" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Tuesday, October 11, 2011

ခန္တီ၏ရန် ဒေါသမာန် တွန်းလှန်နိုင်ပါစေ

ခန္တျာ ဘိယျော န ဝိဇ္ဇတိ(သဂါထာဝဂ္ဂပါဠိ)ခန္တီတရားထက် သာလွန်မွန်မြတ်သောအရာ လောက၌ မရှိ။ ခန္တီ(သည်းခံခြင်း)တရား သည် လောက၌ အမြတ်ဆုံး အလိုလားအပ်ဆုံးတရားပင်ဖြစ်၏။ ထို့ကြောင့် မြတ်ဗုဒ္ဓက ခန္တီ ပရမံ တပေါ တိတိက္ခာ- သည်းခံခြင်းသည် အမြတ်ဆုံးလမ်းစဉ်ဟုပင် ဟောတော်မူခဲ့သည်။ ခန္တီတရားသည် အလွန်အဆင့်တန်းမြင့်ပြီး လောကီလောကုတ္တရာ စည်းစိမ်ဥစ္စာ ရကြောင်းတရားလည်း ဖြစ်သည်ဟု အဌကထာ ဆရာကြီးများက ဖွင့်ဆိုထားကြပြန်၏။ (ခန္တျာ ဘိယျော လောကိယလောကုတ္တရဓနဝိန္ဒန ကာရဏံဝါ(သုတ္တနိပါတ်အဌကထာ)။

သာသနာပြုရာ၌ဖြစ်စေ လောကီလောကုတ္တရာစည်းပွားရှာရာ၌ဖြစ်စေ သည်းခံစွမ်းရည်ခန္တီတရား လက်ကိုင်မထားနိုင်ပါက လိုရာခရီးမပြီးမြောက်နိုင်ပေ။ လောက၌ခန္တီတရားသည် မရှိမဖြစ်အလိုအပ်ဆုံးတရားပင်ဖြစ်၏။ မန္တလေးမြို့ ပဉ္စမသင်္ဂါယနာပွဲကြီးကို ဦးဆောင်တော်မူခဲ့သော မန္တလေး ဒက္ခိဏာရာမ ဘုရားကြီးတိုက်ဆရာတော်ရေးသားသည့် သံဝေဂဝတ္ထုဒီပနီကျမ်း၌လည်း သီလသမာဓိ ပညာနံ ခန္တီပဓာန ကာရဏံ- သဗ္ဗေတေ ကုသလာ ဓမ္မာ ခန္တျာ ယဒါဝ ဝဋတေ ဟုဆိုထား၏။ သည်းခံခြင်း ခန္တီတရား မိမိတို့သန္တာန်၌ မထားရှိနိုင်ပါလျှင် သာသနာတော်ဝယ်တကယ့်အခြေခံကျသည့် သီလသမာဓိပညာတရားများ တိုးပွားလာနိုင်ဖို့ ခဲယဉ်းလှ၏။ ခန္တီတရားသည် သီလသမာဓိပညာတရားတို့၏ အခြေခံကျကျ ပဓာနအကြောင်းရင်းခံလည်း ဖြစ်၏။ အချုပ်ဆိုရလျှင် ခန္တီတရားသည် ကုသိုလ်မှန်သမျှ၏ အခြေခံအုဌ်မြစ်ပင်ဖြစ်၏။

သည်းခံခြင်း-မြေကမ္ဘာ၌ရပ်တည်ပြီး ကိုယ်ကျင့်တရားကိုတည်ဆောက်ကာ လူအချင်းချင်း တန်းတူရည်တူ ဆက်ဆံနိုင်၏။ ခန္တီတရားသည် လူ့အဖွဲ့အစည်းအသီးသီးကို မယိမ်းမယိုင် မကွေ့မကောက်စေဘဲ ဖြောင့်တန်းတိုးတက်ရာလမ်းသို့ အမြဲတမ်းဦးတည်စေနိုင်သည်။ ခန္တီတရားကင်းမဲ့သည့်လောကကြီးသည် မှန်ကန်ဖြောင့်မတ်မှု တရားမျှတမှုများနှင့် ကင်းဝေးမှာမလွဲပေ။ ထို့ကြောင့်ခန္တီတရားသည် မတရားမှု မှန်သမျှကို ဆန့်ကျင်နိုင်စွမ်းရှိပြီး လူအချင်းချင်းနှိပ်စက်ညှင်းပန်းခြင်း ချုပ်နှောင်ခြင်း အနိုင်ကျင့်များကို ကြံ့ကြံ့ခံနိုင်စွမ်းရှိ၏။ ခန္တီ၏ရန် ဒေါသမာန် တွန်းလှန်နိုင်ပါစေ- ဟူသည့်သီတဂူဆရာတော်၏ မေတ္တာပို့အတိုင်း ခန္တီတရားသည် အမျက်ဒေါသ ရန်မာန်အပေါင်းကိုလည်း တွန်းလှန်နိုင်စွမ်းရှိ၏။

