အရှင်ရဌပါသည် သူ့မျက်လုံတွေ သူ့နားတွေကပင် သူကိုယ်သူ မယုံနိုင်အောင် ဖြစ်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် အစ အလယ် အဆုံး ကောင်းခြင်းသုံးဖြာနှင့် ပြည့်စုံသော မြတ်ဗုဒ္ဓ၏တရားကို ကုရုတိုင်း ထုလ္လကောဌိက ပုဏ္ဏားရွာကြီးမှာ စတင်နာကြားရကတည်းက စည်းစိမ်ဥစ္စာမည်မျှပင် ချမ်းသာစေ သူ၏စိတ်အစဉ်၌ သမ္ဗာဓော ဃရာဝါသော ရဇောပထာ= လူ့ဝတ်ကြောင်ဘဝသည် သိပ်ကိုကျဉ်းပြောင်းလှ၏။လူဝတ်ကြောင်အိမ်ထောင်သည်ဘဝကား ပိုပြီးကိလေသာ မြူမှုံအညစ်ကြေးတို့၏ ပြိုးပြွမ်းထူပြော ကိလေသာတောလမ်းဟုပင် ထင်မြင်ခဲ့လေ၏။ ရဟန်းဘဝကိုလည်း အဗ္ဗောကာသာ ပဗ္ဗဇ္ဇာ= ရဟန်းဘဝဆိုတာ သိပ်ပြီးတွယ်တာစရာမရှိ ကိုသိုလ်ပြုဖို့ အခွင့်ကောင်းပိုများရကား ကောင်းကင်တမျှ ကျယ်ပြန့်လှ၏ ဟုထင်မြင်လေ၏။
မြတ်ဗုဒ္ဓကလည်း "ဒီယုန်မြင်လို့ ဒီချုံထွင်တယ်ဟု" ပင် ဆိုရလေမလားမသိ၊ ရဌပါလအမျိုးသားလေး ရဟန်းပြုကာ နောင်တချိန် ဘဝအမြင်ဖြင့် နိဗ္ဗာန်ဝင်မည်ကို ကြိုတင်သိတော်မူသောကြောင့် ကုရုတိုင်း ထုလ္လကောဌိက ပုဏ္ဏားရွာကြီးသို့ အရောက်ကြွတော်မူခဲ့၏။ ပိဋကစာပေ၌ ကုရုတိုင်းသားတို့သည် ငါးပါးသီလမြဲခြင်း၊ ရုပ်ရည်အဆင်း လှပတင့်တယ်ခြင်း၊ ဥာဏ်ပညာအလွန်ထက်မြက်ကြခြင်းများကြောင့် အလွန်တရာကျော်ကြားပေသည်။ ငါးပါးသီလခေါ် ဂရုဓမ္မများသည် ကုရုတိုင်းသားတို့ စတင်ကျင့်သုံးခဲ့သော တရားများဖြစ်၏၊ ကုရုဓမ္မမှ ဂရုဓမ္မဖြစ်လာ၏။ ထို့ပြင် ပညာရှိ ဝိဓူရသုခမိန်သည် ကုရုတိုင်းသားဖြစ်သည်ကိုလည်းကောင်း၊ အလွန်ခက်ခဲနက်နဲလှသည့် မဟာသတိပဌာန်သုတ္တန်ဒသနာတော်ကို ကုရုတိုင်းမှာ မြတ်ဗုဒ္ဓဟောတော်မူရခြင်းသည် ကုရုတိုင်းသားတို့က ပို၍ဥာဏ်ပညာထက်မြက်သောကြောင့်လည်းကောင်း ဟူသည့် ပိဋကတော်လာ သမိုင်းအချက်အလက်လေးများကို ထောက်ရှုကြည့်ရလျှင် ရဌပါလအမျိုးကောင်းသား သူဌေးသားလေးသည်လည်း ကုရုတိုင်းသားဖြစ်နေခြင်းက ဥာဏ်ပညာစူးရှ ထက်မြက်လှသည်ကိုလည်း ငြင်းချက်မရှိပေ။
