်ခြင် မိပါလျှင် များစွာပင် ၀မ်းနည်းဖွယ် ကောင်းလေသည်။ ယခု အခါတွင်လည်း ဘာသာခြား စကားနှင့် ဘာသာခြား စာပေပညာအမျိုးမျိုး တို့က မိမိတို့ အရှိန် တန်ခိုးဖြင့် မြန်မာ စာပေ ပညာနှင့်
မြန်မာ ဘာသာ စကားတို့ကို လွှမ်းမိုး အုပ်ခြုံ သွားပါလျှင် စိုးရိမ် ဖွယ်ကြီး တခု ဖြစ်ပေတော့သည်။ လူမျိုးကို လွှမ်းမိုး အုပ်စိုးခြင်း၊ စီးပွားရေးကို လွှမ်းမိုး အုပ်စိုးခြင်း တို့ကို ခံရသည်ထက် အမျိုး၏ စာပေ ပညာနှင့် ဘာသာစကားကို လွှမ်းခြုံ အုပ်စိုးခြင်း ခံရခြင်းသည်ကား များစွာပင် နစ်နာ စရာကြီး
ဖြစ်ပေသည်။ မြန်မာ စာပေ ပညာ များသည် အခြား လူမျိုး တို့၏ စာပေ ပညာကဲ့သို့ သာမည မဟုတ်ဘဲအလွန် တွေ့ကြုံ ခက်ခဲ လှသော ဗုဒ္ဓ သာသနာနှင့် ပရိယတ္တိ ခေါ်သော ပိဋကတ်တော်
သုံးပုံကို အမြစ် တည်စိုက်လျက် ရှိသော ကြောင့် အထူးအချွန် အလွန်မြင့်မြတ်သည် ဟူ၍ အမှန်ပင် ဆိုထိုက်ပေသည်။ မြန်မာ လူမျိုး တို့၏ ဘာသာ စကားအသုံး အနှုန်းများ သည်လည်း ပရိယတ္တိ သာသနာတော်ကြီးနှင့် မကင်းသောကြောင့်အထူးပင် မွန်မြတ် လှသော ဘာသာ စကားမျိုး ဖြစ်သည်ဟု ဆိုအပ် လေသည်။ ထို့ကြောင့် ဗုဒ္ဓ သာသနာ တော်ကြီး၏ အနှစ် သာရကို သိလေလေ၊ မြန်မာ စာပေပညာနှင့် ဘာသာ စကားတို့ အဖိုးတန်ကြောင်းကို သိနိုင်စွမ်း လေလေ ဖြစ်ပေ၏။
မြန်မာ စာပေ ပညာနှင့် မြန်မာ ဘာသာ စကား များကို မတတ်မြောက်သော သူတို့သည် လူကြီး လူကောင်း ခေါ်သော အမြင့်တန်း အစားသို့ တက်ရောက်ကြ၍ တိုင်းရေး ပြည်မှုကို စီမံ ခန့်ခွဲရာတွင်လည်း ပါဝင်ကြရာ၊ မိမိတို့ မျိုးရိုး ဘာသာဖြစ်သော မြန်မာ စာပေ ပညာနှင့် မြန်မာ ဘာသာ စကား တို့ကို ကောင်းမွန်စွာ တည်တန့် လေအောင် မည်ကဲ့သို့ ရွက်ဆောင် ရမှန်း ကိုပင် မသိကြ၍ အကြံဥာဏ်ပေးရန် အတွက် “မိုက်ကြီး စတု၊ အင် လေးခု” ဟု ဆိုအပ်သော
မှောင်မိုက်ကြီးနှင့် တွေ့ကြုံ နေသော သူကဲ့သို့ပင် ဖြစ်ရှာ ကြလေသည်။ ဘာသာ စကားနှင့် စာပေ ပညာများ ဆိုသည်မှာ ရှေးရှေး ပညာရှိ ပုဂ္ဂိုလ်အစဉ်အဆက်တို့ ပြုစု ပျိုးထောင် လာကြသော ပညာမျိုးကြီး ဖြစ်သဖြင့် ပျက်စီး တိမ်ကော သွားမည် ဆိုလျှင် ရှေးအစဉ် အဆက် ဆင်းသက် လာခဲ့သော အမျိုးဇာတ်ကို ထိခိုက်သဖြင့် ပစ္စည်း ဥစ္စာ ပျက်စီးခြင်းထက် အဆပေါင်း များစွာ သာလွန်၍ နစ်နာ ဖွယ်ကောင်း ပေသည်။
ဝမ်းသာဖွယ် အချက်ကြီး များမှာ ယခု အခါ သတင်းစာ များက အစထွင်ခါ မြန်မာစာကို