သည်းခံသည်ဟူရာ၌လည်း မဟုတ်မမှန်သည့်အကြောင်းအရာမှန်သမျှကို အမြဲတမ်းခေါင်းငုံ့ခံခြင်းကို ခန္တီဟု မဆိုလိုနိုင်ပေ။ မိမိကို မဟုတ်မမှန်စွပ်စွဲပြောဆိုလာပါက ခေါင်းငုံ့သည်းခံနေရမည်မဟုတ်။ အဘူတံ အဘူတတော နိဗ္ဗေဌေတဗ္ဗံ- (သီလက္ခန်ပါဠိ)မဟုတ်မှန်ရင် မဟုတ်မှန်သည့်အတိုင်း ဖြေရှင်းချက်ပေးရမည်။ ဘူတံ ဘူတတော ပဋိဇာနိတဗ္ဗံ- ဟုတ်မှန်ရင် ဟုတ်မှန်သည့်အတိုင်း ဝန်ခံရမည်။ သို့မှသာလျှင် အဓိဝါသနခန္တီ ဖြစ်ပေသည်။ ဓားလှံ ဒုတ်ဓားလက်ကိုင်ဆောင်ပြီး ဖြေရှင်းတုန့်ပြန်ရမည်ဟုတော့ မဆိုလိုပါ။ အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့လက်တုန့်ပြန်ခြင်းသည် သူတော်ကောင်းတို့၏ အလုပ်မဟုတ်သောကြောင့်ပင်ဖြစ်သည်။ အမှန်တရားပေါ်ရပ်တည်ပြီး ဖြေရှင်းခြင်းနှင့် ဝန်ခံခြင်း နှစ်ပါးသည် ခန္တီ၏ လုပ်ဆောင်ချက်ပင်ဖြစ်သည်။

အထက်ပါလမ်းစဉ်အတိုင်း ခန္တီတရားလက်ကိုင်ထားပါက လောကကြီး သာယာဖွံဖြိုးပြီး လောကလူသားများ ပျော်ရွှင်ချမ်းမြေ့စေပါလိမ့်မည်။ အတ္တနော ပရေသဉ္စ အနတ္ထဗဋိဗာဟနော၊ အတ္ထာဝဟောစ ခန္တီတော ဥတ္တရိ အပဿယော နတ္ထိ ဟူသော ဝိသုဒ္ဓိမဂ်ဋီကာစကားအရ ခန္တီတရားသည် မိမိသူတပါးနှစ်ဦးသား အကျိုးမဲ့ဖြစ်မှုကို ကာကွယ်စောင့်ရှောက်နိုင်ပြီး မိမိအကျိုး သူတစ်ပါးအကျိုးကို ပြီးမြောက်အောင်လည်း ဆောင်ရွက်ပေနိုင်၏။ ထို့ကြောင့်ခန္တီတရားထက် ပိုမိုအားကိုးစရာ မရှိနိုင်ပေ။ ခန္တီနှလုံးအစဉ်သုံးဖို့ အလွန်အရေးကြီးလှပါသည်။

ခန္တီတရားသည် လူသားတို့၏ ဘဝတွေကို သာယာပျော်ရွှင်စေနိုင်၏။ ကမ္ဘာလောကကြီးကို အပေါင်းလက္ခဏာဘက်သို့ ပြုပြင်ပြောင်းလဲစေရာ၌ ခန္တီတရားဖြင့်တည်ဆောက်လျှင် ပိုမိုအောင်မြင်နိုင်၏။ ခန္တီ၏တန်ဘိုးကို သိနားလည်ပြီး ယင်းတရားကို လူသားတိုင်းရင်ဝယ် ထွေးပိုက်ထားနိုင်ပါက လောကကြီး ငြိမ်းချမ်းသာယာနိုင်မည်ဖြစ်၏။ လူသားတို့စိတ်နှလုံးဝယ် ခန္တီတရား ပွင့်လန်းဝေဆာနေပါက ဤကမ္ဘာလောကကြီးမှာ အကြမ်းဖက်မှုများ ကင်းဝေးလျှက် ငြိမ်းချမ်းရေးလမ်းစဉ်၏ အမြင့်မားဆုံးသော အတိုင်းတာအထိ တက်လှမ်းနိုင်မည်ဖြစ်ပါသည်။

