နိဓိကဏ္ဍသုတ်လေးကို Oct,
20 နှင့် 21 ရက် ၂၀၁၂၊ နံနက် ဂ နာရီမှ ၉ နာရီ အချိန်၊ စနေ တနင်္ဂနွေနေ့က ရန်ကုန်သီတဂူ ဗုဒ္ဓတက္ကသိုလ် လူပုဂ္ဂိုလ် သင်တန်းသူ
သင်တန်းသားတို့အား ဗဟုသုတအဖြစ် မိမိနားလည်သမျှလောက် သင်ပေးခဲ့၏။ ထိုအကြောင်းအရာလေးများကို
မှတ်တမ်းသဖွယ် ပြန်လည် ရေးသားခြင်း ဖြစ်ပါ၏။ သင်တန်းသူ သင်တန်းသားတို့အား ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ၏ သက်တော် (၇၀) ပြည့်နှစ် မွေးနေ့အမှတ်တရအဖြစ် ၁၃၇၁ ခုနှစ်က ဟောကြားထားသည့်
တရားတော်ကို ဓမ္မဒါနကုသိုလ်အဖြစ် ထုတ်ဝေထားသည့် " ရင်းနှီးမြှပ်နှံခြင်း"
ဟူသည့် စာအုပ်ငယ်လေးကို စာရေးသူကိုယ်တိုင် တတ်စွမ်းသမျှ အင်္ဂလိပ်လို ဘာသာပြန်ထားတာရှိကြောင်း၊
နိဓိကဏ္ဍသုတ်တော်ကို မြန်မာပြည်ရှိ ဓမ္မကထိက ဆရာတော်အားလုံးနီးပါး ဟောထားတာ ရှိနိုင်သောကြောင့်
အတန်းသူအတန်းသား အများစုလည်း ကြားနာမှတ်သားဖူးကြမည် ဖြစ်ကြောင်း ပြောဖြစ်ပါ၏။ မည်သို့ပင်ဆိုစေ
စာရေးသူ၏ အမှတ်တရ မှတ်တမ်းအဖြစ် ပြန်လည်ရေးသားခြင်းပင် ဖြစ်ပါ၏။
၁။ နိဓိံ နိဓေတိ ပုရိသော၊
ဂမ္ဗီရေ သြဒကန္တိကေ ။
အတ္ထေ ကိစ္စေ သမုပ္ပန္နေ၊ အတ္ထာယ
မေ ဘဝိဿတိ ။
မြတ်ဗုဒ္ဓခေတ်ကလည်း ယနေ့ခေတ်လိုပင်
ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တာကို တွေ့နိုင်၏။ ထိုခေတ်က ရှေးလူတို့သည် လုံခြုံစိတ်ချရသည်ထင်၍
သူနည်းသူ့ဟန်ဖြင့် မိမိတို့ပိုင်ဆိုင်ထားသည့် ရွှေငွေရတနာ အဖိုးတန်ပစ္စည်းများကို ရေထွက်လုနီးပါ
အလွန်တရာ နက်လှသည့်တွင်းများကို တူးကာ ယင်းတွင်းကြီးတွေများထဲ၌ အိုးများဖြင့် မြှုပ်နှံသည့်အလေ့ထ
ပြုလုပ်ကြ၏။ " သိန်းသန်း ကုဋေစု၊ တိုးပွားမှု၊ အရင်းနှီးတစ်ခုက စခဲ့တယ်"
ဆိုသကဲ့သို့ လောကလူသားတို့သည် အရင်းအနှီးတစ်ခုကို အခြေခံ၍ သန်းသန်းကုဋေ ကြွယ်ဝချမ်းသာရန်
ရှာဖွေစုဆောင်းကြရ၏။ စီးပွားဥစ္စာရှာဖွေကာ ကြွယ်ဝချမ်းသာလာသည့် ရွှေငွေရနာတို့ကို ဆောင်ရွက်ဖွယ်
တစ်စုံတရာ ဖြစ်ပေါ်လာလျှင် အဆင်သင့် အသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ယင်းကဲ့သို့
ရေထွက်လုနီးပါး တွင်းကြီးတွေတူးကာ ရှေးခေတ်လူသားတို့ သိုမှီးသိမ်းဆည်းထားကြ၏။
