၆။
သဉ္စယဗေလဋ္ဌပုတ္တ
အမည်ရင်းမှာ သဉ္စယ ဖြစ်သည်။ စုဝေးရာဟု အဓိပ္ပါယ်ရသဖြင့် အတတ်ပညာပေါင်းစုံ စုဝေးရာ, အတတ်ပညာများ ပြည့်စုံသော ဆရာကြီးဟု ဆိုလိုသည်။ ဖခင်မှာ ဗေလဋ္ဌဖြစ်၍ သူ့အား ဗေလဋ္ဌပုတ္တ-ဟု ခေါ်ဝေါ်ကြ၏၊ သဉ္စယ အမည်ရင်းနှင့် ပေါင်းကာ သဉ္စယဗေလဋ္ဌပုတ္တ-ဟု အမည်တွင် သူဖြစ်ပေသည်၊ သဉ္စယမှ သိဉ္စည်းအမည်နှင့် ထင်ရှားသူလည်းဖြစ်ပေသည်၊
သူသည်
ပရိဗိုဇ်ပင် ဖြစ်သည်။ ပရိ သမန္တတော ဝဇတီတိ ပရိဗ္ဗာဇကော ဟူသည်နှင့်အနှင့်
ပရိဗ္ဗာဇက(ပရိဗိုဇ်)တို့မည်သည် တစ်နေရာတည်း အတည်တကျ မနေဘဲ နေရာအနှံ့ လှည့်လည် သွား နေကြပြီး
အယူဝါဒရေးရာများကို ငြင်းခုံဟောပြောနေသူများ ဖြစ်ကြသည်။
လှည့်လည်
ဝါဒငြင်းခုံမှုနှင့် ပတ်သက်ပြီး ရှေးတုန်းက မြန်မာပြည်မှာတောင် ရက်ကွက်ထဲ
မဏ္ဍာပ်ထဲမှာ အဘိဓမ္မာစကား ငြင်းခုံမှုနှင့်စပ်၍ ရယ်စရာဟာသ သဖွယ်ပင်
ပြောစမှတ်ကျန်ရစ်သည်။ ဝိပဿနာသမားရော အဘိဓမ္မာသမားပါ အလှူမဏ္ဍာပ်တကာ လိုက်ပြီး
အဘိဓမ္မာစကားများ ငြင်းကြ၊ ခုံကြ၊ တရားစကား ဆွေးနွေးကြ၏။ ထို့ကြောင့်
"သောမနဿဂုတ်၊ လဖက်သုပ်၊ ကြက်သွန်လည်း သုပ်၊ အကုန်တုတ်" ဟု ပြောစမှတ်ပင်
ပြုထားကြ၏။ တရားစကား ဆွေးနွေးရင်း လက်ဖက်ရည်ဝိုင်းကြီးမှာ ပြောကြ၊ ဆိုကြ၊ ငြင်းကြ၊
ခုံကြနဲ့၊ နောက်ပိုင်း တစ်ယောက်သော သူက ငြင်းခုံရင်း ဒေါသဖြစ်လာသောအခါ
လက်ဖက်ရည်အိုးနှင့် ထပေါက်သတဲ့၊ တချို့ကလည်း လက်သီးနှင့် ထထိုးသတတ်၊
သူက…ဟေ့…"ဒါ ဝိပဿနာ လက်သီးကွ" တဲ့၊ လက်သီးနှင့် ထိုးတော့ နာသလားဆိုတော့
မနားဘူး၊ အေး မင်း မနာဘူးဆိုရင် မင်း "အနာဂါမ်" ဖြစ်ပြီကွတဲ့။
အစဦးပိုင်းတွင်
အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန် အပါအ၀င် တပည့်ငါးရာတို့၏ ဆရာကြီး လည်း ဖြစ်သည်။ အရှင်သာရိပုတ္တရာ
အရှင်မောဂ္ဂလ္လာန်တို့သည် မြတ်ဗုဒ္ဓသာသနာနှင့် မတွေ့ခင်က သိဉ္စည်း၏ အယူဝါဒကို
