" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Monday, October 3, 2011

ဘဝအသိ

စာချဘုန်းကြီး ဘဝတုန်းက အနက်အဓိပ္ပါယ်သိနေတဲ့ " နမောတဿ" ဟာ သစ်ပင်အောက်ရောက်တဲ့အခါ ရယ်စရာဖြစ်နေတယ်။ ဟိုတုန်းက အနက်ထင်ကြတာဟာ အလုပ်ဖြစ်အောင် ထင်တာမဟုတ်ဘူး။ ဟောပြောပို့ချလို့ ရရုံလေးပဲ။ ဆားဟာ ငန်တဲ့အရာလို့ပြောလို့ ရရုံလေးပဲ။ ပူငန်၊ အေးးငန်၊ ချိုငန်၊ ခါးငန်၊ ပေါ့ငန်၊ လေးငန် ဆိုတာတွေ ဘာမှ မသိဘူး။ (လယ်တီဆရာတော်)။

လယ်တီဆရာတော်ကြီးသည် တောင်တွင်းကြီးမြို့၌ လေးငါးရက် တရားဟောတော်မူခဲ့၏။ ထိုတရားများကို မန္တလေး ဗိုလ်ကုန်းကျောင်းဆရာတော် နာယူဖြစ်ခဲ့။။ ဟိုအရင်အရင်အခါကတော့ ဗိုလ်ကုန်းကျောင်းဆရာတော်သည် လယ်တီဆရာတော်ကြီးတရားကို မနာကြားရုံသာမက ဆရာတော်ကြီးအပေါ်မှာ စိတ်နှင့် ပြစ်မှာခဲ့ဖူးသည် ဟု ဆိုပါသည်။

ဗိုလ်ကုန်းကျောင်းဆရာတော်အဆိုအရ လယ်တီဆရာတော်ကြီးသည် မန္တလေး လေးပြင်လေးရပ်မှာ တရားဟောတော်မူခဲ့သော်လည်း မိမိ(ဗိုလ်ကုန်းဆရာတော်) တစ်ခါမျှ တရားမနာဖူးပေ။ သူလိုငါလို ထင်ပြီး လယ်တီဆရာတော်လိုတော့ ဒို့လည်း ဟောတတ်တာပဲ၊ ဘုရားဟောတဲ့ အတိုင်း စာကြည့်ဟောရတာဘဲ၊ လယ်တီဆရာတော်လည်း ဒီစာကလွဲပြီး မဟောနိုင်ပါဘူး။ ဟု အထင်သေးအမြင်သေးမိပါသည်။ ယခုလို လူသူအပြောအဆိုများလို့ အစမ်းသဘောနာကြည့်မှ တပည့်တော်ရဲ့ အထင်တွေ လွဲကုန်ပါပြီ။ ပြစ်မှားမိတာတွေကို သည်းခံတော်မူပါဘုရားဟု လယ်တီဆရာတော်ကြီးအား ဗိုလ်ကုန်းကျောင်းဆရာတော်က ဝန်ချတောင်းပန်ခဲ့လေသည်။ ထို့နောက် လယ်တီဆရာတော်ကြီးက ဗိုလ်ကုန်းကျောင်းဆရာတော်အား အထက်ပါစကားရပ်ကို မိန့်တော်မူခဲ့ကြောင်း မှတ်သားဖူးပေသည်။

လယ်တီဆရာတော်ကြီး၏ စာချဘုန်းကြီးဘဝတုန်းက သိခဲ့သည့် နမောတဿ အနက်အဓိပ္ပါယ်ဟာ သစ်ပင်အောက်ရောက်တော့ ရယ်စရာဖြစ်နေပါတယ် ဆိုသည့် စကားသည် အလွန်အနက်အဓိပ္ပါယ်နက်ရှိုင်းလှပါသည်။ တကယ့်ဘဝအသိ ဓမ္မအသိအမြင်မှ ပေါက်ဖွားလာသည့် စကားရပ်ပင်ဖြစ်ပါသည်။ ဤ၌ ဘဝသိဟူသော စကားသည်လည်း အလွန်ခေတ်စားနေသော စကားရပ်ပင်ဖြစ်ပေသည်။ ဘဝသိ၏ သဘောသည်လည်း အလွန်ကျယ်ဝန်းလှပါသည်။ တစ်ယောက်နှင့်တစ်ယောက် ဘဝကို လေးနက်စွာ သိပုံချင်း တူချင်မှလည်း တူပေလိမ့်မည်။

