တစ်နေ့မှာတော့ ကျွန်မကို မိန်းကလေးက ကနွဲ့ကလျနဲ့ ဖွာကြဲနေသော
သူ့ဆံယဉ်စလေးများကို သေသေသပ်သပ်ဖြစ်အောင် ပြုပြင်ပေးဖို့ ပြောလာပါသည်။ ကျွန်မ သူ့ဆံပင်ပျော့ပျော့
ပျောင်းပျောင်းလေးများကို ဘီးနဲ့ခွဲအပေးလိုက်မှာ ငယ်ထိပ်က ဆံပင်ကို ဖြီးလိုက်တော့
“ဟင်…အမာရွတ်ကြီးပါလား။ ဘယ်တုန်းက ထိမိခိုက်မိခဲ့တာလဲ မိန်းကလေးရယ်”ဟု ကရုဏာနဲ့ မေးလိုက်မိပါသည်။
ထိုအခါ မိန်းကလေး၏ လေသံက တင်းမာသွားပြီး“ ဒီအမာရွတ်က အမေနဲ့အဖေ ရန်ဖြစ်ကြရာတွင်
ကြားထဲက ကျွန်မမှာ သေရာပါဒဏ်ရာကြီး ဖြစ်ခဲ့ရတာပါ။ ဒီဒဏ်ရာကြီးနဲ့ မွေးကင်းစလေးဖြစ်တဲ့
ကျွန်မကို အမေမပီသတဲ့ အမေက ထားပစ်ခဲ့ပြီး စွန့်ခွါသွားခဲ့တာလေ” ဟု စိတ်နာနာနှင့်
မိန်းကလေးက ပြောလိုက်သည်။ အို… အမေမပီသတဲ့ အမေဟုတ်လား။ ကျွန်မ မိုက်ခနဲ ရင်ထဲမှာ နင့်သွားအောင်
ခံစားလိုက်ရသည်။ ကျွန်မ စိတ်ရှိလက်ရှိ ငိုရှိုက်မိရင်း “ဖြစ်ရလေ မိန်းကလေးရယ်၊ ဒါ…ဒါဆို မင်းဟာ
ဓားပြကြီးရဲ့ သမီးလေးပေါ့ ဟုတ်လား” ကျွန်မစိတ်တွေ အရမ်းလှုပ်ရှားသွားပြီး
အသက်မရှုတမ်း မေးကြည့်လိုက်တော့“ ဟင်…မမဘယ်လိုလုပ် သိတာလည်းဟင်”ဟု မိန်းကလေးက
မျက်လုံး အဝိုင်းသားလေးနဲ့ ကျွန်မကို စိုက်ကြည့်ပြီး မေးလိုက်တော့ ကျွန်မ ရူးမတတ်ခံစားလိုက်ရသည်။
“သမီး အမေဟာ သမီးလေးရဲ့ အမေပါသမီးလေးရယ်။
အမေ့ကိုအထင်မလွဲပါနဲ့၊ အမေလေ သမီးလေးကို အမေ-မပီသနိုင်လောက်အောင် စွန့်ခွါပြေးခဲ့ရတာက
အမေ့အသက်ဘေးကြောင့် ထွက်ပြေးခဲ့ရတာပါ သမီးလေးရယ်။ အမေ့ကို ခွင့်လွှတ်ပါနော်။ အမေ တောင်းပန်ပါတယ်”
ကျွန်မ မျက်ရည်လည်ရွှဲနှင့် ပြောပြနေတာကို စိုက်ကြည့်နေသော သမီးလေးသည်လည်း
တသိမ့်သိမ့် တရှိုက်ရှိုက်ငိုယိုရင်း ကျွန်မကို တအား ဖက်ထားလိုက်သည်။ “အမေ အမေရယ်”
ဒီအခိုက်မှာ ကျွန်မနှင့် သမီးလေး နှစ်ယောက်လုံးတို့၏ လင်တော်မောင် တိုက်တိုက်ဆိုင်ဆိုင်
ရောက်လာတာနဲ့ ကြုံသွားပြီး “ဘာဖြစ်နေတာလည်းဗျာ၊ ပြောကြစမ်းပါဦး” ဆိုတော့
ကျွန်မနှင့် သမီးလေးတို့၏ ကံဆိုးလှသည့်အဖြစ်နှင့် (လင်တော်မောင်)သူနဲ့ တစ်လင်တည်းမယား
ဖြစ်နေရပုံကို ရှက်ရွံ့စွာ ပြောပြ လိုက်ရပါတော့သည်။ ဒီအခါ သူ(လင်တော်မောင်)က
သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ရင်း“ ကဲ…စိတ်ပင်ပန်းခံပြီး ငိုမနေကြနဲ့၊ ဒီလို တိုက်တိုက်ဆိုင်ဆိုင် အဖြစ်အပျက်တွေ
