" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Tuesday, May 13, 2014

တဏှာနွမ်းကြွေ တောပြုန်းလေသော် (အခန်းဆက်) 1


 တုံ့မယူရက်၊ ရှုံးသူဘက်နာ၊ ခံခက်စွာဖြင့် ကျွန်မသည် မောင့်ကို ခွင့်လွှတ်နည်းလည်ပေးဖို့ မောင်နှင့်တွေ့ချင်လွန်းလို့ မောင်-ကုန်ရောင်းသွားရာ ရာဇဂြိုဟ်မြို့ဆီသို့ အားတင်းကာမျှော်မှန်း လျှောက်လှမ်းထွက်လာခဲ့ပြီ မောင်ရေ။ အလိုလေး- ဒုက္ခဒုက္ခ၊ နေကလည်း ပူလွန်းလှချည်ရဲ့၊ သို့သော်လည်း ငါ့အပူမီးက နွေခေါင်ခေါင် နေ့လည်မှာ ခြစ်ခြစ်တောက် ပူလောင်နေသည့် သူရိယနေမင်းကြီး၏ အပူထက်ပင် ပိုပြီး ပူလွန်းလှပါရော့လား။ အဖော်မဲ့ မိန်းမသား ကျွန်မတစ်ယောက်တည်း ရာသီဥတုဒဏ်ကို အံတုရင်း အစာရေစာမဲ့ကာ နွမ်းလျမောပန်းစွာ ခရီးနှင်ခဲ့တာ တော်တော်လေး ခရီးရောက်ခဲ့လေပြီ။ ဟော့…ဟိုရှေ့မှာ ဝေးလံခေါင်သီ လူမရှိ သူမရှိ ခနော်နီခနော်နဲ့ ကျိုးတိုကျဲတဲ ယိမ်းယိုင်ပြိုကျလုမတတ် ကျွန်မဘဝနှင့်တူလှသည့် ဇရပ်လေးအိုလေး တစ်ခုသို့ ကျွန်မရောက်ရှိခဲ့ပြီ။ ပြိုလဲမတတ် ဒယိမ်းဒရိုင် ခြေလှမ်းတို့ဖြင့် ရှိသမျှအင်အားတင်းထားကာ ဇရပ်လေးပေါ်သို့ မနည်းကုတ်ခြစ် တွယ်ဖက်တက်ခဲ့ရသည်။  
ရှာဖွေမတွေ့၊ ပြာဝေမေ့လု၊ တရွေ့ရွေ့လှမ်း၊ မောပန်းစွာဖြင့် ကျွန်မမျက်လုံးတွေလည်း ပြာဝေခဲ့ပြီ။ မောဟိုက်လွန်းလို့ ကိုယ်ခန္ဓာလှဲအချလိုက်မှာ မိုက်ခနဲ သတိလွတ်မတတ် ဖြစ်သွား၏။ ရင်မှာလွယ်ထားရသည့် ကိုယ်ဝန်တစ်ခုလုံး ပေါက်ထွက်သွားမတတ် မချိရင်ကဲ ချွေးသီးချွေးပေါက်တွေကျ နာကျင်စွာဟစ်အော်ညီးညူရင်း မနေနိုင်မထိုင်နိုင် မအောင့်နိုင် မအီးနိုင်တော့ဘဲ ကမ္မဇလေတွေက တွန်းကန်လှုပ်ရှားနေမှုကြောင့် အဖော်မဲ့ အံကြိတ်ပြီး တစ်ယောက်တည်း ဖေးမသူကင်းမဲ့စွာ အာဝေဏိကဒုက္ခကို ခါးစည်းခံရင်း ချစ်စရာ ရွှေအဆင်းနှင့်တူသော သားလေးတစ်ယောက် ဖွားမြင်ခဲ့ရသည်။ ဘဝလှိုင်းဒဏ်၊ ငိုရှိုက်သံများ၊ ငါ့အား လှုပ်ခတ်လေပြီ။ “အူဝဲ၊ အူဝဲ…” စူးခနဲအော်လိုက်သော သား-ကလေးအသံကြောင့် ကျွန်မရင်မှာ တုန်လှုပ်သွားပြီး ကလေးကို ကြည့်လိုက်မိသည်။ အို…အမေ့သားလေး၊ ကျွန်မသားလေး … ရွှေရုပ်လေးနှယ် ချစ်စရာကောင်းလိုက်တာ။ ကျွန်မရင်ထဲမှာ သားရွှေရုပ်ကို တစိမ့်စိမ့်ကြည့်ရင်း “သားတို့ရုပ်ရည်၊ သီတာမည်သား၊ ရေကြည်ချမ်းမြ၊ တစ်ပေါက်ကျက၊ မိဘတို့ဝမ်း၊ ငြိမ်းစတမ်းတည့်” ဆိုသကဲ့သို့ သားလေးကို ရင်ခွင်ထဲပွေ့ကာ ကျွန်မတစ်ကိုယ်လုံးလည်း မေတ္တာအကြင်နာ သီတာရေမှာ လွင့်မျောသွားလေတော့၏။ အို… ချစ်လိုက်ရတာ…။ “အူဝဲ၊ အူဝဲ…”  အို မငိုပါနဲ့ သားလေးရယ်၊ နို့ချိုတိုက်ကျွေးလို့လည်း ကောင်းကောင်း မစို့တတ်သေးပါလား၊ အော်… ရေဆာလို့ထင်ပါရဲ့၊ အမေ ရေသွားခတ်လိုက်ဦးမယ်၊ မငိုပါနဲ့ သားလေး၊ လူလေး တိတ်တိတ်နော်” ဟု ပါးစပ်မှ ရေရွတ်ရင်း ကျွန်မ သားလေးကို ရင်လွှမ်းပဝါဖြင့် ထွေးပိုက်ထုတ်ကာ ရေရှာထွက်ခဲ့သည်။   

