" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, October 11, 2012

ကံကြမ္မာ





စာရေးသူသည် ၂၀၁၂ ခု၊ အောက်တိုဘာလ လေးရက်နေ့တွင် သီတဂူဆရာတော်၏ လမ်းညွှန်ချက်ဖြင့် စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စေလွှတ်မှုအရ စစ်ကိုင်းမှ ရန်ကုန် သီတဂူဗုဒ္ဓတက္ကသိုလ်သို့ စာချကထိကအဖြစ် ရောက်ရှိခဲ့ပါသည်။ မိမိအတွက် သီးသန့် ဘာသာရပ် တစ်ခုပို့ချပေးရန် တာဝန်ပေးမှု မရှိသေးသဖြင့် အောက်တိုဘာလ ၆ ရက်နေ့တွင် စာရေးသူ၏ သီတင်းသုံးဖော် ဦးသီဟဥာဏာဘိဝံသက ပညာရေးအတွက် အစည်းအဝေးတက်ရောက်ရန် ရှိသဖြင့် သူ၏ပို့ချမြဲ တက္ကသိုလ်စာဝါကို ထိုနေ့အတွက် ကိုယ်စား ကူညီပို့ချပေးရန် စာရေးသူအား တိုက်တွန်းပါသည်။ ထိုအရှင်သည်လည်း အဘိဓမ္မာ စိတ်ပါဝင်စားသော လူပုဂ္ဂိုလ်များအား အဘိဓမ္မာသင်တန်းကို သောကြာ စနေ တနင်္ဂနွေနေ့များတွင် ရန်ကုန်သီတဂူ ဗုဒ္ဓတက္ကသိုလ်မှာ ပို့ချပေးနေပါသည်။ အောက်တိုဘာ ၆ ရက် နံနက်ခင်း သူနှင့် လမ်းလျှောက်ရင်း စပ်မိစပ်ရာ ဆွေးနွေးရင်း သူ၏ စာဝါကို ထိုနေ့ မအားသည့်အတွက် ကိုယ်စားပို့ချပေးရန် ပြောပြလာပါ၏။ သူဆက်လက် ပို့ချရမည့် သင်္ခန်းစာမှာ အဘိဓမ္မတ္ထသင်္ဂဟလာ ကမ္မစတုက္က ပင်ဖြစ်၏။ စာရေးသူလည်း ထိုအရှင်အား ကူညီသောအားဖြင့်လည်းကောင်း၊ အဘိဓမ္မာသင်တန်းလာရောက်တက်သော လူပုဂ္ဂိုလ်များအား ပုံမှန်စာဝါ မပျက်စေခြင်သောအားဖြင့်လည်းကောင်း "အရှင်ဘုရားကိုယ်စား တပည့်တော် ကိုယ်တတ်နိုင်သမျှ ကံအကြောင်း မိတ်ဆက်လောက် ဖြစ်စေ ကူညီပို့ချပေးမည့်အကြောင်း" ဝန်ခံလိုက်ပါသည်။ နံနက် ၈ နာရီမှာ သင်တန်းစတင်မည် ဖြစ်သောကြောင့် ကံအကြောင်းအရာနှင့် စပ်လျည်းပြီး ထွေထွေထူးထူးလည်း စာမဖတ်ထားဖြစ်ပါ။ ၈ နာရီမှ ၉ နာရီအထိ ကံအကြောင်း မိမိသိနားလည်ထားသည့်အတိုင်း မိတ်ဆက်နိဒါန်းအဖြစ် ပြောပြခြင်းဖြစ်ပါသည်။ သင်တန်းပြီးသည့်အခါမှာ သင်တန်းသူသင်တန်းသားများအဖို့လည်း တစ်စုံတရာ လက်တွေ့ဘဝတွင် အကျိုးရှိမည်ဟု စာရေးသူ မျှော်လင့်မိ၏။ မှန်ပါသည်။  မြတ်စွာဘုရားကတော့ ဝေနေယျသတ္တဝါတို့၏ အလိုအဇ္ဈာသယကိုကြည့်ပြီး "အနာနှင့်ဆေး တည့်အောင်ပေး" ဆိုသလို တရားဓမ္မကို ကွက်တိဟောတော်မူသောကြောင့် မြတ်ဗုဒ္ဓ၏တရားပွဲတိုင်းသည် ဘယ်သောအခါမှ အချည်းအနှီးမဖြစ်ခဲ့။ ဒေသနာတော်အဆုံးမှာ ဝေနေယျသတ္တဝါတို့ သရဏဂုံတည်မှုအစ မဂ်ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုကြသည်အဆုံး အားလုံးအကျိုးကျေးဇူးများလှသည်ကို ပိဋကစာပေတွေမှာ တွေ့နိုင်ပါ၏။    မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ ခက်ခဲနက်နဲသည့် ကံကြမ္မာအကြောင်းကို စာဖတ်သူများအား မျှဝေသောအားဖြင့် ဆောင်းပါးတစ်ပုဒ်အဖြစ် ရေးလိုက်ခြင်းဖြစ်ပါသည်။
ကံကြမ္မာဟူသော စကားသည် ဘာသာဝင်တိုင်း သို့မဟုတ် လူတိုင်းပါးစပ်ဖျားမှာ ရေးပန်းစားလျက်ရှိ၏။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တို့နှတ်ဖျား၊ အသိုင်းအဝိုင်းမှာ ပိုမိုရေးပန်းစားသည်ဟု ဆိုနိုင်၏ ။ ပညာရှင်တို့သည်လည်း Kamma Theory (ကံအကြောင်းဒဿန), Kamma and Rebirth (ကံနှင့်ဘဝသံသရာ), Kamma and Liberation (ကံကြမ္မာနှင့် ဘဝလွတ်မြောက်ရေး) စသည်ဖြင့် ရှု့ဒေါင်းမျိုးစုံမှ တင်ပြကြပေ၏။ ဗုဒ္ဓအဘိဓမ္မာမှာ ကံကြမ္မာအကြောင်း မြောက်များစွာ တွေ့ရ၏။ ကံကြမ္မာ၏ အရေးကြီးသည့် အခန်းကဏ္ဍများ ပြည့်လျှံနေ၏ ။ ဗုဒ္ဓဘာသာဝင်တို့၏ အဓိကဇာတ်ကောင်မှာ ကံကြမ္မာပင်ဖြစ်သည်ဟု လက်ခံယုံကြည်ထားကြ၏ ။ ဗုဒ္ဓဘာသာဝင်တို့သည် ကံကြမ္မာအကောင်းအဆိုးကို လိုက်၍ မိမိတို့၏ဘဝ အတက်အကျ ဖြစ်ကြရသည်ဟု လက်ခံကြ၏ ။ ကံဇတ်ဆရာ စေလိုရာ ကပြအသုံးတော်ခံကြရ၏။ ထို့ကြောင့် မိမိတို့၏ ဘဝရပ်တည်ရေးသည် မိမိကံကြမ္မာပေါ်တွင် အလွန်မူတည်လျက်ရှိ၏။  ဤအချက်ကို ဗုဒ္ဓဘာသာဝင်တို့ သိပ်ငြင်းချက်ထုတ်မည် မဟုတ်ပေ။ ငြင်းဆန်သူသည် မြတ်ဗုဒ္ဓ၏ ဘဝလွတ်မြောက်ရေးလမ်းစဉ်မှ သွေဖီသူဟု ကင်ပွန်းတပ်ခံရပေလိမ့်မည်။