ရှိတတ်ပါတယ်။ ကျွန်တော်လည်း ဒီလိုအဖြစ်မျိုးနဲ့ ကြုံခဲ့ရဖူးတဲ့သူပါပဲ။ ကျွန်တော်ဟာ
ရာဇဂြိုဟ်နဲ့ သာဝတ္ထိသွားတဲ့ လမ်းခုလတ် ဇရပ်ပျက်မှာ စွန့်ပစ်ခံခဲ့ရတဲ့
မွေးကင်းစနို့စိုကလေးလေးပါတဲ့။ ဘဝတူတွေပါဘဲ။
တိုက်တိုက်ဆိုင်ဆိုင်
သာဝတ္ထိပြည်က လှည်ကုန်သည်မှူးကတွေ့လို့ မွေးစားခဲ့သောကြောင့်သာ မသေကောင်း
မပျောက်ကောင်းလို့ ကံကောင်းထောက်မပြီး လူဖြစ်ခဲ့ရတာပါ” ဟု လင်တော်မောင်က
သူ့ဖြစ်အင်ကို စုံလင်စွာ ပြောပြလေတော့သည်။
ဟင်…ကျွန်မရဲ့ ဦးခေါင်းဟာ အိုးထိန်းစက်လို ချာချာလည် သွားရပြန်ပါသည်။
ကျွန်မနှလုံးသားတွေ တဆတ်ဆတ်ခုန်ပြီး ကျွန်မရဲ့ တဆတ်ဆတ်တုန်နေသော နှုတ်ခမ်းက တုန်တုန်ရီရီ ဆို့နင့်ကြေကွဲစွာနဲ့ “သား…အမေ့ရဲ့သား၊
မင်းဟာ အမေမွေးခဲ့ရာက ပျောက်ဆုံးသွားတဲ့ အမေ့ရဲ့ သားပါကွယ်။ ဆိုးဝါးလှတဲ့ ကံကြမ္မာရယ်
တို့-သားအမိကိုမှ ရွေးပြီး နှိပ်စက်လှချည့်လား။ ခုတော့ တို့သားအမိတွေမှာ
ကံကြမ္မာရဲ့ လှည့်စားမူကြောင့်
ရှင်ကွဲကွဲနေခဲ့ရာက ခုတော့ သားနဲ့အမေ၊ သမီးနဲ့သား၊ တစ်လင်တည်း မယားအဖြစ်
ကျော်မကောင်း ကြားမကောင်း ရှက်စရာကောင်းလှပါလား။
“အမေ…ညီမလေး” သားရဲ့နှုတ်ဖျားက ဝမ်းနည်းကြေကွဲစွာ
ထွက်ပေါ်လာသလို “အမေ…အစ်ကို ကျွန်မတို့…”ဟင်ခနဲ သမီးလေးရဲ့ ရှက်ရွံ့ဝမ်းနည်းစွာ
ငိုရှိုက်သံ … ။ ကျွန်မရင်ထုမနာ ရှက်ရွံ့ငိုကြွေးနေရာက လင်းခနဲ အသိတစ်ခု ဝင်လာခဲ့ပါတော့သည်။
ထိုအသိနှင့် အတူ သံဝေဂကြီးစွာရလိုက်ပါသည်။
“သားတို့ သမီးတို့ မငိုကြနဲ့တော့
တကယ်တော့ တို့သားအမိတွေ ဒီလိုအဖြစ်ဆိုးနဲ့ ကြုံခဲ့ကြရတာဟာ မသိမှုအဝိဇ္ဇာကို
အရင်းခံပြီး တပ်မက်မှုတဏှာနဲ့ ကာမဂုဏ်ရေယဉ်ကြောမှာ မျောပါမိခဲ့တဲ့အတွက်
ပေါ်ပေါက်ခဲ့ရတဲ့ အပြစ်တွေပါ။ တဏှာ-ကမ္မကိလေ မီးမွှေလို့ ကပ်ခါပူးတော့ အရူးတွေ
ဖြစ်ရတာပါ။ တဏှာအိုင်ဗွက် နွမ်အတွင်းသို့ ဇွတ်အတင်းဆင်းပြီး ဝိမရိဏာမ မထိတထိနဲ့
ကလိတိတိ လာဆွတော့ မချိတချိ အနာရလိုက်ကြတာပါ။ သဘာဝအလွန် ရာဂမွှန်တော့ ကာမကျွန်တွေ
တဏှာကျွန်တွေ ဖြစ်ကြရတာပါ သားတို့သမီးတို့။ ဒီဒုက္ခ ကာမညွှန်တွင်း အမေတော့ မသက်ဆင်း ချင်တော့ပါဘူး
သားတို့ သမီးတို့ရေ။ အမေတော့ ဒီကာမဂုဏ် အာရုံခံစားမှုတွေကို စက်ဆုပ်နေပြီမို့
ဒီအပြစ်တွေမှ လွတ်မြောက်ရာ ငြိမ်းအေးမှုဓမ္မကို ရှာဖွေတော့မယ်၊ ဘိက္ခူနီမအဖြစ်နဲ့
