" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Sunday, October 16, 2011

ပညာအကြောင်းတစေ့တစောင်း

ပညာဟုဆိုရာဝယ် အသိပညာ အတတ်ပညာ အားလုံးသည် ပညာ၏နယ်ပယ်ပင်ဖြစ်၏။ လောကီ လောကုတ္တရာပညာ နယ်ပယ်သည် အလွန်ကျယ်ဝန်းလှ၏။ မိမိ၏ မပြောပလောက်ဖွယ် အနည်းငယ်မျှလောက်သော အသိဥာဏ်လေးဖြင့် ပညာအကြောင်းပြည့်စုံစွာ မတင်ပြနိုင်ပါ။ ပညာအကြောင်းတစေ့တစောင်းပင်တင်ပြရုံသာဖြစ်ပါ၏။ တင်ပြသည်ဆိုသည်မှာလည်း ဗုဒ္ဓစာပေနှင့် ပညာရှိကြီးများ၏ အဆုံးအမများကို အခြေခံတင်ပြချင်ပါ၏။ ဘဝမှာ လောကီလောကုတ္တရာပညာ၏ တန်ဘိုးရှိပုံ၊ အသုံးဝင်ပုံ၊ လိုအပ်လှပုံတို့ကို ကမ္ဘာလောက၌ ပညာရှင် အသီးသီးတို့က အဆိုအမိန့် မြောက်များစွာ တင်ပြပြောဆိုခဲ့ကြမည်သာတည်း။

ဗုဒ္ဓစာပေ၌လည်း ပညာသည် လူသားတို့၏ အမြင့်မြတ်ဆုံးရတနာ(ပညာ နရာနံ ရတနံ)၊ လူသားတို့၏ မျက်လုံးသည် ပညာ(ပညာစက္ခု)၊ ပညာသမာ အာဘာ နတ္ထိ-ပညာနှင့်တူသောအလင်းရောင်သည် လောက၌ မရှိ၊ ပညာ ဇီဝိတ မာဟု သေဌံ- လောကမှာ ပညာဖြင့် အသက်ရှင်နေထိုင်ရခြင်းသည် အမြတ်ဆုံး၊ လောကေ ပညာယ အတ္ထတ္ထော၊ ပရတ္ထောစ သမိဇ္ဈတိ၊ လူ့ဘုံဌာန၊ ဤလောက၌၊ အတ္တပရာ ကျိုးနှစ်ဖြာကို၊ ပညာကသာ၊ ပြီးစေရာ၏။ လူသားတို့၏ ဘဝတန်ဘိုးသည်ပညာ၊ဘဝအထွဋ်ထိပ်သို့ ရောက်ကြောင်းသည် ပညာ၊ ဘဝပန်းတိုင်သို့ ပို့ဆောင်ပေးသောတရားသည် ပညာ၊ နိဗ္ဗာန်တ့ခါးဖွင့်ဖို့ရန် သော့ချက်သည် ပညာ စသည်ဖြင့် တွေ့ရှိနိုင်ပေသည်။

ထို့ပြင်ပညာနှင့်စပ်လျဉ်း၍ မြန်မာစကား မြန်မာအလင်္ကာ အဆုံးအမ အဆိုအမိန့်များစွာ ရှိသေး၏။ ပညာရွှေအိုးလူမခိုး၊ ပညာရဲရင့် ပွဲလယ်တင့်၊ ပညာမရှိ သူ၏ ဝန်ထမ်း၊ ဟုလည်းကောင်း၊ ပညာရှာ ပမာ သူဖုံးစား ဟုလည်းကောင်း၊ ပညာမတတ်ပါက လောကမှာ လူဖြစ်ရှုံးကာ မျက်ကန်းပမာ လူ့ပေါက်ပင်ဖြစ်တတ်ပုံကို - "မရှိပညာ၊ ဤလူ့ရွာ၌၊ ကျမ်းစာနီတိ၊ တတ်မသိက၊ မျက်စိစုံကန်း၊ လူဖြစ်ဆန်းမျှ၊ ပေါက်ပန်းပမာ မှတ်ဖို့ရာ၏" (မဃဒေဝ) ၌ မန်လည်ဆရာတော်ကြီးက ဆိုထားပါသည်။ ဆက်လက်ပြီး မဃဒေဝမှာ ပင် ပညာမရှိပါလျှင် ချမ်းသာသုခနှင့် ဝေးကွာရှားပါးတတ်ပုံကို ဆိုထားပြန်၏။ - "မပွားသုတ၊ မရကောင်းမှု၊ မစုဥစ္စာ၊ နွားပမာလျှင်၊ ပညာနည်းပါး၊ ချမ်းသာရှား၏။" ပညာ၏တန်ဘိုးကိုလည်း မဃဒေဝ၌ဆိုထားပြန်သေး၏။ - "ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိင်စွာ၏။"(မဃဒေဝလင်္ကာ)။ ပညာရှိသူတော်ကောင်းထံ ရိုကျိုးနွံစွာ ပညာသင်သင့်ပုံကိုလည်း - "ပညာရှိထံ၊ ရိုကျိုးနွံ၍၊ နည်းခံသင်မှ၊ ပညာရ၏။" -ဆိုထားပါသည်။

