Gifted Men seized time and work as their Opportunity. They make them Great and Grand.
လူစွမ်းကောင်းတို့သည် အချိန်နှင့် အလုပ်ကို သူတို့၏ အခွင့်အရေးအဖြစ် တိတိကျကျမိမိရရ ယူလိုက်ကြသည်။ သူတို့သည် အချိန်နှင့် အလုပ်ကို ကြီးကျယ်ခမ်းနားအောင် ပြုလုပ်ဖန်တီးလိုက်ကြသည်။ (သီတဂူဆရာတော်ကြီး)။
Time and Tide wait for no man. (အချိန်နှင့်ဒီရေသည် လူကိုမစောင့်။(နိုင်ငံခြားစကားပုံ)။
လောကတွင် အချိန်ကို တန်ဖိုးထားသူတို့အတွက် တန်ဖိုးမဖြတ်နိုင်သော အရာသည်ကား အချိန်ပင်ဖြစ်၏။ ထိုအချိန်နှင့် မိမိရရှိလာသည့် အလုပ်ကို အခွင့်အရေးတရပ်အဖြစ် မိမိရရ အသုံးချနိုင်ပါက ကမ္ဘာကျော် ပုဂ္ဂိုလ်များဖြစ်လာနိုင်၏။ အထူးသဖြင့် ကုသိုလ်၊ ဥစ္စာ ပညာ တစ်ခုခုမှ မရလိုက်သော အလဟသပ်ကုန်ဆုံးသွားသော အချိန်ကား တကယ့်ကို ဘာနဲ့မျှ အစားထိုး၍ မရနိုင်သော နှမျောစရာကောင်းအရာပင် ဖြစ်၏။ ထို့ကြောင့် ပညာရှိတို့က "ကုသိုလ် ဥစ္စာ ခန့်ကျန်းမာ၍ ပညာတန်ခိုး တမျိုးမျိုးမှ မရလိုက်က ထိုနေ့အတွက် သင့်အတွက် သက်သက် ဝမ်းနည်းဖွယ်"ဟု ဆုံးမတော်မူခဲ့ကြ၏။ မိမိဘဝကို တန်ဖိုးထားတတ်သူတိုင်း မိမိရရှိလာသည့် အချိန်ကလေးကို တန်ဖိုးထားသင့်၏။ အချိန်ကို တန်ဖိုးထားတတ်သူသည် ကုသိုလ် ဥစ္စာ နှင့် ပညာ တန်ခိုး တစ်မျိုးမျိုးကို ရအောင်ယူတတ်ကြ၏။
(၂၀၁၁ ဂျူလိုင် ၁၉ ရက်ထုတ် Flower Nwews) ဂျာနယ်)မှာ မင်းနန်(မော်ကျွန်း) က တရားလေးဖြာ အားကိုးရာ ဆောင်းပါးတွင် "လောက၌ အချိန်ကို ဖြုန်းခြင်းထက် နစ်နာသော ဆုံးရှုံးမှုမျိုးမရှိပါချေ။ အစားထိုး၍ မရနိုင်သော ဆုံးရှုံးမှုမျိုးပင် ဖြစ်သည်။ အချိန်၏ တန်ဘိုးကို မည်သည့် စက်ကိရိယာနှင့်မျှ တိုင်းတာ၍ မရစကောင်းချေ။ စီးပွားဥစ္စာရှာသူအတွက် အချိန်သည်ပင် စီးပွားဥစ္စာဖြစ်သည်။ ပညာသင်ကြားလေ့လာသူအတွက် အချိန်သည်ပင် ပညာပင်ဖြစ်သည်။ တရားရှာမှီး အားထုတ်နေသူအတွက် အချိန်သည် တရားဖြစ်၏ ဟု" ရေးသားခဲ့ဖူး၏။ မြတ်ဗုဒ္ဓကလည်း "သကိစ္စံ အနုယုဇ္စျေ၊ မောဃကာလံ န ခေပယျေ " မိမိ လုပ်သင့်လုပ်ထိုက်သော အလုပ်ကို လုပ်ရမည်၊ အချိန်ကို အလကား မဖြုန်းတီးပစ်ရ၊ အချိန်ကို အချည်းနှီး မကုန်လွန်စေရာ ဟု ဟောတော်မူခဲ့၏။ ကာလော ဃသတိ ဘူတာနိ- အချိန်က သတ္တဝါတွေကို ဝါးမျိုနေ၏။ ဝါးမျိုနေသော အချိန်ကို တန်ပြန် ဝါးမျိုနိုင်အောင် မြတ်ဗုဒ္ဓက တိုက်တွန်းတော်မူခဲ့၏။
