အကြောင်းမလှစွာ အိန္ဒိယနိုင်ငံသည် ပညာရေးမူဝါဒရယ်လို့ မရှိပါဘူး။ ထိုအရာသည် ဝမ်းနည်းစရာပါ။ တကယ်တော့ လက်ရှိစနစ်သည် မက်ကောလေး (Macaulay System) စနစ်ပါပဲ။ လော့ဒ်မက်ကောလေး၏ ရည်ရွယ်ချက်သည် အိန္ဒိယကနေ သူတို့ထွက်ခွာသွားရင်တောင်မှ ဗြိတိသျှအင်ပါယာစနစ်ကို ကာကွယ်စောင့်ရှောက်ဖို့ ပညာတတ် လူတန်းစားဟုခေါ်သည့် လူတစ်စုကို ဖန်တီးဖို့ပင် ဖြစ်သည်။ သူတို့သည် မျိုးချစ်ပုဂ္ဂိုလ်တွေ မဟုတ်သည့်အပြင် အိန္ဒိယလူမျိုးတို့၏ လိုအပ်ချက်တွေအပေါ်မှာ အခြေမခံပေ။ ဤအုပ်စုသည် စနစ်ဟောင်းအပေါ်မှာ အခြေခံနေသူတွေ ဖြစ်၏။ ထိုပုဂ္ဂိုလ်တို့သည် သတင်းဖြန့်ချိမှု၊ ကျောင်းဆရာများ၊ ရှေ့နေများ၊ ဆရာဝန်များ၊ အင်ဂျင်နီယာများနှင့် နည်းပညာရှင်များ- မက်ကောလေး စနစ်၏ ထုတ်ကုန်တွေဖြစ်ကြ၏ ။
ပညာရေးစနစ်သည် လူထု၏ဘာသာစကားအပေါ်မှာ အခြေခံရမည်။ သို့မှသာ ပညာရေးစနစ်၏ အခြေခံမူဝါဒ ဖြစ်ပေမည်။ အိန္ဒိယမှာ အင်္ဂလိပ်ဘာသာစကား အထူးပြု ပညာရေးစနစ်သည် အိန္ဒိယပြည်သူတွေကို ခြေကျိုးသွားစေသည်။ ဘာသာစကားသည် သီးခြားယဉ်ကျေးမှု၊ တန်ဘိုးနှင့် ပတ်ဝန်းကျင်မှာပဲ ရှင်သန်ကြီးထွားသည်။ ထို့အပြင် ဘာသာစကားသည် အသိဥာဏ်ပညာ၏ ယဉ်ရထားပင်ဖြစ်ပေသည်။ ဘာသာစကားတိုင်းသည် ခြေထောက်လိုပင်ဖြစ်သည်။ သူတို့သည် လူတွေကို အသိဥာဏ်နှင့် ပညာရှိခြင်းဟူသည့် ပန်းတိုင်ကို သယ်ဆောင်သွားသည်။ သဘာဝအားဖြင့် ကလေးသည် မိခင်ထံမှ ဘာသာစကားကို စတင်လေ့လာ၏။ အိန္ဒိယဘာသာစကား၏ လက်ရှိအခြေအနေသည် ဘေးဥပါဒ်ရောက်နေပါပြီ။ ထိုအရာသည် မစစ်မှန်သည့် ကြီးထွားမှု့ပင်ဖြစ်၏။ ပုံမှန်တစ်ခုတော့ မဟုတ်တာ သေချာ၏။
တကယ်တော့ အိန္ဒိယ၏ အင်္ဂလိပ်သည် ဘာဘူ-အင်္ဂလိပ်(Babu-English) ပါ။ တချို့စာရေးဆရာတို့သည် အပြည်ပြည်ဆိုင်ရာက ချီးမြှင့်သည့် ဆုတံဆိပ်တွေကို ရရှိနေကြသည်။ ထိုအရာသည် မှားယွင်းသည့် တံဆိပ်ခတ်နှိပ်မှုပါ။ တေလူဂူ၊ ဘင်္ဂါလီ၊ တမီးလ် စသည်ဖြင့် ရေးသားကြသည့် စာရေးဆရာတို့သည် အာရွန်ဒါတီရိုင်း (Authour of Booker Prize winner " The God of small things") ထက်ပင် ပိုကောင်းနေကြပါသည်။
