" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Wednesday, October 26, 2011

အဖြူရောင်ငွေအနားသတ်

(တိမ်တိုက်မည်မျှပင် မဲမဲ အဖြူရောင်ငွေအနားသတ်ကလေးတော့ ရှိစမြဲ)။(နိုင်ငံခြား စကားပုံ)

ဘဝသည် နှင်းဆီပန်းမွေ့ရာ မဟုတ်သည့်အတွက် လောကဓံတရား၏ လှိုင်းဂယက်များကြောင့် နိမ့်ချည်မြင့်ချည် စုန်ချည် ဆန်ချည် လူးလွန့်နေတတ်၏။ ဘဝပျက်ချိန်တန်လျှင် လူသားတို့ တွေ့မြင်နေသမျှ ရှု့ခင်းမှန်သမျှ အပျက်ချည်းပင် မြင်တတ်ကြ၏။ လောကဓံလှိုင်းကြီးများသည် တောင်ကြီးများပမာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တလိမ့်လိမ့်မည်ဟီးကာ ရောက်လာတတ်၏။ ဘဝအိမ်ကို ရစရာမရှိလောက်အောင် ရက်ရက်စက်စက် ရိုက်ပုတ်လျှက် ဘဝ အကာအရံ တံတိုင်းများကိုလည်း မကျေနပ်သည့်အလား တဖြန်းဖြန်းရိုက်ပုတ်ခတ်ခံရနိုင်၏။

"သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း"ဆိုသကဲ့သို့ ဘဝပျက်လင့်ကစား တွေ့ကြုံခံစားကြရသော ဘဝလောကဓံမုန်တိုင်းများ၏ အကျိုးတရားများကတော့ တစ်ဦးနှင့်တစ်ဦး မတူကွဲပြားသလို တူညီချက်များလည်းရှိနိုင်၏။ သို့သော် ဘဝကုသိုလ်ကံကြောင့် ဘဝ၏နေဝင်ညများ အမှောင်ဆုံးညများကို ဖြတ်ကျော်ပြီး ရှေ့ဘဝခရီးတွင် ပိုမိုထိန်လင်းသည့်ညများ ဘဝ၏သာယာအလှပဆုံးအချိန်များကိုလည်း တွေ့ကြုံနိုင်ပါသေးသည်။ ထို့ကြောင့် "တိမ်တိုက်မည်မျှပင် မဲမဲ အဖြူရောင်ငွေအနားသတ်ကလေးတော့ ရှိစမြဲ" ဟု နိုင်ငံခြားစကားပုံလေးက ထောက်ခံချက်ပေးနေ၏။

ကံကြမ္မာမုန်တိုင်းဝင်ရောက်သရမ်းမှုကြောင့် ဘဝမှာရက်စက်ခါးသီးဖွယ် အဖြစ်အပျက်များ ကြုံရသောအခါ မိမိတို့ဘဝမျှော်လင့်ချက်များလည်း ကင်းမဲ့တတ်သလိုလို အောင်မြင်မှုပန်းတိုင်နှင့် ဝေးသယောင်ယောင်ထင်မြင်တတ်ပါ၏။ သို့သော် အဓိကလိုအပ်ချက်ကတော့ မိမိစိတ်ဓာတ်များ တင်းထားဖို့လိုအပ်၏။ ယောနိသော မနသိကာရ အခြေခံပြီး အကောင်းကိုလည်း မျှော်လင့်ပြီး လတ်တလောမှာ ဘယ်လောက်ပင် ဆိုးသွမ်းပင်နေပါစေ ငွေရောင်အနားသတ်လို့ခေါ်နေသည့် ကောင်းကွက်ကလေးများ ကောင်းသည့်အချက်များကတော့ ဘဝမှာ ရှိလာစမြဲပင်ဖြစ်၏။

အခက်အခဲကြုံလာတိုင်း မိမိမျှော်လင့်ချက်ကိုတော့ ဘယ်သောအခါမှ မစွန့်လွှတ်သင့်။ မိမိ၏ မှန်ကန်သည့်ဆုံးဖြတ်ချက် ခိုင်မာသည့်စိတ်ဓာတ်များဖြင့် ပန်းတိုင်သို့ဆက်လက်ချီတက်သင့်၏။ အမှန်တရားကိုလည်း နှစ်သက်မြတ်နိုးဖွယ်ရာအဖြစ်လည်း လက်ခံယုံကြည်ထားသင့်၏။ ဖြောင့်မတ်မှန်ကန်သည့် စိတ်ဓာတ်ဖြင့် အခြေအနေကောင်းတစ်ရပ်ကို မြှင့်တင်နိုင်၏။ ဖြောင့်မတ်မှန်ကန် ပါးနပ်လိမ္မာမှုဖြင့် အောင်မြင်မှုဆီသို့ ဦးတည်စေနိုင်၏။ မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်းရှိဖို့လို၏။ ဆုံးဖြတ်ချက်မှန်ကန်သူသည် တစ်ချိန်ချိန်မှာ မိမိလိုရာခရီး အထွဋ်ထိပ်သို့ရောက်ပြီး လူတွင်သာမက အထက်နတ်တွေကပါ ကောင်းချီသြဘာပေးမည် မလွဲပါ။

