သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၌
လူပုဂ္ဂိုလ်များအား လေးလတာ သောကြာစနေတင်္ဂနွေနေ့ ဓမ္မသင်တန်းလေး (၂၀၁၃ ဖေဖော်ဝါရီ ၃
ရက် တနင်္ဂနွေနေ့က) ပြီးဆုံးပြီဖြစ်သော်လည်း စာရေးသူပို့ချပေးခဲ့သည့် ဒုတိယဆင့်
သင်တမ်းမှတ်တမ်း မူကြမ်းလေးများကိုတော့ အချောသတ် ပုံမှန် မအားလပ်သဖြင့်
မရေးသားနိုင်ခဲ့ပါ။ အားလပ်သည့်အချိန်ခါ၌ တဖြည်းဖြည်း ပြန်လည်ပြီး
သင်တန်းမှတ်စုမှတ်တမ်း အဖြစ် ရေးသားထားမည်ဖြစ်ပါသည်။ ယနေ့ ဆက်လက်ရေးသည့်
စာတမ်းလေးကို တင်ပြလိုက်ပါ၏။ ပထမဆင့်တွင် ပို့ချပေးသည့်
သင်တန်းမှတ်တမ်းများကိုတော့ ရုပ်ရှင်ဒါရိုက်တာ ကို(ဒီပ)က ဗီဒီယိုမှတ်တမ်းအဖြစ်
ရိုက်ကူးထားသဖြင့် ကံကောင်းစွာ ကျန်ရှိပေသည်။
မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံပြီး
အင်္ဂတိုင်းအခြေအနေ
မဇ္ဈိမပဏ္ဏာသ
ဗြဟ္မဏဝဂ် ဃောဋမုခသုတ်ကိုလေ့လာခြင်းဖြင့် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံပြီး
အင်္ဂတိုင်းအခြေအနေကို သဲလွန်စ တွေ့နိုင်၏။ ယင်းသုတ်၌ အခါတစ်ပါး
မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက်ပိုင်း အရှင်ဥဒေန မထေရ်နှင့်
ဃောဋမုခပုဏ္ဏားကြီးတို့ တွေ့ဆုံဆွေးနွေးခန်းကို မှတ်တမ်းတင်ထား၏။ အရှင်ဥဒေန မထေရ်သည်
ခေမိယမ္ဗဝန မည်တွင် ခေမိယ သရက်တောဥယျာဉ်ကျောင်းတော်၌ သီတင်းသုံးတော်မူ၏။ ထိုစဉ်
ဃောဋမုခ ပုဏ္ဏားကြီးသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့်
ဗာရာဏသီမြို့တော်သို့ရောက်၍ မြို့ပြင်ဘက် အညောင်းပြေပျောက် လမ်းလျှောက်ထွက်ရာ
ယင်းခေမိယသရက်ဥယျာဉ် ကျောင်းတိုက်၌ တရားနှလုံးသွင်းကာ စကြံလျှောက်နေသော
အရှင်ဥဒေနမထေရ်ကို တွေ့မြင်လေ၏
မထေရ်မြတ်ကို
တွေ့သောအခါ ပုဏ္ဏားကြီးက စတင်ကာ မေးလျှောက်ထားပုံကို တွေ့ရ၏ ။
ပုဏ္ဏားကြီးလျှောက်ထားပုံ။
။ အရှင်ဘုရား ဥဒေန၊ ယခုအချိန်ခါမှာ တရားကျင့်နေကြသည့် ဓမ္မိက ပရိဗ္ဗာဇက
ရသေ့ရဟန်းတို့ မရှိတော့ပြီဟု ထင်မြင်မိပါ၏။ အရှင်ဘုရားနှင့် တွေ့ရမှ
တရားနှင့်လျှော်သော ရသေ့ရဟန်းတော်တို့ ရှိသေးကြောင်း သိရသည်ဟု လျှောက်ထား၏။