သဗ္ဗညုဗုဒ္ဓမြတ်စွာရဲ့ သာသနာမှာ ခိုလုံကျင့်ကြံနေထိုင်တော့မယ်၊ အမေ့ကို
ခွင့်ပြုကြပါတော့၊ အမေသွားတော့မယ်” ဟု သားနှင့် သမီးကို သီဝေသော မျက်လုံးတွေနှင့်
ကြည့်လိုက်ပြီး ထွက်ခွါဖို့ ကျောခိုင်းလိုက်သောအခါ သမီးလေးက… “သမီးကို ဒီတစ်ခါ ထပ်စွန့်ခွါ သွားဦးမလို့လား
အမေရယ်။ သမီးလည်း အမေနဲ့အတူ ဘိက္ခူနီပြုပါရစေ”ဟု ပြောလိုက်သည့် အခါမှာတော့ “အမေနဲ့ ညီမလေးတို့ရေ ငြိမ်းအေးမှုကိုရအောင်
ရှာကြပေတော့ ကျွန်တော်လည်း ဗုဒ္ဓမြတ်စွာရဲ့သာသနာတော်မှာ ဘိက္ခုအဖြစ်နဲ့ ငြိမ်းအေးမှုရအောင်
ကျင့်ကြံနေတော့မယ်”ဟု ပြောပြီး သားတော်သည်လည်း ကျောခိုင်း ထွက်ခွာသွားပါတော့သည်။
လင်တော်မောင်
တဆစ်ချိုးဘဝ သားလေးသည် သံဝေဂ ကြီးစွာရလျက် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့လေပြီ။ သားရဟန်းသည်
ဂင်္ဂါမြစ်ကမ်း၌ ရဟန်းတရား အားထုတ်ဖို့ ထန်းပင်မှ ကြွေကျသော ထန်းလက်ရွက်သုံးခုတို့ဖြင့်
နေစရာ ခနော်နီ ခနော်နဲ့ ကုဋီ-ထမ်းရွက်မိုးကျောင်းလေးကို ဆောက်လုပ်ကာ
သီတင်းသုံးနေသည်ကို အစွဲပြု၍ ဂင်္ဂါတိရိယမထေရ်ဟု ထင်းရှား၍ မိခင်မှာလည်း သားရဟန်း၏အမည်ကို
အစွဲပြုလျက် ဂင်္ဂါတိရိယမာတာဟု အမည်တွင်ခဲ့ပါသည်။
ညီမလေးသည်လည်း ဘိက္ခုနီ-ရဟန်းဖြစ်သောအခါ ဂင်္ဂါတီရိယထေရဿ မာတုယာ ဓီတာ(ဂင်္ဂါတိရိယမာတာ၏
သမီးတော်)ဟု အမည်တွင်ခဲ့လေသည်။ တကယ်တော့ ပုထုဇဉ်ဘဝတုန်းက
ဂင်္ဂါတိရိယသားအမိသုံးယောက်သာမက ပုထုဇဉ်အများစုသည် ငါးပါးအာရုံ ကာမဂုဏ်၌
စုပြုံတိုးဝှေ့ကာ အလွန်ပျော်မွေ့ကြပြီး ဓလေ့စရိုက်အားဖြင့် အချိုကြိုက်ကြသူ
ချည်းသာတည်း။
တဏှာရာဂ ပူးဝင်ကြသော်
လောက၌တွင် ပုထုဇဉ်ကား
လိုအင်များစွာ ဆွဲဆောင်ရာသို့
လိုက်ပါသွားရင်း ရှင်သန်ရင်းဖြင့်
သေခြင်းမရောက် သက်မပျောက်ခင်
ဘဝင်ရွှင်လျှက်
ရမ္မက်ကိလေသာ အားကြီးစွာသား
ငါးပါးအာရုံ ကာမဂုဏ်၌
စုပြုံတိုးဝှေ့ လွန်ပျော်မွေ့လျှက်
ဓလေ့စရိုက် အချိုကြိုက်ကြ။
အလိုလိုက်ကာ ဒီဘဝမှာ
အကျနာ မဖြစ်ကြစေဖို့
ခဏတာ အရသာ အချစ်ကိုကွယ်
ယောင်ရမ်းကာ မတိုးကြပါလေနဲ့
ညစ်ကျိုးတွေက ထပ်ဆင့်တိုးဖို့သာပင်
ကြမ္မာရိုင်း မုန်တိုင်းပမာ
ကံဇာတာ ညှိုးရှာခြေရင်ဖြင့်
ကဆုန်စိုင်းလာ မြန်မကြာ
ရောက်လာလိမ့်မယ် စိုးထိတ်စရာ။
တွယ်ငြိကာ ဆွဲဆောင်