အဘိဓမ္မာသဘောအရ ခန္တီနှင့် မေတ္တာတရားသည် အဒေါသပြဓာန်းသော စိတ္တုပ္ပါဒ်ချည်းပင်ဖြစ်၏။ သို့အတွက်ကြောင့် ခန္တီနှင့်မေတ္တာတရားသည် အမြဲတမ်းဒွန်တွဲလျှက်ရှိ၏။ ခန္တီတရားသည် ၃၈ ဖြာမင်္ဂလာတရားတို့တွင်လည်း တစ်ပါးအပါဝင်ဖြစ်၍ အလွန်ကျက်သရေ မင်္ဂလာအပေါင်းနှင့်လည်း ပြည့်စုံလှပေ၏။ ပါရမီ ၁၀ပါးတို့တွင်လည်း တစ်ပါးအပါဝင်ဖြစ်သောကြောင့် သူတော်ကောင်းတို့ဖြည့်ကျင့်ရမည့် ပါရမီလည်း ဖြစ်၏။ ခန္တီတရားကို ခန္တီဗလ (သည်းခံခြင်းစွမ်းရည်) ဗလာနိ-ကန္တိ (နှစ်သက်ဖွယ်စွမ်းအား) မင်္ဂလာတရားဟု ဆိုထား၏။ ခန္တီပါရမီဖြည့်ကျင့်ရာ၌ ဘုရားအလောင်းတော် ခန္တီဝါဒီရသေ့၏ ဇာတ်လမ်းသည် အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှ၏။ ကလာဗုမင်း၏ ရက်စက်ကြမ်းကြုတ်မှုကို သည်းခံတော်မူခဲ့သည်မှာလည်း သဗ္ဗညုတဥာဏ်တော် ရဖို့ရန်ပင်ဖြစ်ကျင့်တော်မူခဲ့၏။ ဘုရားလောင်းတို့ကဲ့သို့ ခန္တီပါရမီ အပြည့်အဝ မဖြည့်ကျင့်နိုင်သော်လည်း မိမိတို့၏ စိတ်ဓာတ်များကို ကြိုးစားကာ အားတင်းလျှက် တတ်အားသမျှဖြည့်စွမ်းသင့်၏။ ဖြစ်ပေါ်လာသောအမှုကိစ္စမှန်သမျှကို ခန္တီတရားဖြင့် လက်ကိုင်ဖြေရှင်းနိုင်ပါက အောင်မြင်မှု ရရှိနိုင်၏။

ဗုဒ္ဓစာပေ၌ ပုဏ္ဏောဝါဒ သုတ်တော်လာ အရှင်ပုဏ္ဏမထေရ်၏ သည်းခံစွမ်းရည်သည်လည်း အနာဂတ် သာသနာပြုပုဂ္ဂိုလ်များအတွက် စံနမူနာပြ ပင်ဖြစ်ခဲ့၏။ အရှင်ပုဏ္ဏမထေရ်၏ မွေးရပ်မြေသည် သုနာပရန္တတိုင်းဟု ပြဆိုထား၏။ ယခုအခါ ဣန္ဒိယနိုင်ငံ၏ တောင်ပိုင်း ဘုံဘေမြို့(မွန်ဘိုင်းမြို့)၏ အနောက်မြောက်ဘက် ပုဏေး(ပုနေး) ဟူသည့် တောင်ပေါ်မြို့လေးသည် အရှင်ပုဏ္ဏ၏ ဇာတိမြို့ဖြစ်သည်ဟု ထိုမြို့နေ ဗုဒ္ဓဘာသာဝင်များက ဂုဏ်ယူလျှက် ပြောဆိုနေကြပါသည်။ ရှေးအခါက ဣန္ဒိယနိုင်ငံတွင် မဇ္ဈိမဒေသကို ဇမ္ဗူဒိပ်ကျွန်း ဟုခေါ်၍ ယင်းမဇ္ဈိမဒေသ၏ အရှေ့ဘက်ကို ပုဗ္ဗဝိဒေဟ(အရှေ့ကျွန်း)၊ သို့မဟုတ် ပုဗ္ဗ န္တတိုင်း(အရှေ့တိုင်း)၊ သို့မဟုတ် ဝိဒေဟတိုင်း ဟူ၍လည်းကောင်း၊ မဇ္ဈိမဒေသ၏ အနောက်ဘက်ကို အပရဂေါယာန(အနောက်ကျွန်း၊ အပရ န္တတိုင်း(အနောက်တိုင်း) ဟူ၍လည်းကောင်း ခေါ်ဆိုခြင်းရှိကြကုန်၏။

