ကာမာဟိ စိတြာ- ကာမဂုဏ်တွေဟာ ထူးထွေဆန်းပြားလှကုန်၏။
မြတ်ဗုဒ္ဓသည် ကာမဂုဏ်အပြစ်များအကြောင်း ဟောကြားတော်ခဲ့သည်ကို အရှင်ရဌပါလ နာကြားခဲ့ဖူး၏။ "ထန်းသီးကြွေခိုက်ကျီးနင်းခိုက်" ဆိုသလို ဖခင်ကြီးက ဇနီးမယား ရွှေငွေရတနာ ကာမဂုဏ်များများဖြင့် ဖြားယောင်းလာသောအခါ အရှင်ရဌပါလ၏ နားထဲမှာ အောက်ပါ ကာမဂုဏ်နှင့် ဆက်စပ်သည့် တရားအဆုံးအမများလည်း ပြန်လည်ကြားယောင်နေသည်မှာ အမှန်ပင်ဖြစ်လေတော့၏။ ကာမဂုဏ်တို့သည် သာယာတပ်မက်ဖွယ်နည်းသောကြောင့် အရိုးနှင့်တူကုန်၏။ ကာမဂုဏ်တို့သည် လူသူအများနှင့် ဆက်ဆံသောသဘောရှိသောကြောင့် သားတစ်နှင့်တူကုန်၏။ ကာမဂုဏ်တို့သည် လောင်မြှိုက်တတ်သော သဘောရှိသောကြောင့် မြက်မီးနှင့်တူကုန်၏။ ကာမဂုဏ်တို့သည် အလွန်ပြင်းထန်စွာ ပူလောင်တတ်သော သဘောရှိသောကြောင့် မီးကျီးတွင်းနှင့်တူကုန်၏။ ကာမဂုဏ်တို့သည် အစိုးမရ ကြာရှည်မတည်လှသောကြောင့် အိပ်မက်နှင့်တူကုန်၏။ ကာမဂုဏ်တို့သည် ခံစားဖို့ ခေတ္တခဏ တိုးတောင်းလှသောကြောင့် ခေတ္တခဏ ငှားရမ်းထားသော ပစ္စည်းများနှင့်တူကုန်၏။ ကာမဂုဏ်တို့သည် အင်္ဂါအစိပ်အပိုင်း အခိုင်းအခက်များ ချိုးဖျက်ခံရသောသဘောရှိသောကြောင့် ချိုမြိန်သော အသီး သီးသည့် သစ်ပင်နှင့်တူကုန်၏။ ကာမဂုဏ်တို့သည် ထိုးသတ်နှိပ်စက်တတ်သော သဘောရှိသောကြောင့် လှန်တံကျင်နှင့် သံလျက်သွားနှင့်တူကုန်၏။ ကာမဂုဏ်တို့သည် ရွံရှာဖွယ်ရာ ယုံမှားဖွယ်ရာ ဘေးအန္တရာယ်နှင့်တကွ ဖြစ်တတ်သောကြောင့် မြွေ (မြွေဦးခေါင်း) နှင့်တူကုန်၏။
မည်သို့ပင် ဖခင်ကြီးနှင့် ဇနီးမယားတွေက ကာမဂုဏ်အမျိုးမျိုးဖြင့် ဖြားယောင်းခဲ့သော်လည်း အရှင်ရဌပါလသည် မာနတ်မင်း၏ စစ်တပ် ၁၀ပါးတို့တွင် ပထမစစ်တပ်နှင့် တူသည့် ကာမဂုဏ်တပ်ကြီးဖြင့် ဝိုင်းရံထားမှုမှ ရုန်းထွက်နိုင်ခဲ့၏။ အရှင်ရဌပါလ၏ အပြန်လမ်းက ငြိမ်းချမ်းအေးမြလှပေတော့၏။ ကာမဂုဏ်ဒဏ် အပျက်ရန်တို့မှ လွတ်အောင်ကြုန်း၍ ရုန်းထွက်နိုင်ခဲ့လေ၏။ အဘယ်ကြောင့်ဆိုသော် ရဟန္တာတို့မည်သည် ကာမဂုဏ်ချမ်းသာကို မသာယာကြကုန်၊ ကာမဂုဏ်ကို မမှီဝဲကြကုန်၊ ပဒုမ္မာကြာရွက်၌ ကျရောက်သော ရေပေါက်သည် မလိမ်းကျံဘဲ လျှောကျသွားသကဲ့သို့ ရဟန္တာအရှင်မြတ်တို့မှာ ဝတ္ထုကာမ ကိလေသာကာမ နှစ်မျိုးလုံး ကပ်ငြိလိမ်းကြံခြင်း မရှိတော့ မတည်တံ့နိုင်တော့ပေ။