တုတ်နှောင်ကာခိုင်မြဲ
တဏှာ မာန စတဲ့ ကြိုးတွေကိုကွယ်
မငြိချင်ကြစမ်းပါနဲ့
နောက်တစ်ခါ ဖောက်ပြားကာ
ထပ်မမှားကြစေဖို့
အရာရာတိုင်းမှာ ဝေဖန်ပိုင်းဖြတ်ကာ
အထပ်ထပ် သတိယှဉ်
တကယ်ပင် ဥာဏ်ဖြင့်ရှူ့
ဘယ်သူမပြု မိမိမှု
အမှားအမှန် ဝေဖန်ရှု့။ မေ့သားလှ (ဇလဂ္ဂ) (12-09-2010)
လောက၌တွင် ပုထုဇဉ်ကား
လိုအင်များစွာ ဆွဲဆောင်ရာသို့
လိုက်ပါသွားရင်း ရှင်သန်ရင်းဖြင့်
သေခြင်းမရောက် သက်မပျောက်ခင်
ဘဝင်ရွှင်လျှက်
ရမ္မက်ကိလေသာ အားကြီးစွာသား
ငါးပါးအာရုံ ကာမဂုဏ်၌
စုပြုံတိုးဝှေ့ လွန်ပျော်မွေ့လျှက်
ဓလေ့စရိုက် အချိုကြိုက်ကြ။
အလိုလိုက်ကာ ဒီဘဝမှာ
အကျနာ မဖြစ်ကြစေဖို့
ခဏတာ အရသာ အချစ်ကိုကွယ်
ယောင်ရမ်းကာ မတိုးကြပါလေနဲ့
ညစ်ကျိုးတွေက ထပ်ဆင့်တိုးဖို့သာပင်
ကြမ္မာရိုင်း မုန်တိုင်းပမာ
ကံဇာတာ ညှိုးရှာခြေရင်ဖြင့်
ကဆုန်စိုင်းလာ မြန်မကြာ
ရောက်လာလိမ့်မယ် စိုးထိတ်စရာ။
တွယ်ငြိကာ ဆွဲဆောင်
တုတ်နှောင်ကာခိုင်မြဲ
တဏှာ မာန စတဲ့ ကြိုးတွေကိုကွယ်
မငြိချင်ကြစမ်းပါနဲ့
နောက်တစ်ခါ ဖောက်ပြားကာ
ထပ်မမှားကြစေဖို့
အရာရာတိုင်းမှာ ဝေဖန်ပိုင်းဖြတ်ကာ
အထပ်ထပ် သတိယှဉ်
တကယ်ပင် ဥာဏ်ဖြင့်ရှူ့
ဘယ်သူမပြု မိမိမှု
အမှားအမှန် ဝေဖန်ရှု့။ မေ့သားလှ (ဇလဂ္ဂ) (12-09-2010)
ဂင်္ဂါတိရိယမထေရ်သည်
မိမိ၏ဘဝကံကြမ္မာကို အမှားအမှန် အဖန်ဖန် အထပ်ထပ်သုံးသပ်ကာ ပညာဥာဏ်ဖြင့် ဆင်ခြင်ကြည့်နေမိ၏။
မထေရ်သည် သူ၏ ဘဝကံကြမ္မာကို စက်ဆုတ်လှသောကြောင့် အရဟတ္တဖိုလ်မရမချင်း
မည်သူတစ်ဦးတယောက်နှင့်မျှ စကားပြောလိုစိတ်မရှိ၊ မည်သူနှင့်မျှ စကားလုံးဝ မပြောတော့အံ့ဟု
မိမိစိတ်ကို အဓိဋ္ဌာန်ချလျက် ပထမတစ်နှစ်လုံးလုံး ဂင်္ဂါမြစ်ကမ်းက
ထန်းရွက်မိုးကျောင်းလေးမှာ စကားမပြောဘဲ ဝစီပိတ်ကျင့် နေတော်မူသည်။ ဆွမ်းခံသွားချိန်တန်လျှင်
ဆွမ်းခံရွာသို့ သွားရောက် ဆွမ်းခံကာ ဆွမ်းဘုဉ်းပေးသည်။ မည်သူနှင့်မျှ ဆွမ်းခံရွာတွင်လည်း
စကားတခွန်းတစ်ပါဒမျှ မပြောချေ။ မထေရ်သည် ပုထုဇဉ်ဘဝဖြစ်နေသေးသဖြင့် မိမိဘဝ ဇာတ်ကြောင်း
မေးလာကြလျှင် ဖြေကြားပြောဆိုနေရပါက စိတ်ညစ်စရာချည်း ဖြစ်နေမည်၏။ ထို့ကြောင့် အေးအေးလူလူ
ပထမဆုံးတစ်နှစ် လူသူကင်းရာ ဂင်္ဂါမြစ်ကမ်းမှာ ထန်းရွက်မိုးကျောင်းလေး ဆောက်ကာ
ပစ္စည်းလေးပါး ရောင့်ရဲ့တင်းတိမ်လျက် ရဟန်းတရားကိုသာ အပြင်းအထန် အားထုတ်တော်မူ၏။