ဘုရားလောင်း မန္ဓာတု စကြာမင်းကြီးသည် သားတော် သူနုအား အပရန္တတိုင်းကို ပေးသနားတော်မူသောကြောင့် သူနာပရ န္တ(သူနု-အပရ န္တ)ဟူ၍ တိုင်းအမည်တစ်ခု ဖြစ်ပေါ်လာ၏။ သုနာပရ န္တတိုင်းသည် သားတော် သူနု မင်းသားပိုင် အနောက်တိုင်းဟု ဆိုလိုသည်။ သို့သော် အချို့သောအဌကထာတို့၌ သူနာပရ န္တတိုင်းဟုလည်းကောင်း၊ အပရ န္တတိုင်းဟုလည်းကောင်း အသီးသီးဖော်ပြကြကုန်သေး၏ (သာဝတ္ထိမြန်မာကျောင်းဆရာတော် ဦးသြဘာသ၏ မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်းများ နှာ ၂၀၇)။ သီတဂူဆရာတော်ကြီးကတော့ အထက်ပါမိန့်ဆိုချက်မျိုးအပြင် အပရ န္တတိုင်းဆိုတာ ပါကစ္စတန်ရဲ့ အနောက်ဘက်က အာဖဂန်နစ္စတန်တို့၊ တူရကီတို့၊ ရုရှားပြည်ရဲ့ တောင်ဘက်ခြမ်း ဥဇဘက်ကစ္စတန်တို့၊ တာဂျစ်ကစ္စတန်တို့ အဲဒီနယ်တစ်ခွင်ကို အပရ န္တတိုင်းဟု ဆိုတယ်၊ ဒါတွေကတော့ ပထဝီကျွမ်းကျင်တဲ့ ပုဂ္ဂိုလ် စာပေမျိုးစုံ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေတွေရဲ့အဆုံးအဖြတ်ပါ၊ ထိုပညာရှင်များ ရေးသားထားတွေကို ကြည့်ပြီး ဘုန်းကြီးတို့ မှတ်သားပြီးတော့ ယနေ့ ပြန်လည် ဟောပြောပြတာပါဟု ဆရာတော်ကြီးက တစ်ခုသော တရားသဘင်တွင် မိန့်ကြားတော်မူခဲ့ပါသည်။

ဤနေရာ၌ တင်ပြလိုသည်မှာ အရှင်ပုဏ္ဏ၏ ခန္တီတရားလက်ကိုင်ထားပုံပင်ဖြစ်၏။ အကျဉ်းချုပ်ဆိုရသော် တစ်နေ့သောအခါ အရှင်ပုဏ္ဏသည် မြတ်ဗုဒ္ဓကို သာသနာပြုကြွဖို့ လျှောက်ထားရာ ဗုဒ္ဓရှင်တော်မြတ်က အရှင်ပုဏ္ဏကို ချစ်သား -သင်ယခု သာသနာပြုသွားမည့် သုနာပရ န္တတိုင်းသားတွေဟာ အလွန်ရက်စက်ကြမ်းကြုတ်တယ်၊ အဲဒီလူတွေက မင်းကို အတိုက်ခံပြုလိမ့်မယ်၊ ဆဲရေးတိုင်းထွာလိမ့်မယ်၊ ကြမ်းတမ်းရိုင်းစိုင်းစွာ ဆက်ဆံကြလိမ့်မယ်၊ အဲဒီလိုဆိုရင် မင်းဘယ်လို သာသနာပြုမလဲ လို့ မြတ်ဗုဒ္ဓက မေးတော်မူခဲ့သည်။

အရှင်ပုဏ္ဏ၏ နှလုံးသွင်း စိတ်ဓာတ် ခန္တီတရားသည် အလွန်အတုယူစရာကောင်းလှ၏။ အကယ်၍ အဲဒီလို သူ့အပေါ် ကြမ်းတမ်း ရက်စက်စွာ ပြုမူဆက်ဆံတဲ့ လူတွေကို အထူးကျေးဇူးတင်ပါတယ်ဘုရား၊ သူတို့က ကြမ်းတမ်းတဲ့စကားတွေ ပြောရုံသာပြောဆိုပါတယ်၊ ကိုယ်ထိလက်ရောက် သူ့ကို ညှင်းပန်းနှိပ်စက်ခြင်းမရှိဘူး၊ ခဲနဲ့လည်း မပေါက်ဘူး၊ တုတ်နဲ့လည်း မရိုက်လို့ ကျေးဇူးတင်ပါ့မယ် ဘုရား ဟု မြတ်ဗုဒ္ဓအား လျှောက်ထားခဲ့၏။ အကယ်၍ သူတို့က တုတ်တွေ ခဲတွေနဲ့ တိုက်ခိုက်လာတယ်ဆိုရင် မင်းဘယ်လိုလုပ်မလဲ ဟု ဗုဒ္ဓက မေးတော်မူပြန်၏။ အဲလိုဆိုတော့လည်း တုတ်နဲ့ရိုက်ရုံသာ ရိုက်တာ၊ သေအောင်မသတ်တာကိုဘဲ သူတို့ကို ကျေးဇူးတင်ရပါတယ်။ ဒါဆို သူတို့က မင်းကို သတ်တယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ လို့ မြတ်ဗုဒ္ဓက ထပ်ဆင့်မေးတော်မူပြန်သည်။