ကထံသု လဘတေ ပညံ- ပညာကို အဘယ်ပုံ အဘယ်နည်းဖြင့် ရနိုင်ပါသနည်း ဟူသော အာဠာဝက ဘီလူး၏အမေးပုစ္ဆာကို - သုဿုသံ လဘတေ ပညံ= ကောင်းစွာ သင်ယူခြင်း၊ ဆရာသမားများက သင်ကြားပေးသည်ကို ကောင်းစွာမှတ်သား နားထောင်ခြင်းဖြင့် ပညာကို ရနိုင်ပါသည်ဟု မြတ်ဗုဒ္ဓကိုယ်တော်တိုင်ကလည်း ဖြေကြားတော်မူခဲ့သည်။ သုဿုသံ လဘတေ ပညံ ဟူသောဒေသနာတော်ကို ထပ်ဆင့် လေ့လာသုံးသပ်ကြည့်ပါက သဒ္ဓါဇာတော ဥပသင်္ကမတိ= သဒ္ဓါတရားရှိမှ ဆရာကောင်း သမားကောင်းတို့ထံ ပညာသင်ဖို့ ချဉ်းကပ်နိုင်မည်ဖြစ်၏။ ဥပသင်္ကမန္တော ပယိရုပါသတိ= ဆရာကောင်းသမားကောင်းထံ ချဉ်းကပ်မိမှ ထိုဆရာကောင်းသမားကောင်းများကို လုပ်ကျွေးပြုစုခွင့်ရနိုင်၏။ ချဉ်းကပ်နိုင် လုပ်ကျွေးပြုစုခွင့်ရလျှင် ဆရာကောင်းသမားကောင်း ပြောဟော သင်ပြ ဆိုဆုံးမကို နားထောင်ခွင့် သင်ယူလေ့လာခွင့်ရ၏။ သို့မှသာ ပညာအရည်အချင်း ဆင့်ကဲတိုးတက်လာမည်ဖြစ်၏။

ရှင်မဟာရဌသာရကတော့ "အဌာရသ၊ သိပ္ပကျေးဇူး၊ အထူးထူးကို၊ ဆည်းပူးဖွေရှာ၊ သင်အပ်ရာ၏။" ဟုလည်းကောင်း၊ စာသင်သား ဆုံးမစာ၌ ရှင်မဟာရဌသာရကပင် ပညာသင်ပုံနှင့် စပ်၍ အောက်ပါအတိုင်း“သုစိပုဘာ၊ဝိလိသိဓာ” ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့၊ စာသင်ပျိုနု၊ အခြေပြုတို့၊ ဥဇုဘူတ၊ လုံ့လပြင်းစွာ၊ သူ့ထက်ငါဟု၊ နှတ်မှာရွရွ၊ ကြိုးပမ်းကလျှင်၊ သိပ္ပကျေးဇူး၊ အထူးသိမြင်၊ ပညာရှင်ဟု၊" - တိုက်တွန်းထားပါသေးသည်။

(၁)သုဏေယျ=နာကြားရာ၏။(၂)စိန္တေယျ=ကြံစည်ရာ၏။(၃)ပုစ္ဆေယျ=မေးမြန်းရာ၏။(၄)ဘာသေယျ=ပြောဆိုရာ၏။(၅)ဝိစာရေယျ=စူးစမ်းဆင်ခြင်ရာ၏။(၆)လိခေယျ=ရေးမှတ်ရာ။(၇)သိက္ခေယျ=လေ့ကျင့်(သင်ကြား)ရာ၏။(၈) ဓာရေယျ = နှုတ်ငုံဆောင်ရာ၏။

စဥ့်ပါဆရာတော်(မြန်မာ၁၁၀၆-….) မူကွဲ (၁၁၄၀-၁၂၁၀ အောက်ပါအတိုင်း ဓမ္မနီတိချိုး များဖြင့်ဆုံးမထားပြန်သေး၏

၁။ ကျင့်မူရာမူခပ်ပျင်းနှင့်၊ သွတ်ဖျင်းလူယုတ်တေ။ တတ်ပညာဇာတတ်ပါအံ့၊ များမှတ်ကြလေ။ ။အတတ်ကိုမရှာဖွေလျှင်၊ ဥစ္စာတွေရရေး။ ။ဘယ်နှယ် ကြံဖန်မြောက်ပမယ်၊ မိုးလောက်ကွာဝေး။

၂။ ပညာကိုဘယ်လူဆိုးတို့ ယူခိုးလို့ပါပမယ်။ ။အတတ်ကယ် အလိမ္မာနှင့်၊ ဥစ္စာဘယ်တူကြလိမ့်၊ လောကလူဝယ်။ ။သိကြားမြင်လုံလောက်က၊ မျက်မှောက်ကယ်သည်ကိုယ်ဝယ်၊ ရလွယ်၏ ခင်ပွန်း။ တမလွန်နောင်ခါကောင့်၊ မြိုက်ချမ်းသာပိုမိုမြင့်၊ ကဲဆင့်တောက်ထွန်း။

၃။ သိပညာဖြစ်ပွားအောင်၊ချစ်သားတို့သင်ကြပါ။ ။မိဘဆရာတို့၊ ဖန်ခါခါတပည့်သားကို၊ ထောင်နားဆန်မငြင်းအောင်၊ သွင်းကြပေရာ။ ။လှေလှော်လှေခတ်နှင့်၊ အတတ်ကယ်မဲ့သူမှာ၊ ဝန်ထမ်းသာဖြစ်မြဲ။ ။ပညာရှင်ဖြစ်ပေက၊ လူ့ပြေ(မြေ)မှာ ပူဇော်လို့၊ ဇမ္ဗူပေါ်ဂုဏ်ထင်ပလိမ့်မယ်၊ မိုးလထက်ကဲ။

ထို့ပြင် အသိပညာကင်းမဲ့သူကို နွားနှင့်ခိုင်းနှိုင်းထားပုံကိုလည်း - "မေထုန်မှီ အိပ်စားလို့၊ ယောကျာင်္းနှင့်နွားမှာ၊ ပြည့်စုံကုန်လုံ ရှိပါ၏။ အသိပညာတတ်တစ်ပါး၊ နွားထက်ပိုသာ၊ အသိပညာချို့ရှာချေက၊ လူမိုက်ခေါင်၊ ထိုယောကျာင်္းကို၊ နွားဟုဆိုရ၊" ဟု မိမိတို့ ငယ်စဉ်အခါ ဘုန်းတော်ကြီးကျောင်းသင် ပညာရေးမှာ ထိုကဲ့သို့သော ပညာနှင့်စပ်သည့် အဆုံးမများကို လေ့လာသင်ယူခဲ့ရပါသည်။