               ကျွန်မ မရောက်ဖူးသည့် တောကြီးမျက်မဲထဲမှာ ရေရှာရင်း စမ်းတဝါးဝါးနဲ့လျှောက်ခဲ့ရာမှာ ကံအားလျော်စွာ ရေအိုင်လေးတွေ့လို့ ပဒုမ္မာကြာဖက်နဲ့ ကန်တော့လုပ် ရေကို ခပ်ယူခဲ့ပြီး ဇရပ်ဆီပြန်အရောက်မှာ ကျွန်မအသည်းနှလုံးတွေ ပြုတ်ကျသွားသလို ခံစားလိုက်ရပါတော့သည်။ ဟင်…ကျွန်မသားလေး မတွေ့တော့ပါလား၊ ကျွန်မရင်ထဲ ဗလောင်းဆူသွားပြီး လက်ထဲက ရေထည့်ယူလာခဲ့သည့် ကြာဖက်ရွက်ခွက်ကလေး လွတ်ကျသွားရပါတော့သည်။ အပြေးအလွှား အရူးမီးဝိုင်းသလို ဇရပ်ပေါ်ပြေးတက်ပြီး ကျီးကန်းတောင်းမှောက် ပတ်ချာလည် သားလေးကို ရှာကြည့်တော့လည်း မတွေ့ရတော့ပါဘူး၊ ကျွန်မရင်ထဲ မီးတောက်နေပြီ။  သားလေးရေ… သားလေးရေလို့ တကြော်ကြော် အော်ဟစ်မြည်ကြွေးရင်း သားလေး ဘယ်ပျောက်သွားပါလိမ့်၊ မပြောကောင်း ပြောကောင်း သားရဲတိရစ္ဆာန် ကိုက်ချီသွားတာတော့ မဟုတ်တန်ရာ၊ ကိုက်ချီဆွဲသွားရင်လည်း ကုတ်ရာခြစ်ရာ သွေးစသွေးနလေးတွေတော့ တွေ့ရမယ်။ ခရီးသွားလမ်းလာ တစ်စုံတစ်ယောက်က ခေါ်သွားတာပဲ ဖြစ်ရမယ်ဟု သက်ပြင်းအမျိုးမျိုးချ ဘုရားတကာ လိုက်ရှာနေမိသည်။ တစ်ပူပေါ်တစ်ပူဆင့် ရင်ထဲမှာ အပူဒီဂရီတွေက မြင့်မားလွန်းလှသည်။ ကျွန်မရှိခိုးပါရဲ့၊ ကျွန်မသားလေးကို ခေါ်သွားရင်ပြန်ပေးကြပါရှင်၊ ကျွန်မရင်တွင် နှိုင်းယှဉ်ရမူ ပူလောင်ပြင်ကျယ် မီးတောင်ဝယ်ထက် ကြဲပက်ပန်းပျိုး အားသွန်ကြိုး၍ စိုက်ပျိုးသူနှယ် စိတ်ပျက်ဖွယ်ပင်ပါတကား။ သားရွှေရုပ်လေး မွေးလာတော့ သားမျက်နှာမြင်ရလို့ အားအင်တွေ ပြန်တက်လာတုန်း ခုတဖန် အမေ့သားလေးလည်း ဆုံးရှုံးရတော့မှာပါလား။ ဘုရားဘုရား၊ ဘုရားကယ်တော်မူပါ၊ တရားကယ်တော်မူပါ။ သားကလေးရှာမတွေ့တော့သဖြင့် မြေကြီးပေါ်ထိုင်ချ မြေပြင်တွင်မျက်နှာအပ်ကာ ရှိုက်ကြီးတငင် ငိုချနေမိသည်။  

