" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Friday, October 7, 2011

ဂိုဏ်းဂဏဝါဒနှင့် စစ်မှန်သောဓမ္မ

(ဂိုဏ်းဂဏစွဲဝါဒစွဲ အယူအဆစွဲတွင် တစ်ယူသန် ကပ်ငြိနေပါက ယင်းအစွဲများ၏ ကျေးကျွန်သဖွယ်ဖြစ်နေရသည့်အတွက် အမြင်ကျဉ်းမြောင်းမှု၏ သားကောင်သဖွယ်ဖြစ်သွားရပြီး စိတ်၏သန့်ရှင်းစင်ကြယ်မှု စစ်မှန်သောဓမ္မသည်လည်း လက်လွတ်ဆုံးရှုံးရတတ်၏။။)

လောကကြီး၌ လူသားတို့သည် အယူအဆ ယဉ်ကျေးမှု လူမျိုးရေးဝါဒ စသည်မတူညီကြသည့်အလျှောက် ပါတီ အဖွဲ့အစည်း ဂိုဏ်းဂဏ အုပ်စု အမျိုးမျိုးပေါ်ပေါက်လာခဲ့၏။ နိုင်ငံအသီးသီး လူမျိုးအသီးသီး ဘာသာအသီးသီးတိုင်းမှာပင် ပေါ်ပေါက်လာခဲ့၏။ မြတ်ဗုဒ္ဓလက်ထက်အခါကပင် အယူဝါဒ ဂိုဏ်းဂဏတွေတည်ထောင်ခဲ့ကြသည့် တိတ္ထိဆရာကြီးများပေါ်ပေါက်ခဲ့သည်။ ဗုဒ္ဓစာပေ၌ အထင်ရှားဆုံးဂိုဏ်းဆရာကြီးတို့ကား ပုရာဏကဿပ မက္ခလိဂေါသာလ အဇိတကေသကမ္ဗလ ပကုဓကုစ္စာယန သဉ္စယဗေလဋ္ဌ နှင့် မဟာဝီရခေါ် နိဂဏ္ဍနာဋပုတ္တတို့ပင် ဖြစ်ပါသည်။

ယင်းဆရာကြီးခြောက်ယောက်ကိုပင် အချို့က မြတ်ဗုဒ္ဓနှင့်ခေတ်ပြိုင် အတွေးခေါ်ပညာရှင်ကြီးများ(Six Contemporary Thinkers of the Buddha) ဟု ရေးသားဖေါ်ပြကြကုန်သေး၏ ။ မည်သို့ပင်ဆိုစေ အဆိုပါဂိုဏ်းဆရာကြီးတို့၏ အယူအဆဝါဒတို့သည် အင်မတန်ရှုပ်ထွေးပွေလီလှ၏။

ဂိုဏ်းဂဏပေါ်ပေါက်လာသည့်နှင့်အတူ ဂိုဏ်းဂဏဝါဒ အယူအဆ (Sectarianism) သည်လည်း အမျိုးမျိုးကွဲပြားလာတော့၏။ ယခုအခါကမ္ဘာပေါ်တွင် လူသိများသည့် ဘာသာကြီးလေးရပ်ထဲမှာပင် ဂိုဏ်းဂဏ အယူအဆ အသီးသီးပေါ်ပေါက်လာခဲ့၏။ ဥပမာ ဟိန္ဒူဘာသာတွင်လည်း သနာတနနှင့် အာရယဆမာ့ဂ်ျ၊ ဗုဒ္ဓဘာသာတွင်လည်း ထေရဝါဒနှင့် မဟာယာန၊ ခရစ်ယာန်ဘာသာတွင်လည်း ကက်သလစ်နှင့် ပရိုတက်စတစ်၊ မွတ်စလင်ဘာသာတွင်လည်း ဆုန္နီ(ဆိုနီ)နှင့် ရှီးယား(ရှီးယိုက်) စသည်ဖြင့် တစ်ခုနှင့်တစ်ခု အနည်းငယ်ကွဲပြားရုံမျှသာမက ပဋိပက္ခအသွင်ပင် ဆောင်နေသေး၏။