ရွှေကျောင်းဆရာတော် ဦးပညာ(မြန်မာ ၁၁၄၀-၁၂၀၀) ကလည်း" ‘လောကလူတွင်”၊ လမ်းသို့ထင်သည်၊ ဂုဏ်အင်ပညာ၊ မရှိရှာက၊ စေပါလက်သုတ်၊ လွန်ညံ့ယုတ်သား၊ မှိတ်တုတ်မီးခဲ၊ မပြောင်ရဲသို့၊ ဖန်လဲခေါက်ခေါက်၊ သူ၏နောက်ဝယ်၊ ချွေးပေါက်ကျယို၊ ဖတ်ဖတ်စိုမျှ၊ သက်ဖိုပန်းပင်၊ မရွှင်ပြောင်းနွမ်း၊ တသမ်းသမ်းနှင့်၊ ဝန်ထမ်းလှေခတ်၊ ဖြစ်တို့တတ်ရှင့်၊ တမှတ်မယွင်း၊ ပညာကင်းက၊ ရွှေဟင်္သာလယ်၊ ဗျိုင်းသဖွယ်လျှင်၊ ပွဲလယ်မတ်လတ်၊ မလျှောက်မတ်ရှင့်၊ မြဝတ်ဆံရည်၊ သို့ဖြစ်သည်ကြောင့်၊ အရှည်အတို၊ တတ်ထိုထိုဝယ်၊ ကော်ကျိုသောလား၊ မှုန့်မှုန့်တွားအောင်၊ ကြိုးစားမပျင်း၊ သင်မှတ်ခြင်းဖြင့်၊ ရှင်းလင်းသေချာ၊ အရာရာကို၊ “လိုခါစမ်းတိုင်း ရစေမင်း”။ ဟု မာတောဝါဒ ဆုံးမစာဆုံးမတော်မူခဲ့သည်။

ရဟန်းရှင်လူ ပညာရှိကြီးများက ကျောင်းသူကျောင်းသားများကို ပညာတော်ရုံသာမက စာရိတ္တကောင်းမွန်အောင်လည်း အမျိုးမျိုးဆုံးမခဲ့ကြပေသည်။ --"မောင် ကျောင်းသား၊ အတတ်သင်ပါ၊ လိမ္မာဖော်ရွှေ၊ စိတ်နေဖြူစွ၊ မာနချလျက်၊ မြန်မာ့အကျိုး၊ တိုးကြီးတိုးအောင်၊ သည်(သယ်)ပိုးနေ့ည၊ ကြိုးပါကြ" ဟုလည်း ဆုံးမကြသည်။

(သျှင်မဟာရဌသာရ(မြန်မာ-၈၃၀-၈၉၂) ဂမ္ဘီသာရဆုံးမစာ၌လည်း- “အဌာရသ”၊ သိပ္ပကျေးဇူး၊ အထူးထူးကို၊ ဆည်းပူးဖွေရှာ၊ သင်သောခါလျှင်၊ ဆရာကောင်းထံ၊ ကျိုးနွံတရှည့်၊ ရိပ်ခြည်ကြည့်လျက်၊ တပည့်ကျင့်ဝတ်၊ ညီညွတ်စွာမှု၊ ကုန်အောင်ပြု၍၊ အာယုဆုံးစွန်၊ ပြောင်းချိန်တန်မှ၊ ပြညွန်ရိပ်ခြည်၊ ဆိုအံ့သည်ဟု၊ ဆောက်တည်လျှို့ဝှက်၊ ပြင်မထွက်သား၊ သိခက်ခက်လှ၊ ကိလိဌကို၊ မှတ်ရလေအောင်၊ ရည်စောင့်နှိမ့်ချ၊ ဆည်းကပ်ခ၍၊ ။”နေ့ညမကင်း တွေ့စေမင်း”။ ဟု ဆုံးမထားပေသည်။

ဆက်လက်ပြီး သျှင်မဟာရဌသာရ ၏ လောကသာရဆုံးမစာ “ပညာမျက်စိ”၊ မြင်မရှိ၍၊ မသိတရား၊ အယူမှားလျက်၊ စီးပွားမမြော်၊ ကျိုးမပေါ်သား၊ သူတော်မဟုတ်၊ ယုတ်သည့်စရိုက်၊ လူသူမိုက်ကို၊ မကြိုက်မချစ်၊ ရန်သူစစ်သို့၊ မနှစ်သက်ဘဲ၊ ဝေးစွာရှဲ၍၊ ။ “ရှောင်လွဲဖဲကြဉ်နိုင်စေမင်း”။ ဟု ပညာနှင့်ပတ်သက်၍ ဆုံးမခဲ့ပါသည်။

စာတော်ပြင် ဆရာကြီး ဦးပညာ(မြန်မာ၁၁၂၅ခန့်-၁၁၈၅ခန့်) သားရွှေဥဆုံးမစာ ၌- အောက်ပါအတိုင်းဆုံးမထားခဲ့၏။