အရှင်ဥဒေနမထေရ်သည်
စင်္ကြံမှ သက်ဆင်းပြီး ကျောင်းတွင်းသို့ဝင်ကာ ပုဏ္ဏားကြီးကိုလည်း
သင့်လျှော်သည့်နေရာကိုပေးလျက် သူကိုယ်တိုင်လည်း သင့်တင့်သည့်နေရာ၌ ထိုင်တော်မူ၍ အကြောင်းအားလျှော်စွာ
ပုဂ္ဂိုလ်လေးမျိုးကို အသေးစိပ် ပုဏ္ဏားကြီးအား ဟောပြတော်မူ၏။
ယင်းပုဂ္ဂိုလ်လေးမျိုးမှာ အချုပ်အားဖြင့်
၁။
အတ္တန္တပ= မိမိနှင့် မိမိပတ်ဝန်းကျင်ကို ပူပန်စေတတ်၊ ဒုက္ခပေးတတ်သောပုဂ္ဂိုလ်၊
၂၊ပရန္တပ=
သူတစ်ပါးနှင့် သူတစ်ပါး ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ပူလောင် ဒုက္ခပေးသည့်
ပုဂ္ဂိုလ်၊
၃။
အတ္တ-ပရန္တပ= မိမိသူတစ်ပါး နှစ်ဦးသားနှင့် ယင်း၏ ပတ်ဝန်းကျင်ကို ပူလောင်
ဒုက္ခပေးသည့် ပုဂ္ဂိုလ်၊
၎။
နေဝအတ္တ န္တပ- နပရန္တပ= မိမိသူတစ်ပါး နှစ်ဦးသား၊ မိမိ သူတစ်ပါး ပတ်ဝန်းကျင်ကို
ပူလောင်မှု ဒုက္ခမပေးသည့် ပုဂ္ဂိုလ် ဟု ပုဂ္ဂိုလ်လေးမျိုးအကြောင်းကို ဟောပြတော်မူ၏။
ယင်းပုဂ္ဂိုလ်လေးမျိုးတို့တွင်
ဃောဋမုခပုဏ္ဏားကြီးသည် စတုတ္ထပုဂ္ဂိုလ်ဖြစ်သည့် နေဝအတ္တ န္တပ- နပရန္တပ= မိမိသူတစ်ပါး
နှစ်ဦးသား၊ မိမိ သူတစ်ပါး ပတ်ဝန်းကျင်ကို ပူလောင်မှု ဒုက္ခမပေးသည့်
ပုဂ္ဂိုလ်အကြောင်းကို အလွန်သဘောကျသွားသဖြင့် ပုဏ္ဏားကြီးက အရှင်ဘုရား ဥဒေနနှင့်
တရား၊ သံဃာအား ရာသက်ပန် ဆည်းကပ်ကိုးကွယ်သည့် ဥပါသကာအဖြစ် အသိအမှတ်ပြုပါဟု
လျှောက်ထားသည်ကိုသာ တွေ့ရ၏။
ထိုသို့
ဥပါသကာအဖြစ်လျှောက်ထားသောအခါ မထေရ်မြတ်က ပုဏ္ဏားကြီး ငါတို့ဆရာ ငါတို့ကိုးကွယ်ရာ
မြတ်စွာဘုရားအားလည်း ဆည်းကပ်ပါလောဟု အမိန့်ရှိသေး၏။
ထိုအခါ ပုဏ္ဏားကြီးက အရှင်ဘုရား
ဥဒေန၊ ယခုအခါ မြတ်စွာဘုရား အဘယ်နေရာမှာ သီတင်းသုံးတော်မူပါသနည်းဟု
မေးလျှောက်လျှင်…မထေရ်မြတ်က ပရိဗ္ဗူတော ခေါ
ဗြဟ္ဗဏ ဧတရဟိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါတိ
(အို ပုဏ္ဏားကြီး၊ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားသည် ယခုအခါမှာ
ပရိနိဗ္ဗာန်စံဝင်တော်မူပြီးပြီ) စသည်ဖြင့် အမိန့်ရှိတော်မူ၏။
မြတ်ဗုဒ္ဓ
ပရိနိဗ္ဗာန်စံတော်မူပြီးကြောင်း ကြားနာရသောအခါ ပုဏ္ဏားကြီးက အရှင်ဘုရား အကယ်၍