အရှုံးပေါ်နေသည့် ကုမ္ပဏီတစ်ခုမှာ မိမိတစ်သက်လုံး စာချုပ် အချုပ်မခံရဖို့ လိုအပ်ပေလိမ့်မည်။ ဆိုလိုသည်မှာ ပေါက်နေတဲ့နဖူး မထူးတော့ပြီဆိုပြီး နံရံကို ထပ်ခါထပ်ခါ ခေါင်းနဲ့မတိုက်သင့်ပေ။ "လဲရင်ထ အဲဒါဘဝ" ဆိုသလို လဲရာက ရုန်းကန်ထနိုင်ဖို့ ကြိုးစားရမည်ဖြစ်၏။ စိတ်ကူးယဉ်ကြည်နူးနေခြင်းထက် ဘဝအဖြစ်မှန်ကို လက်တွေ့ရင်ဆိုင်နိုင်ခြင်းက ပို၍တန်ဘိုးရှိလှ၏။

ဘဝလောကဓံအမျိုးမျိုးနှင့် အရွယ်သုံးပါး ဖြတ်သန်းကြရသူတိုင်းတော့ တစ်ဦးနှင့်တစ်ဦးမတူကြ။ တစ်ချို့က ငယ်စဉ်အခါ ပညာရှာခွင့်မရ ဆိုးမိုက်တေလေခဲ့သော်လည်း ဒုတိယ တတိယအရွယ်တွေမှာ အမြင်မှန်ရပြီး ပြုပြင်လာ၊ ကောင်းလာတာကိုလည်း တွေ့နိုင်၏။ တချို့က ပထမဒုတိယအရွယ်တွေမှာ မိုက်ဇာတ်မခင်းခဲ့ကြသော်လည်း တတိယအရွယ်ရောက်မှ မိုက်ဇာတ်ခင်းကြပြန်သေး၏။ အရွယ်သုံးပါးလုံး ဆိုးမိုက်ပေတေနေကာ ဘယ်တော့မှ သတိသံဝေဂ မရနိုင်လျှင်တော့ တကယ့်လူဖြစ်ရှုံးလှ၏။ မိမိကိုယ်တိုင် အဖတ်ဆယ်လို့မရအောင် မမိုက်သင့်။ လူမိုက်ကိုရှောင်ခွာ ပညာရှိများကို ပေါင်းသင့်၏။ လူမိုက်ဆိုသည်မှာတော့ သင်အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုကောင်းဖွင့်ဆိုနိုင်၏။ ယုတ်စွဆုံး မိမိ၏ဆွေမျိုးရင်းချာ မောင်နှမသားချင်းပင်ဖြစ်စေကာမူ ထိုသူများကို လူမိုက်ဟု သင်ကောင်းကောင်းကြီး စစ်မှန်သောအသိဥာဏ်ဖြင့်သိပါ ထိုသူများကို ဆက်လက်ပေါင်းသင်း ရောယှက် တွယ်ဖက်၍ မနေသင့်ပါ။ အန္တရာယ်ကို တွယ်ဖက်ထားသလိုပင် ဖြစ်တတ်၏။

ဆိုပါတော့ သင့်နားကို နာကျင်စေသည်ဆိုလျှင် သင့်နားမှာ ပန်ဆင်ထားသည့် စိန်နားကပ် ရွှေနားဍောင်းကိုပင် တကယ်ကောင်းတယ်ဟု ဆိုနိုင်ပါ့မလား။ ဆက်လက်ပန်ဆင်ထိုက်ပါသလား။ တမျိုးတဖုံ ပြုပြင်ပန်ဆင်ဖို့လိုပေလိမ့်မည်။ မိမိနှင့် မိမိပတ်ဝန်းကျင်ကို ထိခိုက်နာကျင်စေသော လူမိုက်များကိုလည်း ဝေးဝေးကပင် ရှောင်သင့်၏။ မိမိကိုယ်တိုင်က အရွယ်သုံးပါးလုံးမှာ လူကောင်းသူကောင်းတွေအဖြစ် သိက္ခာသမာဓိရှိရှိ အမှန်တရားကို လက်ကိုင်ထားသူအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားသင့်၏။ အရွယ်သုံးပါးလုံးမှာ လူ့လောကကို အကျိုးပြုနိုင်ရင်တော့ အတိုင်းထက်အလွန် တန်ခွန်နှင့်ကုက္ကားဆိုသလို အင်မတန်ကောင်းလှ၏။ ပထမ ဒုတိယအရွယ်တွေမှာ မိုက်မဲခဲ့သည့်တိုင် တတိယအရွယ်မှာတော့ သတိသံဝေဂရလျှက် လူ့လောကကို အကျိုးပြုသင့်၏။ ထိုသို့ဖြစ်ပါက ဘဝအတွက် ငွေရောင်အနားသတ် ကောင်းခြင်းမင်္ဂလာလေးများ ဖြစ်ထွန်းမည်သာတည်း။ ထိုသို့မှ မဟုတ်လျှင် ထိုသူသည် "အသက်လေးဆယ်အရွယ်အထိ မိုက်မဲသူသည် တကယ့်လူမိုက်စစ်စစ်" ဟူသည့် သိုးဆောင်း စကားပုံကဲ့သို့လည်းကောင်း၊ "သျှောင်(ရောင်)ကြီးလျှင်ငိုက်၊ လူကြီးလျှင် မိုက်" ဟူသော မြန်မာစကားပုံကဲ့သို့လည်းကောင်း တသက်လုံးမိုက်ဇာတ်ကြီးခင်းကာ ဘဝသံသရာလူမိုက်ကြီးအဖြစ် ဇာတ်သိမ်းဖို့သာ ရှိပါတော့သတည်း။

မေ့သားလှ-(ဇလဂ္ဂ)

၁၃၇၃ ခု သီတင်းကျွတ်လကွယ်

26-10-2011 Wed

No comments:

Post a Comment