လေ့လာ ကြိုးစားရန် တိုက်တွန်း နှိုးဆော် ကြခြင်း၊ ၄င်း သတင်းစာ၊ မဂ္ဂဇင်းများတွင် ကဗျာ လင်္ကာ တို့ကိုပါ ရေးသား ထည့်သွင်း ကြခြင်း၊ ရှေးတိမ်မြုပ် ပျောက်ကွယ် နေသော စာဟောင်း များကို ထည့်သွင်း ရေးသားခြင်းအားဖြင့် မြန်မာ စာပေကို အားပေး သမှု ပြုခြင်း အချက် ကြီးများ ဖြစ်ပေသည်။ လွန်ခဲ့သော ၈ – နှစ်လောက်က စ၍ ကျောင်းသားများ စိတ်တွင် မြန်မာ စာပေ
ပညာများကို ဆည်းပူး လေ့လာ လိုသော ဆန္ဒ ပေါ်ပေါက် လာသည့် အတိုင်း လေ့လာ ကျက်မှတ်၊ စာအုပ် ၀ယ်ယူ ဖတ်ကြ သဖြင့် မြန်မာစာ အနှစ် သာရ ရှိကြောင်းကောင်းစွာ သိရှိ လာကြလေပြီ။ ကျောင်းသားများ သဘောနှင့် လိုက်လျောစွာ ကျောင်းဆရာ များကလည်း မြန်မာစာကို အရေးယူကာ သင်ပြ ကြရ လေသည်။ ယခု ကောလိပ်ကျောင်းကြီးများ တွင်လည်း မြန်မာစာကို အရေး တယူ ထိထိ ရောက်ရောက်တတ်မြောက်အောင် သင်ပြ ကြရ လေပြီ။ ယခု ကျောင်းမှ ထုတ်ဝေသော မဂ္ဂဇင်း များမှလည်း အင်္ဂလိပ် စာချည်း သက်သက် မဟုတ်ဘဲ ခေတ်ကာလနှင့် လျော်ညီစွာ မြန်မာ ကဗျာ လင်္ကာ ဆောင်းပါး စာများကိုပါ ထည့်သွင်းခြင်း အားဖြင့် မြန်မာစာကို အားပေးဆဲ ဖြစ်၏။ မင်းတိုင်ပင် အဖွဲ့တွင် မြန်မာ ဘာသာဖြင့် ယခုအခါ ပြောဆို ခွင့်ရခြင်း၊ အစိုးရ အမှုထမ်း စာမေးပွဲများ၊ နိုင်ငံခြား ပညာသင်ရန် အတွက် စာမေးပွဲများတွင် မြန်မာ ဘာသာကို ဖြေဆို နိုင်ခွင့် ရသည့် အချက်များကို ထောက်၍အစိုးရ မင်းများကလည်း မြန်မာစာကို အရေးယူ လာကြောင်း ထင်ရှားပေပြီ။
ဤကဲ့သို့ အမျိုးမျိုး ပြဆို အပ်ပြီးသော အရပ်တွင် အချက်များကို ထောက်ထား ဆင်ခြင် ကြပြီးလျှင် မြန်မာ စာပေ ပညာနှင့် မြန်မာ ဘာသာ စကားတို့၏ အခြေအမြစ် ခိုင်စွာနှင့် သိမ်မွေ့ ယဉ်ကျေး၍ အဖိုး ထိုက်တန် ကြောင်း၊ ထိုကဲ့သို့ အဖိုးထိုက် တန်သော ပညာများကို ခေတ်ပြောင်း၊ ခေတ်လွဲသည့် အတွက်နှင့် ပျောက်ပျက် တိမ်ကောခြင်းသို့ မရောက်အောင် စောင့်ရှောက် နိုင်သမျှ စောင့်ရှောက် သင့်ကြကြောင်း (၀ါ) အရေးမမူ၊ လျစ်လျူ ရှုရန် အလျင်း မသင့်ကြောင်း၊ ဘာသာခြား စကား အမျိုးမျိုး တို့၏ လွှမ်းမိုး ရောပြွမ်းခြင်းများ ကိုလည်း မြစ်တား နိုင်သမျှ မြန်တား ကြရန် သင့်လျော်ကြောင်း၊ ယခု အခါ မြန်မာစာ ထွန်းကား ပြန့်ပွား လာဆဲတွင်မြန်မာစာကို လေးလေး စားစား အပတ် တကုတ် ကြိုးစား အားထုတ် ကြရန် သင့်ကြောင်းများကို အထူး သတိ ပြုကြပါရန် ကောင်းမွန်သော မနော စိတ်ထားဖြင့်တိုက်တွန်း နှိုးဆော် စကား ရေးသား လိုက်လေ သတည်း။
ရည်ညွှန်းကိုးကား( ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ် (၁၉၂၀ – ၇၀) စာအုပ်မှ
ထုတ်နှုတ် တင်ပြသည်။)
No comments:
Post a Comment