               အမှန်မှာ မိခင်သည် သားလေးအတွက် ရေခပ်သွားလို့ ပြန်မရောက်လာသေးခင် ဇရပ်အနီးက ဖြတ်သွားသော လှည်းကုန်သည်တစ်ယောက်က တကြော်ကြော်ငိုနေသည့် ကလေးငယ်အသံကို ကြားရသဖြင့် “မိမိလည်း သားမရှိတာနဲ့ အံကျပဲ၊ ပိုင်ရှင်မဲ့ သားလေးဘဲ ဖြစ်မှာပါ”ဟု နှလုံးပိုက်ကာ ကလေးငယ်ကို ကောက်ယူကာ နို့ထိမ်းထံ အပ်နှံ မွေးမြူစေခဲ့သည်။  သားလေးမတွေ့ရတော့ မိခင်အရင်းဖြစ်သောကျွန်မ ကျွန်မသားလေးကို တောစပ်အနှံ့ တကြော်ကြော်အော်ခေါ် ဟစ်ကြွေးငိုရှိုက်ရင်း သောကလောင်မြိုက်လျက် လင်တော်မောင်ရှိရာ ရာဇဂြိုဟ်သို့ ခရီးဆက် လျှောက်လှမ်းလာခဲ့ရာ တောစပ်ချုံကွယ်တစ်ခုက ဘွားခနဲ့ ထွားထွားကြိုင်းကြိုင်း လူကြမ်းကြီး တစ်ယောက် ရုတ်တရက်ထွက်လာကာ ကျွန်မလက်ကို သူ့လက်ကြမ်းကြီးနဲ့ ဆွဲထားလိုက် ပါတော့သည်။ ဟေး “ဒီမှာသူငယ်မ၊ လူမနီး သူမနီး ဒီတောကြီးမျက်မဲထဲမှာ တကြော်ကြော်နဲ့ သားပျောက် ရှာနေရသလား၊ မင်းလေးနှယ် ကြည့်ရတာ နုနုနယ်နယ် ချောချော လှလှလေးနဲ့ပါလား၊ ဒီမယ် သူငယ်မ… လင်ရှိရင် သားရတာပေါ့ သိလား”ဆိုပြီး ကျွန်မကို အို…ရုန်းကန်နေသည့်ကြားက မုံယိုနေသော ဆင်ရိုင်းတစ်ကောင်နှင့် တူသည့် သူ၏အနိုင်ကျင့်မှုကို မလူးသာမလွန့်သာ ခံစားလိုက် ရပါတော့သည်။

               ယနေ့ခောတ်တွင်လည်း လေယဉ်ပြန်ပေးဆွဲခြင်း၊ ပင်လယ်ဓားပြတိုက်ခံရာတွင် ဓားစာခံအဖြစ် ပါသွားသော အလွန်ချောမောလှပသည့် မိန်းကလေးများသည် ဓားမြဗိုလ်ကြီးများ၏ လက်တွင်းက မလွတ်နိုင်တော့ဟု ဆုံးဖြတ်ချက်ချကာ ထိုပင်လယ်ဓားပြဗိုလ်ကြီးများ၏ ဇနီးမယားများအဖြစ် မတတ်သာသည့်အဆုံး လုံးလုံးလျားလျား ဇနီးမယားအဖြစ် လက်ခံလိုက်ကြရတော့သည်။ ထိုနည်းတူပင် အလိုမတူသဖြင့် တရှုပ်ရှုပ်ငိုရှိုက်နေသည့် ကျွန်မကို ချော့လိုက်ခြောက်လိုက်နဲ့ စွေခနဲ ပွေ့ချီပြီး သူခေါ်ဆောင်ရာသို့  ရုန်းကန်ငိုကြွေးရင်း ကျွန်မ မတတ်သာသည့်အဆုံး အကောင်းဆုံးဟု သဘောပိုက်ကာ လိုက်ပါခဲ့ရပါတော့သည်။ တကယ်တော့ ဒီလူကြမ်းကြီးဟာ ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြတစ်ယောက်ဖြစ်ပြီး သူစိတ်မတွေ့ရင် လူတစ်ယောက်ရဲ့ အသက်ကို ပုရွတ်ဆိတ် တစ်ကောင်လောက်တောင်မှ တန်ဖိုးမထား သတ်တတ်ဖြတ်တတ်တဲ့ သူမျိုး မဟုတ်ပါလား၊ ထို့ကြောင့် ကျွန်မ ကြောက်ကြောက်ရွံ့ရွံ့နဲ့ပဲ သူနှင့် မလွန်ဆန်နိုင်ဘဲ နေခဲ့ရပါတော့သည်။  ကျွန်မသည် သူ့သွေးကို ကိုယ်ဝန်ဆောင်ခဲ့ရပြီး အလွန်ချောမော လှပသည့် သမီးလေးတစ်ယောက် မကြာမီ မွေးဖွားခဲ့ရ ပြန်ပါတော့သည်။

               အော်… မကြည်သည့်ရင် သည်ဖြစ်အင် ဘယ်သူပြုတယ်လို့ တွေးရှု့ကာ အဖြေရှာကြည့်လိုက်တော့ ငါ့ကံကြမ္မာကား ရက်စက်လွန်းစွတကားဟု မိမိဘဝကံကြမ္မာကို တွေးမိနေသည်။ တစ်နေ့မှာ ကျွန်မသမီးလေးကို နို့ချိုတိုက်နေတုန်း ကျွန်မသည် လှောင်အိမ်ထဲက ငှက်ငယ်လေးလို ဒီဓားပြကြီး၏ အနိုင်ကျင့်ထိန်းချုပ်မှုအောက်မှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနေရသည့် ဘဝကိုလည်း ကြေကွဲဝမ်းနည်းစွာ တွေးမိပြီး ငိုင်နေမိပါသည်။ ဒီအချိန်မှာ  ကျွန်မကို အနိုင်ကျင့်ပြီး သားမယားအဖြစ် ပြုခဲ့သော ဓားပြကြီးသည် ဘာကို စိတ်အခန့်မသင့် ဖြစ်လာတယ် မသိပါ။ ကလေးနို့တိုက်နေသည့် ကျွန်မကို “ဟဲ့… ကောင်မ၊ နင်ဘယ်လင်ကို ဆွေးပြီးငိုင်နေ မှိုင်နေရတာလဲ” ဆိုပြီး ခြေထောက်နဲ့ ကန်လိုက်တာ ကျွန်မ ဝုန်းခနဲ မှောက်လဲသွားသည်။ ကျွန်မရင်ခွင်ထဲက သမီးလေး၏ ဦးခေါင်းသည် အနားကတိုင်နဲ့ ဆောင့်မိပြီး ခေါင်းဒဏ်ရာမှ သွေးတွေ ဖြာခနဲထွက်ကာ ကြူကြူပါအောင် သမီးလေး ငိုရှာတော့သည်။

ဒါကို အကြင်နာ မေတ္တာတရားကင်းမဲ့ပြီး လူမဆန်သည့် ဓားပြကြီးက လှည့်တောင်မကြည့်ဘဲ ဆဲဆိုကြိမ်းမောင်းပြီး ပြန်ထွက်သွားခဲ့လေသည်။ ကျွန်မငိုရှိုက်ရင်း လူလဲထပြီး သမီးလေးခေါင်းကို ကြည့်လိုက်တော့  ခေါင်းပေါက်သွားတာ နည်းတဲ့ ဒဏ်ရာမဟုတ်ဘူး။ ကျွန်မလည်း မျက်ရည် စက်လက်နဲ့ ကျွန်မသမီးလေးခေါင်းမှ သွေးတွေတိတ်သွားအောင် ကျွန်မ ရင်လွှမ်း တဘက်လေးဖြင့် ပတ်ပေးထားပြီး ငိုရှာနေသည့် သမီးလေးကို ချော့နေတုန်း ဒီလူစိတ်ပျောက်နေသော ဓားပြကြီးက ဆဲဆိုကြိမ်းမောင်းရင်း ကျွန်မတို့သားအမိနှစ်ယေက်ဆီ ပြန်လှည့်လာနေတာကို ခပ်လှမ်းလှမ်းမှ တွေ့လိုက်ရတာမို့ ကျွန်မ ကြောက်အားလန့်အားဖြင့် အသက်လုပြီး ခြေဦးတည့်ရာသို့ ထွက်းပြေးခဲ့ရာ သမီးလေးတယောက်တည်း အဖော်မဲ့စွာ ကျန်ရစ်ခဲ့တော့သည်။  