မထေရ်သည်
ရဟန်းဖြစ်ပြီး (၂)နှစ်မြောက် ရောက်သောအခါ တစ်ခုသော ဆွမ်းခံရွာမှ လိမ္မာပါးနပ်သော
အမျိုးသမီးတစ်ယောက်က “ဒီ မထေရ်ဟာ တကယ်ပင် စကား မပြောတတ်လား၊ အ-များနေတာလား”
ဟုတ်မဟုတ်ကို စုံစမ်းလိုသောကြောင့် မထေရ်ဆွမ်းခံ ကြွလာစဉ် သပိတ်ထဲ၌ နို့ရည်တွေ ပြည့်လျှံသွားအောင်
လောင်းထည့်လှူလိုက်လေ၏။ ထိုအခါ မထေရ်က “အလံ ဘဂိနီ-နှမ ဒီလောက်ဆို တော်လောက်ပြီ၊
လုံလောက်ပြီ” ဟူသော စကားတစ်ခွန်ဖြင့်သာ တုန့်ပြန်ခဲ့လေ၏။ ဂင်္ဂါမြစ်ကမ်းမှာ
သီတင်းသုံးနေစဉ် ရဟန်းဖြစ်ပြီး (၃) နှစ်အတွင်း ရဟန်းတရား ဆက်လက် အပြင်းအထန်
အားထုတ်ကာ ရဟန္တာဖြစ်တော်မူခဲ့လေသည်။
အဝိဇ္ဇာအမှောင်ထုမှ
ရုန်းထွက်ခဲ့သော သားအမိသုံးဦးလုံးသည် ဤတစ်လံမျှလောက်သော ကိုယ်အတွင်း၌ပင်လျှင်
လောကကို လည်းကောင်း၊ လောကက၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ လောက၏ ချုပ်ရာကို လည်းကောင်း၊
လောက၏ ချုပ်ရာသို့ ရောက်ကြောင်း အကျင့်ကိုလည်းကောင်း သိမြင်ပြီး အာသဝေါ တရားတို့မှ
လွတ်မြောက်ကာ ငြိမ်းအေးရာ အမှန်ဖြစ်သော သန္တိသုခ နိဗ္ဗာနဓာတ်ကို ရရှိခဲ့ကြလေပြီတကား။
ဂင်္ဂါတိရိယမထေရ်၏ ဘဝပုံရိပ်ကို ဗုဒ္ဓအဆုံးအမ ဝေဒနာသံယုတ်၊ အင်္ဂါရသုတ်လာအတိုင်း
ခံစားရေးဖွဲ့ကြည့်ရသော်…
မီးပမာလို လောင်ကျွမ်း
ဆည်းဆာညို အမှောင်မိုက်လမ်းမှာ
စမ်းတဝါးဝါးနဲ့ လျှောက်လမ်းခိုက်
ကံကိလေသာ မကုန်ခန်းးလေသမျှ
ဖိစီးလာဝေဒနာတွေက
ခိုလှုံကာ ဝင်ရောက်လာကြ
ကြောက်စရာ့ ဒီရုပ်ဒီခန္ဓာ
အော်…ဇရပ်ပျက်ကြီးပမာပါတကား။
ထောက်ထားမညှာ ဖောက်ပြားကာ
ဖန်တီးလာလေသမျှ ကံကိလေသာ
အပုပ်ခန္ဓာ ရုပ်နာမ်နှစ်ဖြာ
ဝေဒနာအဆိုးတွေကြားက
ဒေသနာကိုကြိုးစား
ဘာဝနာအသိတရားနဲ့ နိုးကြား
ကျင့်တရားပွားများကာပင်၊
ဆည်းဆာညို အမှောင်မိုက်လမ်းမှာ
စမ်းတဝါးဝါးနဲ့ လျှောက်လမ်းခိုက်
ကံကိလေသာ မကုန်ခန်းးလေသမျှ
ဖိစီးလာဝေဒနာတွေက
ခိုလှုံကာ ဝင်ရောက်လာကြ
ကြောက်စရာ့ ဒီရုပ်ဒီခန္ဓာ
အော်…ဇရပ်ပျက်ကြီးပမာပါတကား။
ထောက်ထားမညှာ ဖောက်ပြားကာ
ဖန်တီးလာလေသမျှ ကံကိလေသာ
အပုပ်ခန္ဓာ ရုပ်နာမ်နှစ်ဖြာ
ဝေဒနာအဆိုးတွေကြားက
ဒေသနာကိုကြိုးစား
ဘာဝနာအသိတရားနဲ့ နိုးကြား
ကျင့်တရားပွားများကာပင်၊
အပုပ်ခန္ဓာ ရုပ်နာမ်နှစ်ဖြာ
နောက်တစ်ခါ ရောက်မလာရလေအောင်
စိတ်မောစရာ ဒီဇရပ်အိုကြီးကို