"မစွမ်းရင်းကလည်းရှိ၊ ကန်စွမ်းခင်းကလည်းငြိ၊ နတ်တိုက်ကလည်းရှိ၊ ဓာတ်ခိုက်ကလည်းမိ" ဆိုသလို မြတ်ဗုဒ္ဓတရားကိုနာကြားရကတတည်းက ရဌပါလသူဌေးသားလေး၏ အတွင်းသန္တာန်မှာရှုပ်ထွေးစွာ ချည်နှောင်ထားသော ကိလေသာနှောင်ကြိုးများက ဗဟိဒ္ဓရှိ ကာမဂုဏ်အာရုံ စည်းစိမ်ဥစ္စာ ဇနီးမယားများတည်းဟူသော နှောင်ကြိုးများနှင့် ပေါင်းဖက်မိသောအခါ ခိုင်မြဲစွာ အချင်းချင်းနှောင်ဖွဲ့ထားသည့် နှောင်ကြိုးများမှ ရုန်းထွက်ကာ ရဟန်းပြုလိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့လေတော့သည်။ ထို့ကြောင့်ပင် မြတ်ဗုဒ္ဓထံမှ ရဟန်းပြုဖို့ခွင့်ပြုချက်ယူပြီးနောက် မိဘနှစ်ပါးအား ရဟန်းဘောင်ဝင်ရောက်ခွင့်ပြုရန် ခွင့်တောင်းရလေတော့သည်။
သူ၏မိဘနှစ်ပါးကမူ "ချစ်သား ရဌပါလ၊ မင်းဟာ ငါတို့ရဲ့ တစ်ဦးတည်းသော သားလေးဖြစ်တယ်၊ သိပ်ချစ်အပ်သ၊ူ ချမ်းချမ်းသာသာ ကြီးပြင်းလာရသူ၊ စိတ်ချမ်းသာအောင် မွေးမြူလာရသူဖြစ်တယ်၊ မင်းဟာ ဆင်းရဲဆိုလို့ ဘာတစ်ခုမျှ မသိနားမလည်သေးဘူး၊ မေမေ ဖေဖေတို့က အိုလာလို့သေရရင်တောင်မှ မင်းကို သိပ်ပြီးချစ်လျက်နဲ့ခွဲခွာရမှာ၊ မေမေတို့ဖေဖေတို့ အသက်ရှင်လျှက်နဲ့ ဒီလူ့ဘောင်မှထွက်ခွာပြီး ရဟန်းဘောင်တက်ဖို့ အဘယ်မှာ ခွင့်ပြုနိုင်ပါမည်နည်း? ဟု ဆိုကာ ခွင့်မပေးခဲ့ကြပေ။
မိဘနှစ်ပါးက ရဟန်းပြုခွင့်မပေးသောကြောင့် "ပြည်တင်းရင် မင်းမခံနိုင်၊ သားသမီးတင်ရင် မိဘများမခံနိုင်" ဆိုသလို ရဌပါလအမျိုးကောင်းသားလေးသည် အခင်းမပါသော မြေကြီးပေါ်မှာ ထမင်းမစားဘဲ နှစ်ပတ်(၁၄) ရက်တိုင်တိုင်(စုဒ္ဒသ ဘတ္တစ္ဆေဒေ ကတွာ၊ အံ-ဌ) အစာငတ်ခံ ဆန္ဒပြလေတော့၏။ရဌပါလသူငယ်ချင်းများက မိဘနှစ်ပါးကို ဖျောင်းဖျပြောဆိုတာရယ်၊ မိဘများကလည်း တစ်ဦးတည်းသောသားလေး သေသွားမည်စိုးတာရယ်၊ ရဟန်းဘဝနှင့်ဆိုပါက တစ်ချိန်ချိန်မှာ လူ့ဘောင်မှာ စိတ်ပြန်လည်နိုင်သေးတာရယ် ဟူသော ယုံကြည်ချက်များကြောင့် ရဟန်းပြုခွင့် ပေးလိုက်ရလေတော့၏။ မိဘနှစ်ပါးကလည်း ရဟန်းပြုသွားသော်လည်း မိဘများမကွယ်လွန်ခင် လာရောက်တွေ့ဖို့ ကတိတောင်းခံခဲ့လေသည်။
အရှင်ရဌပါလသည် ၁၅ရက်ခန့် မြတ်ဗုဒ္ဓနှင့်အတူ မိဘများရွာမှာ သီတင်းသုံးကာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့လိုက်ပါသွားလေတော့၏။ ဇေတဝန်ကျောင်းတော်မှာ တစ်ပါးတည်းဆိပ်ငြိမ်ရာအရပ်မှာ ဝိပဿနာတရားများအားထုတ်သော်လည်း အရှင်ရဌပါလသည် နေယျပုဂ္ဂိုလ်မျိုးဖြစ်ရကား ၁၂ နှစ်ကြာ တရားအားထုတ်မှ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကာ ရဟန္တာဖြစ်လေသည်။ အရှင်ရဌပါလသည် ရဟန်းကိစ္စပြီးဆုံးသောအခါ မြတ်ဗုဒ္ဓထံခွင့်ပန်ပြီး မေးထားသည့်ကတိအတိုင်း မိဘရပ်ထံပြန်လာဖို့ ဆုံးဖြတ်ခဲ့လေ၏။ ရှေးဦးစွာ အရှင်ရဌပါလသည် ကောရဗျမင်း၏ မိဂစိရခေါ် သားသမင်တွေ ဘေးမဲ့ပေးထားရာ ဥယျာဉ်တော်သို့ နေ့သန့်စဉ်ဖို့ အနားယူဖို့ ကြွတော်မူခဲ့၏။ ကောရဗျမင်းကြီးကလည်း အစတုန်းကပင် မိဂဝဥယျဉ်မှူးကို "ငါ့ဥယျာဉ်ထဲမှာ ရဟန်းတော်များ ကြွလာပြီး သီတင်းသုံးချင်တယ်ဆိုရင် မတားနဲ့၊ ချမ်းချမ်းသာသာနေပါစေ၊ လုံလောက်တဲ့ အစောင့်အရှောက် ပေးပါ" ဟု ပင် မှာကြားထား၏။
နံနက်ရောက်တော့ အရှင်ရဌပါလသည် မိဘများ၏ရွာသို့ အိမ်စဉ်အတိုင်း ဆွမ်းခံရပ်သော်လည်း ဆွမ်းမရရှာပေ။ အဘယ့်ကြောင့်အရှင်ရဌပါလ ဆွမ်းကွမ်းမရနည်းဟု စာရေးသူအတွေးနယ်ချဲ့မိ၏။ (၁) ရွာသူရွာသားတို့သည် အရှင်ရဌပါလကို ၁၂ ကြာမှ ကြွလာသည့်အတွက် မမှတ်မိတာလည်း ဖြစ်နိုင်၏။ (၂) ရွာ၏ကျက်သရေဆောင် ရဌပါလလိုမျိုးပုဂ္ဂိုလ်မျိုးကိုပင် ဘုရားရှင်နှင့် သူ့တပည့်သားတွေက သာသနဘောင်အရောက် ဆွဲဆောင်နိုင်သေးရင် အိမ်ရှင်မတွေက သူတို့၏လင်တော်မောင်တွေကိုလည်း ရဌပါအဖြစ်မျိုး သာသနဘောင်ဆွဲဆောင်သွားကာ လင်တော်မောင်များဆုံးရှုံးရမှာ ကြောက်ဟန် အလွန်စိုးရိမ်ကြဟန်ရှိကြ၏။ (၃) ရဌပါ၏ မိဘများကလည်း တစ်ဦးတည်းသောသားလေး ရဟန်းပြုသွားလို့ ဆုံးရှုံးသွားရတာကို အကြောင်းပြု၍ မလိုတမာ ဝါဒဖြန့်ထားတာလည်း ဖြစ်နိုင်၏။ အထက်ပါ အကြောင်းများကြောင့် အရှင်ရဌပါ အိမ်စဉ်ရပ်ဆွမ်းခံပါသော်လည်း ကန်တော့ဆွမ်းပါ ဟူသည့် စကားလေးကိုပင် မရရှာခဲ့ပေ။
"ကြွက်မနိုင် ကျည်မီးနှင့်ရှို့" ဆိုသလို ဟိုအရင်ကပင် ဘုရားရှင်နှင့် ရဟန်းတော်တို့အပေါ်မှာ စိတ်နာနေကြသော မိဘများသည်ပင် အိမ်ရှေ့ဆွမ်းခံကြွလာသည့် သားရဟန်းကို မိမတို့၏ိသားမှန်းမသိသောကြောင့် "ကတုန်းယုတ်တွေ၊ ရဟန်းယုတ်တွေ၊ သွား မလာနဲ့၊ ဒို့ရဲ့တစ်ဦးတည်းသော ချစ်လှစွာသော သားလေးကိုမှ ရဟန်းဘောင်ခေါ်သွားရက်တယ်၊" စသည်ဖြင့် မလိုတမာ ဆဲရေးတိုင်းထွာမှုပင်ခံရရှာသေး၏။ "စားကံကြုံ မုတ်ဆိတ်ပျားစွဲ" ဆိုသလို ကံကောင်းတယ်ပြောရမလားမသိ ထိုနေ့ နေ့ဆွမ်းအတွက် မိဘများ၏အိမ်မှ မညက စားမကုန်လို့ သိုးနေတဲ့ ပူလီ ချပါတီလေးများကို လမ်းဘေးမြူနီစပါယ်အမှိုက်တောင်းထဲ သွန်းဖို့ ခွက်ကြီးကိုင်ကာ ထွက်လာသည့် အိမ်ကျွန်မလေးထံမှ လက်ခံရရိခဲ့၏။ တကယ်လိုများ အဲဒီ ညဥ့်လွန်မုံ့အသိုးလေးများ စွန့်ပစ်မှာ သေချာတယ်ဆိုရင် မိမိသပိတ်ထဲသာ လောင်းထည့်လိုက်ပါလို့ ပြောသောအခါမှ အိမ်ကျွန်မလေးက လောင်းထည့်လိုက်လို့သာ ထိုနေ့အတွက် ဆွမ်းမငတ်ရှာတော့ပေ။ အိမ်ကျွန်မလေးကလည်း ရဟန်း၏လက်ခြေသဏ္ဍာန် ပြောဟန်ဆိုဟန်လေးများသည် သူတို့သခင် ရဌပါလနှင့်တူသည့်အနေထားကို မှတ်မိသောကြောင့် ရဌပါလ၏မိဘနှစ်ပါးကို အုယားဖားယားပြေးသွားကာ ပြောပြလေတော့၏။ အိမ်ကျွန်မလေး စကားမှန်ကန်နေသောကြောင့် ရဌပါ၏မိဘများက ကျွန်မလေးအား ကျွန်အဖြစ်မှ ချမ်းသာခွင့်ပေးကာ မိသားစုသဖွယ်ထားလေတော့၏။
အရှင်ရဌပါလ အရှင်မြတ်သည်လည်း ညဥ့်လွန်ချပါတီ မုံ့သိုးလေးများကို ဥယျာဉ်သို့ရောက်သောအခါ တိုင်လေးမှီကာ နတ်သုဒ္ဓါအလား မြိန်မြိန်ယှက်ယှက်ဘုဉ်းပေးတော်မူလေ၏။ ရဟန္တာအရှင်မြတ်တို့သည် ကောင်းဆိုးနှစ်တန် လောကဓံကို ညီမျှစွာခံနိုင်ရည်ရှိသောကြောင့် အရှင်ရဌပါလသည်လည်း အလွန်နံစော်နေသည့် မုံ့သိုးလေးများကို နတ်သုဒ္ဓါအလား ဘုဉ်းပေးနိုင်ခြင်းဖြစ်လေသည်။ ယင်းဖြစ်အင်ကို အကြောင်းစုံသိသွားသော အရှင်ရဌပါလ၏ ခမည်းတော်ကြီးသည် သားအတွက် စိတ်မကောင်း ယူကြုံးမရဖြစ်ကာ နောက်နေ့အတွက် သူတို့အိမ်မှာ ဆွမ်းဘုဉ်းပေးရန် လျှောက်ထားခဲ့လေ၏။ ခမည်းတော်ကြီး၏ ပင့်ဖိတ်ချက်အရ ဆွမ်းစားကြွသွားသောအခါ မိဘများအိမ်မှာ အရှင်ရဌပါလ ရုတ်တရက်သူမြင်လိုက်ရသည်ကတော့ ဖျာကြီးများဖြင့် ဖုံးအုပ်ထားသည့် အစုအပုံများသာဖြစ်လေတော့သည်။
ဇဝေဇဝါ အတွေးနယ်ချဲ့နေခိုက် အိမ်ထဲမှခမည်းတော်ကြီးထွက်လာကာ အစီစဉ်တကျဖုံးအုပ်ထားသည့် ဖျာကြီးများကို ဖွင့်ချလိုက်လေတော့သိသည်။ တဝင်းဝင်းတလက်လက် တောက်ပသော ရွှေငွေရတနာ ကျောက်သံပတ္တမြား ပေါ်ထွက်လာလေသည်။ ထိုနောက်ဖခင်သူဌေးကြီးက "သားတော် ဤကား အမိဖက်မှပါလာသော ဥစ္စာတည်း၊ အဖဖက်မှပါလာသောဥစ္စာနှင့် အဘိုးအဘွားဖက်မှပါလာသော ရတနာပစ္စည်းများလည်း ရှိသေး၏။ လူထွက်လာပြီး ဤစည်းစိမ်ဥစ္စာများကို ခံစားလေလော့၊ ကောင်းမှုကိုသိုလ်တို့ကိုလည်း ကြိုက်သလောက်ပြုပါလော့" ဟုဆိုလေသည်။