ဥတု ဗီဇ၊ ကံ ဓမ္မ၊ စိတ္တ နိယာမာ ဆိုသည့်အတိုင်း နိယာမ ငါးမျိုးတွင် တပါးအပါဝင်ဖြစ်သော ကမ္မနိယာမအလိုအရ သတ္တဝါတိုင်းမှာ ရှေးအတိတ်ကပြုလုပ်ခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံများ၏ အမွေကိုလည်း ခံစားတတ်ပါသည်။ ကံဆိုသည်မှာ အလုပ်ပင်ဖြစ်ပါ၏။ 'စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ" ဟူသော ဒေသနာတော်အရ ထိုအလုပ်ကိုပင် စေတနာ ဟုလည်း ဝေါဟာရတမျိုးဖြင့် ခေါ်နိုင်ပါသည်။ ထို့ကြောင့် အလုပ်ကောင်းလျှင် သို့မဟုတ် စေတနာကောင်းလျှင် ကံကောင်းသည် ဟု ဆိုကြ၏။ အလုပ်မကောင်းလျှင် စေတနာမကောင်းလျှင် ကံမကောင်းဟု အပြန်နားလည်ရ၏။ ကမ္မ- အလုပ်ဆိုသည်မှာလည်း အမြဲတမ်းလှုပ်ရှားနေရ၏။ ကိုယ်နှတ်စိတ် သုံးပါး လှုပ်ရှားနေသမျှ ကံတစ်ခုခု ဖြစ်နေ၏။ ကိုယ်လှုပ်ရှားနေလျှင် ကာယကံဖြစ်ပေမည်။ နှတ်လှုပ်ရှားပါက ဝစီကံ ဖြစ်၏။ စိတ်မနော ကြံစည်လှုပ်ရှားသမျှ မနောကံဖြစ်ပေ၏။ ကံကြမ္မာ၏နယ်ပယ်သည် အလွန်ပင် ကျယ်ဝန်းလှ၏။ ဘဝသံသရာ မကုန်ဆုံးသေးသမျှ ကံကြမ္မာ၏ နယ်ပယ်မှ လွတ်နိုင်မည် မဟုတ်ပေ။ သတ္တဝါတိုင်း ရုန်းကန်လှုပ်ရှားနေရ၏။ လှုပ်ရှားတိုင်း ကံတွေ ဖြစ်နေ၏။ အကယ်၍ လှုပ်ရှား ရုန်းကန်မှု မရှိတော့လျှင် ကံကြမ္မာကုန်ခမ်းသွားသူ (ရဟန္တာ) ဟု ဆိုနိုင်ပေ၏ ။
အဘိဓမ္မာအလိုအရ တရားဓမ္မတို့သည် အကြောင်းပေါင်းစုံမှ အကျိုးအကြောင်း အခြေအနေ တိုက်ဆိုက်မှု (conditions) များ ပေါင်းဆုံမှ ဖြစ်ပေါ်တတ်ကြ၏ ။ အကြောင်းမဲ့ ဖြစ်ရိုးထုံးစံမရှိ။ ကမ္မသတ္တိ တောက်ပြောင်ဖို့အတွက် အခြေခံ ကြိုးစားမှု ဝီရိယစွမ်းအင်(Effort or Energy) ရှိမှသာ ဖြစ်နိုင်၏။ ကြိုးစားမှုစွမ်းအင် မရှိလျှင် မည်သည့် လှုပ်ရှားမှု ကမ္မ(ကံစွမ်းအင်) မဖြစ်နိုင်ပေ။ ကြိုးစားမှု ဝီရိယစွမ်းအင် နည်းလျှင် နည်းတာနှင့်အမျှ ကံစွမ်းအင်လည်း နည်းပါးနိုင်၏။ ကြိုးစားမှုစွမ်းအင် လုံးဝရပ်ဆိုင်းသွားလျှင်လည်း အလိုအလျှောက် ကံစွမ်းအင် ရပ်ဆိုင်းသွားနိုင်၏ ။ ထို့ကြောင့် ကံကြမ္မာ ကံစွမ်းအင်သည် ဝီရိယအပေါ်မှာလည်း မူတည်နေ၏။
ကြိုးစားမှု ဝီရိယတွင်လည်း မပြီးသေး။ လုပ်ငန်းတစ်ခုခုကို အကောင်ထည်ပေါ်စေချင်သည့် ဖြစ်ချင်မှု ဆန္ဒ(Desire, Will or Wish to do) ကြောင့်သာ ကြိုးစားလုပ်ဆောင်ခြင်း ဝီရိယဖြစ်၏။ ထိုကြောင့် အကောင်အထည် ပေါ်စေချင်သည့် ဆန္ဒ(ဖြစ်ချင်မှု)သည် လက်တွေ့အကောင်ထည်ပေါ်အောင် ကြိုးစားလုပ်ဆောင်သည့် ဝီရိယ၏ အခြေခံအကြောင်းတရားဖြစ်လာပြန်၏။ ဖြစ်ချင်သည့် ဆန္ဒတရားသည်လည်း စိတ်ဓာတ်ကို နှိုးဆော်တတ်ခြင်းနှင့် စိတ်ဓာတ်တက်ကြွအောင် စွမ်းဆောင်တတ်သည့် စေတနာ(Motivation) အပေါ် အပြန်အလှန်မှီတွယ်နေ၏။ တက်ကြွအောင် နှိုးဆော်တတ်သည့် စေတနာတရား၏ တွန်းအားကြောင့်သာ ဖြစ်ချင်မှု ဆန္ဒ ဖြစ်ပေါ်လာနိုင်ပေ၏။ စေတနာသည်လည်း အကြောင်းမဲ့တော့ ဖြစ်လာသည်မဟုတ်။ စိတ်ဓာတ်သည်လည်း အကြောင်းမဲ့ မတက်ကြွနိုင်ချေ။ မိမိ၏စိတ်ဓာတ်ယုံကြည်ချက် သဒ္ဓါ (Confidence or Faith) ရှိမှ နှိုးဆော်တက်ကြွမှု