ဘဝအသိသည် အသက်ကြီးခြင်း၊ စာပေတတ်သိခြင်းတို့နှင့်လည်း များစွာမဆိုင်ပေ။ အသက်ကြီးသည်ဖြစ်စေ၊ အသက်ငယ်သည်ဖြစ်စေ၊ စာတတ်သည်ဖြစ်စေ၊ စာမတတ်သည်ဖြစ်စေ မိမိကိုယ်တိုင် လက်တွေ့သိခြင်း၊ လက်တွေ့လုပ်ဖူးခြင်း၊ လက်တွေ့ ဗဟုသုတများခြင်း၊ လက်တွေ့စူးစမ်းဆင်ချင် သုံးသပ်တတ်ခြင်း၊ စဉ်းစားနှိုင်းချိန် ပြုလုပ်ပြောဆိုတတ်ခြင်း စသည်ဖြင့် ဘဝနယ်ပယ်ထဲမှ အကွက်ကျကျ သိမြင်တတ်သော အသိမျိုး ကို ဘဝအသိဟု ဆိုနိုင်မည်ထင်ပါသည်။

ဘဝအသိဟူသောစကားကို လှေနံဓားထစ် တစ်ထစ်ချမှတ်ယူလို့တော့ ရနိုင်မည်မဟုတ်ပေ။ ဘဝအခြေအနေတွေ အမြဲပြောင်းလဲနေတာနှင့်အမျှ ဘဝအသိ ဘဝအမြင်သစ်တို့သည်လည်း အမြဲတမ်းပြောင်းလဲနိုင်ပါသည်။ ငယ်စဉ်အခါက ဘဝတွေ့ကြုံခဲ့ရသည့် လောကဓံကြောင့် ဘဝအသိ ဘဝအမြင်တစ်မျိုးရှိနိုင်သလို အသက်အရွယ်ကြီးလာသောအခါမှ တွေ့ရသည့် လောကဓံကြောင့် ဘဝအသိ ဘဝအမြင်တစ်မျိုးပြောင်းလဲလာနိုင်၏။ ဘဝအတွေ့အကြုံပြောင်းလဲလာသည်နှင့်အမျှ ဘဝအသိလည်း ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါသည်။

တကယ်တမ်းတရားသိမြင်သည့်ပုဂ္ဂိုလ်တို့သည် ဘဝနှင့်ပတ်သက်ပြီး နက်နဲသည့်အသိအမြင်များ ရရှိကြသည်မှာ ဧကန်ပင်ဖြစ်ပေသည်။ ဘဝအသိကို ဆက်လက်တင်ပြချင်သေး၏။ ဘဝအတွေ့အကြုံကိုအကြောင်းပြု၍ ချီးကျူးထိုက်သည်ကို ချီးကျူးရမှန်းသိသောအသိ၊ ရှုတ်ချထိုက်သည်ကို ရှုတ်ချရမှန်းသိသော အသိ၊ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ရကောင်းမှန်းသိသောအသိ၊ မလုပ်သင့်မလုပ်ထိုက်သည်ကို မလုပ်ရကောင်းမှန်းသိသောအသိ၊ မိမိပတ်ဝန်းကျင်ကိစ္စရပ်နှင့်စပ်၍ လူ့လောကတစ်ခုလုံး၏ ကိစ္စအရပ်ရပ်နှင့် စပ်သမျှ စေတနာ မေတ္တာ ကရုဏာ မုဒိတာတရား ထားတတ်ခြင်းသည်လည်း ဘဝအသိပင်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဓမ္မအသိဖြင့် အမှားအမှန် အကောင်းအဆိုး အကြောင်းအကျိုးတို့ကို သိလာခြင်းတို့ကို ဘဝအသိဟု ဆိုနိုင်ပါသည်။

