အင်းဝ စာဆိုတော် အရှင်မဟာရဌသာရ၏ စာများကို " ထန်းသမား၏ ရင်ဘတ်နှင့် တူသည်ဟု " ဆိုတော်မူကြ၏။ အင်းဝ စာဆိုတော် အရှင်မဟာသီလဝံသ ၏ စာပေ များကိုတော့ " လိပ်၏ ရင်ဘတ်နှင့် တူသည်ဟု " ပညာရှင်တို့က သုံးသပ်တော်မူကြကုန်၏။ ဆိုလိုသည်မှာ ထန်းပင်နှင့် ထန်းတက်သူ၏ ရင်ဘတ်သည် ပူးတုံ ခွာတုံ ဖြစ်သကဲ့သို့ ရှင်မဟာရဌသာရ၏ စာပေများသည် ဓမ္မအကြောင်းနှင့် ပူးတုံ ခွာတုံ ဖြစ်၏။ တရားသဘောချည်း သက်သက်မဟုတ်တော့ဘဲ လောကီသဘောတရားတွေလည်း ပါဝင်နေ၏။ တစ်ခါတစ်ရံ လွမ်းစရာလေးများလည်း ပါ၏။ " နှမ လက်လျှော့ နေလေတော့" ကဲ့သို့သော အချစ်ရေးအချစ်ရာလေးများလည်း ပါတတ်၏။ တရားဓမ္မအကြောင်းအရာချည်းသာမဟုတ်သောကြောင့် ဓမ္မအကြောင်းအရာနှင့် ပူးတုံခွာတုံ ရှိ၏။ ထို့ကြောင့် " ထန်းသမား၏ ရင်ဘတ်နှင့် တူသည်" ဟု ပညာရှင်တို့က သုံးသပ်တော်မူကြကုန်၏။
ရှင်မဟာသီလဝံသ၏ စာပေများကတော့ တရားသဘောချည်းပင် တွေ့ရ၏။ လိပ်၏ ရင်ဘတ်သည် မြေကြီးနှင့် ဘယ်သောအခါမှ မခွာသကဲ့သို့ ရှင်မဟာသီလဝံသ၏ ရေးသမျှ စာပေများသည် လောကုတ္တရာတရားသဘော နှင့် ဘယ်သောအခါမှ မကင်းကွာပေ။ သူ၏ စာပေအားလုံးသည် တရားသဘောများနှင့် အမြဲတန်းဆက်စပ်နေ၏။
ရှင်မဟာရဌသာရ၏ စာလေးများကို ဖတ်ကြည့်လိုက်ရင် အလွန်နှစ်လိုဖွယ်ရာကောင်းလှ၏။ " ငါနှင့် ငါသာ၊ နှိုင်းစရာဟု၊ ပညာမုန်ယို၊ အရွယ်ပျိုက၊ မဆိုစလောက်၊ မာန်စောင်မြောက်၍၊ နှုတ်ငေါက်လွန်မိ၊ ဒေါသရှိလည်း၊ နှောင်းပြီးတခါ၊ ရိုသေစွာလျှင်၊ ဤစာကိုးခန်း၊ ပုလဲပန်းဖြင့်၊ စိတ်ကြမ်းမာန်လျှော့၊ ငါကန်တော့၏…" တဲ့။ ရှင်မဟာရဌသာရသည် အရွယ်နှင့်မလိုက်အောင် ပညာတတ်၏။ ဘုရင့်နန်းတော်ကြီးထဲမှာ ကြီးပြင်းလာခဲ့ရ၏။ သူ၏ဖခင်ကြီးကလည်း နန်းတွင်း ပညာတတ် စာဆိုအမတ်ကြီး ဓမ္မပါလ ပင်ဖြစ်၏။ ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာအလွန်တတ်တာကြောင့် တော်ရုံတန်ရုံ လူမထင်။ "ငါနှင့် ငါသာ၊ နှိုင်းစရာဟု"၊ ဆိုသည်မှာလည်း ငါလောက် တော်သည့်တတ်သည့်သူကို နှိုင်းရမယ်ဆိုလျှင် အခြားမရှိ၊ ငါဘဲရှိမှာဘဲတဲ့။ သူ၏အဖွဲ့အနွဲ့လေးတွေကလည်း သိပ်ကို လှပ၏။ "ပညာမုန်ယို" တဲ့။ ဆင်ကြီးမုန်ယိုသလို ပညာမာန်တွေလည်း မိုယိုနေ၏ တဲ့။ ပညာရှိ သတိဖြစ်ခဲ့ ဆိုသလို မဆိုသလောက် မာန်တက်ခဲ့သည် တဲ့။
"အရွယ်ပျိုက၊ မဆိုစလောက်၊ မာန်စောင်မြောက်၍၊ နှုတ်ငေါက်လွန်မိ၊ ဒေါသရှိလည်း၊ " ဟူသည်မှာတော့ မိမိကိုယ်ကို ပြန်လည် ဝေဖန်သုံးသပ်တာ ဖြစ်၏။ Self-Critisim လုပ်တာဖြစ်၏။ အလွန်တရာ လိုအပ်လှ၏ မိမိဘာအမှားလုပ်ခဲ့သလဲ ဆိုတာကို ပြန်လည် သုံးသပ်၏။ "နှောင်းပြီးတခါ၊ ရိုသေစွာလျှင်၊ ဤစာကိုးခန်း၊ ပုလဲပန်းဖြင့်၊ စိတ်ကြမ်းမာန်လျှော့၊ ငါကန်တော့၏…" တဲ့။ …သြော် ခုတော့ ငါသိပြီ။ ငါသဘောပေါက် နားလည်သွားပြီ။ ငါတော်တော်လေး မာန်တက်ခဲ့ပါလား။ မောက်မာခဲ့ပါလား။ လက်မထောင်ခဲ့ပါလား။ ငါ နန်းတော်ကြီးထဲမှာ ပညာအရာမှာ ဘယ်သူကိုမှ မမှုဘဲ စွာကျယ်စွာကျယ်လုပ်ခဲ့ပါကောလား။ ထို့ကြောင့် ဤကဲ့သို့ အလွန်တန်ဘိုးရှိသည့် ကိုးခန်းပျို့ကြီးကို ရေးသားပြီးတော့ အမှားကို ဝန်ခံကန်တော့လိုက်ပါ၏တဲ့။ ပညာရှိတို့မည်သည် သူတို့တကယ်မှားလျှင် မှားမှန်းသိတာနဲ့တပြိုက်နက် ဝန်ခံကြ၏။ တောင်းပန်တတ်ကြ၏။ ကန်တော့ကြ၏။ ကောင်းသော အစဉ်အလာပင်ဖြစ်၏။ ရှင်မဟာရဌသာ၏ စာတွေသည် လောကီသဘောတရားများ ပါရှိသလို လောကုတ္တရာ သဘောတရားများ ပါရှိသည်ကို တွေ့ရ၏။
ရှင်မဟာသီလဝံသ၏ စာပေများကတော့ " ငါသာငါထက်၊ မာန်မတက်နှင့်၊ အထက်နေမင်း၊ လေးကျွန်းချဉ်းလည်း၊ မလင်းတိမ်တိုက်၊ တစ်ကျွန်းမိုက်၏။ နှိုင်းလိုက်သည်သာ၊ ဤအရာကို၊ ပညာရှိက၊ သတိရလေ။ တဲ့။ အရှင်မဟာရဌသာရ က "ငါနှင့် ငါသာ၊ နှိုင်းစရာဟု၊ ပညာမုန်ယို၊ အရွယ်ပျိုက၊ မဆိုစလောက်၊ မာန်စောင်မြောက်၍၊" ဟုဆိုလာသောအခါ အရှင်ဘုရား သိပ်ပြီးတော့လည်း ဘဝင်မမြင့်နဲ့နော်တဲ့။ လက်မ တစ်ထောင်ထောင်လည်း မလုပ်နဲ့ဦး၊ တဲ့။ နေမင်းဟာ ကျွန်းကြီးလေးကျွန်းစလုံးကို ရောက်နိုင်ပေမယ့် တစ်ပြိုင်နက်တည်း လေးကျွန်းစလုံးကိုတော့ မလင်းနိုင်ဘူးတဲ့။ "မလင်းတိမ်တိုက်၊ တစ်ကျွန်းမိုက်၏။ နှိုင်းလိုက်သည်သာ၊ ဤအရာကို၊ ပညာရှိက၊ သတိရလေ။" တဲ့။ အဲလိုဘဲ အရှင်ဘုရား အကုန်မသိဘူး။ အရှင်ဘုရားမသိတဲ့အရာ တစ်ခုခုတော့ ရှိကို ရှိရမယ်ဟု အရှင် မဟာသီလဝံသ စာဆိုတော်ကြီးက ဆိုလို၏။ လိပ်၏ ရင်ဘတ်သည် မြေကြီးနှင့် မခွာသကဲ့သို့ အရှင်မဟာသီလဝံသ၏ စာပေများသည် တရားသဘောများနှင့် ပြည့်လျှမ်းနေ၏။ တရားသဘောမှ ဘယ်သောအခါမှ မကင်းကွာပေ။
ထို့ပြင် အရှင် မဟာရဌသာရ၏ စာတွေက "တူရိယာငါးပါးကို တစ်ပြိုင်နက် တီးမှုတ်သလိုဘဲ" ဟု မှတ်ချက်ပြုတော်မူကြသေး၏။ ဆိုလိုသည်မှာတော့ ရှင်မဟာရဌသာရဆရာတော်က လောကီးရေးရာများပါဝင်နေ၏ ။ အချစ်ရေးအချစ်ရာများတွင်လည်း " ညခင်း ဆည်းဆာတွင်၊ ကျွန်ုပ်မြင်သည်၊ ရယ်ရွှင်ပြုံးတုံ့၊ မပြုံးတုံ့။" တဲ့။ မိန်းကလေးက ပြုံးမလိုလို ရယ်မလိုလိုလေးနဲ့တဲ့။ ပြုံးတုံ့ မပြုံးတုံ့လေး ဖြစ်နေတာကိုက ပို၍ချစ်စရာ ကောင်း၏တဲ့။ ဆံပင်လေးကိုလည်း" ထုံးတုံ့ မထုံးတုံ့၊ " တဲ့။ ဆံပင်လေးကလည်း ထုံးထားတာလည်း မဟုတ်ဘူးတဲ့။ ပြေလျှော့လျှော့တဲ့။ ထို့ပြင် "ရွှေရင် ဖုံးတုံ့ မဖုံးတုံ့။" ဆိုတာတွေကိုလည်း ရှင်မဟာရဌသာရက မြင်တော်မူသေး၏။ အင်မတန် အမြင်စူးရှသည့် စာဆိုရှင်။ စေ့စေ့စပ်စပ် ကြည့်ထားဟန်တူ၏။ သုတေသန ပြုထားဟန်တူ၏။ မည်သို့ပင်ဆိုစေ အရှင်မဟာရဌသာရ၏ စာများသည်လည်း ရာသက်ပန် ကောင်းမွန်လှ၏။ အလွန်အမြင်စူးရှပြီး လက်ရာမြောက်လှ၏။ လောကီလောကုတ္တရာ သဘောတရားများ ရောယှက်နေသောကြောင့် Very Colourful and very Musical works အလွန်တရာ ရောင်စုံယှက်သန်းပြီး ဖတ်လို့အလွန်တရာကောင်းလှသည့် လက်ရာများဖြစ်၏။ တူရိယာငါးပါးကို တစ်ပြိုင်နက် တီးမှုတ်သကဲ့သို့ သာယာချိုမြလှ၏။ အရောင်သွေးစုံ၏။ ချစ်စရာ သိပ်ကောင်းလှ၏။