တကယ့်အစစ် အမြိုက်လမ်းဆီသို့
ဆက်ချစ်အမိုက် မသန်းရလေအောင်
အိုကွယ် ဖျက်ပစ်လိုက်စမ်း။
နောက်တစ်ခါ ရောက်မလာရလေအောင်
စိတ်မောစရာ ဒီဇရပ်အိုကြီးကို
တကယ့်အစစ် အမြိုက်လမ်းဆီသို့
ဆက်ချစ်အမိုက် မသန်းရလေအောင်
အိုကွယ် ဖျက်ပစ်လိုက်စမ်း။
မီးဆယ့်တစ်ဖြာ လောင်ကျွမ်းပါသော
မိမိရင်ထဲ အပူစွဲကို
မမြဲအနိစ္စ သင်္ခါရဟု
တရားရှု့မှတ် ပွားများလတ်သော်
ကင်းပြတ်ချုပ်ပျောက် ချမ်းသာရောက်ရမှာပါတကား။
မိမိရင်ထဲ အပူစွဲကို
မမြဲအနိစ္စ သင်္ခါရဟု
တရားရှု့မှတ် ပွားများလတ်သော်
ကင်းပြတ်ချုပ်ပျောက် ချမ်းသာရောက်ရမှာပါတကား။
(မေ့သားလှ-ဇလဂ္ဂ) ၁၀-၂၆-၂၀၁၀
ထို့ပြင်
တစ်ခန်းရပ် ဇာတ်လမ်းအဖြစ် ဂင်္ဂါတိရိယမထေရ်ကို အပါဒါန် ပါဠိစာပေ၌ ဥဒကဒါယက မထေရ်ဟုလည်း
အမည်တွင်သေးသည်။ မထေရ်လောင်းလျာသည် ပါရမီနုစဉ် ပဒုမုတ္တရ ဘုရားရှင်လက်ထက်က
သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားလေး ဖြစ်ခဲ့ပြီး ဘုရားအမှူးရှိသော
သံဃာတော်အပေါင်းအား သောက်တော်ရေများ လှူဒါန်းခဲ့ဖူးလေ၏။
ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည် စုံချည်ဆန်ချည် ကျင်လည်ရကာ
လူ့နတ်ချမ်းသာများ ခံစားစံစားရပြီး နောက်ဆုံးဘဝတွင် ဂေါတမဘုရားရှင်လက်ထက်
သာဝတ္ထိပြည်က တယောက်သော သူဋ္ဌေး၏ သားဖြစ်ကာ ငယ်နာမည်ကို ဒတ္တဟု ခေါ်ဆိုကြောင်း ဂင်္ဂါတီရိယတ္ထေရဂါထာ ဝဏ္ဏာနာ၌ လာရှိ၏။ သာဝတ္ထိပြည်က
သူဋ္ဌေးဆိုသည်မှာလည်း သူ့ကို ဇရပ်တစ်ခုပေါ်တွင် ငိုနေသည်ကို တွေ့သဖြင့်
ကောက်ယူမွေးစားထားသော လှည်းကုန်သည် သူဋ္ဌေးဟု ဆိုရမည် ဖြစ်ပေသည်။
အရွယ်ရောက်တော့
အထက်ပါဆိုခဲ့ပြီး သုံးပွင့်ဆိုင်ဇာတ်လမ်းမှာ ပါဝင်သည့် စက်ဆုပ်စရာ
ကာမဂုဏ်နွံအိုင်ထဲမှာ အမေနှင့်သမီးဖြစ်သော သူတို့သည် သားအရင်း၊ သမီး၏
မောင်အရင်းဖြစ်သူနှင့် တစ်လင်တည်းမယားတွေ ဖြစ်နေကြခြင်း တည်းဟူသော အဂမနီယဋ္ဌာန-
ယဉ်ကျေးသည့် လူ့အသိုင်းအဝိုင်းမှာ မကြားဝံ့မနာသာ ရှက်ရွံ့စက်ဆုပ်ဖွယ်ရာ
မပြုသင့်မပြုထိုက် ကာမပြစ်မှား မလားထိုက်သော အမှုကိစ္စမျိုးကို
အဝိဇ္ဇာပိတ်ကာဆိုမှုကြောင့် မသိကြဘဲ ကျူးလွန်မိသဖြင့် နောက်တစ်ဖန် အဖြစ်သနစ်မှန်သိ သတိသံဝေဂရကာ
စက်ဆုပ် ရွံရှာစရာ ကောင်းလှသည့် ကာမဂုဏ်တို့၏အပြစ်တွေကို
ထိတ်လန့်ရှက်ရွံ့လွန်းလို့ ကာမဂုဏ် နွံအိုင်းထဲက လွတ်မြောက်အောင် ရုန်းထွက်နိုင်မှ