စေတနာဖြစ်လာနိုင်၏။ ယုံကြည်ချက်ကင်းမဲ့လျှင် တက်ကြွမှု မရှိလာနိုင်။ ယုံကြည်ချက် အားကောင်းတောင့်တင်းမှသာလျှင် တက်ကြွမှု စေတနာတရား လှုပ်ဆော်မှုတက်ကြွမှု ခိုင်မာပြင်းထန်လာတတ်၏။ ထို့ကြောင့်တက်ကြွသည့် စေတနာသည်လည်း ယုံကြည်မှု သဒ္ဓါတရားအပေါ်တွင် အခြေခံပြန်၏။ ဗုဒ္ဓဘာသာအလိုအရ ယုံကြည်မှုသည်လည်း မျက်ကန်းယုံကြည်မှု Blind Faith or Belief တော့ မဖြစ်ရ။ အသိဥာဏ်အခြေခံရမည် ဖြစ်၏။ အသိဥာဏ်အလိုက်သာ ယုံကြည်မှု ဖြစ်ပေါ်တတ်၏။ အသိဥာဏ်ပညာ မှန်ကန်လျှင် မှန်ကန်သလောက် ယုံကြည်ချက်သဒ္ဓါမှန်ကန်လာမည် ဖြစ်၏။ အသိဥာဏ်ပညာ မှားယွင်းဖောက်ပြန်လျှင် အမှားကို အမှန်၊ အမှန်ကိုအမှားအဖြစ် ယုံကြည်လက်ခံသွားတတ်၏။ အသိဥာဏ်ပိုမို နက်နဲခိုင်မာ သိမ်မွေ့သည့်အလျှောက် ယုံကြည်ချက်သည်လည်း ပိုမို မှန်ကန်ခိုင်မြဲတတ်၏။ ထို့ကြောင့် ယုံကြည်ချက်(သဒ္ဓါ)သည် ဥာဏ်ပညာ၏ အထောက်ကူရမှသာ ပညာအခြေခံရမှသာ ကောင်း၏။
အသိဥာဏ်ပညာသည်လည်း ဥပနိဿယ ပတ်ဝန်းကျင် မှီရာကောင်းအလိုက် ကွဲပြားခြားနားတတ်၏။ အသိပညာ ရရှိဖို့ကလည်း ပတ်ဝန်းကျင်ကောင်း မှီရာကောင်း ဥပနိဿယရရှိမှသာလျှင် ပိုမိုတောက်ပြောင်၏။ ပတ်ဝန်းကျင်ကောင်းလျှင် အသိပညာကောင်းလာနိုင်၏။ ပတ်ဝန်းကျင် ဆိုးဝါးလျှင်လည်း ပညာ၏ဆန့်ကျင်ဖက် မောဟ- မသိမိုက်မဲမှုတွေနှင့် ရင်ဆိုင်ရတတ်၏။ ဥပမာ လူမိုက်နှင့် ပေါင်းဖက်ရလျှင် မိုက်မဲမှု မောဟတရား ဖုံးလွှမ်းပြီး မှားယွင်းသည့် အသိပညာများသာ ဖြစ်ပေါ်ကာ အမှားကို လက်ခံယုံကြည်လျှက် အမှားကံကြမ္မာသာ လည်ပတ်တတ်၏။ အပြန်အားဖြင့် ပညာရှိသူတော်ကောင်းတို့နှင့် ပေါင်းသင်းရပါက သို့မဟုတ် မှီရာကောင်းရပါက ကောင်းသည့် စိတ်ဓာတ် ကောင်းသည့် အသိဥာဏ်များ ကိန်းအောင်းလာတတ်၏။ များသောအားဖြင့် ပုထုဇဉ်တို့၏ စိတ်သည် မကောင်းမှု၌ မွေးလျှော်တတ်သောကြောင့် မူလဗီဇ၌ပင် မိုက်မဲတတ်သည့် အသိဥာဏ်ကို လက်ခံလွယ်တတ်၏။ ကောင်းသည့် အသိဥာဏ်များကတော့ ငုပ်လျှိုးနေတတ်သဖြင့် လက်ခံဖို့ ခက်ခဲနေတတ်၏။ ဤသည်ပင်လျှင် ဆိုးဝါးလှသည့် ကံကြမ္မာများ ဖြစ်လာဖို့ တံခါးဖွင့်ပေးလိုက်သလို ဖြစ်လာ၏ ။
မိမိပတ်ဝန်းကျင် ဥပနိဿယကို မိမိကံကြမ္မာက ဖန်တီးပေးနိုင်သလို ပတ်ဝန်ကျင် မှီရာကောင်းကလည်း မိမိကံကြမ္မာကို ပြောင်းလဲပြစ်တတ်၏။ သို့သော် ပတ်ဝန်းကျင်ဟူသည် ပြောင်းလဲနိုင်သော အခြေအနေပင် ဖြစ်၏။ ပတ်ဝန်းကျင်ကောင်း မှီရာကောင်းနှင့် တွေ့ကြုံသူများကို၊ အဆင်ပြေသည့် ပတ်ဝန်းကျင်နှင့် တွေ့ကြုံသူများကို ကံကောင်းသူဟု ကင်ပွန်းတတ်ကြပြီး အဆင်မပြေသည့် ပတ်ဝန်းကျင်နှင့် တွေ့ကြုံနေရသူများကို ကံဆိုးသူဟု သတ်မှတ်ကြ၏။ "သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့" ဆိုသကဲ့သို့ သတ္တဝါတို့သည် မိမိ၏ လှုပ်ရှားမှု ကံကောင်းမွန်လေလေ ကောင်းမွန်သည့် ပတ်ဝန်းကျင် မှီရာကောင်း ဥပနိဿယနှင့် တွေ့ကြုံရလေလေ ဖြစ်၏။ ထို့ကြောင့် ကောင်းမွန်သည့် မှီရာကောင်း ပတ်ဝန်းကျင် အသိုင်းအဝိုင်း ရှိလိုသူသည် မိမိ၏ စေတနာ တွန်းအား ကောင်းမွန်စွာ လှုပ်ရှားနေဖို့ အထူးလိုအပ်လှပေ၏ ။ ပတ်ဝန်းကျင်ကောင်းလျှင် ချမ်းသာသုခ ရမည်ဖြစ်၏။ မကောင်းသည့် ပတ်ဝန်းကျင် နေထိုင်ရသူများသည် စိတ်ချမ်းသာမှု မရနိုင်ကြ။ အမြဲတမ်း ရန်ဖြစ်နေတတ်သည့် အိမ်အနီးနားမှာ နေရသူသည် မိမိအိမ်မှာ ရန်မဖြစ်သော်လည်း ဆဲဆိုသံများကြားနေရသဖြင့် ဘယ်သောအခါမှ နားချမ်းသာလိမ့်မည်မဟုတ်၊ နားဆင်းရဲမှု ကြုံနေရမည်ပင်ဖြစ်၏။ စိတ်ဆင်းရဲနေလျှင် မနောကံ လှုပ်ရှားမှုလည်း ကောင်းနိုင်မည်မဟုတ်ပေ။ အပြန်အလှန် ဆက်စပ်ဖြစ်ပေါ်နေ၏။ ထို့ကြောင့် ပတ်ဝန်းကျင်ကောင်းထံမှ ကံကြမ္မာကောင်းများ အခြေခံအဖြစ် ဖြစ်ပေါ်လာ၏။