စိတ်ကူးယဉ်ကာ ကြည်နူးနေခြင်းထက် ဘဝအဖြစ်မှန်ကို သိပြီး လက်ရှိအခြေအနေကို ကောင်းမွန်စွာ အသုံးချ ဘဝကိုပိုမိုလှအောင် ကြိုးစားကြရမည်။ လူသားတိုင်း သာတူညီမျှ ၂၄ နာရီကို ရနေကြ၏။ သို့သော် ၂၄ နာရီကို ရယူသူချင်းတူရင် အကျိုးရှိအောင် အသုံးချတတ်သူက ထိပ်ဆုံး ရောက်ကြ၏။ ၂၄ နာရီ အဆုံးအဖြတ်သည် လူမိုက် ပညာရှိ မည်သူကိုမျှ မျက်နှာလိုက်ရိုး ထုံးစံမရှိ။ အောင်မြင်မှု ရလိုသူတိုင်း အချိန်ကို တန်ဘိုးထား၊ ၂၄ နာရီကို ရွှေရောင်တင်၊ ဖြစ်ချင်တာကို ကြိုးစာကြရမည်ဖြစ်၏။ ၂၄ နာရီ အချိန်ရတာချင်းတူသော်လည်း အသုံးချပုံချင်း မတူကြပေ။ ပညာရှိနှင့် လူမိုက်တို့၏ အချိန်အသုံးချမှုကွာခြားပုံကို အောက်ပါ ပါဠိဂါထာလေးကလည်း မှတ်သားစရာကောင်းလှ၏။
ဓနံ ပုညာဒိလာဘေန၊ ကာလံ ခီယတိ ပဏ္ဍိတော။
ကီဠနေန စ ဒုမ္မေဓော၊ နိဒ္ဒါယ ကလဟေန ဝါ ။
ဆိုလိုသည်မှာ "ပညာရှိသည် ဥစ္စာ ကုသိုလ် (ပညာ) တစ်မျိုးမျိုး စသည် ရယူခြင်းဖြင့် အချိန်ကို ကုန်လွန်စေသည်။ ပညာမဲ့သူသည် မြူးတူးပျော်ပါး ကစားခြင်း၊ အိပ်ခြင်း၊ ငြင်းခုန်ခိုက်ရန် စကားများခြင်းဖြင့် အချိန်ကို ကုန်လွန်စေကြ၏။" တဲ့။ ပညာရှိသူတော်ကောင်းများက အချိန်သည် ရွှေ အချိန်သည် ငွေဟု ပင် အချိန်၏ တန်ဖိုး ကြီးမားလှပုံကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ဆုံးမတော်မူခဲ့ကြသည်။
အချိန်ကို ရထားကြီးနှင့်လည်း ခိုင်းနှိုင်းကြသေးသည်။ အချိန်ရထားကြီးသည် တရွေ့ရွေ့ ခုတ်မောင်းနေပါသည်။ ယနေ့ခေတ်တွင် ပုံစံ ဒီဇိုင်းဆန်း ယာဉ်တမျိုးကို စက်ခလုပ်နှိပ်ပြီး မိမိလိုရာ ကာလတစ်ခုသို့ အရောက်သွားနိုင်သည့် ဖြစ်ရပ်ဆန်းများကို သိပ္ပံဝတ္ထုရုပ်ရှင်များတွင် ရိုက်ကူးဖော်ပြကြ၏။ ထိုရုပ်ရှင်ကားများကို ကာလ ယန္တရား Time Machine ဟု မကြာခဏရေးသား ဖော်ပြကြသော်လည်း မရိုးနိုင်ပဲ လူကြိုက်များနေဆဲဖြစ်သည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဇေယျသူ၏ အချိန်ရထား ဟူသည့် ဆောင်းပါးလေးထဲမှ ကောက်နှတ်တင်ပြချင်၏။
အချို့ကာလယန္တရား ဇာတ်လမ်းများတွင် ဇာတ်လိုက်များသည် အတိတ်သို့ ပြန်သွားကြသည်။ ထိုသူများသည် လက်ရှိဘဝကို မရောင့်ရဲသောသူများဖြစ်ကြသည်။ ယနေ့ဖြစ်ရပ်များသည် အတိတ်တွင်မြစ်ဖျားခံခဲ့သည်ဖြစ်ရာ အတိတ်မှအဖြစ်အပျက်တစ်ခုကို ပြင်လိုက်လျှင် ယနေ့ကာလ ပိုကောင်းသွားမည်ဟု ယုံကြည်သူများဖြစ်သည်။ ရည်ရွယ်ချက်မှာလည်းအမျိုးမျိုးရှိသည်။ တစ်ချို့က ကမ္ဘာကြီး (သို့မဟုတ်) လူ့အဖွဲ့အစည်းကို ကယ်တင်ရန် အတိတ်သို့ ပြန်သွားလိုကြသည်။