               ကျွန်မ ဓားပြဗိုလ်ကြီးထံ မပြန်ရဲတော့တာမို့ မချိတင်ကဲ သမီးလေးနဲ့ ခွဲခွါခဲ့ရသည်။ ပုန်းခိုပြေးလွှားခဲ့ရာမှ ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာ ဆိုသလို ကျွန်မရဲ့ဘဝ ကံအကျိုးပေး နုံချာလှပုံကို ရင်နာနာနဲ့ တွေးတောလျှောက်လှမ်းခဲ့ရင်း မောင့်အချစ်ဦး ရှိမယ်ထင်ရာ ရာဇဂြိုဟ်မြို့သို့ ရောက်လာခဲ့ပါတော့သည်။ လင်နှစ်ယောက်ပြောင်း သားသမီးနှစ်ယောက် ရခဲ့သည့်ကျွန်မ မောင့်ကိုလည်း မတွေ့ရဲတော့ပါဘူး။ မောင့်သတင်း စုံစမ်းကြည့်တော့လည်း ရာဇဂြိုဟ်မှာ မရှိတော့ဘဲ သာဝတ္ထိပြန်သွားပြီတဲ့။ မောင်က ကျွန်မကို သစ္စာမဲ့တဲ့ မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးလို့ပဲ ထင်တော့မှာပါလေ။ ကျွန်မရဲ့ကံကြမ္မာက ဒီလိုဘဲ ဖန်လာခဲ့ပြီကိုး။  ကျွန်မသည် တစ်ကောင်ကြွက်  တစ်ဦးတည်းပေမို့ ဒီရာဇဂြိုဟ်မြို့မှာပဲ အဆင်ပြေသလို လုပ်ကိုင်စားသောက်ရင်း နေခဲ့ရပါတော့သည်။ တစ်ဝမ်းတစ်ခါးပေမို့ လုပ်လုပ်စားစားနဲ့ နေခဲ့တာ ဆယ့်ခြောက်နှစ်တောင် ကျော်လာခဲ့ပါပြီ။ ကျွန်မအသက် သုံးဆယ်ကျော်လာပေမယ့် ရှေးကုသိုလ်ကံကြောင့်ထင်ရဲ့ ကျွန်မရုပ်ရည်ကတော့ တင့်တယ်တုန်းဖြစ်ပေသည်။ တစ်သားမွေး တစ်သွေးလှမက နှစ်သားမွေး နှစ်သွေးလှလို့ပင် ဆိုရမလောက်အောင် ကျွန်မလှသွေးကြွယ်လျက်ပင်။ ပုရိသယောကျာ်းတို့၏ စိတ်နှလုံးကို ဆွဲဆောင်နိုင်တုန်းပင်။ ကျွန်မကို ကမ်းလှမ်းသူတွေ ရှိနေပေမယ့် ကျွန်မအပူမရှာဝံ့တော့ပါဘူး။ ဂဲ(ခဲ) မှန်ဖူးသည့် ငှက်သူငယ်လို ဖြစ်ခဲ့ရပါပြီ။   

               သို့သော် ကျွန်မရဲ့ကံလို့ပဲ ဆိုရလေမလား မသိ။ တစ်နေ့မှာ အမှတ်မထင် ခန့်ညားလှပ ပုရိသ-ပီသ၊ စမတ်ကျသော လုလင်လေးတစ်ယောက်နှင့် တွေ့လိုက်ရပြန်တော့သည်။ ကျွန်မထက် အသက် ထက်ဝက်လောက်ငယ်မယ့် လုလင်ပျိုတစ်ယောက်။ ကျွန်မ ကုန်သည်တွေရဲ့ လှည်းတန်းနား အရောက်မှာ ရှေ့ဆုံးလှည်းပေါ်က ဖျတ်ခနဲ့ ခုန်ဆင်းလိုက်သော လုလင်ပျိုလေးသည် တိုက်တိုက် ဆိုင်ဆိုင် ကျွန်မနဲ့ မျက်နှာချင်းဆိုင် ရပ်မိနေရာက ကျွန်မကို ရွှန်းရွှန်းစားစား စိန်ပွင့်လို တဖျပ်ဖျပ် တောက်နေသည့် သူရဲ့မျက်လုံးရွဲကြီးတွေနဲ့ ကြည့်ရင်း မပြုံးတုံ့တုံ့ ပြုံးတုံ့တုံ့နဲ့ ဖြစ်နေတာမို့ ကျွန်မ အသက်တောင် အရှူမှားသွားပြီး ရှက်စနိုးနဲ့ ခေါင်းငုံ့ကာ မှင်သက်လျက် ရပ်နေမိသည်။ ဘယ်လောက် ကြာသွားတယ်မသိဘူး။ သူက “မမ”လို့ ချိုလွင်သော အသံဖြင့် ခေါ်လိုက်သောအခါ မှင်တက်မိနေရာက ကျွန်မရင်ဖိုစွာနဲ့ သူ့ကို ကြည့်လိုက်မိသည်။ သူ၏  ရွှန်းလဲ့သော မျက်လုံး အကြည့်သည် ဘယ်လို အဓိပ္ပါယ်ဆောင်သည့်စကားတွေ အများကြီး ပြောနေတယ်ဆိုတာကို ကျွန်မ နှလုံးသားက အလိုလို သိနေခဲ့ပါတော့သည်။