မြတ်စွာဘုရားသာ သက်တော်ထင်ရှားရှိနေမည်ဆိုပါသေးလျှင် ယူဇနာ နှစ်ဆယ်….တစ်ရာမက
ဝေးစေကာမူ တပည့်တော် အရောက်သွားကာ ဖူးမျှော်ပါမည်။ ယခုပရိနိဗ္ဗာန်စံတော်မူပြီး
ဖြစ်သော်လည်း ထိုမြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်မြတ်ကိုလည်းကောင်း၊ တပည့်သား
သံဃာတော်မြတ်တို့ကိုလည်းကောင်း ဆည်းကပ်ကိုးကွယ်ပါ၏၊ တပည့်တော်အား ဥပါသကာ
တစ်ယောက်အဖြစ် အသိအမှတ်ပြုပါဟု ထပ်မံ လျှောက်ထားလေ၏။ ။
ပုဏ္ဏားကြီး၏ မြတ်ဒါန
ပုဏ္ဏားကြီးအား
အင်္ဂမင်းက နေ့စဉ် စားသုံးဖွယ်ရာ ရိက္ခာတော်မြတ် ပေးသနားထားတော်မူ၏။ အရှင်ဥဒေနအား
အလွန်ကြည်ညိုနှစ်သက် သဘောကျသဖြင့် ပုဏ္ဏားကြီးက ထိုရိက္ခာတော်မြတ်ထဲမှ မထေရ်အတွက်
အမြဲဆွမ်းဝတ်လှူဒါန်းပါ၏ဟု လျှောက်ထား၏။
(အတ္ထိ
စ မေ ဘော ဥဒေန, အင်္ဂရာဇာ ဒေဝသိကံ နိစ္စဘိက္ခံ ဒဒါတီတိ တတော အဟံ ဘောတော ဥဒေနဿ ဧကံ
နိစ္စဘိက္ခံ ဒဒါမီတိ။)
တဖန်ဆက်လက်ပြီး
မထေရ်မြတ်က အဘယ်မျှလောက် အင်္ဂမင်းက အသင်ပုဏ္ဏားကြီးအား အမြဲရိက္ခာတော်မြတ်
ပေးသနားတော်မူပါသနည်းဟု မေးမြန်းလေ၏။ (ကိံ ပန တေ ဗြဟ္မဏ အင်္ဂရာဇာ ဒေဝသိကံ နိစ္စဘိက္ခံ
ဒဒါတိ)။
ယင်းသို့
မထေရ်မြတ်က မေးလျှင် ပဉ္စဟိ ဘော ဥဒေန ကဟာပဏ သတာနိ…
အရှင်ဘုရား
ဥဒေန အသပြာ ငါးရာ အမြဲရိက္ခာတော်မြတ်အတွက် ပေးသနားပါ၏ ဘုရားဟု လျှောက်ထား၏။
အရှင်ဥဒေနမထေရ်အား ရိက္ခာတော်မြတ်အဖြစ် အင်္ဂမင်းက ပေးသနားအပ်သော အသပြာတို့ကို
ပုဏ္ဏားကြီးက လှူဒါန်းပါသော်လည်း ယင်းရွှေငွေ အသပြာသည် ရဟန်းတော်တို့အား
တိုက်ရိုက်အလှူခံလျှင် မအပ်စပ်ကြောင်း အမိန့်ရှိတော်မူသဖြင့် ပုဏ္ဏားကြီးက
အပ်စပ်သောနည်းဖြင့် ကျောင်းဆောက်လှူဒါန်းရန် ထပ်မံလျှောက်ထားသောအခါ ပါဋလိပုတ်ပြည်၌
သီတင်းသုံးတော်မူသော သံဃာတော်များအား စည်းဝေးညီမူရာ
ဓမ္မာရုံဇရပ်ကျောင်းတော်ကြီး(ဥပဌာန သာလာ) ဆောက်လုပ်လှူဒါန်းရန် တိုက်တွန်းတော်မူ၏။
ပုဏ္ဏားကြီးက
ဆက်လက်လျှောက်ထားရာတွင် တပည့်တော်သည် အရှင်ဘုရားအား
ကြည်ညိုလေးစားသောအားဖြင့်လည်းကောင်း၊ ပါဋလိပုတ်ပြည်၌ ရဟန်းတော်တို့အတွက်
