" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, June 28, 2012

စိတ်အားသန် ဆရာတစ်ဖြစ်လဲ။


ရာဇဂြိုဟ် ပြည်ဌာန နာလန္ဒတက္ကသိုလ်
ပညာတွေ မချို့ရအောင်ပ
လှမ်းခဲ့သကို။
ဘဝတစ်သက်မှာလ
ပညာကို ဝေဖြာစေဖို့
ကြိုးစားကာ အားထုတ်သင့်တာကြောင့်
ညီးငြူရှာ ချောင်ခိုကာ
မနေအားနိုင်ပါဘု
အားခဲရသကို။
တက္ကသိုလ် ကျောင်းကနက်မှာလ
နှစ်လကို ရေကာတွက်ပြန်တော့
သုံးနှစ်ကယ် စွန်းစွန်းရယ်နဲ့
ဆက်လက်ရမြဲ။
တွေးပါသော်
ရှေးခါတော် ဟိုတစ်ခေတ်ဆီက
နာလန္ဒာ မြို့ဒေသကို ပြန်မျှော်ကြည့်ပြန်တော့
သာသနာဝေဖြာခဲ့သော်လည်း
ခုချိန်ခါ သာသနာ ကြမ္မာငင်ရော့ထင့်
အော် ယခုအခါ မိမိမှာ
စာသဘင်အထူး ပန်ဆင်ခူးဖို့
ရွှင်မြူးနေ့စဉ် စိတ်ကြည်လင်၍
သဒ္ဓါအမြစ်က စွဲပြန်ရသမို့
အလင်းတွေရောက် တော်တော်လေး ခရီးပေါက်ခဲ့ပြီပ
စိတ်အားသန် ဆရာတစ်ဖြစ်လဲ။
မှတ်ချက်။ မိမိ ပါရဂူဒေါက်တာတန်း အတွက် သုံးနှစ်ကျော်ကြာ ပညာသင်ရာ နာလန္ဒာတက္ကသိုလ်မှာ မိမိပညာသင်ယူနေရပုံ၊ မိမိစွမ်းနိုင်သမျှ ပြန်လည် ပညာဖြန့်ဖြူးခဲ့ပုံ၊ မိမိတတ်နိုင်သလောက် ပြန်လည် စာသင်ပေးပုံလေးများကို တက္ကသိုလ်ဘဝမှတ်တမ်းလေး အဖြစ် ရေးသားခြင်းဖြစ်ပါသည်။
အရှင်သုတာစာရာလင်္ကာရ (မေ့သားလှ-ဇလဂ္ဂ)
၁-၃-၂၀၁၂

Saturday, June 23, 2012

ပညာရှိများ၏ အဆုံးမများ


သဘောထားကွဲလွဲမှု

"ဒကာကြီးရယ် သဘောထားကွဲလွဲမှု ဆိုတာက ဓမ္မတာအတိုင်း လူ့လောကမှာ ရှိတာမျိုးပေါ့။ သူဘက်ကိုယ့်ဘက် ပြောစရာရှိတာတော့ ပြောကြရမှာပေါ့။ ဒါပေမဲ့ ငယ်သူက ကြီးသူနဲ့ပြောကြတဲ့အခါ သဘဘောကွဲလွဲချက်ပင်ဖြစ်စေကာမူ "ဂါရဝေါစနဲ့" ပြောတယ်။ ကြီးသူကလည်း ငယ်သူနဲ့ ပြောတဲ့အခါ သဘောထားကွဲလွဲချက်ပင်ဖြစ်စေကာမူ "ငါက အကြီးပဲ " ဆိုပြီး အထက်စီးနဲ့ မပြောရဘူး။ "နိဝါတောစ" နဲ့ ပြောရတယ်။

(တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး)


အနှစ်တစ်ရာ သက်ရှည်ကြာလည်း
ခေမာအမတ မမြင်ရသော်
ဘ၀ဤဇာတ် ကယ်မမြတ်ဘူး။

ဝိပဿနာ အခြေပါ၍
လေးဖြာမဂ်စု၊ ဥာဏ်စက္ခုဖြင့်
ဓုဝဧကန် နေရဗာန်ကို
ဝေဖန်မြင်က တစ်ရက်မျှလျှင်
ဇီဝရှည်လျင်း တည်နေခြင်းက
လွန်မင်းသာစွ မြတ်ထွတ်လှဟု
ဇိနဘုရား ဟောမိန့်ကြားသည်
တရားကြီးသင့် လှပြီတကား။

(မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး)


အဓိဋ္ဌာန်

သတိနဲ့ဉာဏ် နှစ်ခုတွဲမှ အောင်မြင်တယ်
လူငယ်တွေ သတိလွတ်ရင် လူလေလူလွင့်ဖြစ်ကရော ။
ဒါကြောင့် မသိတာဟာ အခြေခံတရားဖြစ်တယ်လို့ ပြောတာပေါ့ ။
အကောင်းနဲ့ အဆိုးကို ခွဲသိရမယ် ။
ဘုန်းကြီး သတိပေးပါရက်နဲ့ မိုက်တွင်းနက်တယ်။
ဘာကြောင့်လဲ ဗီဇညံ့လို့ပါပဲ ။
စားတော်ကဲက အစားကောင်းချက်တယ် ။
ယောက်မကိုသုံးတယ် ။
ဟင်းကောင်း မကောင်း ယောက်မက သိမလား ။ မသိပါ ။


လူမိုက်ဟာ
တစ်သက်လုံး ပညာရှိနဲ့ နေပေမယ့်
တရားမရနိုင်ဘူး ။ (ဓမ္မပဒဂါထာ ၆၄)


သစ်ကျုတ်ကလေးက သတ်စားစရာ သတ္တဝါ ရှာမရတော့မှ
ငါ ဥပုသ်စောင့်မယ် ဆိုတယ် ။
ပြီးမှ သမင်တွေ့တော့ ထ လိုက်တယ် ။
လိုက်လို့ မမိနိုင်တဲ့ အဆုံးကျမှ '' ကံကောင်းလို့ ငါ ဥပုသ်မကျိုးတာ '' ဆိုတာမျိုး မဖြစ်ကြစေနဲ့ ။

(အရှင်ဇနကာ ဘိဝံသ ဆရာတော်ကြီး)

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များ - မှ ကောက်နှုတ်ပူဇော်ပါသည်။



ဗန်းမော်ဆရာတော် ဆုံးမစာ
 
တရားကို တေးလိုဆို၊
အဖကို သားကဆဲ၊
ဆွေမျိုးထဲက ဓားပြတိုက်၊
မိုက်ရဲလျှင် သောတပန်၊
မကောင်းကြံက သမာဓိ၊
ရွှေရှိမှ လူလိမ္မာ၊
လိမ်နိုင်မှ သစ္စာရှင်၊
ရိုးသားသူကို အရူးလို့ထင်၊
အင်္ကျီပါးနှင့် ဥပုသ်သည်၊
ဇရပ်အလည် ကို့ယိုးကားယား၊
လူဆင်းရဲက သူဌေးယောင်ဆောင်၊
အ၀တ်ပြောင်မှ လူရိုသေ၊
ရွှေရှိဘုရားမှ ရှိခိုးချင်၊
ဇာတ်သမားမှ လူခေါ်ချင်၊
အပျိုငယ်က၊ လင်နေစော၊
အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
လင်ရှိမယားက အပျိုလုပ်၊
ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊
ဖိုးသူတော်က ဘိုစတောက်ချ၊
အပျိုပေါက်စ နှစ်လင်ယူ၊
လူရင်းနှီးတော့ အတိုးချ၊
ခိုးဓားပြက လူလို့အော်၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊
မယ်သီလက အနုဆေးဖေါ်၊
မရှောင်တမ်းတိုးတာ တစ်ခုလပ်၊
အမှန်ပြောတော့ အမုန်းပွား၊
ဥပုသ်စောင့်ရင်း အတင်းပြော၊
ခေတ်ကြီးကိုတော့ အပြစ်ဆို၊
ကိုယ့်ကိုယ်ကိုတော့ဖြင့် အကောင်းထင်၊
အလှူပေးရင်း ထမင်းရောင်း၊
မသာပို့ရင်း အပျိုလှည့်၊
သူတော်ကောင်းတို့ တရားပျက်ကြပြီ။

(ဗန်းမော်ဆရာတော်)