အရှင်ရဌပါလသည် မြတ်ဗုဒ္ဓဟောကြားခဲ့သည့် တရားဓမ္မများနှလုံးသွင်းရင်း ကောရမင်းကြီး၏ မိဂစီရဥယျာဉ်တော်မှာ အရိပ်ရသည့် သစ်ပင်အောက်၌ နေ့သန့်စဉ်နေချိန် ကောရဗျမင်းကြီးသည် မူးကြီးမတ်ရာအပေါင်း ခြံရံလျှက် အရှင်ရဌပါထံ ရောက်လာခဲ့၏။ ကောရဗျမင်းကြီးက သာသနဘောင်မှာ ရဟန်းဝတ်ကြခြင်းသည် ပါရိဇုည ခေါ်သည့် ဆုံးရှုံးပျက်စီးခြင်း လေးပါးတို့တွင် တစ်ပါးပါးဖြင့် တွေ့ကြုံခံစားကြသောကြောင့် ရဟန်းဝတ်ကြသည်ဟု ယူဆလေ၏။
ကောရဗျမင်းကြီးအဆိုအရ (၁) ဇရာပါရိဇုည( the Loss through ageing) အိုမင်းမစွမ်းလာသောကြောင့်လည်းကောင်း၊ (၂) ဗျာဓိပါရိဇုည(the Losss through sickness) ဖျားနာသောကြောင့်လည်း၊ (၃) ဘောဂပါရိဇုည (the Loss of wealth) စီးပွားဥစ္စာဆုံးရှုံးပျက်စီးသောကြောင့်လည်းကောင်း၊ (၄) ဥာတိပါရိဇုည (the Loss of relatives) သားသမီး ဆွေမျိုးသားချင်းများ သေဆုံးပျက်စီးသောကြောင့်လည်းကောင်း ရဟန်းဝတ်လာသည်ဟု ထင်မြင်ယူဆကြောင်းကို အရှင်ရဌပါလအား မေးမြန်လျှောက်ထားလေ၏။ ကောရဗျမင်းကြီးက လူသားတွေဟာ အထက်ပါပျက်စီးခြင်းတရားတွေနှင့် တွေ့ကြုံမှသာလျှင် ကျောက်ရောင်း(ကျောင်းရောက်) ကြသည်ဟုဆို၏။ ထိုအဆိုသည် မျက်မှောက်အလိုအရ တစ်စိပ်တစ်ပိုင်း မှန်သော်ငြားလည်း အရှင်ရဌပါလက ကောရမင်းကြီးအား ဘာကြောင့် သာသနဘောင်မှာ ဘုရားသားတော်ရဟန်းတော်အဖြစ် ဝင်ရောက်ရသည်ဆိုတာကို တရားအကျဉ်းချုပ် စကားလေးလုံးဖြင့် ပြန်လည် ရှင်းပြလေသသည်။ ထိုဓမ္မုဒ္ဒေသခေါ်သည့် တရားအကျဉ်းချုပ် စကားလေးလုံး၏ အဓိပ္ပါယ်ကား
(၁) ဥပနိယျတိ လောကော အဒ္ဓါဝေါ (the world is unstable, it is swept away) လောကသက်ရှိလူသားတွေကို အိုခြင်း နာခြင်းတရားတို့က သေခြင်းတရားသို့ မရောက်ရောက်အောင် နေ့ရှိသမျှ မောင်းနှင်ပို့နေ၏။ မွေးဖွားခြင်း ဇာတိတရားသည် အိုခြင်း ဇရာတရားဆီသို့လည်းကောင်း၊ အိုခြင်းတရားသည် နာခြင်း ဗျာဓိတရားဆီသို့လည်းကောင်း၊ နာခြင်းတရားသည် သေခြင်း မရဏတရားဆီသို့လည်းကောင်း အမြဲတစေ မောင်းနှင်နေလေ၏။ ဥပမာ နွားကျောင်းသားသည် နှင်တံဖြင့် နွားများကို နွားစားကျက်သို့ နေ့စဉ်မောင်းနှင်ပို့ပေးနေသလို အိုခြင်းတရား သေခြင်းတရားတို့က သတ္တဝါတို့၏ အသက်ကို နေ့ရှိသမျှ မောင်းနှင်နေ၏။ မြေကြီးပေါ်မှာ သဘာဝအလျှောက်ပေါက်ရောက်လာသည့် မှိုပွင့်လေးများသည် မြေမှုန်မြေလွှာကို သိုင်းချုံကာ မြေကြီးမှ ထွက်ပေါ်လာပြီး အချိန်တန်တော့ မြေကြီးပေါ်မှာကြွေကျပျက်စီးသွားသကဲ့သို့ ပုထုဇဉ်သတ္တဝါတို့သည် မွေးဖွားခြင်း ဇာတိတရားကို ထွေးပိုက်လျှက် ကမ္ဘာမြေပြင်ပေါ်မှာ အသက်ရှင်ရောက်လာကာ အချိန်တန်တော့ သေခြင်းဆိုသည့် မရဏနိုင်ငံသို့ လိုက်ပါရသည်ချည်းဖြစ်၏။ ထို့ကြောင့်လောကကြီးသည် ဘာတစ်ခုမျှ တည်တံ့ခိုင်မြဲသည်မရှိ။ ယင်းအချက်ကို မြတ်ဗုဒ္ဓဟောတော်မူသည့်အတိုင်း မျက်ဝါးထင်ထင် တွေ့မြင်သောကြောင့် သာသနဝန်ထမ်း ရှင်ရဟန်းပြုရခြင်း ဖြစ်၏။
(၂) အတာဏော လောကော အနဘိဿရော(the world has no shelter and no protector) လောက၌ တကယ်တန်း သေနိုင်လောက်သည့် ရောဂါဘယများ ဖိစီးနှိပ်စက်လာသောအခါ မိမိပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာ သားသမီးများက ဘာမှကာကွယ်စောင့်ရှောက်နိုင်စွမ်းမရှိတော့၊ မိမိကိုယ်ပိုင်ဖြစ်သည့် ဒါန သီ ဘာဝနာ ကုသိုလ်များမှလွဲ၍ ရတနာ သုံးပါးမှအခြား အားထားစရာ မမြင်တော့ပေ။ မိမိကိုယ်တိုင်ရောဂါပြင်းထန်စွာ ခံစားလာရသောအခါ မိမိ၏ ချစ်လှစွာသော ဇနီးမယား သမီးသားတွေက ထိုရောဂါဝေဒနာကို တစ်ဝဂ်လောက်မှ ဝေမျှခံစားလို့မရနိုင်တော့ပေ။ မိမိရှာဖွေစုဆောင်းထားသည့် ပစ္စည်းဥစ္စာများကိုသာ မျှဝေခံစားကောင်း ခံစားကြပေလိမ်မည်။ မိမိရင်ဆိုင်ခံစားရသည့် ရောဂါဝေဒများကို ဘယ်သို့သောပုဂ္ဂိုလ်မျိုးမှ မျှဝေခံစားလို့ မရနိုင်ပေ။ လောကကြီးသည် စင်စစ်မတော့ စောင့်ရှောက်သူ ကင်းမဲ့လှ၏။ ကိုးကွယ်ရာမဲ့လှ၏။ ထို့ကဲ့သို့ မြတ်ဗုဒ္ဓဟောကြားသည့် တရားအကျဉ်းချုပ်ကို သိမြင်သောကြောင့် ရဟန်းပြုခြင်းဖြစ်၏။