ထိုခေတ်ထိုအခါက ထိုကဲ့သို့ မြှပ်နှံသိမ်းဆည်းခြင်းကို
လုံခြုံစိတ်ချရတယ်ဟု ယူဆကာ မြှပ်နှံသိမ်းဆည်းကြသော်လည်း ယနေ့ခေတ်မှာတော့ မြေကြီးထဲ
မြှပ်နှံသိမ်းဆည်းမျိုး အလွန်ပင် ရှားပါးမည် ဖြစ်ပါ၏။ ခေတ်လူတို့သည် ဘဏ်စနစ်တွင်ကျယ်
ခေတ်စားလာတာနဲ့အမျှ ပိုင်ဆိုင်သည့် ငွေကြေးများကို ယင်းဘဏ်တွေမှာ အပ်နှံကြပေ၏။ ချမ်းသာသူများကလည်း
ကုမ္ပဏီများတည်ထောင်ကာ မိမိတို့ အရင်းအနှီးများကို တိုးပွားအောင် မြှပ်နှံကြ၏။ အရင်းအနှီး
ရှယ်ရာထည့်ဝင်ကာ မိမိတို့ စွမ်းနိုင်သလို တိုးတက်ကြီးပွားအောင် လုပ်ဆောင်ကြ၏။ ခေတ်ကာလအလိုက်
ရင်းနှီးမြှုပ်နှံပုံ စနစ်ကွဲပြားသော်လည်း ရှေးခေတ်နှင့် ယနေ့ခေတ်လူသားတို့ ရင်းနှီးမြှပ်နှံကြခြင်း
ရည်ရွယ်ချက်ကတော့ တူကြသည်ဟု ဆိုနိုင်ပါသည်။ အကြောင်းတစ်စုံတရာ ပေါ်ပေါက်လာပါက အဆင်သင့်
ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်များလည်း ရှိနိုင်ပါ၏။
အကြောင်းတစုံတရာဆိုသည်မှာ
" ရာဇတော ဝါ ဒုရုတ္တဿ " မိမိတို့ကိုယ်တိုင်က ရာဇဝတ်ပြစ်ဒဏ်သင့်၍ဖြစ်စေ၊ မင်းဆိုးမင်းညစ်တွေက
တမင်သက်သက် နှိပ်စက် ဒဏ်ခတ်လို့ ဖြစ်စေ အန္တရာယက်ကျရောက်လာသည့်အခါ အဆင်သင့် မြှပ်နှံထားသည့်
ရွှေငွေရတနာများကို အသုံးပြုပြီး ပြစ်ဒဏ်မှ လွတ်မြောက်ရန် ကြိုးစားအားထုတ်ဖို့ဟူသော
ရည်ရွယ်ချက်လည်း ပါဝင်၏။ " စောရတော ပီဠိတဿ ဝါ " သူခိုး ဓားပြများက နိုင်ထက်ကလူ
လုယူနှိပ်စက်ကြလျှင် မိမိတို့ ပစ္စည်းများကုန်သွားနိုင်၏။ ထိုအခါမျိုး ကြုံလာရလျှင်
မိမိတို့ မြှပ်နှံထားသည့် ပစ္စည်းကို အစားထိုးလည်ပတ် အသုံးပြုကြရ၏။ တစ်ခါတရံ လူသားတို့သည်
စီးပွားရေးလုပ်ရာ၌ အကြွေးနှင့်မကင်းတတ်ကြပါ။ လုပ်ငန်းကိစ္စမအောင်မြင်လျှင် အကြွေးပတ်ခြာလည်
တတ်ပါ၏။ ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်လာရလျှင် အကြွေးများပေးနိုင်စေရန်
မြှပ်နှံထားတတ်ကြ၏။
ရာသီဥတုသည်လည်း အစိုးမရ၊
တစ်ခါတရံ မိုးခေါင်ရေရှား ဒုဗ္ဘိက္ခ သဘာဝတရားများနှင့်လည်း လူသားတို့ ရင်ဆိုင်ရတတ်၏။
အစာရေစာ ရှားပါးကာ စီးပွားရေးလုပ်ငန်းများလည်း ထိခိုက်လာနိုင်၏။ ထိုအခါမျိုးမှာ အဆင်သင့်
ဖြေရှင်းနိုင်ဖို့ မြှပ်နှံထားတတ်ကြ၏ ။မိမိတို့ မျှော်လင့်မထားသည့် အခြား ရေမီးစသော