နှစ်ခြိုက်ခဲ့ကြဖူးသည်။ အဂ္ဂသာဝကကြီး နှစ်ပါးတို့သည် လူဝတ် ကြောင်ဘဝ တုန်းက
ပွဲကြည့်ရင်း စဉ်းစားမိကြလေသည်။ လက်ခုပ်တီးလိုက်၊ ဆုချလိုက်၊ ရီလိုက် မောလိုက်
ဖြင့် အချိန်ကုန်နေလို့ အကျိုးမရှိပြီ၊ ဤပွဲကြည့်သူတွေအားလုံး နောင် အနှစ်တစ်ရာ
အတွင်း အကုန်သေ ကြပေလိမ့်မည်၊ တို့တတွေလည်း သေကြပေလိမ့်မည် ဟု အတွေးလေးဝင်ပြီး
ငါတို့ ဒီလိုနေလို့တော့ မဖြစ်တော့ဘူးဟု ဆုံးဖြတ်ကာ မသေရာ အမတ
အမြိုက်တရားရှာပေအဲ့ဟု စဉ်းစားပြီးနောက် လူ့ဘောင်ကို စွန့်ခွာ၍ ထွက်လာခဲ့ရာ ယင်း သဉ္စယဗေလဋ္ဌပုတ္တ
ဆရာကြီးနှင့် ရှေးဦးစွာ တွေ့ဆုံခဲ့ လေသည်။ သူ့တပည့်ခံယူကာ ဆရာ့အယူဝါဒများကို
သင်ယူပြီး နောက်ပိုင်း အရှင် အဿဇိမထေရ်နှင့် တွေ့စဉ် ယေ ဓမ္မာ ဟေတုပ္ပဘာဝါ စသော
လေးပါဒရှိ ဂါထာတစ်ပုဒ် သစ္စာလေးပါးတရား အကျဉ်းချုပ် နာကြားခွင့်ရပြီး
နှစ်သက်သဘောကျကာ ပရိဗိုဇ်ဘာသာ၊ ပရိဗိုဇ်သာသနာမှ ဗုဒ္ဓဘာသာသို့
ကူးပြောင်းလာခဲ့ကြပေသည်။
အမရာဝိက္ခေပ၀ါဒ
သဉ္စယဗေလဋ္ဌပုတ္တ
အယူဝါဒမှာ အမရာဝိက္ခေပ၀ါဒ-ငါးရှဉ့်ကဲ့သို့
အဖမ်းရခက်သော (၀ါ) မည်သည့်အယူဟု ဖော်ပြရန် ခက်ခဲသောအယူပင် ဖြစ်ပေသည်။ အမရာမည်သော
ငါးတစ်မျိုးသည်လည်း အလွန်ချောထွက်နေသဖြင့် အလွန်အဖမ်းရခဲ့၏။ သူ၏ အယူဝဒါသည်လည်း
တောင်မရောက် မြောက်မရောက်ဝါဒ ပင်ဖြစ်သည်။ သူသည် ဘဝ၊ လောက၊ မောက္ခနှင့် ပတ်သက်၍
အယူဝါဒတစ်ခုကို တိတိကျကျ မပြောရဲ၊ အကြောင်းမှာ (၁) မုသားကြောက်၍ စကားကို
ရှောင်လွှဲပြောဆိုခြင်း၊ (၂) စွဲလမ်းမှု ဥပါဒါန်ကြောက်၍ လွှဲပြောခြင်း၊ (၃) ပညာရှိများ
စစ်မေးမည်ကို ကြောက်၍လွှဲပြောခြင်း၊ (၄) ညံ့ဖျင်းထုံအခြင်း အကြောင်းကြောင့် စကားကို
ရှောင်လွှဲ တိမ်းရှောင် ခြင်း တို့ဖြစ်သည်။ ခြံစည်းရိုး ခွထိုင်သည့်
သူဟုလည်းကောင်း၊ သံသယဝါဒီဟု လည်းကောင်း၊ ခေါ်ဆိုနိုင်သည်။(Speculative Thinker or
the founder of doctrine of doubt).
