" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Tuesday, September 20, 2011

သြဝါဒတေးထပ်(လယ်တီဆရာတော်)

ဇာတ်တော်၌လာသော လက်ပံမြိုင်ငှက်နှင့် ရှားတောငှက် ဥပမာတင်၍

မတူတန်သောသူများကို မတုပထိုက်ကြောင်းနှင့် ၎င်း မောင်သြဇာအား ဆုံးမသော

သြဝါဒတေးထပ်

မတူတန် တုဖက်၊ မှုအချက် မှားရန်၊

လက်ပံမြိုင့် ဌာနစံငယ်၊ အာဂမာန် ပိတ်ဖုံး။

ရှားတောငှက် ဂနိုင်စုံကို၊ မပြိုင်တန် သင်းပြိုင်လို့ရှုံး။

ခုလောက လူ, ရှင်၊ မူအစဉ် လက်သုံး။

ငလက်ပံ ငှက်ထုံး၊ တစ်သက်လုံး စွဲမှီ။

ဆရာကို အခွာစော၊ ငါတကော ကောကြရမည်။

မိသော ဘသော နားမလည်တယ်၊ အသားအရည် သူကကြီးလို့၊

အိုသီးအိမ်သီး တဂုဏ် တသိန်၊ ခွဲတဲ့ရမှ မြိန်။

ကိုယ့်ပမာဏ နှိုင်းမချိန်တယ်၊

အနက်အတိမ် ထောက်ထားပြီဘုလေး။


်(လယ်တီဆရာတော်)

သံဝေဂ တေးထပ်(လယ်တီဆရာတော်)

တပည့် မောင်သြဇာကို ဆုံးမသော

သံဝေဂ တေးထပ်

ငါးအာရုံ ဘင်အစု၊ ခင်မှုနှင့် နေ့ကုန်၊

နင်ယခု မေ့ပုံလို၊ တွေ့မကြုံ စခန်း။

ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ခမန်း။

အောက်ဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူ စတမ်း။

နှစ်အရှည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်။

ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်း ပိုထက်သာ ပို။

သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊

နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဖို့ အစဉ်။

ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊

အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာဆဲကမှ မခဲချင်လျှင်၊

အလွဲ နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊

အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။


ကျေးဇူးရှင် လယ်တီဆရာတော်ကြီး ရေးသားပြုစုသော လယ်တီ ဒီပနီဝိသောဓကမူ ဂမ္ဘီရ ကဗျာကျမ်း (မြန်မာပြည်စာအုပ်တိုက် ရန်ကုန် သာသနာ ၂၅၃၀၊ ကောဇာ ၁၃၄၈၊ ခရစ်နှစ် ၁၉၈၇ မေလ) ကျမ်းမှ