ထို့ကြောင့် အိန္ဒိယအသိပညာရှင်တို့သည် ခြေကျိုးနေသည့် အသိပညာရှင်တွေဟုပင် ကျွန်တော်ပြောလိုက်ချင်သည်။ သူတို့သည် မသန်စွမ်းသူတွေပင် ဖြစ်ကြ၏။ ကျွန်တော်၏ နှစ် ၃၀-ကျောင်းပညာရေး အတွေ့အကြုံတွေအရ အထက်တန်းပညာနှင့် ပတ်သက်လို့ မည်သည့်ကျောင်းသားမျှ သူတို့၏ အဖြေလွှာကို မှန်ကန်သည့် အင်္ဂလိပ်စာနှင့် မရေးသားနိုင်သည်ကို တွေ့ရသည်။ အိန္ဒိယနိုင်ငံ ပညာရေးစနစ်၏ မျက်မှောက်အခြေအနေသည် လူတန်းစားနှစ်ရပ်ကို ဖန်တီးထားပေသည်။ ထိပ်တန်းရာထူးတွေသည် အင်္ဂလိပ်မီဒီယံကျောင်းသားတွေကို အထူးအခွင့်အရေးပေးထားပြီး အခြားတစ်ဖက်မှာတော့ မိခင်ဘာသာစကားကို ယူကြသည့်ကျောင်းသားတွေသည် အလုပ်မဲ့သော်လည်းကောင်း၊ အောက်တန်းလွှာ အလုပ်မျိုးကိုသော်လည်းကောင်း ပေးထားပေသည်။ ပြည်သူ့ဝန်ထမ်းရွေးချယ်ရေး အဖွဲ့သည် လူအနည်းငယ်လောက်ကိုသာ ဟိန္ဒီမီဒီယံကျောင်းသားများထဲမှ ရွေးချယ်သည်။
အိန္ဒိယအလုပ်သမား အလွှာမှာ လက္ခဏာ သုံးရပ် ရှိသည်ဟု ဆိုရပေမည်။ (၁) ပစ္စည်းမဲ့၊ (၂) ဇာတ်နိမ့်၊ (၃) အုပ်ချုပ်ခံလူတန်းစား၏ ဘာသာစကားကို နားမလည်ခြင်း (အင်္ဂလိပ်ဘာသာစကားကိုဆိုလို၏) တို့ပင်ဖြစ်သည်။ ရှေးတုန်းက အိန္ဒိယ၏ အုပ်ချုပ်သူ လူတန်းစား၏ ဘာသာစကားသည် ဆန်းစကရစ်(Sanskrit) သက္ကဋဘာသာစကားဖြစ်ပြီး ထိုအချိန်က ဆန်းစကရစ်(Sanskrit) သက္ကဋဘာသာစကားကို အုပ်ချုပ်သူအထက်တန်းလွှာလောက်သာ အဓိကနားလည်ကြသည်။ သာမန်ပြည်သူလူထုတို့ နားမလည်နိုင်ကြပေ။ ထိုအချိန်က ပြည်သူလူထု၏ နေ့စဉ်သုံးဘာသာစကားသည် ပါဠိ(Pali) ဘာသာစကားပင်ဖြစ်သည်။ ထိုဒေသ ထိုအချိန်အခါမှာ မြတ်ဗုဒ္ဓသည် ပထမဦးဆုံးသော ပြုပြင်ပြောင်းလဲရေး သမားပင်ဖြစ်ပေသည်။ မြတ်ဗုဒ္ဓသည် ဗြဟ္မဏ(Bramin) တို့၏ လွှမ်းမိုးမှုအောက်က ဇာတ်ခွဲခြားမှုစနစ်ကို ဆန့်ကျင်ခဲ့၏။ သူသည် ခတ္တိယ (Kshatriya) အနွယ်ဝင်အဖြစ် မွေးဖွားခဲ့သော်လည်း ဆန်းစကရစ် (သက္ကဋ) ဘာသာစကား၏ လွှမ်းမိုးမှုကို ဆန့်ကျင်ပုန်ကန်ခဲ့၏။ ပြည်သူလူထု သာယာဝပြောရေးအတွက် သူ၏ဒေသနာတော်တွေကို ထိုခေတ်က ပြည်သူလူထု အားလုံးသိနားလည်သည့် လူထုဘာသာစကားဖြစ်သည့် ပါဠဘာသာဖြင့်ပင် ဟောကြားပို့ချတော်မူခဲ့သည်။ အိန္ဒိယမှာ မြတ်ဗုဒ္ဓသည် ပထမ အစဦးဆုံးသော အမှန်တကယ် ပညာရေးနှင့် ပတ်သက်သည့် စစ်မှန်သည့် ပညာရှင် တစ်ယောက်ဟု ကျွန်တော်ထင်သည်။