၁။”မာတာပီတ” မိဘနှစ်ပါး ၊မွေးသည်သားကို၊ သနားကြင်နာ၊ တတ်ပညာဖြင့်၊ လိမ်မာစေချင်၊ ထုံးပုံဆင်၍၊ သွန်သင်ဝေဖန်၊ ဆုံးမဟန်လျှင်၊ ကျမ်းဂန်ဓိပ္ပာယ်၊ သင့်ကြောင့်ခြယ်လျက်၊ နာဖွယ်ဆန်းထူး၊ လင်္ကာကျူးအံ့၊ ရွှင်မြူးပျော်ပါး၊ အမျိုးသားတို့။ ။”သင်ကြားလေ့ကျက် ရာသတည်း”။

၂။”သားရွှေဥ”၊မျက်ရှုကြေးမုံ၊ သက်လုံးပုံကို၊ တူစုံမိဘ၊ ဝိသေသဖြင့်၊ဆုံးမဆိုမည်၊ မောင်နားလည်လော့၊ ချစ်ကြည်သော့ အား၊ ရင်ခွင်ထား၍၊ ကစားလိုရာ၊ ပျော်ပါးစွာလျှင်၊ အိမ်မှာသို့ပင်၊ နေစေချင်လည်း၊ မဲ့ရွှေရင်နှစ်၊ ယောကျာ်းဖြစ်လျက်၊ စင်စစ်စွဲမှတ်၊ အတတ်ပညာ၊ မရှိပါက၊ ရုပ်မှာမတော်၊ ဂုဏ်ညိုးလျှော်သား၊ လှေလှော်ဝန်ထမ်း၊ အမှုကြမ်းကို၊ ကြိုးပမ်းဆောင်ရွက်၊ အသက်မွေးကတ်၊ ရှိတို့တတ်၏၊ စွဲမှတ်ပညာ၊ ဝိဇ္ဖာသိပ္ပ၊ တတ်စွမ်းကမှု၊ ဓနဥစ္စာ၊ ရတနာကို၊ ရှာလည်းရလွယ်၊ ပြည့်စုံကြွယ်၏၊ တင့်တယ်လျောက်ပတ်၊ သက်မွေးမြတ်၏၊ မှတ်လော့စေ့စေ့၊ သို့ဖြစ်၍လျှင်၊ လောက်လွေ့ပညာ၊ တတ်လိမ္မာအောင်၊ ဆရာကောင်းထံ၊ နည်းနာခံ၍၊ သင်အံလေ့လာ၊ ကြိုးစားရာသည်။ “ရတနာမျက်ရှု သားရွှေဥ”။

၃။ “သားရွှေဥ”၊ မျက်ရှုရတနာ၊ မှတ်သားပါလော့၊ ပညာအတတ်၊ ကျေးဇူးမြတ်နှင့်၊ ဂုဏ်သတ္တိမှာ၊ ဘယ်ဥစ္စာမျှ၊ နှိုင်းရာမတူ၊ ခိုးသားမှုလည်း၊ မယူနိုင်ရာ၊ မြဲမြံစွာ၏၊ ပညာမြော်မြင်၊ အတတ်လျှင်ကား၊ ဆွေခင်ပွန်းစစ်၊ မှီရာ ဖြစ်ရှင့်၊ အသစ်ဘဝ၊ ပြောင်းလေကလည်း၊ သုခဝဟာ၊ မြတ်ချမ်းသာကို၊ ကောင်းစွာလျောက်ပတ်၊ ဆောင်ပေတတ်၏၊ မှတ်သားသင့်သည်၊ သုတမည်ကား၊ မစည်မပင်၊ မတွင်မကျယ်၊ အနည်းငယ်ဟု၊ စိတ်ဝယ်ဤသို့၊ မမှတ်တို့လင့်၊ တောင်ပို့တွင်ခေါင်း၊ မနက်တောင်းကို၊ သွန်းလောင်းရေစက်၊ အနည်းလျက်လည်း၊ နေ့ရက်ရှည်လျား၊ ကျဖန်များသော်၊ ရေစားကြည်းလှည့်၊ လျှမ်းလျှမ်းပြည့်သို့၊ နှိုင်းရှည့်မယုတ်၊ ပမာဟုတ်စွ၊ နှုတ်တတ်ဖြစ်စေ၊ တထွေထူးမြတ်၊ လက်တတ်ဖြစ်စေ၊ သေသေချာချာ၊ တတ်လိမ္မာက၊ ဝိဇ္ဖာသိပ္ပ၊ တစ်ခု မျှလျှင်၊ ဆုံးစတတ်မြောက်၊ သက်မွေးလောက်၏၊ မင်းယောကျာ်းမှု၊ တစ်ခုခုကို၊ သူ့ထက်သာအောင်၊ ကြိုးအားဆောင်၍၊ အခေါင်အဖျား၊ တတ်မြောက်များမှု၊ ထင်ရှားကြော်ငြာ၊ ဂုဏ်ထွန်းဝါသည်။ ။”ရတနာမျက်ရှု သားရွှေဥ။”