တစ်ချို့က ပုဂ္ဂိုလ်ရေးရာ ပိုဆန်သည်။ ချစ်သူဓားထိုးခံရကာ ဆုံးရှုံးသွားသောသူက အတိတ်သို့ ပြန်သွားကာ ချစ်သူဓားထိုးမခံရအောင် ကယ်တင်လိုသည်။ ထိုအခါ လက်ရှိအချိန်တွင် ချစ်သူနှင့်ပေါင်းရမည် ဖြစ်သည်။ သို့သော် အတိတ်သို့ ပြန်သွားလိုသည့် ရည်ရွယ်ချက်ကတော့ အတူတူပင်။ အတိတ်ကို အတိတ်တွင် မထားခဲ့နိုင်ပဲ စိတ်ထဲတွင် သွားရောက်ပြင်ဆင်လို နေသူများဖြစ်သည်။
အတိတ်သည် သေချာ ရေရာသည်။ သို့သော် အတိတ်သေချာပုံမှာ လုံးဝပြန်လည် မပြင်ဆင်နိုင်သော သေချာခြင်းမျိုး၊ ပြန်လည် မရောက်လာသော သေချာခြင်းမျိုး ဖြစ်သည်။ အနာဂတ်မှာမူ မသေချာမရေရာ။ အနာဂတ်နှင့်အတိတ်ကြား၊ မနက်ဖြန်နှင့် ယနေ့အကြားတွင် ပစ္စုပ္ပန်(ခေါ်) ယနေ့(အချိန်) ရှိသည်။ ယနေ့သည် ပစ္စုပ္ပန် နှင့် အနာဂတ်တို့ တွေ့ဆုံရာ ဖြစ်သည်။ အတိတ်ဖြစ်ရပ်များကြောင့် ပစ္စုပ္ပန်ဖြစ်လာခဲ့ရာ ပစ္စုပ္ပန်ကြောင့် အနာဂတ်ဖြစ်လာပေမည်။ တစ်စက္ကန့်ချင်းစီသည်ပင် ကြည့်နေရင်း အတိတ်ဖြစ်သွားသည်။ ထိုကြောင့် ပစ္စုပ္ပန်ဆိုသည်မှာ (အချိန်ကာလအလိုက်) အလွန်တိုတောင်း လှသည့် အချိန်ဟုပင် ပြောရမည် ထင်သည်။
ပစ္စုပ္ပန်ဆိုသည်မှာ ယခု (မျက်တောင်တမှိတ်၊ လက်ဖြစ်တတွက်၊ လျှပ်တစ်ပြက်ခန့် အလွန်တိုတောင်းသည့်ကာလ) စက္ကန့်လေး ဟုပင် ပြောရမတတ်။ သို့သော် အတိတ်မှာမူ တစ်စက္ကန့်တိုင်း တိုးနေပေသည်။ အတိတ်တိုးကာလ တိုးတိုင်း အနာဂတ်လျှော့သွားသည်ဟု ပြောနိုင်သော်လည်း အနာဂတ်မှာ (ပစ္စုပ္ပန်နှင့်စာလျှင်) အချိန်များစွာ ကျန်နိုင်သေးသည်။ ဥပမာ အသက် ၅၀ မုချ ရှည်မည့်သူသည် အတိတ် အနာဂတ် အသက် ၂၅ နှစ်စီဟု ပြောနိုင်သော်လည်း သူ့ ပစ္စုပ္ပန်မှာ တစ်စက္ကန့် တည်းသာ ဖြစ်ပေသည်။ ထို့ကြောင့် သင့်ဘဝ ပြောင်းသွားနိုင်သော တစ်စက္ကန့်တိုင်းသော အချိန်သည် တန်ဘိုး ရှိသော ပစ္စုပ္ပန်ပင် ဖြစ်ပေသည်။ ထို တန်ဘိုးရှိသော ပစ္စပ္ပန်အချိန်ကလေးကို ပညာ လုံးလ ဝီရိယများ ကောင်းစွာ အသုံးချလျှက် မိမိဘဝတန်ဘိုးကို အရယူသင့်ပေသည်။ ထို့ကြောင့်ပင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသက အောက်ပါအတိုင်း ဆုံးမထားပေသည်။
အတိတ်ကိုတွေး၊ မဆွေးလေနဲ့၊
အတိတ်ဆိုတာ၊ ပြန်မလာဘူး။
အနာဂတ်မှန်း၊ မလွမ်းလေနဲ့၊
အနာဂတ်ဆိုတာ မသေချာဘူး။
ပစ္စုပ္ပန်မှာ လုပ်သင့်ရာဝယ်၊
ပညာ လုလ္လ၊ အသုံးချလျှက်၊
ဘဝတန်ဖိုး၊ အားမန်ကိုး၍၊
မြတ်နိုးကြည်ဖြူ၊ အရယူလော့။
Don't regret the past, the Past has gone (past never come back). Don't long for the future, future is not sure. Seize value of the life, energetically and soundly with knowledge and great effort, doing what should be done.