မက်ကောလေးစနစ်သည် အုပ်ချုပ်သူ ကိုလိုနီတို့၏ အကျိုးစီးပွားကိုပဲ ရှေ့ရှု စဉ်းစားခဲ့၏။ အကယ်၍ သင်သည် အသိပညာအစစ်မှန်ကို မရရှိနိုင်ခဲ့ဘူးဆိုလျှင် သင်သည် ပျက်စီးဆုံးရှုံးနိုင်သည်။ အိန္ဒိယနိုင်ငံ၏ အင်္ဂလိပ်ဘာသာစကားသည် ပဒေသရာဇ် ဘာသာစကားပင် ဖြစ်သည်။ ဒါဟာ ပြည်သူ၊ လူမှုရေးနှင့် မျိုးချစ်စိတ်တို့ကို ဆန့်ကျင်ခြင်းပါ။ ဒါဟာ အမေရိကန် အင်္ဂလိပ်တို့၏ ကိုလိုနီဝါဒသစ် ပြုလုပ်ခြင်းလည်း ဖြစ်ပေသည်။ အကယ်၍ လူထု၏ ဘာသာစကားသည် ခင်ဗျားတို့ဆီမှာ မရှိခဲ့ဘူးဆိုလျှင် ခင်ဗျားတို့သည် သာတူညီမျှ လူ့အဖွဲ့အစည်းကိုလည်း မရရှိနိုင်ပါဘူး။
ကမ္ဘာလုံးဆိုင်ရာ ပညာရေးအတွက် အခြေခံအဆင့်ပညာရေးသည် တညီတညွတ်တည်း ဖြစ်ဖို့လိုပါသည်။ အိန္ဒိယနိုင်ငံ၏ ပညာရေးစနစ်သည် အတန်းအစား ခွဲခြားထားသည့် စနစ်ပင်ဖြစ်သည်။ ဘောဂဗေဒသည် လူတန်းစား ပြဿနာပါ။ အိန္ဒိယမှာရှိသည့် ကွန်မြူနစ်ပါတီအားလုံးတို့သည် လက်ရှိစနစ်၏ ကွဲပြားခြားနားမှုတွေကို အမြဲတည်ရှိနေစေချင်ကြသည်။ ယခု ပြောဆိုနေကြသည့် မျက်မှောက်ပညာရေးစနစ်သည် ငွေကြေးဟူသည့် ရည်ရွယ်ချက်အတွက်သာ ဖြစ်နေပေသည်။ ထိုငွေကြေးသည် ဘွဲ့လက်မှတ်ကိုင်ဆောင်သူတွေကိုသာ ထုတ်လုပ်ပေးခြင်းဖြစ်ပေတော့သည်။
ကျေးဇူးတင်ပါသည်။
မေးခွန်းအချို့နှင့် သူ၏အဖြေများ
မေး။ ခင်ဗျားဟာ အင်္ဂလိပ်ဘာသာစကားရဲ့ ပြဿနာတွေကို များစွာပြောကြားသွားခဲ့တယ်။ အင်္ဂလိပ်စကားဟာ တိုင်းပြည်နှင့် လူထုရဲ့ အကျိုးတိုးတက်ဖြစ်ထွန်းမှုကို မဖြစ်ပေါ်စေဘူးလား။