စည်းဝေးညီမူရာ ဓမ္မာရုံဇရပ်ကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းမည့်အပြင်
ယင်းသံဃာတော်များအားလည်းကောင်း အရှင်ဘုရားဥဒေနအားလည်းကောင်း အမြဲတမ်းဆွမ်းဝတ်
နိစ္စဘတ်ဖြင့် လှူဒါန်းပါမည်ဟု လျှောက်ထားလေ၏။
ဃောဋမုခီ ဇရပ် အမည်တွင်ရကြောင်း
ဃောဋမုခီ(ဃောဋမုခ)
ပုဏ္ဏားကြီးတစ်ဦးတည်း ဆောက်လုပ်လှူဒါန်းသည့် ကျောင်းဖြစ်သောကြောင့်
ထိုကျောင်းတော်ကြီးကို ဃောဋမုခီသာလာ(ဃောဋမုခီဇရပ်ကျောင်းတော်ကြီး) ဟု
အမည်တွင်ကြောင်းကို မဇ္ဈိမပဏ္ဏာသ ဃောဋမုခီသုတ်တော်၌ လာရှိ၏။ တစ်ခါတရံ မြတ်ဗုဒ္ဓစာပေ၌
အလှူရှင်တို့၏ နာမည်နှင့်တွဲဖက်၍ ကျောင်းနာမည်တွင်ခြင်းကို ဇေတဝနေ အနာထပိဏ္ဍိကဿ
အာရာမေ စသည်ဖြင့် အနာထပိဏ်သူဌေးကြီး၏ ကျောင်းအရာမ်၊ ဇေတဝန်ကျောင်းတော် စသည်ဖြင့်
အလှူရှင်နာမည်များ တိုက်ရိုက်နာမည်မှည့်ခေါ်ထားသည်ကို တွေ့နိုင်ပါ၏။
အနာထပိဏ္ဍိကဿ
အာရာမေ= အနာထပိဏ်သူဌေးကြီး၏ ကျောင်းအရာမ်ဟု နာမည်မှည့်ခေါ်ရခြင်းအကြောင်းမှာလည်း
အနာထပိဏ်သူဌေးကြီးသည် ဇေတမင်းသားထံမှ (၁၈) ကုဋေသော ရွှေငွေအသပြာတို့ကို
ရွှေငွေချင်းထိစပ် အခင်းပြုလုပ်ကာ မင်းရှစ်ပယ်ခန့်ရှိသည့် ဥယျာဉ်တော်ကို ဝယ်ယူ၏။
(၁၈) ကုဋေသော ဥစ္စာဖြင့်ပင် ကျောင်းတော်ကို ဆောက်လုပ်လှူဒါန်း၏။ (၁၈) ကုဋေသော
ဥစ္စာဖြင့် ကျောင်းလွှတ်ပူဇော်ပွဲနှင့် အခြားလိုအပ်သည့် နေရာကျောင်းတော်ရာ၌ပင်
လိုအပ်သည်များကို ပြီးပြည့်စုံအောင် လှူဒါန်း၏၊ ဤသို့အားဖြင့် (၅၄) ကုဋေသော
ရတနာရွှေငွေတို့ကို ရက်ရက်ရောရော သဒ္ဓါဖြင့် စွန့်လွှတ်၍ ဘုရားအမှူးရှိသော
သံဃာတော်တို့အား လှူဒါန်းပူဇော်၏။ ဤကဲ့သို့ သာသနာတော်အား ကျေးဇူးများသောကြောင့်
အလှူရှင်အား ဂုဏ်ပြုသောအားဖြင့် အနာထပိဏ္ဍိကဿ အာရာမေ(အနာထပိဏ်သူဌေး၏ ကျောင်းအရာမ် ဟု
အလှူရှင်နာမည်နှင့်တွဲဖက်ကာ) ဟု ခေါ်တွင်ရလေ၏။
တဖန်
ဇေတဝနေ (ဇေတဝန်ကျောင်းတော်)ဟူသောစကားဖြင့်လည်း ရှေးဦးအစ မြေပိုင်ရှင်
ဥယျာဉ်ပိုင်ရှင် ဇေတမင်းသားကို ဂုဏ်ပြုမှည့်ခေါ်အပ်သော စကားဖြစ်၏။
ဇေတမင်းသားသည်လည်း အနာထပိဏ်သူဌေးကြီးအား ကျောင်းဆောက်လှူဒါန်းရန်