အဓိက ရည်ရွယ်သည်မှာတော့ လက်ရှိပစ္စုပ္ပန်အချိန်ကလေးကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ပင် ဖြစ်ပါသည်။ နောက်ဆုံး အနေအားဖြင့် the Bank Account of Life, www.metacafe.com မှ လာရှိသည့် အလွန်မှတ်သားစရာ ကောင်းလှသည့် ဒဿနလေးဖြင့် ပင် နိဂုံးချုပ်လိုက်ပါရစေ။
တန်ဖိုး
(၁) တစ်နှစ်ရဲ့တန်ဖိုးကို သိချင်ရင်
စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ။
(၂) တစ်လရဲ့တန်ဖိုးကို သိချင်ရင်
လမစေ့ဘဲ ကလေးမွေးတဲ့ မိခင်ကို မေးကြည့်ပါ။
(၃) တစ်ပတ်ရဲ့ တန်ဖိုးကို သိချင်ရင်
အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာကို မေးကြည့်ပါ။
(၄) တစ်နေ့ရဲ့တန်ဖိုးကို သိချင်ရင်
ကလေးခြောက်ယောက်ကို ကျွေးမွေးရတဲ့
နေ့စားအလုပ်သမား တစ်ယောက်ကို မေးကြည့်ပါ။
(၅) တစ်နာရီရဲ့ တန်ဖိုးကို သိချင်ရင်
ဆုံဆည်းခွင့်ကို စောင့်နေကြတဲ့
ချစ်သူများကို မေးကြည့်ပါ။
(၆) တစ်မိနစ်ရဲ့တန်ဖိုးကို သိချင်ရင်
ရထား(လေယာဉ်)မမှီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ။
(၇) တစ်စက္ကန့်ရဲ့ တန်ဖိုးကို သိချင်ရင်
ယာဉ်တိုက်မှု သီသီလေး လွဲသွားတဲ့ ဒရိုင်ဘာကို မေးကြည့်ပါ။
(၈) တစ်မီလီစက္ကန့်ရဲ့ တန်ဖိုးကို သိချင်ရင်
အိုလံပစ် ငွေတံဆိပ်ရှင်ကို မေးကြည့်ပါ။
Value
(1) To realize the value of One Year,
Ask a student who failed a grade.
(2) To realize the value of One Month,
Ask a mother who gave birth to a premature.
(3) To realize the value of One Week,
Ask the editor of a weekly newspaper.
(4) To realize one Day,
Ask the daily worker who provides six children.
(5) To realize the value of One Hour,
Ask the lovers who are waiting to meet.
(6) To realize the value of One Minute,
Ask a person who missed the train.
(7) To realize the value of One Second,
Ask a person who just avoided an accident.
(8) To realize the value of One Millisecond,
Ask the person who won a silver medal in the Olympic.
(From the Bank Account of Life, www.metacafe.com)
ဘဝတန်ဖိုး ချစ်မြတ်နိုးက
တန်ဖိုး အနဂ္ဃ ကြီးမားလှသည့်
ရရှိခွင့်ရေး အချိန်ကလေးကို
မြတ်နိုးကြည်ဖြူ အလေးမူကာ
အားတက်ရွှင်လန်း အထက်တန်းကို
ဆက်လှမ်းဖို့ရာ ကြိုးစားပါ။
မေတ္တာဖြင့်
မေ့သားလှ-(ဇလဂ္ဂ)
၁၁-၁-၂၀၁၂
No comments:
Post a Comment