ပတ်ဝန်းကျင်က ကံကြမ္မာကို ပြောင်းလဲပစ်နိုင်သည်ဟု ဆိုရာမှာ စိတ်ဝင်စားစရာကောင်း၏။ ဘုရားလောင်း သိဒ္ဓတ္ထ မင်းသားသည် ဘုရားဖြစ်ဖို့ရန် နိယတဗျာဒိတ်ပန်း ပန်ဆင်ခဲ့ပြီး၏။ ပါရမီ ဆယ်ပါး(Ten Perfections) ဟုခေါ်သော ဘုရားဖြစ်ရန် ဘာသာရပ်ကြီး ၁၀ ပါးကို အပြီးအပိုင် ဖြည့်ကျင့်ဆည်းပူး အားထုတ်ကာ ဘုရားဖြစ်ဖို့ ရာနှုန်းပြည့် အောင်မှတ်များ ရရှိပြီးဖြစ်၏။ နောက်ဆုံးဘဝမှာ ဘုရားဖြစ်ဖို့ ကျိန်းသေသော်လည်း ခမည်းတော် သုဒ္ဓေါဓန မင်းကြီး၏ စီမံချက်အရ ရမ္မ၊ သုဘ၊ သုရမ္မ ဟူသော ရွှေနန်းမသုံးဆောင်မှာ ကာမဂုဏ်ပတ်ဝန်းကျင်တွင် နစ်မွန်းနေခဲ့ရသေး၏။ ဤသည်မှာလည်း မကောင်းသည့် ပတ်ဝန်းကျင်ကြောင့် အလောင်းတော်မင်းသိဒ္ဓတ္ထ အခိုက်အတန့် ဘဝမေ့နေသည်ဟုပင် ဆိုနိုင်၏။ ဘုရားဖြစ်နိုင်သည့် မူလဗီဇ အသိဥာဏ်ကောင်းများ ကိန်းအောင်းနေသော်လည်း ပတ်ဝန်းကျင် ကာမဂုဏ်အာရုံသစ်များ ဖြစ်ပေါ်စေရန် ခမည်းတော်ကြီးက ဖန်တီးပြောင်းလဲပစ်လိုက်၏။ တနည်းအားဖြင့် ကာမဂုဏ်အာရုံ ပတ်ဝန်းကျင်အသစ်ဖြင့် အစားထိုးခံလိုက်ရခြင်းပင်ဖြစ်၏။ သို့သော် ပါရမီတို့၏ နှိုးဆော်မှုကြောင့် ဥယျာဉ်တ်ေထွက်စဉ် သူအိုသူနာသူသေရဟန်း နိမိတ်ကြီးလေးခန်း မြင်တွေ့သောအခါ တောထွက်ရန်စဉ်းစားလာပြန်၏။ ပတ်ဝန်းကျင်တွေ့ကြုံမှုအလိုက် ကံလှုပ်ရှားမှု ပြောင်းလဲလာပြန်၏။ သိဒ္ဓတ္ထမင်းသားအဖို့ ပတ်ဝန်းကျင်အသစ်ထံမှ အသိဥာဏ်အသစ်များ ဖြစ်ပေါ်လာပြန်၏။ နိမိတ်ကြီးလေးပါး မမြင်ရလျှင် ပတ်ဝန်းကျင်ကာမဂုဏ်အသိုင်းဝိုင်းမှာ နစ်မျောလျက် အသိဥာဏ်သစ်များ မပေါ်လာနိုင်ပေ။
ထို့ပြင် ကိသာဂေါတမီ၏ ရွှေနန်းရင်ပြင် "နိဗ္ဗူတာနူန သာ မာတာ" စသော နိဗ္ဗူတ ငြိမ်းချမ်းရေး တေးသီချင်းသံ ကြားရပြန်တော့ ဘဝများစွာသံသရာမှာ ငြိမ်းချမ်းရေး နိဗ္ဗူတအတွက် ဘုရားဖြစ်ဖို့ အားထုတ်ခဲ့ရသော ဘုရားလောင်း၏ စိတ်ဓာတ်အဟုန်သည်လည်း သူ၏နှလုံးသားမှာ ရိုက်ခတ် တုန်လှုပ်ခံစားလိုက်ရ၏။ သူအိုသူနာသူသေ ဟူသော နိမိတ်ကြီး သုံးပါးမြင်စဉ်တုန်းက ကြောက်လန့်တုန်လှုပ်ခဲ့သော စိတ်နှလုံးသည် ပတ်ဝန်းကျင်အာရုံသစ်ဖြစ်သည့် ရဟန်းဘဝ၏ တည်ငြိမ်အေးချမ်းမှု၊ ကိသာဂေါတမီ၏ သားချော့ တေးသီချင်းသံ ကြားလိုက်သသည့်အခါ အိုနာသေရေး ကင်းဝေးရာ ငြိမ်းချမ်းရေး ငြိမ်းချမ်းမှု နိဗ္ဗူတသည် သူ၏ ဦးတည်ချက် ပန်းတိုင်ပင် ဖြစ်ကြောင်း ကောင်းကောင်းကြီး သဘောပေါက်သိမြင်လာတော့၏။ တနည်းဆိုရလျှင် သမဏဘဝ၏ငြိမ်းချမ်းမှု၊ နိဗ္ဗူတ-ငြိမ်းချမ်းရေး တေးသီချင်းသံဟူသော ပတ်ဝန်းကျင်သစ်မှ အသိဥာဏ်ရလိုက်ခြင်းပင်ဖြစ်၏။ ထိုကဲ့သို့ ပတ်ဝန်းကျင်အသစ်မှ နိမိတ်ကောင်း မြင်ကြားမှု တို့သည်လည်း ရှေးအတိတ်အဆက်ဆက်က မင်းသိဒ္ဓတ္ထ၏ နိဗ္ဗူတ အတွက် ကြိုးစားအားထုတ်ခဲ့သော ကံကြမ္မာ အရင်းအနှီးကြောင့်သာ မြင်ကြားလာရခြင်း ဖြစ်ပေ၏။
ကံကြမ္မာအလှည့်အပြောင်းဖြစ်စဉ်၌ လူမှုရေး စီးပွားရေး ကြီးပွားရေး ကျန်းမာရေး ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာ ပြည့်စုံကြွယ်ဝရေး စသည်ဖြင့် လောကီရေးရာမှာ ဖြစ်စေ၊ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက်ပြုရန်ဖြစ်စေ အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ်၊ စက္ကသုတ်လာ တရား လေးပါးသည် အလွန်အရေးပါလှ၏။ ယင်းတရားလေးပါးတို့ကား
၁။ သင့်လျော်သည့်နေရာ အရပ်ဒေသ၌ နေရခြင်း၊
၂၊ ရှေးကပြုခဲ့ဖူးသည့် ကောင်းမှုကုသိုလ်အထူး ရှိခြင်း၊
၃။ ဆရာသမားကောင်း၊ မိတ်ကောင်း ဆွေကောင်း သူတော်ကောင်း မှီရာကောင်း ရှိခြင်း၊
၎။ မိမိစိတ်ကို ကောင်းစွာ တည်ဆောက်ထားနိုင်ခြင်း၊ ဟု လေးမျိုးလာရှိ၏။
ဤတရားလေးပါးတို့တွင် နံပါတ်(၂) ဖြစ်သည့် "ရှေးကပြုခဲ့ဖူးသည့် ကောင်းမှုကုသိုလ်အထူး ရှိခြင်း" သည်အဓိကဖြစ်၏။ ယင်းကောင်းမှု ကုသိုလ်အထူးက "သင့်လျော်လျောက်ပတ်သည့် အရပ်ဒေသကိုလည်း ပေးပို့နိုင်၏။ ဆရာကောင်းသမားကောင်း သူတော်ကောင်းတည်းဟူသော ဥပနိဿယ-မှီရာကောင်းရအောင်လည်း စီမံပေးနိုင်၏။ မိမိကိုယ်စိတ်နှစ်ပါးကို တည့်မတ်အောင် ကောင်းစွာတည်ဆောက်နိုင်စွမ်းရှိ၏" ဟု စတုက္ကနိပါတ် အင်္ဂုတ္တရနိကာယ်နှင့် သဂီ င်္တိသုတ် ဒီဃနိကာယ်အဌကထာစကားတို့အရ သိနိုင်၏။ အနုမာနနည်းအားဖြင့် လူသားတို့မှာ ဗီဇနိယာမ ကမ္မဗီဇကောင်းက အဓိကကျသည်ဟု ဆိုနိုင်၏။ သို့သော် သပြေကန်ဆရာတော်ကြီး၏ သုံးသပ်ချက်ကတော့ "ဆိုခဲ့ပြီး အချက်များမှာ တကယ့်ပါရမီပြည့်စုံပြီးသော ပစ္ဆိမဘဝိကတို့အတွက်သာ လုံလောက်ရာ၏၊ သာမန်ကောင်းမှုရှင်(ပါရမီရှင်) များ၌ကား စိတ်မချရသေး၊ ရှင်ဒေဝဒတ်သည် (သင့်လျှော်သောအရပ်) ပဋိရူပဒေသဝါသ ၌လည်းဖြစ်ရ၊ တကယ့် သပ္ပုရိသ ဘုရားရှင်ကိုလည်း မှီရ၊ (လောကီဈာန်အဘိညာဉ်ရသည်အထိ) ရှေးကောင်းမှုလည်း ရှိခဲ့သည်သာ၊ သို့သော် မိမိစိတ်ကို ကောင်းအောင်တည်ဆောက်နိုင်မှု (အတ္တသမ္မာ ပဏိဓိ) ပျက်ကာ အကျိုးမဲ့ ဆုံးရှုံးခဲ့ရရှာ၏။ အဇာတသတ်မင်းသည်လည်း ကောင်းမှု(ပါရမီရှင်) တစ်ဦးပင်၊  ဖခင် သောတာပန် သူတော်ကောင်းကြီး(ဗိမ္ဗိသာရမင်းကြီး)ကို အမှီရပါလျက် ရှင်ဒေဝဒတ်နှင့် အပေါင်းမှားကာ အတ္တသမ္မာပဏိဓိစက် ပျက်ခဲ့၍ နစ်နာရရှာသည်။ ဤအချက်ကား ပုထုဇ္ဇနဂတိ၏ စိတ်မချရသည့် အဖြစ်ကို ဖော်ပြလျက်ရှိရာ စိတ်ချရသော အရိယာဘူမိသို့ ရောက်ရေး အလေးပေးကာ ကြိုးစားသင့်ကြောင်း သတိပေးလျက်ရှိသည်။ (သပြေကန် ပရိတ်ကြီး နိဿယသစ် ၁၂၅)။ ဆရာတော်ကြီး၏ သုံးသပ်ချက်အရ ပစ္ဆိမဘဝိကသား စစ်စစ်တို့မှာ ဗီဇက ပမာဏလိုရင်းဖြစ်ပြီး သာမန်ကုသိုလ်ရှင် ပါရမီရှင်၊ ပုထုဇဉ်များမှာ ပတ်ဝန်းကျင်က အဓိကကျလှ၏။ ပတ်ဝန်းကျင်ကောင်းလျှင် ကံကောင်းမည်ဖြစ်၏ ။
ကံ ဥာဏ် ဝီရိယ ဆန္ဒ စေတနာ သဒ္ဓါ ဥပနိဿယ တရားတို့သည် အပြန်အလှန် မှီတွယ်နေမည်သာဖြစ်၏။ ထို့ကြောင့် ကံလှုပ်ရှားမှု မှန်သမျှကို အသိဥာဏ်ပညာဖြင့် ထိန်းကွပ်ရန် လိုအပ်၏။ အကွပ်မရှိတဲ့ ကြမ်း ဗရမ်းဗတာ ဆိုသကဲ့သို့ အသိဥာဏ်မပါသော ကံသည် ဗရမ်းဗတာ ဖြစ်နိုင်၏။ အသိဥာဏ်ကင်းမဲ့သော ကံသည် အကျိုးပေး သန်မည်မဟုတ်၊ ချိနဲ့ ကြုံလှီသော အကျိုးကိုသာ ပေးတတ်၏။ တဖန် မိမိဘဝသံသရာလွတ်မြောက်ဖို့အတွက် အသိပညာကိုလည်း စုဆောင်းရမည်ဖြစ်၏။ ယင်းအသိပညာဖြစ်ပေါ်ဖို့ တကယ်လွတ်မြောက်ချင်သော စိတ်ဆန္ဒသည် ပြင်းပြရန်လိုအပ်၏။ ပြင်းပြသည့် စိတ်ဆန္ဒ၊ ဘဝလွတ်မြောက်ဖို့ အားထုတ်နိုင်သည့် အခွင့်အလမ်းကောင်းများ လိုအပ်၏။ ယင်းအခွင့်အလမ်းကောင်းဆိုသည်မှာ ဘဝလွတ်မြောက်ရေးအတွက် ပတ်ဝန်းကျင်ကောင်းခေါ်သည့် သပ္ပုရိသူပနိဿယ ပင်တည်း။ သပ္ပုရိသူပ သူတော်ကောင်း မှီရာကောင်း များနှင့် တွေ့ကြုံရလျှင် ထိုသူတို့၏ တရားဓမ္မ နည်းနာနိဿယများကို မှတ်သားနာယူခြင်း သဒ္ဓမ္မသဝန ဖြစ်လာနိုင်၏။ ယင်းတို့မှ တဆင့်ဖြစ်ပေါ်လာသည့် အသိဥာဏ်ပညာ ဦးစီးကွပ်ကဲသော ကံတရားသည် ဘဝလွတ်မြောက်ရေးသို့ ဦးတည်သွားနိုင်၏။ သာမန်ပုထုဇဉ်လူသားတို့သည် ကံကြမ္မာနှင့် ဆက်စပ်နေသည့် ဘဝသံသရာမှ လွတ်မြောက်နိုင်ဖို့ ခဲယဉ်းလှ၏။ ထို့ကြောင့် မြတ်ဗုဒ္ဓက ကံကြမ္မာနှင့်စပ် ဘဝသံသရာပြတ်နိုင်ဖို့ လွတ်လပ်ရေး လမ်းစ ရှာပေးခဲ့၏။ မိမိကံကြမ္မာ မိမိဖန်တီးရန် လမ်းဖွင့်ပေးခဲ့၏။ ဘဝလွတ်မြောက်ဖို့ အသိဥာဏ်ဖွင့်ပေးခဲ့၏။