ဂိုဏ်းဆရာကြီးများနှင့် သူတို့၏နောက်လိုက်အဖွဲ့ဝင်တို့သည်လည်း မိမိတို့ဂိုဏ်း၏ အယူအဆဝါဒ ပြန့်ပွားရေးအတွက် ကြိုးပမ်းကြကုန်၏။ ထိုသို့ကြိုးပမ်းကြရာတွင် တချို့က မိမိဂိုဏ်း၏ အယူဝါဒကိုသာ အမွှမ်းတင်လွန်းကြပြီး အခြားဂိုဏ်းများ၏ အယူအဆဝါဒများကိုပင် စွပ်စွဲပုတ်ခတ်ပြောဆိုတတ်ကြသေး၏။ ထိုသို့ဖြစ်လျှင် ဂိုဏ်းဂဏ ပဋိပက္ခ ဝိရောဓိတရားများကြီးထွားလာတော့၏။ ယနေ့မျက်မှောက်ကမ္ဘာ၌လည်း နိုင်ငံရေး လူမှုရေး စီးပွားရေး စာပေ အနုပညာ ဒဿန နယ်ပယ်အသီးသီးမှာ ဂိုဏ်းဂဏ အယူအဆ ပါတီအဖွဲ့အစည်းတွေ အမျိုးမျိုးပေါ်ပေါက်လာကြသည်ပင်။ နက်နဲသည့်ဓာတ်သဘောတွေကို ရှု့မြင်ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိသူတို့၏ အမြင်မှာမူ ထိုသို့အမျိုးမျိုးကွဲပြားခြားနားမှုများ ပေါ်ပေါက်နေခြင်းသည် အနှစ်မဲ့ အခွံအကာ ဗဟိဒ္ဓအဆောင်အယောင်တွေကြောင့်ဟု ဆိုကြပါလိမ့်မည်။ ယင်းအခွံအကာတို့ကို အကြောင်းပြု၍ တစ်ဦးနှင့်တစ်ဦး တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပဋိပက္ခဝိရောဓိအသွင်ဆောင်နေကြခြင်းလည်း ဖြစ်ပေလိမ့်မည်။

များမြောင်လှသော အသွင်သဏ္ဍာန် ဗဟိဒ္ဓအဆောင်အယောင် အဆင်အပြင် အချိုးအစားတို့သည် ယင်းသို့ကွဲပြားခြားနားသည့် ဂိုဏ်းဂဏ၏ အမှတ်အသားလည်း ဖြစ်လာကြ၏။ ဂိုဏ်းဂဏ လူ့အဖွဲ့စည်းအသီးသီးတို့တွင် အသွင်သဏ္ဍာန်ဗဟိဒ္ဓအဆောင်ယောင်အားဖြင့် တစ်ချို့က ဆံထုံးထား၏။ ထိုဆံထုံးမှာလည်း အကြီးအသေးရှိနိုင်၏။ တချို့က မုတ်ဆိတ်ထား၏။ မုတ်ဆိတ်အတိုအရှည်ရှိနိုင်၏။ တချို့က ကတုံးတုန်းပြီး တချို့က ဆံကျစ်ထား၏။ စသည်စသည်ဖြင့် ပုံစံသဏ္ဍာန်အသွင်အမျိုးမျိုး ရှိနိုင်ပါသည်။ထိုများမြောင်လှစွာသော ဗဟိဒ္ဓအဆောင်ယောင်အသွင်သဏ္ဍာန်တို့သည် စစ်မှန်သည့် ဓမ္မ၏ အမှတ်လက္ခဏာများတော့ မဟုတ်ကြပေ။ ထိုဗဟိဒ္ဓအသွင်အပြင်တို့သည် တစ်ခါတစ်ရံ စစ်မှန်သော ဓမ္မကို သိရှိနားလည်ရေးအတွက် အဟန့်အတားအနှောက်ယှက်ပင် ဖြစ်သွားတတ်ပါသေးသည်။

အကျွန်ုပ်တို့တစ်တွေသည် မိမိတို့ မွေးဖွားကြီးပြင်းလာရသည့် နိုင်ငံ အသိုင်းအဝိုင်း ဂိုဏ်းဂဏ မိသားစု မျိုးနွယ်မှ လက်ခံယုံကြည်လာခဲ့သည့် အယူအဆ ဝါဒ ဗဟိဒ္ဓအဆောင်ယောင်များကိုပင် ထပ်ဆင့်ကြားသိနေကြရ လက်ခံယုံကြည်နေကြရ၏။ မိမိတို့ကိုယ်တိုင် သဘောပေါက်သိမြင်နားလည်ပြီး လက်ခံယုံကြည်သူက နည်းလှ၏။ မိမိတို့ဂိုဏ်းဂဏ မျိုးနွယ်အစဉ်အဆက်မှ ဆင်းသက်လာသည့် အယူဝါဒများသည် မိမိတို့၏ စိတ်နှလုံးတွင် အမြစ်တွယ်နေကြ၏။ ရင်းနှီးကျွမ်းဝင်နေကြ၏။ ထို့ကြောင့် မိမိတို့၏ယုံကြည်ချက်များမှလွဲပြီး အခြားဂိုဏ်းဂဏ မိသားစုမျိုးနွယ်တို့၏ ယုံကြည်ချက်များကို မှန်ကန်မှုရှိကောင်းရှိနိုင်စရာရှိသည်ဟူသော သဘောတရားအချက်လေးကိုပင် ထည့်သွင်းစဉ်းစားဖို့၊ လက်ခံနိုင်ဖို့ အဆင်သင့်မရှိကြတော့ပေ။