ဒီအဖြစ်ဆိုးက လွတ်မြောက်မှာပါ လားဟု သိမြင်ကြပြီး ယုတ်ညံ့သည့် အိမ်ရာတည်ထောင် လူ့ဘောင်ကို
စွန့်ခွာပြီး မြင့်မြတ်တဲ့ရဟန်းဘောင်ကို ရဟန်းပြုခဲ့ကြပါတော့သည်။ လူသူဝေးရာ
ဂင်္ဂါမြစ်ကမ်း ထန်းရွက်မိုးကျောင်းလေး ဆောက်ကာ သုံးနှစ်တိုင်တိုင်
ကြိုးစားအားထုတ်မှ အာသဝေါကုန်ခန်း ရဟန္တာဖြစ်လေသည်။ ရဟန္တာဖြစ်သောအခါ ကိုယ်တိုင်ရေး
အတ္ထုပ္ပတ္တိအနေဖြင့် ဥဒကဒါယကတ္ထေရ အပါဒါန်မှာ ဤကဲ့သို့ ဥဒါန်း ကျူးရင့်တော် မူခဲ့ လေသည်။
၁။ ပဒုမုတ္တရ မြတ်ဗုဒ္ဓ၏ အမြတ်ဆုံးဖြစ်သော သံဃာတော်၌
ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ သောက်ရေအိုးကို ပြည့်စေခဲ့၏။
၂။ တောင်ထိပ်၌လည်းကောင်း၊ သစ်ပင်ဖျား၌ လည်းကောင်း၊ ကောင်းကင်၌
လည်းကောင်း၊ သို့မဟုတ် မြေပြင်၌လည်းကောင်း သောက်ရေကို အလိုရှိ၏။ ထိုအခါ (ရေသည်)
ငါ့အား လျင်မြန်စွာ ဖြစ်လေ၏။ ။
၃။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ (ရေ) အလှူကို လှူခဲ့ရသော
အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ဒုဂ္ဂတိဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည်
ရေလှူခဲ့ရခြင်း၏ အကျိုးပေတည်း။
၎။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။
အာသဝေါတရား အားလုံးတို့ကို ပယ်နှတ်အပ်ကုန်ပြီ။ “ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို
ဖြတ်၍ နေသကဲ့သို့” ငါသည် အာသဝေါတရား မရှိဘဲ နေရ၏။
၅။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏။ ငါသည်
မြတ်စွာဘုရားအထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါပေကုန်ပြီ။ မြတ်စွာဘုရား၏
အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပေပြီ။
၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော
ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိဥာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါပေကုန်ပြီ။ မြတ်စွာဘုရား၏
အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် ဂင်္ဂါတီရိယမထေရ်ဟူ၍လည်းကောင်း
အမည်တွင်သော အရှင်ဥဒကမထေရ်မြတ်သည် အထက်ပါ ဂါထာတို့ကို ဝမ်းမြောက်စွာ ကျူးရင့်
မိန့်ဆိုခဲ့လေသည်။
ကမ္မာပရာဓ
သတ္တာနံ၊ ဝိနာသေ ပစ္စုပဋ္ဌိတေ၊