ဗုဒ္ဓဝါဒအရ ကံကောင်းခြင်း ကံဆိုးခြင်းတို့ကို မိမိကိုယ်တိုင်ပင် ဖန်တီးခြင်းဖြစ်၏။ မိမိကံကြမ္မာကို မိမိဘာသာ လွတ်လပ်စွာ ဖန်တီးနိုင်သည့် အချုပ်အချယ်မဲ့ ဖန်ဆင်းရှင်မဲ့ လူသား ပုဂ္ဂိုလ်သတ္တဝါတစ်ဦးဖြစ်ကြောင်း ဗုဒ္ဓဝါဒက ဖော်ပြနေ၏။ သို့သော် အသိဥာဏ်နည်းပါးသည့် အန္ဓပုထုဇဉ်တို့သည် ကမ္မဝါဒကို လက်မခံဘဲ တန်ခိုးရှင်တစ်ဦးဦးက မစသလိုလို၊ ဖန်ဆင်းရှင်ကဘဲ ဖန်းတီးပေးသလိုလို ဖြစ်စဉ်တစ်ခုခုကို မျက်စိမှိတ် လက်ခံတတ်ကြ၏။ ထို့ကြောင့် မန်လည်ဆရာတော်ကြီးက
" အန္ဓဗာလ၊ လူထိုမျှတို့၊ ကမ္မဝီရိယ၊ မယုံကြဘူး။ သိဝမဟေ၊ ပရမေသွာ၊ ဗြဟ္မာဗိဿနိုး၊ တန်ခိုးကြီးမာ၊ နတ်ဘုရားတို့ ပေးစားဖန်ဆင်း၊ ဖြစ်တုံလျင်းဟု၊ ချွတ်ယွင်းသမှု၊ အမှားရှုသည်၊ တောင်သူယူလေ့ ယူလာတည်း" ဟု မိန့်တော်မူ၏" ဆရာတော်ကြီးက "တောင်သူ ယူလေ့ယူလာတည်း" ဟု ဆိုထားသော်လည်း ယနေ့ခေတ် မြို့ကြီးသားများ၊ နိုင်ငံကြီးသားများပင် ဗြဟ္မဏဝါဒမှာလာသည့် တန်းခိုးကြီး မဟေသရ ဖန်ဆင်းရှင် ဗြဟ္မာဗိဿနိုးများကို ကိုးကွယ်ခြင်း၊ ဝိဇ္ဇာ၊ ဘိုးတော်၊ နတ်ဒေဝါများကို ပူဇော်သခြင်း များကို ခေတ်စားနေကြပါ၏။ ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်သူ စစ်စစ်ဟုပင် မိမိကိုယ်ကို ပြောရန် ခက်လိမ့်မည်ထင်၏။ မိမိ၏လက်တွေ့ကံတရား၏ အကျိုးပေးမှုကို ပစ်ပယ်ထားပြီး ယင်းကဲ့သို့ နတ်ဒေဝါစသည်များကို ပူဇော်ပသခြင်းမှ တစ်စုံတရာ အကျိုးထူးတွေ့ကြုံခံစားရသည်ဟု ထင်ယောင်မှားတတ်ကြ၏။ ထိုကဲ့သို့ အကျိုးပေးခဲ့သော် ယင်းအကျိုးပေးမှုသည် ပူဇော်ပသမှုကြောင့်မဟုတ်ဘဲ "မိမိ၏ မမြင်နိုင်သည့် ရှေးကံဟောင်းတွေ၊ ကံဟောင်းစားတွေ" ဟုပင်ဆိုရမည်ဖြစ်၏။
ကံသာပဓာနဟု ဆိုခဲ့ပြီးဖြစ်သော်လည်း ယင်းကံကို မြတ်ဗုဒ္ဓက အရင်းမူလ ပဓာနအခြေခံ အဖြစ်သာ ဟောကြားခဲ့ခြင်း ဖြစ်၏ ။ " အရင်းဆိုသည်မှာ" အရောင်းအဝယ် စီးပွားရေးသမားများအဖို့ "အရင်းအနှီးမျှသာ" ဖြစ်၏။ စိုက်ပျိုးရေးသမားများအနေနဲ့ မျိုးစေ့သဘောလောက်ပင် ဖြစ်၏။ စည်းပွားချမ်းသာ တိုးတက်ဖို့ လောကစည်းစိမ်အမျိုးမျိုး ကြီးပွားဖို့ဆိုလျှင် ယင်းအရင်းအနှီးကို အခြေခံလျက် ဥာဏ်၊ဝီရိယ၊ ပယောဂ စသည်များကိုလည်း အကောင်ထည်ဖော်ပေးရမည် ဖြစ်၏။ မည်သည့် မျိုးစေ့မျှ စိုက်ပျိုးရေးသမား၏ အားထုတ်မှု မပါဘဲ သူချည်းသက်သက် ပေါက်ရောက်သီးပွင့်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ မည်သည့်အရင်းအနှီးမျှ စီးပွားရေးပညာမျက်စိ၊ ကြိုးစားအားထုတ်မှု ဝီရိယ မပါလျှင် တိုးတက်ကြီးပွားလာ လိမ့်မည် မဟုတ်။ မိမိလုပ်ကိုင်မည့် အလုပ်နှင့်ပတ်သက်သည့် လိုအပ်သော အရည်အချင်း အသိပညာ လုံ့လဝီရိယ ပယောဂတို့ လိုအပ်လှပေ၏။ မန်လည်ဆရာတော်ကြီး၏ မဃဒေဝလင်္ကာသစ် စာပိုဒ် ၂၄၅ မှာ
" ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ပြောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ဌာန်၌၊ ဥာဏ် ဝီရိယ၊ ပယောဂတည်း" ဟု ဆုံးမတော်မူ၏ ။
ထို့ပြင် ကာလဒေသ အချိန်အခါ တို့ကို ဝေဖန်သုံးသပ်နိုင်စွမ်းရှိပြီး ကြိုးစားအားထုတ်ပါက မူလဘူတ အရင်းအနှီးများ တိုးပွားစည်ပင်လာနိုင်၏။ ဤအရာနှင့်စပ်၍ မန်လည်ဆရာတော်ကြီးကပင် မဃဒေဝလင်္ကာ၌….