               သူက (သာဝတ္ထိပြည်က) လှည်းကုန်သည်မှူးရဲ့သားတဲ့။ နောက်တော့ သူက ကျွန်မကို လက်ထပ်ခွင့် တောင်းလာသောအခါ ကျွန်မ တွေနေမိသည်။ ငိုင်နေမိသည်။ “မမ”လို့ စိတ်သိပ်မရှည်သည့် လေသံကြားလိုက်တော့ ကျွန်မ ရီဝေနေသော မျက်လုံးများနှင့် သူ့ကိုကြည့်ရင်း “မောင်လေးရယ် မင်းထက် အသက်ထက်ဝက်ကြီးတဲ့ မမကို လက်ထပ်ဖို့ သင့်တော်မယ် မထင်ပါဘူး”လို့ သက်ပြင်း ချရင်း လေးလေးတွဲ့တွဲ့ ပြောလိုက်တော့ “အို…မမကလည်း ချစ်တာ ချစ်တာ ပဓာနပဲ၊ ကြီးရင်မှီ၊ ငယ်ရင်ချီတဲ့၊ ကဲ- သိပြီလား” ဆိုလာပြန်တော့ ကျွန်မက ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်သည်။ တယုတယ ထွေးပိုက်လိုက်သည့် သူ့ရင်ခွင်ထဲမှာ ကျွန်မ ပြောမပြတတ်အောင် သာယာကြည်နူး ခဲ့ရပါသည်။

               ဒီလိုနဲ့ သူနဲ့ကျွန်မ မိုးမမြင်လေမမြင် အချစ်မိုးမွှန်နေတုန်းမှာပဲ တစ်နေမှာတော့ သူ့ကို ကျွန်မ၏ ရင်ခွင်ထဲမှ ဆွဲထုတ်ယူနိုင်ခဲ့သူ မိန်းကလေးတစ်ယောက် ပေါ်ပေါက်လာပါတော့သည်။ သူ ကျွန်မကို ပြောတာက အဲဒီ မိန်းကလေးဟာ သိပ်သနားစရာကောင်းလှတယ်၊ သူ့အဖေကို လူဆိုးဓားပြတွေက သတ်ပစ်လိုက်ပြီး သူ့ကိုမတရားပြုကျင့်မယ်အကြံမှာ  ကြောက်အားလန့်အား ထွက်ပြေးလာခဲ့ရ ရှာတာမို့ ဒီအိမ်မှာ မမနဲ့ အတူတူ စောင့်ရှောက်ထားပါရစေတဲ့။  ခဏလောက်တော့ ကျွန်မအသည်းနှလုံးတွေ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ ရင်ထဲမှာ နွမ်းလျသွားသည်။ ကျွန်မရင်ထဲ ဗလောင်းဆူသွားပြီး ဟာလာဟင်းလင်းဖြစ်သွားရာမှ စီးကျလာသော မျက်ရည်ကြားက ဝေသီနေသော မျက်လုံးများဖြင့် သူတို့နှစ်ယောက်ကို ကြည့်နေမိသည်။
                “အို… မိန်းကလေးက တကယ့်အချောလေးပဲ၊ သူတို့နှစ်ယောက် အရွယ်ကလည်း မတိမ်းမယိမ်း မိန်းကလေးက တစ်နှစ်လောက် ငယ်လိမ့်မယ်ထင်တယ်၊ ပျိုမျစ်နုနယ် တင့်တယ်လှသူတွေမို့ လိုက်ဖက်လှပါတယ်၊ တကယ်တော့ အချစ်ဆိုတာ ရယူခြင်းမဟုတ်ဘဲ ပေးဆပ်ခြင်းဆိုတာ ကျွန်မ ခံစားသိရှိလိုက်ရပါပြီ၊ ပြီးတော့ မောင်လေးကို ကျွန်မသိပ်ချစ်တယ်၊ ကျွန်မလေ သူ့ကို လင်လိုတစ်မျိုး သားလိုတစ်မည် ခွင့်လွှတ်လိုက်လျောပြီး အချစ်ကြီးချစ်ခဲ့ရတာမို့ သူစိတ်ချမ်းသာမယ်ဆိုရင် ကျွန်မနှလုံးသားကို ဆွဲထုတ်ပေးဆိုရင်တောင် ပေးဝံ့ပါတယ်၊  ပြီးတော့လည်း မိန်းကလေး ကြည့်ရတာလည်း ချစ်စရာလေး။ အို…ကျွန်မသမီးလေးသာရှိရင် ဒီအရွယ်လေးပေမို့ သူတို့ နှစ်ယောက်ကို ကျွန်မ ကျေကျေနပ်နပ်ကြီး ခွင့်လွှတ်ပါတယ်။ ကျွန်မ သူတို့နှစ်ယောက် ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေတာကိုကြည့်ပြီး ကျေနပ်မိပါတယ်”ဟု မိမိကိုယ်ကိုယ် ရင်ထဲက ကြည်ဖြူစွာ လက်ခံမိပါတော့သည်။ သူတို့နှစ်ယောက် ထူးကဲစွာ ချစ်လာကြတော့ ကျွန်မ အလိုလို ဒုတိယနေရာသို့ ရောက်မှန်းမသိ ရောက်သွားခဲ့သည်။