အရှင်ဘုရား၊ လောကကြီးမှာ လူတွေဟာ အလွန်ဆင်းရဲဒုက္ခရောက်ကြတယ်ဘုရား၊ ဆင်းရဲဒုက္ခတွေ့ကြုံရလွန်းလို့ ကိုယ့်ကိုကို သတ်သေတဲ့လူတွေလည်း အများကြီးရှိပါတယ်၊ ကိုယ့်ကိုယ်ကို သတ်သေဖို့ တာဝန်ကြီးမရှိပဲနဲ့ သူတပါးက လာသတ်ပေးတဲ့အတွက်လည်းဘဲ တပည့်တော်က ကျေးဇူတင်လိုက်ပါဦးမယ်ဘုရား ဟု အရှင်ပုဏ္ဏထေရ်က လျှောက်ထားခဲ့၏။ မှန်ပါ၏။ ဂေါဓိက သုတ္တန်လာ အရှင်ဂေါဓိကမထေရ်သည်လည်း ခန္ဓာကိုယ်ကြီး အလွန်စက်ဆုတ်ရွံမုန်းတော်မူသောကြောင့် ကိုယ့်ကိုယ်ကို သတ်သေကာ သေလုဆဲဆဲ ရဟန္တာဖြစ်ဘူး၏။ ထို့ပြင် ဝဂ္ဂုမုဒါမြစ်ကမ်းက ရဟန်း ၅၀၀ တို့သည်းခန္ဓာကိုယ်ကြီး စက်ဆုပ်တော်မူကြသောကြောင့် ကိုယ့်ကိုယ်ကို သတ်သေခဲ့တော်မူကြသည်ကို နမူနာထားကာ အရှင်ပုဏ္ဏက လျှောက်ထားခဲ့ဟန်တူပါသည်။ မြတ်ဗုဒ္ဓက သာဓု သုံးကြိမ်ခေါ်ဆိုတော်မူပြီး အရှင်ပုဏ္ဏကဲ့သို့ စိတ်ထားမှသာလျှင် သည်းခံနိုင်ရည် ရှိမှသာလျှင် သာသနာပြုစိတ်ထား အစစ်အမှန်ဖြစ်တယ်ဟု မိန့်ဆိုတော်မူခဲ့ပါသည်။

သာသနာပြု လူရှင်ရဟန်းတို့သည်လည်း ကျေးဇူးတရားကို ရှာကြံပြီး ကျေးဇူးတင်ထိုက်ပုံကိုလည်း၊ ရန်လိုသည့် သူများနှင့် တွေ့ကြုံသော်လည်း စိတ်ဓာတ်ပျက်ပြားမသွားဘဲ မေတ္တာစိတ် ခန္တီတရားလက်ကိုင်ထားကာ သာသနာပြုနိုင်ပုံကိုလည်းကောင်း ပုဏ္ဏောဝါဒသုတ်မှ သင်ခန်းစာကို အားဆေးတစ်ခွက်အဖြစ် နှလုံးပိုက်လျှက် စွမ်းစွမ်းတမံ သာသနာပြုဆောင်ရွက်နိုင်ကြပါစေ ဟု မေတ္တာပြုရင်း။

ခန္တီ၏ရန် ဒေါသမာန် တွန်းလှန်နိုင်ကြပါစေ။

မေ့သားလှ-ဇလဂ္ဂ

၁၃၇၃ ခု သီတင်းကျွတ်လဆန်း ၁၅ ရက် ဗုဒ္ဓဟူးနေ့

၁၂-၁၀-၂၀၁၁

Friday, October 7, 2011

ဂိုဏ်းဂဏဝါဒနှင့် စစ်မှန်သောဓမ္မ

(ဂိုဏ်းဂဏစွဲဝါဒစွဲ အယူအဆစွဲတွင် တစ်ယူသန် ကပ်ငြိနေပါက ယင်းအစွဲများ၏ ကျေးကျွန်သဖွယ်ဖြစ်နေရသည့်အတွက် အမြင်ကျဉ်းမြောင်းမှု၏ သားကောင်သဖွယ်ဖြစ်သွားရပြီး စိတ်၏သန့်ရှင်းစင်ကြယ်မှု စစ်မှန်သောဓမ္မသည်လည်း လက်လွတ်ဆုံးရှုံးရတတ်၏။။)