" ကာလဒေသ၊ပုဂ္ဂလကို၊ နှိုင်းဆအပ်တုံ၊ ကံကိုယုံ၍၊ မီးပုံအတွင်း၊ မဆင်းထိုက်စွာ၊ ကျားရဲရာလည်း၊ ကြမ္မာအကြောင်း၊ မရိုးကောင်းဟု၊ သူဟောင်းရှေးက၊ ဆိုကုန်ကြ၏" ဟု မိန့်တော်မူထား၏။
 မှန်ပါ၏။ မီးဆိုသည်မှာ ပူလောင်တတ်သည့်သဘောရှိပါလျှက် အသိဥာဏ်မရှိဘဲ မီးပုံထဲခုန်ဆင်းကာ လောင်သောအခါမှ " ငါ့နှယ် ကံဆိုးလိုက်လေချင်း" ဟု မပြောသင့်ပေ။ ထို့အတူ ဥပုသ်စောင့်သောကျားဆိုတာ လောကမှာ မရှိ၊ ကျားကိုက်တတ်သည့်တောထဲကို အကာကွယ်မဲ့ သွားပါက ကျားကိုက်ခံရတာမျိုးကိုလည်း ကံကိုလှည့်မချသင့်ပေ။ မိမိ၏ အသိဥာဏ်မဲ့မှုပင် ဖြစ်၏။ ကြိုးစားမှု လုံးလ ပယောဂသည်လည်း အသိဥာဏ်ယှဉ်နိုင်မှ မှန်ကန်သည့် အားထုတ်မှုဟု ဆိုရမည်ဖြစ်၏။ မြန်မာစကားပုံတို့၌ " မိုးလွန်မှ ထွန်ချ၊ သူခိုးပြေးမှ ထိုးခွင်းထ" ဆိုတာမျိုးတို့သည် လုံ့လပယောဂ မှန်ကန်မှု မရှိသည်ကို ပြသနေ၏။ လသာတုန်း ဗိုင်းငင်၊ မိုးရွာတုန်းရေခံ ဆိုသလို အချိန်အခါအလိုက် ဥာဏ်ယှဉ်ကာ လုပ်ဆောင်ရမည် ဖြစ်၏။ လုံ့လပယောဂသည် ဥာဏ်ကူလို့ မှန်ကန်မှု မရှိဘဲ လုပ်ဆောင်ပါက မိမိလုပ်ဆောင်ချက် မအောင်မြင်လျှင်လည်း ကံကြမ္မာကိုချည်း ရိုးမယ် မဖွဲ့အပ်ပေ။ ဤအရာနှင့်ပတ်သက်ပြီး မန်လည်ဆရာတော်ကြီးက
"လုံ့လမထူ၊ ဥာဏ်မကူဘဲ၊ အယူတစ်ချောင်း၊ ကံတစ်ကြောင်းမျှ၊ မကောင်းလည်းကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာဥာဏ်ဖြင့်၊ သင့်မသင့်ကို၊ အခွင့်ရှု့၍၊ အပြုလုံ့လ၊ ရှိအပ်စွာ့တည်း" ဟု လမ်းညွှန်ထား၏။ ပညာဖြင့် သင့်မသင့်ဝေဖန်သုံးသပ်ပြီး အပြုလုံ့လ ပယောဂ မှန်ကန်ပါမှ သမ္မာဝီရိယ (Right Effort) စစ်စစ်ဖြစ်၏။ ထို မှန်ကန်သည့် ဝီရိယမျိုးကသာ အထူးသဖြင့် ကံအကျိုးကို ပိုမိုဖန်တီးပေးနိုင်စွမ်းရှိ၏။ လုံ့လပယောဂကို ဥာဏ်မကူသည့် ဖြစ်အင်ကို ဆရာတော်ကြီးက
" တံငါလက်တွင်း၊ ရောက်လျင်းတုံငြား၊ သုံးကောင်ငါးကို၊ မှတ်သားဝမ်းထဲ၊ နည်းယူစွဲလော့" ဟု သတိပေးဆုံးမတော်မူ၏။
မြစ်အတွင်းမှာ လှေဖြင့် ပိုက်ကွန်ပစ် ငါးဖန်းသည့် တံငါသည်တစ်ယောက်က ငါးသုံးကောင်မိ၏။ ထိုငါးသုံးကောင်တို့ကို လှေဝမ်းထဲ၌ ရေစပ်စပ်ထည့်ပြီး လွှတ်ထားလိုက်၏။ ထိုတွင် တစ်ကောင်သော ငါးသည် လှေထဲရောက်နေပြီဆိုတာ သိသောကြောင့် အသက်ဘေးမှ လွတ်အောင် ခုန်၏။ လှေနှုတ်ခမ်းကို မကျော်နိုင်တော့ ရေပြင်ထဲ မရောက်ဘဲ လှေဝမ်းတွင်းပင် ပြန်ပြန်ကျနေ၏။ အကြိမ်ကြိမ်ကြိုးစား ခုန်သော်လည်း သူ့၏အားထုတ်မှု အရာမရောက်၊ ကြာတော့ တံငါသည် သိသွားကာ စိတ်တိုသွားပြီး လှေတက်နှင့် ရိုက်သတ်ခံလိုက်ရ၍ သေရရှာလေ၏။
တစ်ကောင်သောငါးကလည်း "ငါတော့ ကံကောင်းလို့ ခုထိမသေသေးတာ၊ ကံကောင်းရင် နောင်လည်း ငါမသေနိုင်ဘူး၊ အချိန်တန်ရင် လွတ်မှာဘဲ၊ လွတ်အောင် အားထုတ်စရာ မလိုဘူး၊ ဒီအတိုင်းပဲ အေးအေးလူလူ မှိန်းလျက် လှေဝမ်းဗိုက်ထဲမှာ ငြိမ်နေတာ အကောင်းဆုံးဘဲဟု" ဆုံးဖြတ်လျက် အိမ်ထိပါသွားကာ ဟင်းစားဖြစ်သွားလေတော့၏။