ရွှေကျင်ဆရာတော်ကြီးကလည်း - "စာမတတ်သူ၊ အခေါက်ထူ၊ လူထဲရှင်ထဲ အသုံးမကြ၊ စာတတ်ပြန်လျှင်၊ စိတ်ကြီးဝင်၊ လူမြင်တိုင်းက၊ အော့ချင်ကြ၊ သို့မဖြစ်အောင်၊ သတိဆောင် အမောင်ခဲပါမှ၊" ဟု ဆုံးမခဲ့ဖူးသည်။ ဗုဒ္ဓစာပေ အဌကထာလာ စာသင်နည်း သုံးမျိုးကိုလည်း မှတ်သားဖွယ်ရာ လေ့လာမှတ်သားရပါသည်။ (၁) ငါတတ် ငါသိ၊ နှိပ်လိုဘိ၍၊ ဂုဏ်ရှိလိုမှု၊ ရည်ရွယ်ပြု၊ သင်မှု အလဂဒ္ဒူပမ စာသင်နည်း၊ (၂) တရားသိပြန်၊ ကျင့်ကြံရန်နှင့်၊ မြတ်နိဗ္ဗာန်ဆု၊ ရည်ရွယ်ပြု၊ သင်မှု နိဿရဏ စာသင်နည်း၊ (၃) ဘုရားဟောလတ်၊ ပိဋကတ်တွေ၊ မပျောက်စေမှု၊ ရည်ရွယ်ပြု၊ သင်မှု ဘဏ္ဍာရိက စာသင်နည်း၊ ဟု မည်သို့သော နှလုံးသွင်းမျိုးဖြင့် ပညာသင် သင့်ပုံကိုလည်း မှတ်သားရပေသည်။

ဆက်လက်ပြီး ပညာကထာ ပညာအကြောင်းတင်ပြချင်ပါသေးသည်။ အတွေ့အကြုံရင့်ကျက်သည့် ရတနာကုန်သည်သည် သူ၏ စူးရှထက်မြက်သော အမြင်ဖြင့် ရတနာတစ်လုံးစီ၏ အတွင်းသားရှိ အရည်အသွေး ကောင်းမကောင်းကို ကြည့်ပြီး ရတနာကို အကဲဖြတ်နိုင်လေသည်။ ထိုနည်းအတူပင် ပညာနှင့် ပြည့်စုံသူသည် ရှေ့မှောက်ရောက်ရှိလာသည့် အခြေအနေအရပ်ရပ်ကို အပေါ်ယံကြောလောက်သာ သုံးသပ်ဆင်ခြင်မကြည့်တော့ဘဲ မိမိ၏ထွင်းဖောက်မြင်သည့် ပညာမျက်စိဖြင့် အဇ္ဈတ္တ အတွင်းကျကျ နက်နက်ရှိုင်းရှိုင်း ကြည့်တတ်မြင်တတ်၏။ ယင်းသို့အခြေအနေ မှန်သမျှကို တိကျမှန်ကန်စွာ ခြုံငုံ သိမြင်ခြင်းသည် ပညာပင်ဖြစ်၏။