ဘေးရန်အမျိုးမျိုးလည်း ကျရောက် လာနိုင်၏။ ယင်းသို့ ဖြစ်လာလျှင် မြှုပ်နှံသိမ်းဆည်း
စုဆောင်းထားသည့် ရတနာပစ္စည်းများကို အသုံးပြုပြီး မိမိအန္တရာယ် ကာကွယ်နိုင်ဖို့၊ မိမိ၏
ချမ်းသာမှုကို ဆောင်ရွက်နိုင်ဖို့ ဟူသော ရည်ရွယ်ချက်ဖြင့် ရတနာရွှေငွေများ သိမ်းထား
မြှုပ်နှံလေ့ ရှိကြ၏ ။
မြတ်ဗုဒ္ဓကလည်း သိင်္ဂါလောဝါဒသုတ်တွင် စတုဓာ ဝိဘဇေ
ဘာဂေ၊ ပဏ္ဍိတော ဃရမာဝသံ၊ ဧကေန ဘောဂေ ဘုဇ္ဇေယျ ဒွီဟိ ကမ္မံ ပယောဇယေ။ စတုတ္ထဉ္စ နိဓာပေယျ၊ အာပဒါသု
ဘဝိဿတိ၊ (မိမိမှာ ရှိသည့် ပစ္စည်းဥစ္စာကို လေးပုံ ပုံ၊ တစ်ပုံကို စားသုံး၊ နှစ်ပုံကို
စီးပွားရေး ကြီးပွားရေး လုပ်၊ ကျန်စတုတ္ထမြောက်တစ်ပုံကို အရေးပေါ် ဘေးအန္တရာယ်ကျရောက်လာပါက
သုံးစွဲဖို့ ဖြစ်၏) ဟု ဟောတော်မူခဲ့၏။ ထိုကဲ့သို့ ပြုလုပ်သင့်ပုံကို မြတ်ဗုဒ္ဓက လောကလူသားတို့အတွက်
စီးပွားရေး ကြီးပွားရေး နေနည်းထိုင်နည်း လမ်းညွှန်အဖြစ် ဟောတော်မူခြင်း ဖြစ်၏။ မြတ်ဗုဒ္ဓ၏
လမ်းညွှန်ချက်အတိုင်း လိုက်နာနိုင်လျှင် မိမိပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာ ရတနာများအာလုံးကို
လှူဒါန်းစရာလည်း မလို၊ မိမိ၏ စားဝတ်နေရေးလည်း အဆင်ပြေကာ ဘေးအန္တရာယ် စီးပွားရေးကပ်ဆိုက်လာလျှင် အရေးပေါ် သုံးစွဲဖို့ လိုအပ်ပါ၏။ ရှေးခေတ်က လူသားတို့သည်လည်း
ရတနာပစ္စည်းများကို ယင်းကဲ့သို့သော ရည်ရွယ်ချက်ဖြင့် မြေကြီးထဲမှာ မြှုပ်နှံသိမ်းဆည်းလေ့ရှိကြ၏။
ထိုကဲ့သို့ ရေထွက်လုနီးပါး
တွင်းကြီးတွေထဲမှာ မြှုပ်နှံသိမ်းဆည်းကြသော်လည်း လုံခြုံစိတ်ချရသည့် သိမ်းဆည်းမှုတော့
မဟုတ်ပေ။ ဘူမိဗေဒသဘောအရ မြေကြီးသည် မြေငလျင်လှုပ်ခြင်း စသည်တို့ကြောင့် ရွေ့လျားနိုင်၏။
ထို့ပြင် မြှုပ်နှံထားသည့်အချိန်တုန်းက အမှတ်အသားများလည်း တစ်ခါတစ်ရံ မေ့သွားပြီး အမှတ်သညာ
မှားတတ်၏။ ထို့ပြင် လူသားတို့ မမြင်နိုင်သည့် ရေထွက်လုမတတ် တွင်းကြီးတွေထဲ၌ တန်ခိုးကြီးမား
နတ်နဂါး နတ်ဘီဘူး များရှိနိုင်၏။ ထို နဂါး ဘီလူးများက မြှုပ်ထားသည့် ပစ္စည်းဥစ္စာရတနာများကို
ယူသွားနိုင်သောကြောင့် ယင်းကဲ့သို့ မြှုပ်ထားခြင်းသည်လည်း လုံးဝ သေချာသည့် မြှုပ်နှံမှုတော့