အဇာတသတ်မင်းကြီးကတော့
တိတ္ထိဆရာကြီး ခြောက်ယောက်ထဲမှာ သဉ္စယဗေလဋ္ဌပုတ္တ၏ အယူဝါဒဟာ မရောရာဆုံး ဝါဒ၊
အမိုက်မဲဆုံး ဝါဒဟု မှတ်ချက်ပြုထားသည်ကို တွေ့ရ၏။ မြတ်စွာ ဘုရား မပွင့်ခင်ကတည်းက
အထက်ဆိုခဲ့ပြီး ဂိုဏ်းဆရာကြီးတို့၏ ဘာသာဝါဒများ မဂဓတိုင်း၌ ခေတ်စားနေခဲ့ပုံကို
သဟမ္ပတိ ဗြဟ္မာကြီး တရားတောင်းခဲ့စဉ်က မြတ်ဗုဒ္ဓအား ထည့်လျှောက်ထားခဲ့ပေသည်။
ပါတုရဟောသိ မဂဓေသု ပုဗ္ဗေ၊
ဓမ္မော အသုဒ္ဓေါ သမလေဟိ
စိန္တိတော။
အပါပုရေတံ အမတဿ ဒွါရံ၊
သုဏန္တု ဓမ္မံ ဝိမလေနာနုဗုဒ္ဓံ။
(အရိယပရိယေသနသုတ်(မူလပဏ္ဏာသပါဠိ)၊ ဗြဟ္မယာစနကထာ(ဝိနည်းမဟာဝါ ပါဠိ)။
ဘန္တေ-
အို မြတ်စွာဘုရား၊ ပုဗ္ဗေ- ရှင်တော်ဘုရား ထင်ရှားပွင့်ပေါ်တော်မူရာ ကာလမှ ရှေး၌၊ မဂဓေသု-
မဂဓတိုင်း၌၊ သမလေဟိ- ရာဂအစရှိသော ကိလေသာ အညစ်နှင့်တကွဖြစ်သော ပုရာဏကဿပ အစရှိသော ဂိုဏ်းဆရာကြီးတို့သည်၊
စိန္တိတော- ဖောက်ဖောက်ပြန်ပြန် တွေးကြံ သတ်မှတ် ပညတ်အပ်ကုန်သော။ အသုဒ္ဓေါ- မစင်မကြယ်
စက်ဆုပ်ဖွယ်ဖြစ်သည့် မိစ္ဆာအယူဝါဒသည် (ဝါ) စင်ကြယ်မှုကို မပေးစွမ်းနိုင်သော မိစ္ဆာအယူဝါဒသည်၊
ပါတုရဟောသိ- ဇမ္ဗူဒိပ်၌ အဆိပ်ရေဖြန်းသကဲ့သို့ ထင်ရှားစွာ ပေါ်ပေါက်နေပါပြီ။ (တွံ- ရှင်တော်ဘုရားသည်)၊
အမတဿ- သေခြင်းကင်းရာ အမြိုက်နိဗ္ဗာန်၏၊ ဧတံ ဒွါရံ- ကဿပဘုရား သာသနာကွယ်သည်မှ စ၍ ပိတ်နေလျက်ရှိသော
ထိုအရိယာမဂ်တံခါးကို၊ အပါပုရ(ဝိဝရ)- ဒေသနာတော်ဥာဏ်တည်းဟူသော လက်တော်ဖြင့် ဖွင့်လှစ်တော်မူပါလော့၊
ဝိမလေန- ရာဂအစရှိသော ကိလေသာ မြူအညစ်အကြေး ကင်းဝေးတော်မူသော ရှင်တော်ဘုရားသည်၊ အနုဗုဒ္ဓံ-
လျော်စွာ သိတော်မူအပ်သည့် သစ္စာလေးပါး အမှန်တရားကို၊ (ဣမေ သတ္တာ- ဤသတ္တဝါတို့သည်)၊ သုဏန္တု-
နာကြားပါစေကုန် ဘုရား။
အသိ
အလိမ္မာ၊ ဉာဏ်ပညာတို့၊ လွန်စွာခေါင်းပါး၊ သူတို့အားလျှင်၊ ရှည်လျားဒုက္ခ၊ ရောက်သမျှပင်၊
ပညာ့တံခွန်၊ ဉာဏ်ရည်ချွန်သည့်၊ သူမွန်မြတ်ဖျား၊ ရှင်တို့အားမူ၊ တရားလက်ကိုင်၊ ကျေးဇူးလှိုင်၍၊
ဖြိုင်ဖြိုင်သုခ၊ ကောင်းကျိုးရသည်၊ လောကဓမ္မတာပါတကား”
ဆင်ခြင်စဉ်းစား အသိပွားနိုင်ကြပါစေ။
မေတ္တဖြင့်
ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)
August 21- 2013 Wed.
(၁၃၇၅ခု ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ရေးပြီး)။