တစ်ကောင်သော ငါးမှာမူ အခြေအနေ အခွင့်အခါကိုကြည့်လျက် ဥာဏ်ယှဉ်ကာ အသက်ရှင်လွတ်မြောက်အောင် အားထုတ်ဖို့ စိုင်းပြင်းနေ၏။ ပင်လယ်ပြင် လှိုင်းအပုတ်၊ လှေအလူး၊ လှေနှတ်ခမ်း ရေပြင်နှင့် ညီခမန်းဖြစ်လုနီးအချိန်မှာ တရှိန်ထိုးအားစိုက်ခုန်ချလိုက်တော့ တစ်ခါတည်း ရေထဲပြန်ရောက်သွားကာ အသက်ဘေးမှ ချမ်းသာရလေ၏။
ဤငါးသုံးကောင်တို့တွင် ပထမငါးသည် လုံ့လရှိ၏၊ ဥာဏ်မကူသဖြင့် အသက်ဆုံးရ၏။ သမိုင်းကြောင်းကောင်းလှသော်လည်း လိုရာခရီး မရောက်ခဲ့ပေ။ ဒုတိယငါးကတော့ လုံးလလည်း မထူ ဥာဏ်လည်း မကူသဖြင့် သေပွဲဝင်ရသည်ကိုတော့ အထူးဆိုဖွယ်မရှိ။ တတိယငါးသည် အတုယူထိုက်သည့် နမူနာပင်ဖြစ်၏။ လုံ့လဝီရိယ ပယောဂ မှန်ကန်ပြီး ဥာဏ်ကူလိုက်နိုင်သည့်အတွက် ဆက်လက် အသက်ရှင် ရပ်တည်ခွင့် ရနိုင်ခြင်းဖြစ်၏။
အထက်တစ်နေရာမှာ ဆိုခဲ့ပြီးသည့်အတိုင်း စက္ကသုတ်လာ "အတ္တသမ္မာပဏိဓိ- မိမိစိတ်ကို ကောင်းစွာတည်ဆောက်ထားနိုင်ခြင်း" ဆိုသည်မှာ ယခုဆိုခဲ့ပြီး ဥာဏ်၊ ဝီရိယ၊ လုံ့လပယောဂ တို့ ဟန်ချက်ညီညီ အထောက်အကူ မှန်မှန် ဆင်ခြင်သုံးသပ်နိုင်စွမ်း အားထုတ်နိုင်စွမ်းများ ပြည့်စုံအောင် ကြိုးစားအားထုတ်ခြင်းဟု ဆိုနိုင်၏။  ဤအချက်များကို ပြည့်စုံအောင် အားထုတ်မှု မရှိဘဲ အရာရာမှာ အောင်မြင်မှု မရှိပါက ကံကိုချည်း ပုံမချသင့်ပေ။
ရန်ကုန်သီတဂူဗုဒ္ဓတက္ကသိုလ်မှာ ၂၀၁၂ ခု၊ အောက်တိုဘာ ၆ ရက်၊ နံနက် ၈ နာရီမှ ၉ နာရီ အထိ တစ်နာရီအချိန်တိုလေးအတွင်းမှာ အဘိဓမ္မာသင်တန်းသူ သင်တန်းသား လူပုဂ္ဂိုလ်များအား နိဂုံးချုပ်အနေအာဖြင့် ကံတရား၏ကိစ္စ လုပ်ငန်းဆောင်တာ ဆောင်ရွက်ချက်အစွမ်းဖြင့် ကွဲပြားခြားနားသော ကံလေးပါးကို နိဂုံးချုပ်လျက် ထိုနေ့သင်တန်း သိမ်းဖြစ်ခဲ့၏ ။ ပဋိသန္ဓေ ပဝတ္တိအခါ ပစ္စုပ္ပန်ကံများ အကျိုးသစ်တွေကို ဖြစ်စေနိုင်သည့် ဇနကသတ္တိ ရှိသောကံ၊ သူကိုယ်တိုင် အကျိုးတိုက်ရိုက် ဖန်တီးပေးနိုင်စွမ်းမရှိသော်လည်း အထူးသဖြင့်အတိတ်ကံဟောင်းတွေကို ကူညီပံ့ပိုးပေးသည့် ဥပတ္ထမ္ဘကကံ၊ ကံတရားတွေကို အကျိုးပေးခွင့် ဆက်လက်ရှင်သန် ရပ်တည်ခွင့်မရအောင် နောက်ကနေ လိုက်လံ ဖိစီးနှိပ်စက်တတ်သောကံ၊ နှိပ်စက်ရုံတင်မကဘဲ အပြီးအပိုင် ကံတရားတို့ စွမ်းရည်သတ္တိကို နာလန်မထူနိုင်အောင် ဖျက်ဆီးသတ်ဖြတ်ပစ်လိုက်သည့်ကံ ဟု အဘိဓမ္မာလာ ကမ္မစတုက္က သင်ခန်းစာလေးဖြင့် အဆုံးသတ်ကာ တစ်ခန်းရပ်လျက် Ahhidhamma Class သင်တန်းကို ထိုနံနက်ခင်းအတွက် ရပ်နားလိုက်ပါတော့သည်။
အားလုံးကို ကျေးဇူးတင်ပါသည်။
မေတ္တာဖြင့်
ဒေါက်တာ သုတာစာရာလင်္ကာရ (မေ့သားလှ-ဇလဂ္ဂ)

No comments:

Post a Comment