မဟုတ်ပေ။
တစ်ခါတစ်ရံ မိမိမြှုပ်ထားသည်ကို
သိကြသည့်သူများ၊ မိမိ၏ လူယုံတော်များဟု ထင်ရသော်လည်း တကယ်တန်းကြတော့ မိမိကို သစ္စာဖောက်ကာ
မိမိကိုယ် နှစ်သက်သဘောမကျနိုင်သူများက သိမ်းဆည်းထားသည့် ပစ္စည်းများကို ထုတ်ယူသုံးပစ်တတ်ကြ၏။
ယခုခေတ်ဆိုလျှင် လိမ်ညာနည်းအမျိုးမျိုးဖြင့် ထုတ်ယူနိုင်ကြ၏။ ယင်းကဲ့သို့ ဖြစ်လာလျှင်
ပစ္စည်းဥစ္စာများ ဆုံးရှုံးသွားနိုင်၏။
နောက်ဆုံး အဆိုးဆုံးကတော့
" ဥစ္စာ ကံပေး မရသေး၊ နှောင့်နှေး ဗျာပါ မရှိရာ" ဆိုသကဲ့သို့ စိတ်ချသည်ဟု
ထင်ကာ မည်သို့ပင် သိမ်းဆည်း မြှုပ်နှံထားစေကာမူ ပစ္စည်းတို့ပစ္စည်းမည်သည် မိမိနှင့် ထိုက်မှရ၏။
ကံပေးမှ ရ၏။ မိမိ၏ ကုသိုလ်ကံကုန်သွားလျှင် အကုန်လုံး ပျောက်ဆုံးသွားနိုင်၏။ ထို့ကြောင့်
ရှေးခေတ်က မြေကြီးထဲမှာ မြှုပ်နှံသိမ်းဆည်းမှု၊ ယနေ့ခေတ်စနစ်အရ ဘဏ်များတွင် ရင်းနှီးမြှုပ်နှံမှုများသည်
လုံးဝ စိတ်ချရသည်ဟု မဆိုနိုင်ပေ။ ယင်းအချက်များကို မြတ်ဗုဒ္ဓက နိဓိကဏ္ဍသုတ်တွင် ဟောတော်မူထား၏။
ယင်းသုတ်၌ပင် မြတ်ဗုဒ္ဓက သေချာသည့်
ရင်းနှီးမြှပ်နှံမှုကို ညွှန်ပြထားတော်မူ၏။ လိမ္မာပါးနပ် အသိပညာရှိသည့် အမျိုးကောင်းသား
အမျိုးကောင်းသမီးသည် အလှူဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ ကိုယ်နှတ် နှလုံးစောင့်စည်းခြင်း၊
ဣနြေ္ဒတို့ကို ဆုံးမခြင်းဖြင့် ကုသိုလ်တည်းဟူသော ရွှေအိုးကို စနစ်တကျ ကောင်းမွန်စွာ မြှုပ်ထားနိုင်ကြောင်း
မြတ်ဗုဒ္ဓက သံသရာအပြန်လမ်း ဖြောင့်တန်းဖို့ရန် လမ်းပြတော်မူ၏။
မြတ်ဗုဒ္ဓက အထူးသဖြင့် ဒါနဖြင့်
ရွှေအိုးမြှပ်နှံသင့်သည့် နေရာဌာနကို ညွှန်ပြတော်မူ၏။ (၁) မြတ်ဗုဒ္ဓ၏ မွေတော်ဓာတ်တော်တို့ကို
ထည့်သွင်းပူဇော်ထားရာ စေတီပုထိုး သို့မဟုတ် ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီနှင့် ပရိဘောဂစေတီတွေ
တို့၌လည်း ဒါနပြုသောအားဖြင့် မြှုပ်နှံနိုင်၏။ (၂) သံဃာတော်တို့၏ ဂုဏ်တော်တွေကို အာရုံပြု၍
သံဃာတော်အရှင်မြတ်တို့အား လှူဒါန်းခြင်းဖြင့် မြှုပ်နှံနိုင်ပါ၏။ (၃) မိမိကြည်ညိုလေးစားရာ
ပုဂ္ဂိုလ်တစ်ဦးတယောက်အား လှူဒါန်းခြင်းဖြင့် မြှုပ်နှံနိုင်၏။ (၄) မိမိအိမ်သို့ ရောက်လာသည့်