(၃) အဿကော လောကော ၊ သဗ္ဗံ ပဟာယ ဂမနီယံ (the world thas nothing of its own, one has to leave all and pass on.) လောကကြီးမှာ တကယ်တန်းတော့ လောကုတ္တရာ တရားမှအခြား ကိုယ်ပိုင်ဥစ္စာဟူ၍မရှိ၊ ပုထုဇဉ်များဖြစ်ကြသောကြောင့်သာ ငါ၊ ငါ့ကိုယ်ပိုင်ဥစ္စာ ဟု ပြောဆိုနေကြခြင်းဖြစ်၏။ မိမိတို့ ဘဝတစ်ပါးပြောင်းသွားသွားအခါ၌ မိမိတို့ချစ်လှစွာသော ဇနီးမယား သမီးသားနှင့် ရှိရှိသမျှ ပစ္စည်းဥစ္စာများ စွန့်ခွါသွားရမည်သာတည်း။ ကိုယ်ပိုင်ဥစ္စာရှာမရှာသော လောကကြီးမှာ ကိုယ်ပိုင်ဥစ္စာဖြစ်သသည့် လောကုတ္တရာတရားများ ပေါက်ရောက်စွာ ကျင့်ကြံကြိုးကုတ် ပွားများနိုင်ဖို့ ရဟန်းပြုလာခြင်းဖြစ်၏။ ထိုကဲ့သို့သော တရားသဘောကို သိနားလည်သောကြောင့် ရဟန်းဝတ်လာခြင်းဖြစ်၏။
(၄) ဦနော လောကော၊ အတိတ္တော တဏှာဒါသော (the world is uncomplete or the world is always needy, it is unsatiate and it is the slave of craving)
လောကကြီးသည် အမြဲတန်းလိုနေ၏။ ရောင်ရဲသည်မရှိဘဲ တဏှာ့ကျေးကျွန်တွေ ဖြစ်နေရ၏။ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ မှ စီးဝင်လာသော ရေများသည် သမုဒ္ဒါရာထဲရောက်သော် ယင်းပင်လယ်သမုဒ္ဒရာကြီး ပြည့်သွားသည်မရှိ အမြဲတန်းလျှော့နေ၏။ အမြဲတန်းလိုနေ၏။ ထို့အတူပင် ယနေ့ခောတ် ကမ္ဘာကြီးမှာ တစ်ဖက်က နည်းပညာတွေ သိပ္ပံပညာတွေ တိုးတက်နေကြောင်း ပြောဆိုသံများ ကျယ်ကျယ်လောင်လောင်ကြားနေရပါ၏။ ငွေကြေးချမ်းသာကြွယ်ဝသည့် သူဌေးကြီးတွေအတွက် ခေတ်မှီ အသုံးဆောင်များ မော်တော်ကား လေယဉ်များ မိမိတို့ အမျိုးအမည်မသိနိုင်လောက်သည့် ခောတ်မှီပစ္စည်းများ အလျှံပယ် တိုးတက်နေသည်ကတော့ မှန်ပါ၏။ သို့သော် ထိုသူဌေးကြီးများ၏ လောဘကလည်း ရလေလိုလေ အတောမသတ်နိုင်အောင် အမြဲတန်းလိုနေပေလိမ့်မည်။ နာမ်ပိုင်းဆိုင်ရာ တိုးတက်မှုများလည်း အမြဲတန်း လိုအပ်လျှက်ရှိ၏။ အထူးသဖြင့် ယနေ့ခောတ် လောကကြီးမှာ နာမ်ပိုင်းဆိုင်ရာ တိုးတက်မှု အမြဲတန်းလိုနေသောကြောင့် ကမ္ဘာကြီးမှာ အကြမ်းဖက်မှု မျိုးစုံးကို ကြားနေကြရ၏။ ရုပ်ဝတ္ထုနှင့် နာမ်ပိုင်းဆိုင်ရာ တိုးတက်မှုတို့ ဟန်ချက်ညီမှသာလျှင် လောကကြီးအတွက် ပို၍ကောင်း၏။ လောကကြီးသည် အထူးသဖြင့် ရုပ်ဝတ္ထု ဖွင့်ဖြိုးတိုးတက်မှု နောက်သို့သာ အသဲအသန်လိုက်နေကြရ၏။ လိုက်ရင်းလိုက်ရင်း မရောင်းရဲနိုင်တော့ဘဲ မိမိတို့အသက်ကိုပင် ဂရုမစိုက်တော့ဘဲ တဏှာ့အလိုကျ လောကဇာတ်ခုံကြီးမှာ ကပြအသုံးတော်ခံကြရလေ၏။ တဏှာစေရာ အတိုင်းဖွေရှာပေးနေကြရလေကုန်၏။ ထို့ကြောင့်လောကကြီးသည် တဏှာ့ကျေးကျွန်များ ဖြစ်လာကြရတော့၏။ အရှင်ဌပါလသည် တဏှာ့ကျေးကျွန်မှ လွတ်ပြီး သာသနာကျေးကျွန်ဖြစ်ဖို့ ရုန်းကန်ထွက်လျှက် သာသနဘောင် သို့ သဒ္ဓါတရားဖြင့် ဝင်ရောက်ခဲ့ကြောင်းကို ကောရဗျမင်းကြီးအား ရှင်းပြလေ၏။ အပဏ္ဏကံ သာမညမေဝ သေယျာ- သံသရာဝဋ်ဆင်းရဲမှ ဧကန်မုချ လွတ်မြတ်ကြောင်းဖြစ်သော ရဟန်းတော်ဇာတ် အကျင့်မြတ်သည်သာလျှင် မြတ်ဗုဒ္ဓက ချီးမွမ်းအပ် မြတ်လှပေသည်ဟု အရှင်ရဌပါလက က ကောရဗျမင်းကြီးအား ဟောကြားခဲ့လေ၏။
အရှင်ရဌပါကကဲ့သို့သော စစ်မှန်သော ရည်ရွယ်ချက်တို့ဖြင့် သဒ္ဓါတရားရှေ့တန်းတင်ကာ သာသနဘောင်ဝင်သို့ ဝင်ရောက်လာသော ရဟန်းမျိုးသည်သာလျှင် တကယ်တန်း မြတ်စွာဘုရား အလိုရှိတော်မူသော ချီးမွန်းတော်မူသော ရဟန်းမျိုးဖြစ်လေ၏။ အရှင်ရဌပါလသည် သူ့၏ဘဝအမြင်ကို ကောင်းကောင်းကြီး အသုံးချလျှက် သာသနဘောင်သို့ ဝင်ရောက်လာခြင်းသည် သူလိုချင်သည့် ဖြောင့်ဖြူးသောလမ်းကို လျှောက်လှမ်းနိုင်ခဲ့လေ၏။ တစ်ခုသော ဓမ္မသဘင်အခန်းအနားတွင် မြတ်ဗုဒ္ဓကိုယ်တော်တိုင်က အရှင်ရှဌပါလ အား ငါ့ဘုရားသာသနာမှာ သဒ္ဓါတရားဖြင့် ဝင်ရောက်လာသော ရဟန်းအားလုံးတို့တွင် အသာဆုံး အထူးချွန်ဆုံးဟူသော သဒ္ဓါပဗ္ဗဇိတ ဧတဒဂ်ဘွဲ့ထူးကို ဆက်ကပ်ခဲ့လေတော့သည်။
(ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သဒ္ဓါပဗ္ဗဇိတာနံ ယဒိဒံ ရဌပါလော)။
မှတ်ချက်။ မဇ္ဈိမပဏ္ဏာသပါဠိ၊ ရဌပါလသုတ်၊ ဓမ္မပဒ၊ မဟာနိဒ္ဒေသ ကာမသုတ်၊ စူဠနိဒ္ဒေသ ခဂ္ဂဝိသာဏသုတ်၊ ပေါတလိယသုတ်၊ အင်္ဂုတ္တရအဌကထာတို့မှ ထုတ်နှတ်တင်ပြပါသည်။ အထူးသဖြင့် ၂၀၀၂ ခုနှစ်၊ ရေဦးမြို့နယ် ရွှေဒေါင်းဂွက်ရွာ ဦးချစ်ရွှင် ဒေါ်သန်းရင်တို့၏ အလှူမင်္ဂလာ ညတရားပွဲအဖြစ် စာရေးသူ ဟောကြားခဲ့သည့်တရားနှင့်၊ ၂၀၀၈ ခုနှစ် ပြည်မြို့တို့မှာ ဟောကြားခဲ့ဖူးသည့်တရားများကို ပြန်လည် သုံးသပ်တင်ပြခြင်းဖြစ်ပါသည်။
ကျေးဇူးတင်ပါတယ်
မေတ္တာဖြင့်။
မေ့သားလှ(ဇလဂ္ဂ)
No comments:
Post a Comment