ဘဝအသိသည် အတန်းထဲ၌ ဆရာက တပည့်များအား သိစရာအားလုံးတို့ကို ပုံအောပေးခြင်းကြောင့် သိလာရသည့်အသိမျိုးလည်း မဟုတ် သိစရာတို့နှင့် စပ်လျှင်း၍ မိမိတို့ကိုယ်တိုင် စူးစမ်းတတ် ဆင်ခြင်တတ် ဆုံးဖြတ်တတ်ပြီး ဘဝနယ်ပယ်ကျင်လည်ရင်း ဘဝနှင့်စပ် ကိုယ်တွေ့ဥာဏ်ဖြင့်သိလျှင် ဘဝအသိပင်ဖြစ်ပေမည်။

စိတ်ကူးဥာဏ်နှင့် စိတ်ကူးယဉ်အတွေးတို့သည်လည်း ဘဝအသိဟု ထင်ကောင်းထင်ကြပေလိမ့်မည်။ သို့သော် ထိုအရာတို့သည် ဘဝအသိများတော့ မဟုတ်ကြပါ။ စိတ်ကူးဥာဏ်သည် ဘဝအသိ၏ အထိန်းအကွပ်ကို လက်ခံသည့်ဥာဏ်ဟုတော့ ဆိုနိုင်ပါသည်။ ထိုကြောင့်ဆရာဇော်ဂျီက စိတ်ကူးဥာဏ်သည် သက်ရှိသက်မဲ့ ဒိဋ္ဌလောကနှင့် ထိတွေ့ခဲ့သည်လည်းဖြစ်၍ အမှားအမှန်အကောင်းအဆိုး အကျိုးအပြစ်တို့ကို သိအောင်ပြုတတ်သည်လည်း ဖြစ်သော သမ္ပဇဉ်ဥာဏ်(ဘဝအသိ) ၏ အထိန်းအကွပ်ကို လက်ခံသည့် ဥာဏ်ဖြစ်သည်။ စိတ်ကူးယဉ်အတွေးသည် သမ္ပဇဉ်ဥာဏ်၏ အထိန်းအကွပ်နှင့် လွတ်နေသော အတွေးဖြစ်သည်ဟု ဆိုထားပါသည်။

တချို့က စာသိကို ကဲ့ရဲ့ပြစ်တင်တတ်ကြသေး၏။ ဘဝအသိလောက် မလေးနက်သော်လည်း စာသိကိုလည်း အထင်မသေးသင့်ပေ။ စာတွေ့စုံလာလျှင် ဒိဋ္ဌ မုတ (ကိုယ်တွေ့ကိုပါ) ထည့်စဉ်းစားလာနိုင်သေအခါ မိမိ၏ စာသိ သုတသည် မိမိအာဘော်နှင့် မိမိပတ်ဝန်းကျင် ဆီလျှော်ခြင်း ရှိမရှိကို တစ်ချိန်ချိန်တွင် ညှိတတ်စဉ်းစားတတ်၍ အမြင်မှန် အသိမှန် သဘောမှန် ဘဝမှန်ကို မြင်လာနိုင်သည်။ ထို့ကြောင့်စာသိသည်လည်း ဘဝမှာ အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေပေသည်။ အကျွန်ုပ်တို့အားလုံးသည် စာမဖတ်ဘဲနေလို့လည်း မဖြစ်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် သူတစ်ပါးတို့၏ ဘဝအတွေ့အကြုံ ဘဝသင်ခန်းစာတို့ကို စာအုပ်ထဲမှ လေ့လာသိရှိနိုင်၏။ သူတစ်ပါးတို့ တွေ့ကြုံရသည့် ဘဝသင်ခန်းစာများကို မိမိလည်း အတုယူ လိုက်နာကျင့်သုံးနိုင်၏။