အထူးဧည့်သည်တော်၊ သို့ မဟုတ် ဖိတ်မန္တကပြုထားသဖြင့် လာရောက်ကြသော ဧည့်သည်တို့အားလည်း
ဧည့်ဝတ်ကျေပွန်စွာပြုခြင်း၊ တည်ခင်းဧည့်ခံ ကျွေးမွေးလှူဒါန်းခြင်းဖြင့်လည်း မြှုပ်နှံနိုင်၏။
(၅) မိမိ၏ ကျေးဇူးရှင် မိဘနှစ်ပါးကို လုပ်ကျွေးပြုစုစောင့်ရှောက်ခြင်းသည်လည်း သေချာသည့်
မြှပ်နှံသည်မည်၏။ (၆) အကိုကြီးတော့ အဖအရာ၊ အမကြီးတော့ အမိအရာ ဆိုသကဲ့သို့ မိသားစုထဲမှာ
မိဘနှစ်ပါး မရှိလျှင် ထိုအကိုကြီး အမကြီးများကို ချီးမြှင့်ထောက်ပံ့ခြင်းဖြင့်လည်း
သေချာသည့် ဒါနကိုသိုလ် မြှုပ်နှံသည်မည်၏။ ။
ထိုကဲ့သို့ ဒါနပြုသောအားဖြင့်
ကုသိုလ်ရွှေအိုးမြှပ်နှံသင့်သည့် နေရာများကို ညွှန်ပြခြင်း ဖြစ်၏။ ဤကဲ့သို့ ရင်းနှီးမြှပ်နှံခြင်းသည်
အလွန်သေချာသည့် မြှပ်နှံခြင်းမျိုးပင် ဖြစ်ပါသည်။ ဆိုခဲ့ပြီး ဒါန၊ သီလ၊ သံယမ၊ ဒမ တည်းဟူသော
မြှပ်နှံထားသည့် ကုသိုလ်ကောင်းမှုကို မည်သည့်ရန်သူကမျှ အနိုင်ကျင့် မယူနိုင်သောကြောင့်
အဇေယျဟုလည်းကောင်း၊ မိမိ၏တမလွန်ဘဝ အပြန်လမ်းမှာ ဖြောင့်တန်းဖို့ရာ၊ တမလွန်ဘဝသံသရာ သွားလေရာရာ
ထပ်ကြမကွာ လိုက်ပါနိုင်သောကြောင့် အနုဂါမိက ဟုလည်းကောင်း ခေါ်နိုင်ပါ၏။ ရှာဖွေစုဆောင်း
မြှုပ်နှံသိမ်းဆည်းထားအပ်သော ပစ္စည်းကို စွန့်၍ တမလွန်ဘဝသွားကြရမှာ သေချာ၏။ သို့သော်
ယင်းပစ္စည်းများက တကယ်တန်း တမလွန်ဘဝဖြောင့်တန်းသေချာဖို့ မလွယ်လှ၊ ထိုပစ္စည်းဥစ္စာတို့ကို
အခြေခံ၍ ပြုလုပ်အာင်သော ဒါန စသောတရားတို့သည်သာ တမလွန်ဘဝအတွက် သေချာ၏။ ထို့ကြောင့် မိမိ၏
အပြန်လမ်းမှာ ဖြောင့်တန်းဖို့ရာ ဒါန သီလ၊ သံယမ၊ ဒမ ဟူသော တရားတို့သည် အလွန်တရာအရေးကြီးလှ၏။
ပစ္စည်းဥစ္စာတို့မည်သည် အများဘုံဆိုင်များ
ဖြစ်၏။ မိမိပိုင်ပစ္စည်းများသည် မိမိကွယ်လွန်သွားသောအခါ မိဘအမွေပိုင်ပစ္စည်းဟု ဆိုကာ
တစ်ခါတရံ အမွေခံသားသမီးကြားမှာ အမွေလုကာ ပြဿနာ ဖြစ်စေတတ်၏။ သံသရာမပါသောကြောင့် ကိုယ်ပိုင်ပစ္စည်းမဟုတ်
ဘုံဆိုင်ပစ္စည်းသာဖြစ်၏။ မိမိကုသိုလ်သည်သာလျှင် အများဘုံဆိုင်မဟုတ် ကိုယ်ပိုင်ပစ္စည်းဟု
ခေါ်ရ၏။ မိမိမြှုပ်နှံထားသည့် ရတနာရွှေငွေတို့မည်သည်ကား အခြားသူများက တိတ်တဆိတ်တူးဖော်သွားနိုင်၏။
ခိုးသူးများလည်း လုယက်နိုင်သောကြောင့် စိတ်မချရ၊ ကိုယ်ပိုင်ပြုလုပ်ထားသည့် ကုသိုလ်ဥစ္စာတို့သည်ကား
မည်သည့်ခိုးသူမှ မယူနိုင်ပေ။ လုံခြုံစိတ်ချရ၏။ ထိုကဲ့သို့ လုံခြုံစိတ်ချရသည့် ကုသိုလ်တည်းဟူသော
ရွှေအိုးမျိုးမြှုပ်နှံခြင်းကိုသာ ပညာရှိသူတော်ကောင်းတို့က ချီးမွမ်းကြ၏။
ကုသိုလ်ရွှေအိုးတို့သည် သဗ္ဗကာမဒဒ-
မိမိလိုချင်သည့် အရာကို ပေးနိုင်၏။ ရွှေငွေရတနာများသည် မိမိလိုချင်သည့်အရာတိုင်း မပေးစွမ်းနိုင်ကြ။
Money makes everything (ငွေက အရာရာ လုပ်နိုင်တယ်) ဟုဆိုသော်လည်း လက်တွေ့မှာတော့ စိတ်ချမ်းသာမှုတကယ်မပေးနိုင်ကြ။
Dhamma meakes everything (ဓမ္မကတော့ အရာရာ ပေးစွမ်းနိုင်တယ်) ဟု ဆိုလျှင် ပိုမိုပြည့်စုံနိုင်၏။
ထို့ကြောင့် သဗ္ဗကာမဒဒေါ နိဓိ- အရာရာ လိုချင်တာကို ကုသိုလ်ရွှေအိုးက ပေးစွမ်းနိုင်၏ ဟု
မြတ်ဗုဒ္ဓက ဟောတော်မူ၏။ တောင့်တသည့်အရာတိုင်း ကုသိုလ်က ပေးစွမ်းနိုင်၏။
လောကသားတို့ လိုချင်တောင်းတတ်သည့်အရာများကို
မြတ်ဗုဒ္ဓက ဤသုတ်မှာ ဟောတော်မူ၏။ လူသားတို့သည် လှချင်ပချင်ကြ၏။ အသံကောင်းချင်ကြ၏။ ပုံပန်းသဏ္ဍာန်အချိုးအစား
ချောမောလှပ ပြေပြစ်ချင်တတ်ကြ၏။ တချို့က အခြံအရံပေါများ အကြီးကဲဖြစ်ချင်တတ်ကြ၏။ ပြည်နယ်
တိုင်းဒေသ တစ်ခု အုပ်စိုးသည့် ဧကရာဇ်မင်း၊ ပဒေသရာဇ်မင်း၊ စကြာဝဠာတစ်ခုလုံးကို လွှမ်းမိုးအုပ်စိုးချင်သည့်
စကြာဝတေးမင်း၏ ချမ်းသာမျိုးကို လိုလားတောင့်တတ်ကြ၏။ ကုသိုလ်တရားက ထိုလူသားတို့တောင်းတသည့်
အရာများကို ရစေနိုင်၏။ ပေးစွမ်းနိုင်၏။ တစ်ချို့သူများက လူ့စည်းစိမ်လောက်တင်မက နတ်စည်းစိမ်များကို
တောင့်တတတ်ကြ၏။ ထိုနတ်စည်းစိမ်များကိုလည်း ဤကုသိုလ်တရားများက ပေးစွမ်းနိုင်၏။ အချုပ်ဆိုရလျှင်
လူသားတို့တောင်းတတတ်ကြသည့် လူ့စည်းစိမ် နတ်စည်းစိမ်မှန်သမျှ ဤကုသိုလ်တရားက ပေးစွမ်းနိုင်၏။
တချို့လူသားတွေက ဘဝသံသရာ
လွတ်မြောက်ချင်ကြ၏။ ဘဝသံသရာလွတ်မြောက်ရာ နိဗ္ဗာန်ချမ်းသာကိုလည်း ကုသိုလ်တရားက ပေးစွမ်းနိုင်၏။
ထို့ပြင် ကုသိုလ်တရားက မိတ်ကောင်းဆွေကောင်းနှင့် ဆုံဆည်းဖို့လည်း ဖန်တီးပေးနိုင်၏။
မိတ်ကောင်း ဆွေကောင်းများနှင့် ဆုံတွေ့ရလျှင် ဘဝသံသရာလွတ်မြောက်ရေးဆီအထိ ဦးတည်စေနိုင်၏။