ဥယျာဉ်ကျောင်းအရံမြေ ရောင်းလို့ရသည့် (၁၈) ကုဋေသော ရွှေငွေရတနာတို့ကို မိမိအသုံးမပြုဘဲ
ယင်းရွှေငွေရတနာဥစ္စာတို့ဖြင့် အနာထပိဏ်သူဌေး
ဆောက်လုပ်လှူဒါန်းသည့်(ဇေတဝန်)ကျောင်းတော်ကြီး၏ ကျောင်းပေါက်ဝ၌
တံခါးမုခ်ဦးပြဿဒ်တို့ကိုလည်း၊ တန်ဖိုးကြီးသည့် သစ်ပင် ပန်းမာလ်တို့ကိုလည်းကောင်း
စိုက်ပျိုးကာ ဘုရားအမှူးရှိသော သံဃာတော်များအား လှူဒါန်းလေ၏။
ဤကဲ့သို့
ကျောင်းပိုင်ရှင် မြေပိုင်ရှင်များ၏ နာမည်ကို ဂုဏ်ပြုသောအားဖြင့်
မှည့်ခေါ်ခြင်းဖြင့် အဘယ်အကျိုးရှိပါသနည်းဟူမူ ကောင်းမှုကို ပြုလိုကြကုန်သော
အလှူရှင် ပါရမီရှင်တို့အား အတုလိုက်၍ ကောင်းမှုပြုစေခြင်း အကျိုးရှိသည်ဟု
ပဋိသမ္ဘိဒါမဂ္ဂ အဌကထာ၌ ဖွင့်ပြထား၏။ ဘုရားပရိနိဗ္ဗာန်စံပြီးမှ ဖြစ်ပေါ်လာသည့်
ဤဃောဋမုခသုတ်၌လာသည့် ဃောဋမုခီသာလာ(ဃောဋမုခီ ညီမူရာ စည်းဝေးရာ ကျောင်းတော်ကြီး)
ကိုလည်း အလှူရှင် ဃောဋမုခ ပုဏ္ဏားကြီး တစ်ဦးတည်း ဆောက်လုပ်လှူဒါန်းသဖြင့်
ယင်းအလှူရှင်ပုဏ္ဏားကြီးအား ဂုဏ်ပြုသောအားဖြင့် မှည့်ခေါ်ကြောင်း တွေ့ရှိရ၏။
မှတ်ချက်။
။ ဤဃောဋမုခ သုတ်ကို ထောက်၍ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပြီးနောက် အင်္ဂတိုင်းကို
အုပ်ချုပ်မင်းလုပ်သော အင်္ဂမင်းရှိသေးကြောင်းလာရှိသော်လည်း မဂဓမင်းဆက်များ
မောရိယမင်းဆက် အသောကမင်းကြီးလက်ထက်တိုင်အောင် ဤအင်္ဂတိုင်း မပျက်ပဲ
တည်ရှိသေးကြောင်းကို အဌကထာ၊ ဋီကာများအရ သိနိုင်၏။ ယင်းအင်္ဂမင်းမှာလည်း အသီးအခြား
စိုးမိုးအုပ်ချုပ်လျက်ရှိသော ဘုရင်တပါးသာ ဖြစ်နိုင်သည်ဟု မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံပြီး
နောက်ပိုင်း အင်္ဂတိုင်းအခြအနေကို တစေ့တစောင်းလေ့လာ သိရ၏။ ဃေဋမုခပုဏ္ဏားကြီးအား
အင်္ဂမင်းက နေ့စဉ် အသပြာ ငါးရာ ရိက္ခာတော်အဖြစ် ထောက်ပံ့ပေးကမ်းသည်ကို ထောက်ဆလျှင်
အင်္ဂမင်းသည် ကိုယ့်ပိုင်အုပ်ချုပ်မင်းလုပ်နေကြောင်း၊ သူ၏တိုင်းပြည်သည်လည်း
အခွန်ဘဏ္ဍာများပြားစွာ ကြွယ်ဝကြောင်း များပြားကြောင်း လေ့လာသုံးသပ်နိုင်ပါသည်။ ။
ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)
13-2--2013