လောကကြီး၌ လူသားတို့သည် အယူအဆ ယဉ်ကျေးမှု လူမျိုးရေးဝါဒ စသည်မတူညီကြသည့်အလျှောက် ပါတီ အဖွဲ့အစည်း ဂိုဏ်းဂဏ အုပ်စု အမျိုးမျိုးပေါ်ပေါက်လာခဲ့၏။ နိုင်ငံအသီးသီး လူမျိုးအသီးသီး ဘာသာအသီးသီးတိုင်းမှာပင် ပေါ်ပေါက်လာခဲ့၏။ မြတ်ဗုဒ္ဓလက်ထက်အခါကပင် အယူဝါဒ ဂိုဏ်းဂဏတွေတည်ထောင်ခဲ့ကြသည့် တိတ္ထိဆရာကြီးများပေါ်ပေါက်ခဲ့သည်။ ဗုဒ္ဓစာပေ၌ အထင်ရှားဆုံးဂိုဏ်းဆရာကြီးတို့ကား ပုရာဏကဿပ မက္ခလိဂေါသာလ အဇိတကေသကမ္ဗလ ပကုဓကုစ္စာယန သဉ္စယဗေလဋ္ဌ နှင့် မဟာဝီရခေါ် နိဂဏ္ဍနာဋပုတ္တတို့ပင် ဖြစ်ပါသည်။

ယင်းဆရာကြီးခြောက်ယောက်ကိုပင် အချို့က မြတ်ဗုဒ္ဓနှင့်ခေတ်ပြိုင် အတွေးခေါ်ပညာရှင်ကြီးများ(Six Contemporary Thinkers of the Buddha) ဟု ရေးသားဖေါ်ပြကြကုန်သေး၏ ။ မည်သို့ပင်ဆိုစေ အဆိုပါဂိုဏ်းဆရာကြီးတို့၏ အယူအဆဝါဒတို့သည် အင်မတန်ရှုပ်ထွေးပွေလီလှ၏။

ဂိုဏ်းဂဏပေါ်ပေါက်လာသည့်နှင့်အတူ ဂိုဏ်းဂဏဝါဒ အယူအဆ (Sectarianism) သည်လည်း အမျိုးမျိုးကွဲပြားလာတော့၏။ ယခုအခါကမ္ဘာပေါ်တွင် လူသိများသည့် ဘာသာကြီးလေးရပ်ထဲမှာပင် ဂိုဏ်းဂဏ အယူအဆ အသီးသီးပေါ်ပေါက်လာခဲ့၏။ ဥပမာ ဟိန္ဒူဘာသာတွင်လည်း သနာတနနှင့် အာရယဆမာ့ဂ်ျ၊ ဗုဒ္ဓဘာသာတွင်လည်း ထေရဝါဒနှင့် မဟာယာန၊ ခရစ်ယာန်ဘာသာတွင်လည်း ကက်သလစ်နှင့် ပရိုတက်စတစ်၊ မွတ်စလင်ဘာသာတွင်လည်း ဆုန္နီ(ဆိုနီ)နှင့် ရှီးယား(ရှီးယိုက်) စသည်ဖြင့် တစ်ခုနှင့်တစ်ခု အနည်းငယ်ကွဲပြားရုံမျှသာမက ပဋိပက္ခအသွင်ပင် ဆောင်နေသေး၏။

ဂိုဏ်းဆရာကြီးများနှင့် သူတို့၏နောက်လိုက်အဖွဲ့ဝင်တို့သည်လည်း မိမိတို့ဂိုဏ်း၏ အယူအဆဝါဒ ပြန့်ပွားရေးအတွက် ကြိုးပမ်းကြကုန်၏။ ထိုသို့ကြိုးပမ်းကြရာတွင် တချို့က မိမိဂိုဏ်း၏ အယူဝါဒကိုသာ အမွှမ်းတင်လွန်းကြပြီး အခြားဂိုဏ်းများ၏ အယူအဆဝါဒများကိုပင် စွပ်စွဲပုတ်ခတ်ပြောဆိုတတ်ကြသေး၏။ ထိုသို့ဖြစ်လျှင် ဂိုဏ်းဂဏ ပဋိပက္ခ ဝိရောဓိတရားများကြီးထွားလာတော့၏။ ယနေ့မျက်မှောက်ကမ္ဘာ၌လည်း နိုင်ငံရေး လူမှုရေး စီးပွားရေး စာပေ အနုပညာ ဒဿန နယ်ပယ်အသီးသီးမှာ ဂိုဏ်းဂဏ အယူအဆ ပါတီအဖွဲ့အစည်းတွေ အမျိုးမျိုးပေါ်ပေါက်လာကြသည်ပင်။ နက်နဲသည့်ဓာတ်သဘောတွေကို ရှု့မြင်ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိသူတို့၏ အမြင်မှာမူ ထိုသို့အမျိုးမျိုးကွဲပြားခြားနားမှုများ ပေါ်ပေါက်နေခြင်းသည် အနှစ်မဲ့ အခွံအကာ ဗဟိဒ္ဓအဆောင်အယောင်တွေကြောင့်ဟု ဆိုကြပါလိမ့်မည်။ ယင်းအခွံအကာတို့ကို အကြောင်းပြု၍ တစ်ဦးနှင့်တစ်ဦး တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပဋိပက္ခဝိရောဓိအသွင်ဆောင်နေကြခြင်းလည်း ဖြစ်ပေလိမ့်မည်။