ဥပမာ အရှင်သာရိပုတ္တရာလောင်းလျာ ဥပတိဿပရဗိုဇ်သည် အရှင်အဿဇိမထေရ်ကဲ့သို့သော မိတ်ကောင်းတွေကောင်းနှင့်တွေ့ကြုံရသဖြင့်
တရားဓမ္မအကျဉ်းလေးနာကြားခွင့်ရသွားကာ သောတာပန်တည်သွား၏။ ရှေးကုသိုလ်က ဖန်တီးပေးလို့သာ
အရှင်အဿဇိမထေရ်တည်းဟူသော မိတ်ကောင်းဆွေကောင်းနှင့် တွေ့ဆုံရခြင်း ဖြစ်သည်ဟု ဆိုနိုင်၏။
ကုသိုလ်ပါရမီရှိသူတို့သည် မိမိတို့၏ စိတ်နှလုံးကိုလည်း တည့်မတ်အောင် ထားနိုင်၏။ ယောနိသောမနသိကာရ
ထားနိုင်ကြ၏။
ယောနိသောမနသိကာရထားကာ မှန်မှန်ကန်ကန်
ကြိုးစားအားထုတ်လျှင် ဝိဇ္ဇာခေါ်သည့် မဂ်ဉာဏ်၊ ဝိမုတ္တိခေါ်သည့် ဖိုလ်ဉာဏ်များကိုလည်း ရစေနိုင်၏။
ထို့ကြောင့် ဝိဇ္ဇာဝိမုတ္တိတည်းဟူသော အမြင့်ဆုံး အဆင့်ထိအောင် ကုသိုလ်တရားများက ရစေနိုင်၏။
ရဟန္တာအောင်လည်း ပေးစွမ်းနိုင်၏။ အရဟတ္တမဂ် အရဟတ္တဖိုလ်ရ၍ ရဟန္တာဖြစ်ချင်းတူသော်လည်း တချို့ရဟန္တာအရှင်မြတ်များကတော
့ ခွဲခြမ်းစိတ်ဖြာ မြင်နိုင်စွမ်းရှိသည့် ပဋိသမ္ဗိဒါဉာဏ်လေးပါးကို မရရှိကြ။ ဥပမာ စာမေးပွဲအောင်တာချင်းတူသော်လည်း ဂုဏ်ထူးနှင့်
အောင်ခြင်း၊ ရိုးရိုးအောင်ခြင်းတို့နှင့် အလားတူ၏။ ထိုကဲ့သို့အဆင့်မြင့် ပဋိသမ္ဗိဒါဥာဏ်များကိုလည်း
ကုသိုလ်တရားက ပေးစွမ်းနိုင်၏။ ကိလေသာလွတ်မြောက်စေသည့် ဝိမောက္ခ အဆင့်မြင့်တရားကိုလည်း
ပေးစွမ်းနိုင်၏။
ထိုမျှမကသေး အရှင်သာရိပုတ္တရာ
အရှင်မောဂ္ဂလာန်မထေရ်တို့ကဲ့သို့သော အဂ္ဂသာဝက၊ အရှင်မဟာကဿပ အရှင်အာနန္ဒာတို့ကဲ့သို့သော
မဟာသာဝကအဖြစ်ကိုလည်း ကုသိုလ်တရားက ပေးစွမ်းနိုင်၏။ သာဝကအဖြစ်ဖြင့် ပရိနိဗ္ဗာန်မစံချင်ဘဲ
ကိုယ်တိုင် သစ္စာလေးပါး သိမြင်သည့် ပစ္စေက ဘုရားရှင် အဖြစ်ကိုလည်း ပေးစွမ်းနိုင်၏။ နောက်ဆုံး
သမ္မာသမ္ဗုဒ္ဓဘုရားရှင် ဖြစ်ချင်လျှင်လည်း ဤကုသိုလ်တရားများက ပေးစွမ်းနိုင်ကြောင်းကို
မြတ်ဗုဒ္ဓက အတိအလင်း ဤနိဓိကဏ္ဍသုတ်၌ ဟောကြားထားတော်မူ၏။ ထို့ကြောင့် နိဂုံးချုပ်အနေဖြင့်
ဤသုတ်တော်၌
ဧဝံ မဟိဒ္ဓိကာ ဧသာ၊ ယဒိဒံ
ပုညသမ္ပဒါ။
တသ္မာ ဓီရာ ပသံသန္တိ၊ ပဏ္ဍိတာ
ကတပုညတံ။
ယဒိဒံ ပုညသမ္ပဒါ- အကြင်ကုသိုလ်ကောင်းမှုနှင့်
ပြည့်စုံခြင်းသည်၊ အတ္ထိ-ရှိ၏။ ဧသာ ပုညသမ္ပဒါ-ထိုကုသိုလ်ကောင်းမှုနှင့် ပြည့်စုံခြင်းသည်၊