ရဟန္တာဖြစ်လေပြီးသော အရှင်ရဌပါလသည် ဖခင်ကြီးက ရွှေငွေရနာမြောက်များစွာဖြင့် ဖြားယောင်း၍ လူထွက်ခိုင်းသောအခါ ဖခင်ကြီးစိတ်ထိခိုက်မတတ်ခံစားရနိုင်သည့် စကားများဖြင့် ပြောလေတော့၏။ "ဒါယကာကြီး သားရဟန်း၏ စကားကို တကယ်လိုက်နာသည်ဖြစ်မူ ဤရွှေငွေရတနာပစ္စည်းများကို လှည်းဖြင့်တင်ဆောင်ကာ ဂင်္ဂါမြစ်လယ်မှာ မျှောလိုက်လေလော့၊" အဘယ့်ကြောင့်ဆိုသော် ဤရတနာပစ္စည်းများကြောင့် ပူဆွေးသောကဖြစ်မှု၊ ငိုကြွေးရမှု၊ ကိုယ်စိတ်ဆင်းရဲရမှု၊ ပြင်းစွာပင်ပန်းမှုတို့ တွေ့ကြုံခံစားရနိုင်သောကြောင့်တည်း။
ဖခင်ကြီးသည် အရှင်ရဌပါလအား ရတနာရွှေငွေများဖြင့် ဖြားယောင်းသွေးဆောင်မရသောအခါ ပရိယာယ်တစ်မျိုးဆင်ပြန်လေသည်။ ဤအချီမှာတော့ အလွန်လှပတင့်တယ်သည့် သူ၏လူ့ဘဝတုန်းက ဇနီးများကို လှလှပပ ရှု့မဝအောင် ဖီးလိမ်းပြင်ဆင်စေကာ ကျက်သရေခန်းထဲမှ ဆွဲခေါ်လာလေတော့၏။ သရုပ်ဆောင်ပီပြင်ကာ အရှင်ရဌပါ၏ မယားဟောင်းများကလည်း သူ၏ခြေကို ဖက်ကာ "အို ချစ်သား၊ သင်သည် နတ်သမီးများကို ရလိုမှုဟူသောအကြောင်းကြောင့် ရဟန်းတရားကို ကျင့်ဘိ၏။ သင်၏ နတ်သမီးတို့ကား အဘယ်သို့သော သဘောရှိပါသနည်း၊ အဘယ်မျှ ချောမောလှပကြပါသနည်း။ ကျမတို့ထက်ပင် ပို၍တကယ်ပင်ချောမောလှပပါသလော" ဟု မထိခလုတ်ထိခလုတ် ယိသဲ့သဲ့စကားများဖြင့် မေးကြကုန်၏။
အရှင်ရဌပါလ၏ ဇနီးဟောင်းတွေက ထိုကဲ့သို့မေးတာကလည်း အကြောင်းတစ်စုံတရာရှိ၏။ ထိုခေတ်က သာသနဘောင်ဝင်လျှင် အရပ်ထဲ ရွာထဲမှာ ဤကဲ့သို့ဝေဖန်ပြောဆိုကြလေ၏"ဒီလူတွေဟာ လူ့ဘဝမှာ ချမ်းချမ်းသာသာနေရပါလျှက် ရဟန်းဝတ်ကာ ဆင်းဆင်းရဲရဲစား၊ ဆင်းဆင်းရဲရဲအိပ်ကာ ဗြဟ္မစရိယအကျင့်တွေကို ကျင့်ကြတယ်၊ အဲဒါ ဘာလို့ကျင့်ကြသလဲသိလား? အမယ်လေး အဲဒါ နတ်သမီးချောချောလှလှလေးတွေ လိုချင်လို့အေ့၊" ဟု ခတ်ပေါ့ပေါ့ နောက်ပြောင်ပြောလိုက်သည့် စကားသည် လူအနည်းစုအပေါ်မှာ ထင်ရှားလေ၏။ ထိုခေတ်တုန်းက ဗဟုသုတနည်းသည့် လူတွေက ဘုန်းကြီးရဟန်းမြင်လျှင် ထိုကဲ့သို့ပင် ထင်ကြတာများ၏။ ထို့ကြောင့်ပင် အရှင်ရဌပါလ၏ ဇနီးဟောင်းများကလည်း ရဟန်းပြု၍တရားအားထုတ်သည်မှာ သူတို့နှင့်ပင် ကာမဂုဏ်ခံစာတာ အားရကျေနပ်မှုမရှိဘဲ နတ်ပြည်ရှိ နတ်သမီးချောချောလှလှလေးများနှင့် တဆင့်တက်ပျော်မွေ့ရန်အတွက်ဖြစ်သည် ဟုထင်ကြလေကုန်၏။ ယင်းသို့ထင်သောကြောင့်အထက်ပါစကားကို မေးကြခြင်းဖြစ်ပေသည်။
ထိုအခါ အရှင်ရဌပါလက "နှမတို့၊ ငါသည် နတ်သမီးတည်းဟူသော အကြောင်းကြောင့် ရဟန်းဘောင်ဝင်ကာ မြတ်သောရဟန်းတရားအကျင့်ကို ကျင့်သည်မဟုတ်ပါ ဟုပြန်ပြောလိုက်လေ၏။ ဤတွင် ပြဿနာတက်တော့၏။ "ဘဒ္ဒေ-ချစ်နှမတို့၊ "ဟူသောအသုံးအနှုံးများဖြင့် ခေါ်လိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ထိုစကားထဲတွင် "ဘဂိနိ- နှမတို့ "ဟူသော မောင်နှမအရင်းအခြာများသာသုံးသည့် စကားကို မထင်မှတ်ဘဲ အရှင်ရဌပါလက တုန့်ပြန်လိုက်သောကြောင့် ခေါ်ရက်လိုက်လေခြင်းဟု ရှိုက်ကြီးတငင် ငိုယိုကာ မူးသူမူး မေ့သူမေ့ မြေကြီးပေါ်လဲကျသူ လဲကျဖြစ်သွားကြလေကုန်၏။
အရှင်ရဌပါလကလည်း ဖခင်သူဌေးကြီးအား "ဒါယကာကြီး ဆွမ်းကပ်မည်ဆိုလျှင် ဆက်ကပ်ပေးလှူလော့၊ ကျွန်ုပ်ကို ဆက်ပြီး မညှင်းဆဲပါတော့လင့် "ဟု မိန့်တော်မူလေသည်။ အော် သာမန်ရဟန်းသာဆိုလျှင် ဤနေရာမှာ အခြေအနေတမျိုး ပြောင်းကာ အလွန်စိတ်ရှုတ်စရာပင်ဖြစ်ပေလိမ့်မည်။ လူထွက်ကောင်းထွက်သွားပေလိမ့်မည်။ အရှင်ရဌပါလ၏ ဆွမ်းတနပ်ဘုဉ်းပေးဖို့အရေး ရင်လေးစွာ စာရေးသူကိုယ်တိုင်မြင်ယောင်မိသည်။ ဖခင်သူဌေးကြီးလည်း ရဟန္တာအရှင်ရဌပါလ အား လုံးဝဖြားယောင်းလို့ မရမှန်းသိတော့မှ လက်လျှော့ကာ သားရဟန်းအား ဆွမ်းတစ်နပ်ဆက်ကပ်လေတော့သည်။ ဆွမ်းအနုမောဒနာအဖြစ် အရှင်ရဌပါလသည် ဒါနကထာ(အလှူဒါနနှင့်စပ်သောတရားစကား)၊ သီလကထာ(သီလနှင့်စပ်သောတရား)၊ သဂ္ဂကထာ(နတ်ပြည်နှင့်စပ်သောတရား)၊ ကာမာနံ အာဒီနဝကထာ(ကာမဂုဏ်တို့၏ အပြစ်ပြနှင့်စပ်သောတရား)၊ နေက္ခမ္မေ အာနိသံသကထာ(ထိုကာမဂုဏ်တို့မှ လွတ်မြောက်ခြင်း အကျိုးနှင့်စပ်သောတရား၊ ဟူသော ကထာငါးပါးတို့တွင် ကာမာနံ အာဒီနဝကထာ(ကာမဂုဏ်တို့၏ အပြစ်ပြနှင့်စပ်သောတရား) ဟူသော တရားစကားကိုသာ ဂါထာ ၆ပုဒ်ဖြင့် ဟောတော်မူခဲ့သည်။