အနယော
နယရူပေ၊ ဗုဒ္ဓိပက္ကမျ တိဋ္ဌတိ။
သတ္တဝါတို့သည် ကံကြမ္မာ ညှိုးရှာက ပျက်စီးချိန်တန်ပါလျှင်
နည်းလမ်းမဟုတ်သည့် အရာကို နည်းလမ်းမှန်ကန်သည်ဟု ယူဆတတ်ကြကာ သူတို့၏
လုပ်ဆောင်ချက်သည် အသိတရားကို ကျော်လွန်သွား၍(မသိမှုအဝိဇ္ဇာ ဖုံးလွှမ်းသွားကာ) မှောက်မှောက်မှားမှား
ကျော်မကောင်း ကြားမကောင်း အဖြစ်အပျက်များ ဖြစ်ပွါးပြီး ရာဇဝင်မှာ စာတင် ကျန်ရစ်
တည်ရစ်ခဲ့ပေသည်။
ဂင်္ဂါတိရိယမထေရ်တို့ မိသားစု သုံးယောက်တို့သည် တကယ့်
ကျွတ်တမ်းဝင်ကြရမည့် ပါရမီရှင်တွေ ဖြစ်ကြသည်။ သို့သော် ပျက်စီးချိန်တန်က
ဘဝပျက်စီးမှုမျိုးနှင့် လောကဓံ အမျိုးမျိုး ကြုံတွေ့ကာ နောက်ဆုံးမှ အသိတရား
ရကြပေသည်။ တစ်ချို့သော သူတို့သည် အသိတရားပင် မရလိုက်ကြဘဲ နောင်တတရားဖြင့် ဇာတ်လမ်းသွားကာ သံသရာမှာ ဆက်လက်ကျင်လည်
ကြရပေသည်။ ဂင်္ဂါတီရိယမထေရ်တို့၏ နှလုံးသားများ အလွန်ဖြူစင် ရိုးသားလှသည်ကို ကြည်ညို
မဆုံးဖြစ်မိသည်။ အဘယ်ကြောင့်ဆိုသော် သာမန်ပုထုဇဉ်များသာဆိုလျှင် ဤကဲ့သို့
ကျော်မကောင်း ကြားမကောင်း အဖြစ်အပျက်များကို သမိုင်းတွင်ရစ်အောင်
ကိုယ်တိုင်ထုတ်ဖော် ပြောကြားဖို့ ဝေးစွ။ သို့သော် မထေရ်မြတ်တို့ မိသားစု
သုံးယောက်တို့သည် သစ္စာသိမြင် အရိယာအရှင်များ ဖြစ်သည့်အားလျှော်စွာ သူတို့၏
ပုံရိပ်ကို မကွယ်မဝှက်ဘဲ ကောင်းဆိုးအားလုံးကို ရိုသားပွင့်လင်းစွာ ဖွင့်ဟတင်ပြကာ
ဥဒါန်းများပင် ကျူးရင့်တော်မူခဲ့ကြသေးသည်။ အလွန်တရာပင် သူတို့၏ နှလုံးသားမျိုးကို
လေးစားကြည်ညိုဖွယ်ကောင်းပေစွ။
ဂင်္ဂါတီရိယမထေရ်၊ မယ်တော်နှင့် ညီမတော်သုံးယောက်တို့၏ သန္တာန်တွင်
ကံကိလေသာ အစိုအစေးမရှိတော့ဘဲ သူတို့၏ နှလုံးသားသန္တာန်မှာ အချစ်တဏှာပန်းများ
နွမ်းကြွေခဲ့လေပြီ။ ဇာတိဇရာ မရဏစသော ဘေးအန္တရာယ်ပေါများသည့် ကိလေသာတောကြီး တောငယ်
အသွယ်သွယ် ပြုန်းတီးကာ အလွန်သာယာ အေးမြလှသည့် အမြိုက်နိဗ္ဗာန်သို့ ပျော်ပျော်ကြီး
ဝင်စံခဲ့ကြ လေတော့သည်။
စာဖတ်သူအားလုံး တဏှာပန်းကြွေ ကိလေသာတောများ
ပြုန်းတီးနိုင်ကြပါစေ။
တဏှာပန်းကြွေ ကိလေသာတောများ ပြုန်းတီးအောင်
ကြိုးစားနိုင်ကြပါစေ။
မေတ္တာဖြင့်
ပညာရိပ်သာဆရာတော်
(သီတဂူ) ဒေါက်တာသုတာစာရာလင်္ကာရ
(မေ့သားလှ-ဇလဂ္ဂ)
၁၃-၅-၂၀၁၄(အင်္ဂါနေ့)
၁၃၇၆ခု၊ ကဆုန်လပြည့်
ဗုဒ္ဓနေ့ ရေးပြီး၏