ဧဝံ မဟိဒ္ဓိကာ- ဤ၍ဤမျှ ဂဏန်းချ၍ ရေတွက်လို့မရလောက်အောင် အကျိုးကျေးဇူးကြီးမားလှပေ၏။
တသ္မာ-ထို့ကြောင့်၊ ဓီရာ-ပညာဖြင့် မိမိ၏ ကောင်းကျိုးချမ်းသာကို ရယူတတ်ကြကုန်သော၊ ပဏ္ဍိတာ-
ပညာရှိ အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည်၊ ကတပုညတံ- ပြုအပ်ပြီးသော ကုသိုလ်ကောင်းမှု
ရှိသူ၏ဖြစ်ကြောင်း ကုသိုလ်ကောင်းမှု မှန်သမျှကို၊ ပသံသန္တိ- ချီးမွမ်းကြပါပေ၏။
နောက်ဆုံးနိဂုံးအနေဖြင့်
သင်တန်းသူသင်တန်းသားတို့အား နိဓိကဏ္ဍသုတ်နှင့် ပတ်သက်ရာစပ်နွယ်ရာ မှတ်သားစရာ အောက်ပါ
စာတိုပေစလေးများကို ရှင်းလင်းပြ မျှဝေရင်း သင်တန်းကို အဆုံးသတ်ဖြစ်ပါ၏။
(၁) စားသမျှ မစင်၊ ထားသမျှ
မသေခင်၊
ပြုသမျှ ကုသိုလ်အပင်၊ ယခုဘဝ
ဘဝကောင်းတွင်၊
စားလည်းစား၊ ထားလည်းထား၊
ပြုလည်းပြုမှ၊ တော်ကြလိမ့်မည်ပင်။
(တတိယမြောက် ဒီပဲယင်း ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး)။
(၂) တရားဥစ္စာ၊ ဤနှစ်ဖြာ၊
မှန်စွာ၊ စုကြသည်။
(၃) ပစ္စည်းဥစ္စာ၊ စုသူမှာ၊
ရံခါ သောက၊ ပွားရသည်။
(၄) ရှာရင်း ရှာရင်း၊ ကုန်သွားရင်း၊
စုချင်း မဆုံပြီ။
(၅) လောကုတ္တရာ၊ စုသူမှာ၊
မှန်စွာချမ်းသာသည်။
(၆) တရားစုမှ၊ ကိုယ်ပိုင်ရ၊
မုချချမ်းသာ၊ ပွားလိမ့်မည်။
(၇) အပြန်လမ်းမှာ၊ ဖြောင့်တန်းဖို့ရာ၊
မှန်စွာ ကုသိုလ်ပြုရမည်။ (မေ့သားလှ-ဇလဂ္ဂ)။
(၉) လောကီဥစ္စာ၊ ရတနာ၊ မှတ်ပါ
ဘုံဆိုင်ပစ္စည်းတည်း။
(၁၀) လောကုတ္တရာ၊ ရတနာ၊ မှတ်ပါ၊
ကိုယ်ပိုင်ပစ္စည်းတည်း။
(၁၁) နေ့ခါမှာမြောက်၊ ညခါခြောက်၊
ကြောက်လန့်ဖွယ်ရာ၊ လောကီသာ။
(၁၂) နေ့မှာလည်းပျော်၊ ညလည်းပျော်၊
နှစ်ဖော်ချမ်းသာ၊ လောကုတ္တရာ။
(၁၃) တစ်ဘဝအကျိုး၊ ရွက်သည်ပိုး၊
တန်ဘိုးနည်းပါ၊ လောကီသာ၊
(၁၄) ပစ္စုပ္ပန် သံသရာ၊ နှစ်ဖြာအကျိုး၊
ရွက်သည်ပိုး၊ တန်ဘိုးကြီးပါ၊ လောကုတ္တရာ။ (ဆရာတော်တပါး)။
အားလုံးသော သူတော်စင်အပေါင်းတို့
သာသနာနှင့်ကြုံ၊ ဤလူ့ဘုံမှာ၊
စုံအောင် ကုသိုလ်ပြုနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)
ရန်ကုန် သီတဂူဗုဒ္ဓတက္ကသိုလ်
Fri, Oct 26, 2012
မှတ်ချက်။ Oct, 20 နှင့်
21 ရက် ၂၀၁၂ (စနေ တနင်္ဂနွေ သင်တန်း) မှတ်တမ်းလေးများကို ပြန်လည် ရေးသားပါသည်။