ဘဝအတွေ့အကြုံ ရှိသော်လည်း တချို့က သင်ခန်းစာ ဘဝအသိ မယူတတ်ကြပေ။ တစ်ချို့ပုဂ္ဂိုလ်များသည် အသက်ကြီးလို့သာ အိုသွား၏။ ဘဝအသိ ရင့်ကျက်မှုကား ရှိမလာကြပေ။ တနည်းဆိုရသော် ထိုသူတို့၏ အသက်ရှင်မှုသည် ဘဝအဓိပ္ပါယ်ကင်းမဲ့လှပေသည်။ အသက်ရှင်ဖို့ စားရသည်၊ စာဖို့အသက်ရှင်နေသည်မဟုတ်ဟူသော ဘဝနှင့်စပ်သော အသိမျိုးလောက်ပင် တိုးမလာပေ။ ထို့ကြောင့် ဘဝမှာ အဓိပ္ပါယ်ရှိရှိ နေထိုင်တတ်ဖို့လည်း အရေးကြီးပါသည်။

ဘဝကို အဓိပ္ပါယ်ရှိရှိနေထိုင်သူတို့သည် တနည်းဆိုရသော် ဘဝအသိရှိသူတို့သည် မိမိတို့၏ ဝမ်းဗိုက်ပြည့်နေချိန်၌ ဆာလောင်မွတ်သိပ်နေသူတို့ကို မေ့လျော့မနေတတ်ကြပေ။ ဘဝအသိရှိသူတို့သည် မိမိတို့က မိုးလုံလေလုံ အဆောက်အဦများ၌ နေထိုင်ခွင့်ရနေချိန် ဓနိမိုး ဝါးထရံ ပေါက်ပြဲ ခနော်နီခနော်နဲ့ တဲအိမ်လေးများ၌ နေကြရသူများ၏ ဘဝတွေကိုလည်း လေ့လျူမရှု့ရက်နိုင်ကြ။ ဘဝအသိရှိသူတို့သည် မိမိတို့က တရားဥပဒေ၏ စောင့်ရှောက်မှုကို အပြည့်အဝ ရရှိနေချိန်မှာ ဥပဒေမဲ့ နှိပ်စက်ညှင်းပန်းခံနေရသူများ၏ ဘဝဒုက္ခများကို အပြည့်အဝ ကိုယ်ချင်းစာနာနိုင်ကြ၏။ ဘဝအသိရှိသူတို့သည် ဒုက္ခကြုံတွေ့သူများကို တွေ့မြင်ရပါက ကျွတ်ကျွတ်ဟု စုတ်သက်ကာ မိမိတို့၏ ကရုဏာတရားကို ပြသနိုင်၏။ လက်တွေ့ကူညီရိုင်းပင်းကြ၏။

ဘဝအသိအမြင်ရှိသူတို့သည် သူတစ်ပါးတို့ခံစားနေကြရသော ဒုက္ခအဝဝကို ယခုအချိန်မှာ မိမိတို့မခံစားရသေးသော်လည်း တနေ့နေ့မှာ ငါတို့လည်း ခံစားရနိုင်သည်။ ယင်းဒုက္ခမျိုးကို တိုက်ရိုက်မခံစားရရင်တော့ ယင်းနှင့်ဆက်စပ်သည့် ဆိုးကျိုးများကို သွယ်ဝိုက်သောအားဖြင့်လည်း ခံစားရနိုင်၏ဟု သဘောပေါက်သိမြင်ကြ၏။ သိသည့်အတိုင်းလည်း ကျင့်ကြံကြ၏။ ထို့ကြောင့် ဘဝအသိသည် အလွန်အနက်ဓိပ္ပါယ် ကျယ်ပြန့် နက်ရှိုင်းလှပါတော့သည်။

မိမိတို့အားလုံးသည် မိမိတို့ဘဝမှာ ဘယ်လောက်အထိ လေးလေးနက်နက် ဘဝအသိရှိကြပြီး ဘဝကို အဓိပ္ပါယ်ရှိရှိ ဘဝအသိနှင့်ရင်းပြီး နားလည်ကြပါနည်း ဆိုသည့်အချက်ကို ကိုယ်စီကိုယ်စီ စဉ်းစားဆင်ခြင်သုံးသပ်နိုင်ကြပါစေ ဟု ဆန္ဒပြုရင်း

မေတ္တာဖြင့်

မေ့သားလှ-ဇလဂ္ဂ

၁၃၇၃ခု သီတင်းကျွတ်လဆန်း ၃ ရက် အင်္ဂါနေ့

၎-၁၀-၂၀၁၁

No comments:

Post a Comment