ယင်းအနုမောဒနာတရား၏ အကျည်းချုပ်ကား "မိဘနှစ်ပါးနှင့်တကွ ယခင်က ဇနီးမယားတို့၊" ဆန်းကြယ်သမှုပြုထားသော၊ ကိုးပေါက်ဒွါရ အမာဝတို့မှ ထွက်ကျယိုစီး အနာတွေတစ်ကိုယ်လုံးပြည့်နေသည့် ခန္ဓာကိုယ်အတိဖြစ်သော၊ သုံးရာသော အရိုးတို့ဖြင့် စိုက်ထောင်၍ထားအပ်သော၊ ဇရာ ရောဂါ ကိလေသာဟု မသက်သာအကျိုး သုံးမျိုးတို့ဖြင့် အမြဲတစေ လွှမ်းမိုးနှိပ်စက်၍ ခံနေရပေသော၊ ပုထုဇဉ်လူအများတို့သည် စားမယ်ဟဲ့ ဝါးမယ်ဟဲ့လို့ အထင်မှားကာ အကြံဝင်အပ်ပေထသော၊ တမင်တကာ အဆန်းတကြယ်ဖြစ်အောင် ပြင်ဆင်၍ထားအပ်သော ဤခန္ဓာရုပ်ကိုယ်ရုပ်ကို၊ စေ့စေ့ငုငု ဥာဏ်ဖြင့်ရှု့လော့။
ပတ္တမြား နားဍောင်းတို့ဖြင့် အဆန်းတကြယ်ပြုလုပ်ထားအပ်သော၊ သုံးရာသောအရိုးတို့ကို အရေဖြင့်လည်းကောင်း ကိုးရာသောအကြောတို့ဖြင့်လည်းကောင်း၊ မြှေးယှက်တည်ဆောက်ထားအပ်သော၊ အဝတ်တန်ဆာ ဒွါရယာတို့ဖြင့် ဆင်ပါမှ တင့်တယ်လှပသော ဤခန္ဓာကိုယ်ရုပ်ကို၊ စေ့စေ့ငုငု ဥာဏ်ဖြင့်ရှု့လော့။
ချိတ်ရည်တို့ဖြင့် အပြေအပြစ်လိမ်းခြယ်ထားအပ်သော၊ ခြေထောက်လေးများသည်လည်းကောင်း၊ ဂေါယာစွန်း မိတ်ကပ် အလှအပတတ်စွန်းဖွယ်ရာတို့ဖြင့် လိမ်းကြံထားအပ်သော မျက်နှာလေးများသည်လည်းကောင်း၊ မသိလိမ္မာ ပညာနည်းပါး အန္ဓပုထုဇဉ် လူ့ဗာလအား၊ ကာမဂုဏ်အတွင်းသက်ဆင်းအောင် မှိုင်းတိုက်ဖို့ စွမ်းနိုင်ပါပေ၏။ နိဗ္ဗာန်အဝှမ်း ဟိုဘက်ကမ်းကို ရည်သန်တောင့်တ ရှာမှီး၍နေသော ငါရဌပါလအဖို့အတွက်ကိုကား ကာမဂုဏ်အတွင်းသက်ဆင်းအောင် မှိုင်းတိုက်ဖို့ မစွမ်းနိုင်ပါပေ၏။
ရှစ်ပါးသောဆင်ယင်ထုံးဖွဲ့မှုတို့ဖြင့် ပြုပြင်စီရင်ထုံးဖွဲ့၍ထားအပ်သော ဆံကေသာတို့သည်လည်းကောင်း၊ မျက်စဉ်းညို ကျောက်ညိုမှုန့် ကာခြယ်အမျိုးမျိုးတို့ဖြင့် လိမ်းသခြယ်ထားအပ်သော မျက်ခုံးမျက်လုံးတို့သည်လည်းကောင်း၊ မသိလိမ္မာ ပညာနည်းပါး အန္ဓပုထုဇဉ် လူ့ဗာလအား၊ ကာမဂုဏ်အတွင်းသက်ဆင်းအောင် မှိုင်းတိုက်ဖို့ စွမ်းနိုင်ပါပေ၏။ နိဗ္ဗာန်အဝှမ်း ဟိုဘက်ကမ်းကို ရည်သန်တောင့်တ ရှာမှီး၍နေသော ငါရဌပါလအဖို့အတွက်ကိုကား ကာမဂုဏ်အတွင်းသက်ဆင်းအောင် မှိုင်းတိုက်ဖို့ မစွမ်းနိုင်ပါပေ၏။