                ကျွန်မတို့ မိန်းမသားနှစ်ယောက် တစ်လင်တည်းနေခဲ့ကြတာ ဘာပြဿနာမျှ မရှိခဲ့ပါဘူး။ ချစ်ချစ်ခင်ခင် အေးအေးချမ်းချမ်းပါပဲ။ နှစ်ယောက်စလုံးကလည်း ကျွန်မကို မမလို အမေလို ဆိုးနွဲ့ကြတာလေ၊ ဒင်ကလေးတို့ နှစ်ယောက် ကျွန်မကို အထီကျန်ထားပြီး ခွဲမသွားရင်ဘဲ ကျွန်မ ကျေနပ်နေပါပြီ။ ပေါင်းစပ်ခဲ့ရသည့် ဘဝနှစ်ခု သူနှင့် ထပ်မံ မဝေးဖို့သာ အရေးကြီးပါသည်။ ပေါင်းဖက်လာခဲ့သည့် သံယောဇဉ်က တမျိုး၊ သွေးသားတော်စပ်ခြင်းကြောင့် ဖြစ်ပေါ်လာရသော သံယောဇဉ်ကတမျိုး ကြောင့်လားတော့မသိ၊ ကျွန်မ သူတို့နှစ်ယောက်နှင့် ဖြစ်သမျှ အကောင်းချည်းပင် ဝမ်းမြောက်စွာ လက်ခံပါသည်။ ကျွန်မ သူတို့လေးတွေရဲ့ ကြည်နူးပုံကို ကြည့်ပြီး မျက်ရည်ပွင့်များသည်ပင် ပါးပြင်ပေါ်သို့ အေးဆေးစွာ ခုန်ဆင်းလာပါတော့သည်။ မေတ္တာတွေ စွန့်လွှတ်မှုများစွာဖြင့် ပေးလှူနေသော ဝေဿန္တရာလက်သစ်ပမာ ကျွန်မကိုယ်ကျွန်မ ဂုဏ်ယူနေမိတော့သည်။ ပုလဲကိုလိုချင်လျှင် ကမာကောင်၏ ရင်ကိုခွဲရသည်။ ဘဝတစ်ခုလုံးနှင့် ရင်းထားခဲ့ရသော သံယောဇဉ်များစွာ မျက်ရည်စက်များစွာ နာကျင်မှုမြောက်များစွာတို့နှင့် ရင်ဆိုင်ဖြတ်သန်းလာရသော ကျွန်မဘဝ မိမိနှလုံးသားထဲမှ မောင်တစ်ယောက် ခွဲမထုတ်သွားရင် တော်ပါပြီ။ 

(သီတဂူ ) ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)

No comments:

Post a Comment