ဘိုးစဉ်ဘောင်ဆက် အယူအဆ ယုံကြည်ချက်များ မိမိတို့စိတ်နှလုံးတွင် အမြစ်တွယ်လာသည့်အမျှ မိမိတို့သည် ယင်းအယူအဆ ဝါဒတို့၏ ကျေးကျွန်သဖွယ်ဖြစ်လာသည့်အခါ မိမိတို့သည် အမှန်ကိုအမှန်အတိုင်း မြင်တတ်ဖို့ခက်လာတော့၏။ တဖြေးဖြေး အမှန်တရား ဓမ္မစစ်ဓမ္မမှန်တရား၏ ဝေးရာသို့ ရောက်မှန်းမသိရောက်သွားတတ်ကြပါသည်။ တကယ်တန်းဆန်းစစ်လေ့လာကြည့်ပါက မိသားစု မျိုးနွယ် ဂိုဏ်းဂဏ၏ တစ်စုံတစ်ခုသော အယူအဆဝါဒကို အစဉ်အလာအရ လက်ခံယုံကြည်နေရုံသက်သက်ဖြင့် အကျိုးမရှိနိုင်ပေ။အဓိကလိုရင်းမှာကား အကယ်၍ ထိုအယူဝါဒတစ်ခုကို မှန်ကန်သည်ဟု ယူဆပါက မိမိတို့ဘဝနှင့် ဟပ်ကြည့်ကြဖို့ ဘဝတွင် လက်တွေ့အသုံးချကြည့်ဖို့ အထူးလိုအပ်ပါသည်။ ထိုအချက်ကို မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သည့် ကာလာမသုတ် (ကေသမုတ္တိသုတ်)က သက်သေထူနေ၏။

ထိုအယူအဆ ဝါဒများကို မိမိတို့ဘဝနှင့် ဟပ်ကြည့်၊ ဘဝအတွက် အသုံးချကြည့်လို့ရလျှင် အကျိုးများလျှင် ထိုဝါဒသည် စစ်မှန်သောဓမ္မဟု ကင်ပွန်းတပ်ချင်ပါသည်။ ယင်းသို့ဖြစ်မလာပါက ထိုအယူအဆဝါဒတို့သည် အနှစ်သာရ ကင်းမဲ့သည့် စိတ်ကူးယဉ်မျှသာ၊ အနှစ်မပါ အခွံအကာဖြစ်သည့် အသိဥာဏ်၏ ကွန့်မြူးချက်ဟုပင် မှတ်ချက်ပြုချင်ပါသည်။ ထို့ကြောင့်အရေးကြီးသည်မှာ လက်တွေ့ပိုင်း အကျင့်ပိုင်းပင်ဖြစ်၍ မြင့်မြတ်သော နှလုံးသာပေါ်၌ ကိန်းအောင်းနေသည့် အချက်သည် ဓမ္မစစ်ဓမ္မမှန်ပင်ဖြစ်ပေသည်။

ပတ္တမြားစစ်ပတ္တမြားမှန်သဖွယ် ဓမ္မစစ်ဓမ္မမှန်ကို လက်တွေ့ကျကျ အသုံးမချနိုင်သေးသမျှ မိမိတို့၏ ဘဝသည် အနှစ်မပါ အခွံအကာအတိသာဖြစ်ပေလိမ့်မည်။ အကျိုးမရှိသည့် ဓမ္မဟန်ပြ လုပ်ဆောင်ချက်များသည် ဘဝအတွက်အသုံးမဝင်သည့် အသိဥာဏ်ကွန့်မြူးချက်များဖြင့်သာ ပြည့်နှက်ရောယှက်နေပေလိမ့်မည်။ ဗဟိဒ္ဓအဆောင်ယောင်တို့သည် သူ့တန်ဘိုးနှင့်သူရှိလင့်ကစား ဓမ္မစစ်ဓမ္မမှန်ကို သိမြင်နားလည် သဘောပေါက်သူတို့သည် ယင်းဗဟိဒ္ဓအဆောင်ယောင် အခွံအကာများကို တကယ့်အနှစ်သာရအဖြစ် ဖက်တွယ်မထားကြရုံမျှသာမက ယထာဘူတကျသည့်အရာကို တနည်းဆိုရသော် ဘဝအတွက် လက်တွေ့ကျကျအကျိုးရှိသည့်လမ်းကို လျှောက်လှမ်းကြ၏။ အပေါ်ယံကြောအကားများ၊ မျက်ကန်းယုံကြည်ချက်များ ထိုသူတို့သဏ္ဍာန်၌ ခြေကုပ်မယူနိုင်ကြတော့ပေ။ အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်တိုင်း သူ့အပိုင်းနှင့်သူ ရှု့မြင်သုံးသပ်တတ်ခြင်းသည် ဘဝတွင် အထက်တန်းကျပြီး မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော သော့ချက်ပင်ဖြစ်ပါတော့သည်။

မေ့သားလှ-ဇလဂ္ဂ

၁၃၇၃ခု သီတင်းကျွတ်လဆန်း ၁၀ ရက် သောကြာနေ့

၀၇-၁၀-၂၀၁၁

No comments:

Post a Comment