မျက်စဉ်းညိုရောင်အဆင်းရှိသော ဘယက် စိန်ငွေရတနာ ဒွါရယာတို့ဖြင့် တန်ဆာဆင်အပ် အလွန်တရာလှပဆန်းကြယ်သော ဤခန္ဓာကိုယ်ရုပ် အကောင်ပုပ်သည်၊ မသိလိမ္မာ ပညာနည်းပါး အန္ဓပုထုဇဉ် လူ့ဗာလအား၊ ကာမဂုဏ်အတွင်းသက်ဆင်းအောင် မှိုင်းတိုက်ဖို့ စွမ်းနိုင်ပါပေ၏။ နိဗ္ဗာန်အဝှမ်း ဟိုဘက်ကမ်းကို ရည်သန်တောင့်တ ရှာမှီး၍နေသော ငါရဌပါလအဖို့အတွက်ကိုကား ကာမဂုဏ်အတွင်းသက်ဆင်းအောင် မှိုင်းတိုက်ဖို့ မစွမ်းနိုင်ပါပေ၏။
သားမုဆိုးနှင့်တူသောသင်ဖခင်ကြီးသည်၊ ရွှေပုံငွေပုံအစုံစုံနှင့် ဇနီးမယားတွေတည်းဟူသော ကျော့ကွင်းကို၊ (လိမ္မာရေးခြား အရှင်ရဌပါလဟူသည့် သားသမင်ကို ဖမ်းမိဖို့) စိုက်ထောင်ဖမ်းလေပြီ။ ရွှေငွေရတနာ ဇနီးမယားဟူသည့် ပိုက်ကွန်ကျော့ကွင်းအနားကို၊ လိမ္မာရေးခြား အရှင်ရဌပါလဟူသည့် သားကောင်သည်၊ လုံဝ မချဉ်းကပ်ခဲ့ပေ။ အရှင်ရဌပါတည်းဟူသော သားသမင်သည် ဖခင်ကြီး ဆက်ကပ်သည့် ဆွမ်းတည်းဟူသော မြက်ကောင်း အစာကောင်းကို ပစ္စဝေက္ခဏာဥာဏ်ဖြင့် ဆင်ခြင်ကာ ဘုဉ်းပေးသုံးဆောင်ပြီး၍၊ငါတည်းဟူသော သားသမင်ကို နှောင်ဖွဲ့တတ်သည့် မုဆိုးတည်းဟူသော သင်ဖခင်ကြီးသည်၊ ဖမ်းဟဲ့ဆီးဟဲ့လို့ ချွေးမများနှင့် အမိအရဖမ်းဖို့ အော်ဟစ်ပြောဆိုနေစဉ် မိမိလိုရာကောင်းကင်ခရီးဖြင့်ပြန်ကြွခဲ့လေပြီ။
အရှင်ရဌပါလသည် ဂါထာ ၆ပုဒ်တို့ဖြင့် မတ်တပ်ရပ်လျှက်ပင် တရားဟောကာ အိမ်ခေါင်မိုးကို ဖောက်၍ ကောင်းကင်ခရီးမှ ဈာန်ဖြင့် ကောရဗျမင်းကြီး၏ မိဂစီရခေါ် ဥယျာဉ်တော်သို့ ပြန်ကြွတော်မူပါသည်။ အဘယ်ကြောင့်အိမ်လှေကားထစ်မှ မဆင်းဘဲ ကောင်းကင်ခရီးဖြင့်ပြန်ကြွသနည်းဟူမူ ဖခင်ကြီးက တံခါးပေါက်တွေမှာ အလွန်အားကောင်းမောင်းသန် လက်ဝှေ့လက်ပန်းသည်များကို အရှင်ရဌပါလ ဆင်းလာပါက လူဆွဲချွတ်ရန်မှာထားခဲ့လေသည်။ လှေကားမှဆင်းပါက ထိုသူများ အလွန်အပြစ်ကြီးမည်စိုးသောကြောင့် အရှင်ရဌပါလ ကောင်းကင်ခရီးဖြင့် ကြွတော်မူရခြင်းဖြစ်လေသည်။ ယခုခေတ် ရဟန်းတော်များကိုယ်တိုင် လူဝတ်လဲဖို့ စိတ်ဆန္ဒမရှိဘဲ အခြားအခြားသော တစ်စုံတရာအပြစ်ပုဒ်မတပ်ကာ လူချွတ်ထောင်ချနေသည်မှာ သိရကြားရသဖြင့် အလွန်အပြစ်ကြီး၍ ရင်လေးစရာပင်ဖြစ်လေတော့သည်။
(ဒုတိယပိုင်း ဆက်လက်တင်ပြပါဦးမည်)။
ကျေးဇူးတင်ပါတယ်
မေတ္တာဖြင့်။
မေ့သားလှ(ဇလဂ္ဂ)
11-11-2011
No comments:
Post a Comment