ယင်းပညာသည် သုံးမျိုးသုံးစားရှိ၏။ (၁) သုတမယ ပညာ- ကြားနာ၍သော်လည်းကောင်း၊ စာပေဖတ်ရှု့လေ့လာ၍ သော်လည်းကောင်း၊ ရရှိလာသည့် ပညာသည် သုတမယပညာ ဖြစ်၏။ (၂) စိန္တာမယ ပညာ- ကြားနာခြင်းအားဖြင့်လည်းကောင်း၊ စာပေဖတ်ရှု့လေ့လာခြင်းအားဖြင့်လည်းကောင်း ရရှိသည့် ပညာကို စဉ်းစားဆင်ခြင် တွေးခေါ်သုံးသပ်ခြင်း၊ မိမိ၏ အသိဥာဏ်ချိန်ခွင်တွင် ချိန်ကြည့်ပြီး သင့်တော် မသင့်တော်၊ ယုတ္တိရှိ မရှိ စသည် လေ့လာ သုံးသပ်သော ပညာသည် စိန္တာမယ ပညာမည်၏။ (၃) ဘာဝနာမယ ပညာ- မိမိတို့၏ အတွင်းအဇ္ဈတ္တသန္တာန်၌ ကိုယ်ခန္ဓာ၏ ရုပ်နာမ်ဓမ္မသဘာဝ ပျောင်းလဲဖြစ်ပေါ်သမျှကို ယထာဘူတကျကျသိသည် ဝိပဿနာပညာပင်ဖြစ်၏ ။ ဤပညာသုံးပါးကို ရည်ရွယ် သီတဂူဆရာတော်ကြီးက ပညာဆို သုံးတန်းအောင်ရမည်ဟု ဗုဒ္ဓတက္ကသိုလ်ကျောင်းသားတို့အား လွန်ခဲ့သည့် ၂၀၀၄ ခု နှစ်လောက်က သြဝါဒချီးမြှင့်ခဲ့သည်ကို ယခုတိုင်မှတ်မိနေဆဲ ဖြစ်ပါသည်။
ထိုအချိန်က မိမိတို့မှတ်သားထားသော ကျေးဇူးရှင် သီတဂူဆရာတော်ကြီး၏ တန်ဘိုးမဖြတ်နိုင်သော သြဝါဒလေးဖြင့် ဤဆောင်းပါးကို နိဂုံးကမ္ပတ်အဆုံးသတ်ချင်ပါ၏။ သင်ကြားထားသော ပညာ၊ ကြံစည်ထားသော ပညာတို့ကို လူ့ဘဝတစ်ခုလုံး၌ အံဝင်ခွင်ဖြစ်အောင် အသုံးချကျင့်သုံးရပေမည်။ လူ့လောက လူ့ဘဝ၌ အသုံးမချရသေးသော ပညာနှင့် ပညာရှင်တို့သည် လူ့လောက၏ ကျေးဇူးရှင်များ တကယ်စင်စစ် ဖြစ်မလာနိုင်သေးပေ။ လောကတ္ထစရိယ အလို့ငှာ မိမိပညာကို အသုံးချလိုသော ပညာသင် ပညာရှင်တို့သည် မိမိတို့၏ ပညာကို---

  1. The Wisdom acquired in the level of the Learning. (သုတမယ ပညာ)၊
  2. The Wisdom acquired in the level of the Thinking. (စိန္တာမယ ပညာ) ဟူသော နှစ်ဆင့်မျှသာ ရောင့်ရဲတင်းတိမ် မနေကြဘဲ
  3. The Wisdom acquired in the level of the Pratical Experience. (ဘာဝနာမယ ပညာ) သို့ ရောက်အောင် အားထုတ်ကြရမည်။

ဤသို့ တတိယဆင့် ရောက်သော ပညာသည်သာလျှင် ပညာသင် ပညာရှင်တို့ တစပ်တည်းဖြစ်သဖြင့် ထိုသူ ပညာတတ်လေတော့သည်။ ထို့ကြောင့် သစ္စာတရားကို (ဘဝ၏အဖြေမှန်ကို) ရှာဖွေရာ၌ မြတ်ဗုဒ္ဓက အတက္ကာဝစရာ ပဏ္ဍိတဝေဒနီယာ ဟု ဟောတော်မူလေသည်။ ထို့ကြောင့် ပညာသင်ကြား စာသင်သားများတို့သည် ပညာဆို သုံးတန်းအောင်ရမည် ဖြစ်သည်။

မေတ္တာဖြင့်

မေ့သားလှ-(ဇလဂ္ဂ)

၁၃၇၃ ခု သီတင်းကျွတ်လပြည့်ကျော် ၄ ရက် တနင်္ဂနွေနေ့

၁၆-၁၀-၂၀၁၁

No comments:

Post a Comment