များမြောင်လှသော အသွင်သဏ္ဍာန် ဗဟိဒ္ဓအဆောင်အယောင် အဆင်အပြင် အချိုးအစားတို့သည် ယင်းသို့ကွဲပြားခြားနားသည့် ဂိုဏ်းဂဏ၏ အမှတ်အသားလည်း ဖြစ်လာကြ၏။ ဂိုဏ်းဂဏ လူ့အဖွဲ့စည်းအသီးသီးတို့တွင် အသွင်သဏ္ဍာန်ဗဟိဒ္ဓအဆောင်ယောင်အားဖြင့် တစ်ချို့က ဆံထုံးထား၏။ ထိုဆံထုံးမှာလည်း အကြီးအသေးရှိနိုင်၏။ တချို့က မုတ်ဆိတ်ထား၏။ မုတ်ဆိတ်အတိုအရှည်ရှိနိုင်၏။ တချို့က ကတုံးတုန်းပြီး တချို့က ဆံကျစ်ထား၏။ စသည်စသည်ဖြင့် ပုံစံသဏ္ဍာန်အသွင်အမျိုးမျိုး ရှိနိုင်ပါသည်။ထိုများမြောင်လှစွာသော ဗဟိဒ္ဓအဆောင်ယောင်အသွင်သဏ္ဍာန်တို့သည် စစ်မှန်သည့် ဓမ္မ၏ အမှတ်လက္ခဏာများတော့ မဟုတ်ကြပေ။ ထိုဗဟိဒ္ဓအသွင်အပြင်တို့သည် တစ်ခါတစ်ရံ စစ်မှန်သော ဓမ္မကို သိရှိနားလည်ရေးအတွက် အဟန့်အတားအနှောက်ယှက်ပင် ဖြစ်သွားတတ်ပါသေးသည်။

အကျွန်ုပ်တို့တစ်တွေသည် မိမိတို့ မွေးဖွားကြီးပြင်းလာရသည့် နိုင်ငံ အသိုင်းအဝိုင်း ဂိုဏ်းဂဏ မိသားစု မျိုးနွယ်မှ လက်ခံယုံကြည်လာခဲ့သည့် အယူအဆ ဝါဒ ဗဟိဒ္ဓအဆောင်ယောင်များကိုပင် ထပ်ဆင့်ကြားသိနေကြရ လက်ခံယုံကြည်နေကြရ၏။ မိမိတို့ကိုယ်တိုင် သဘောပေါက်သိမြင်နားလည်ပြီး လက်ခံယုံကြည်သူက နည်းလှ၏။ မိမိတို့ဂိုဏ်းဂဏ မျိုးနွယ်အစဉ်အဆက်မှ ဆင်းသက်လာသည့် အယူဝါဒများသည် မိမိတို့၏ စိတ်နှလုံးတွင် အမြစ်တွယ်နေကြ၏။ ရင်းနှီးကျွမ်းဝင်နေကြ၏။ ထို့ကြောင့် မိမိတို့၏ယုံကြည်ချက်များမှလွဲပြီး အခြားဂိုဏ်းဂဏ မိသားစုမျိုးနွယ်တို့၏ ယုံကြည်ချက်များကို မှန်ကန်မှုရှိကောင်းရှိနိုင်စရာရှိသည်ဟူသော သဘောတရားအချက်လေးကိုပင် ထည့်သွင်းစဉ်းစားဖို့၊ လက်ခံနိုင်ဖို့ အဆင်သင့်မရှိကြတော့ပေ။