ဖြေ။ သန်း ၃၀၀ သော ပြည်သူတွေ တိုးတက်ကြတောင်၊ သန်း ၇၀၀ ကတော့ ကျန်ရစ်ခဲ့မှာပါ။ ဒါဟာ အကန့်အသတ်နဲ့ တိုးတက်မှုမှုပါ။ ကျွန်တော်ဟာ အင်္ဂလိပ်စကား ပြောကြားမှုကို ဆန့်ကျင်ကန့်ကွက်နေတာ မဟုတ်ပါဘူး။ ဒါက ပေါများ ကြွယ်ဝတဲ့ ဘာသာစကားပါ။ ဂျပန်၊ ယခင် ဆိုဗီယက်(ရုရှား) နှင့် ထိုင်းနိုင်ငံတို့မှာဆိုရင် သာမန်လူထုကို ခင်ဗျား အင်္ဂလိပ်လို ပြောလို့ မရပါဘူး။ ခင်ဗျား ဒီအင်္ဂလိပ်စကားကို စပြောလိုက်တိုင်း သူတို့ စိတ်ဆိုးတော့တာပါဘဲ။
မေး။ အကယ်၍ အင်္ဂလိပ်စကားဟာ ရုံးသုံးဘာသာစကား၊ ကျောင်းပညာသင်ကြားမှု ဘာသာစကား ဖြစ်နေမယ်ဆိုရင် တိုင်းပြည်ဟာ ကိုလိုနီဝါဒ လက်သစ်ရဲ့ အောက်ကို ကျရောက်သွားပါလိမ့်မယ်။ ဒါဆိုရင် နိုင်ငံရေးသမားများနှင့် အသိပညာရှင်တွေက ဘာဖြစ်လို့ ဒီစနစ်ကို ဖျက်သိမ်းဖို့ မကြိုးစားကြတာပါလဲ။
ဖြေ။ ဂန္ဓီကြီးဟာ ဒီပြဿနာကို ကောင်းစွာသဘောပေါက်ခဲ့ပါတယ်။ ကံမကောင်းအကြောင်းမလှချင်တော့ သူဟာ အသတ်ခံခဲ့ရပါတယ်။ အင်္ဂလိပ်စာ သင်ကြားဖို့ တတ်နိုင်တဲ့သူတွေကို ကျွန်တော်ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ပထမ သူက အဆင့်တိုင်းမှာ သင်ကြားမှုမီဒီယံဖြစ်နေခြင်း၊ ဒုတိယက အစိုးရသူတို့ရဲ့ ရုံးသုံးဘာသာ ဖြစ်နေခြင်းပါပဲ။ ကျန်တာတော့ ကျွန်တော် ကန့်ကွက်စရာ မရှိပါဘူး။
မေး။ တကယ်လို့ အင်္ဂလိပ်ဘာသာစကား သင်ကြားမှုကို ဖျက်သိမ်းလိုက်မယ်ဆိုလျှင် အင်္ဂလိပ်စကားပြောတဲ့ တိုင်းပြည်တွေမှာ အလုပ်လုပ်နေကြသည့် ပြည်သူတွေဟာ လုပ်ခကောင်းကောင်း မရနိုင်ကြတော့ပါဘူး။ လူကြီးမင်းရဲ့အမြင်က ဘယ်လိုပါလဲ။
ဖြေ။ ဒီမှာ လုပ်စရာအလုပ်တွေ အများကြီးရှိပါတယ်။ ဒေါက်တာ အာ-အမ်-လိုဟီရ်(Dr. R.M. Lohia's) ရဲ့ပါရဂူဘွဲ့အတွက် ကျမ်းပြုတာဟာ ဂျာမဏီနိုင်ငံမှာပါ။ သူတို့က သူတို့ယဉ်ကျေးမှုနှင့် ဘာသာစကားဟာ အင်္ဂလိပ်တွေထက် အထက်တန်းကျတယ် မြင်တယ်လို့တောင် ထင်နေကြတာပါ။
မှတ်ချက်။ ဗဟုသုတအဖြစ် တင်ပြခြင်းဖြစ်သည်။ အရာရာကို အမြှော်အမြင်ကြီးစွာ ကိုယ်ပိုင် စဉ်းစားတွေးခေါ်နိုင်ကြပါစေ။
မေတ္တာဖြင့်
(မေ့သားလှ-ဇလဂ္ဂ)
၂၆-၁-၂၀၂
ရည်ညွှန်း။ မြန်မာနိုင်ငံ ကျောင်းသားလူငယ်ကွန်ဂရက်မှ စီစဉ်ထုတ်ဝေသည့် ပညာရေးဆွေးနွေးပွဲ မှတ်တမ်းများမှ ကောက်နှုတ်တင်ပြသည်။
No comments:
Post a Comment