အရှင်မဟာသီလဝံသ၏ စာများကတော့ စည်ကြီး ဟိန်းသံလိုဘဲ ဟု ဆိုကြ၏။ "မြို့ရွှေထီး၊ စည်ကြီးပါဘဲ၊ တီးတီးသမျှ၊ ဖိန့်ဖိန့်တုန်"ဟူသော မန်လည်ဆရာတော်ကြီး၏ မဃဒေဝလင်္ကာ အဆိုကဲ့သို့ အရှင်မဟာသီလဝံသ၏ စာများသည် အလွန်တည်ငြိမ်လှ၏။ အရောင်တစ်ခုတည်း ခြယ်ထားသလို၊ ညှို့မိုင်းနေသည့် အရောင်တစ်ခုတည်းဖြင့် ခြယ်ထားသလို အလွန်ဣနြေ္ဒ ရင့်ကျက်လှ၏။ ရင့်ကျက်သော သီလ သမာဓိ ပညာတို့ အခြေံပြီး ရေးတော်မူသောကြောင့် အလွန်နက်နက်လှ၏။ ထို့ကြောင့် အရှင်မဟာသီလဝံသ၏ ရေးရေးသမျှစာများသည် ဖိန့်ဖိန့်တုန်အောင် သံသာမြည်ဟီးလှ၏။ သူ၏စာတွေဖတ်ကြရသောအခါ စည်ကြီးဟိန်းသလိုပဲ ကောင်းလိုက်တာ၊ အနှစ်သာရရှိလိုက်တာဟု ပညာရှိသူတော်ကောင်းတို့ကပင် ချီးမွန်းသံတစ်သံတည်းထွက်ပြီးတော့ ဟို..အဝေးထိအောင် ပျံ့နှံ့ကာ မည်ဟိန်းလေတော့၏ ဟု မှန်ချက်ပြုတော်မူကြ၏။ ထို့ပြင် " တောင်းကို မဖောက်၊ တောက်ကို ဖောက်၊ ထွင်းဖောက်သိမြင်၊ သီလဝံ။" ဟုလည်း မှတ်ချက်ပြုကြသည်ကို ဖတ်ရှု့ရသေး၏။ ဆိုလိုသည်မှာ အရှင်မဟာသီလဝံသ၏ ဥာဏ်ပညာသည် တောင်းကဲ့သို့သေးငယ်သော အရာ- မှုကိစ္စတွေကိုလောက်သာ သိတာမဟုတ် အင်မတန် တောင်ကြီးကဲ့သို့ ထူထဲသိပ်သည်းလှသည့် လေးနက်သော ဓမ္မအကြောင်းအရာကို ထွင်းဖောက်သိမြင်နိုင်စွမ်းရှိ၏ ဟု ဆိုလို၏။ ဤကား အင်းဝစာဆိုရှင် အရှင်မဟာရဌသာရနှင့် အရှင်မဟာသီလဝံသ တို့၏ စာတွေအပေါ် ဝေဖန်သုံးသပ်ချက်အချို့ဖြစ်ပါသည်။ ထိုကြောင့် ယနေ့ခေတ် မြန်မာနိုင်ငံ၌ စာပေဝေဖန်ရေးကို အင်းဝခေတ်က စတင်ခဲ့သည်ဟုဆိုလျှင် မှားအံမထင်။
အားလုံးကျန်းမာကြပါစေ။
မေတ္တာဖြင့်
မေ့သားလှ(ဇလဂ္ဂ)
25-11-2011
No comments:
Post a Comment