ဘိုးစဉ်ဘောင်ဆက် အယူအဆ ယုံကြည်ချက်များ မိမိတို့စိတ်နှလုံးတွင် အမြစ်တွယ်လာသည့်အမျှ မိမိတို့သည် ယင်းအယူအဆ ဝါဒတို့၏ ကျေးကျွန်သဖွယ်ဖြစ်လာသည့်အခါ မိမိတို့သည် အမှန်ကိုအမှန်အတိုင်း မြင်တတ်ဖို့ခက်လာတော့၏။ တဖြေးဖြေး အမှန်တရား ဓမ္မစစ်ဓမ္မမှန်တရား၏ ဝေးရာသို့ ရောက်မှန်းမသိရောက်သွားတတ်ကြပါသည်။ တကယ်တန်းဆန်းစစ်လေ့လာကြည့်ပါက မိသားစု မျိုးနွယ် ဂိုဏ်းဂဏ၏ တစ်စုံတစ်ခုသော အယူအဆဝါဒကို အစဉ်အလာအရ လက်ခံယုံကြည်နေရုံသက်သက်ဖြင့် အကျိုးမရှိနိုင်ပေ။အဓိကလိုရင်းမှာကား အကယ်၍ ထိုအယူဝါဒတစ်ခုကို မှန်ကန်သည်ဟု ယူဆပါက မိမိတို့ဘဝနှင့် ဟပ်ကြည့်ကြဖို့ ဘဝတွင် လက်တွေ့အသုံးချကြည့်ဖို့ အထူးလိုအပ်ပါသည်။ ထိုအချက်ကို မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သည့် ကာလာမသုတ် (ကေသမုတ္တိသုတ်)က သက်သေထူနေ၏။

ထိုအယူအဆ ဝါဒများကို မိမိတို့ဘဝနှင့် ဟပ်ကြည့်၊ ဘဝအတွက် အသုံးချကြည့်လို့ရလျှင် အကျိုးများလျှင် ထိုဝါဒသည် စစ်မှန်သောဓမ္မဟု ကင်ပွန်းတပ်ချင်ပါသည်။ ယင်းသို့ဖြစ်မလာပါက ထိုအယူအဆဝါဒတို့သည် အနှစ်သာရ ကင်းမဲ့သည့် စိတ်ကူးယဉ်မျှသာ၊ အနှစ်မပါ အခွံအကာဖြစ်သည့် အသိဥာဏ်၏ ကွန့်မြူးချက်ဟုပင် မှတ်ချက်ပြုချင်ပါသည်။ ထို့ကြောင့်အရေးကြီးသည်မှာ လက်တွေ့ပိုင်း အကျင့်ပိုင်းပင်ဖြစ်၍ မြင့်မြတ်သော နှလုံးသာပေါ်၌ ကိန်းအောင်းနေသည့် အချက်သည် ဓမ္မစစ်ဓမ္မမှန်ပင်ဖြစ်ပေသည်။

ပတ္တမြားစစ်ပတ္တမြားမှန်သဖွယ် ဓမ္မစစ်ဓမ္မမှန်ကို လက်တွေ့ကျကျ အသုံးမချနိုင်သေးသမျှ မိမိတို့၏ ဘဝသည် အနှစ်မပါ အခွံအကာအတိသာဖြစ်ပေလိမ့်မည်။ အကျိုးမရှိသည့် ဓမ္မဟန်ပြ လုပ်ဆောင်ချက်များသည် ဘဝအတွက်အသုံးမဝင်သည့် အသိဥာဏ်ကွန့်မြူးချက်များဖြင့်သာ ပြည့်နှက်ရောယှက်နေပေလိမ့်မည်။ ဗဟိဒ္ဓအဆောင်ယောင်တို့သည် သူ့တန်ဘိုးနှင့်သူရှိလင့်ကစား ဓမ္မစစ်ဓမ္မမှန်ကို သိမြင်နားလည် သဘောပေါက်သူတို့သည် ယင်းဗဟိဒ္ဓအဆောင်ယောင် အခွံအကာများကို တကယ့်အနှစ်သာရအဖြစ် ဖက်တွယ်မထားကြရုံမျှသာမက ယထာဘူတကျသည့်အရာကို တနည်းဆိုရသော် ဘဝအတွက် လက်တွေ့ကျကျအကျိုးရှိသည့်လမ်းကို လျှောက်လှမ်းကြ၏။ အပေါ်ယံကြောအကားများ၊ မျက်ကန်းယုံကြည်ချက်များ ထိုသူတို့သဏ္ဍာန်၌ ခြေကုပ်မယူနိုင်ကြတော့ပေ။ အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်တိုင်း သူ့အပိုင်းနှင့်သူ ရှု့မြင်သုံးသပ်တတ်ခြင်းသည် ဘဝတွင် အထက်တန်းကျပြီး မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော သော့ချက်ပင်ဖြစ်ပါတော့သည်။

မေ့သားလှ-ဇလဂ္ဂ

၁၃၇၃ခု သီတင်းကျွတ်လဆန်း ၁၀ ရက် သောကြာနေ့

၀၇-၁၀-၂၀၁၁