" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Saturday, April 28, 2012

ရှေးဟောင်း ဗုဒ္ဓဘာသာပညာရေး(ဒုတိယပိုင်း)


ပညာသင်ကြားခြင်း၏ ရည်ရွယ်ချက်မှာ ကိုယ်ကျင့်တရားနှင့် စိတ်ပိုင်း အကျင့်စာရိတ္တ ပိုမိုတိုးတက်မြင့်မားရေး ဖြစ်သည်။ ယင်းရည်ရွည်ချက်မပါသည့် စာပေသင်ကြားမှုသည့် အကျိုးမရှိဟု ယူဆ၏။ အကယ်၍ ပုဂ္ဂိုလ်တစ်ယောက်သည် ရုပ်ပိုင်းဘဝ အကျိုးအမြတ်ရရှိရေးအတွက် ရည်ရွယ်ချက်ဖြင့် ဘာသာတရားကို သင်ကြားလေ့လာပြီး ကိုယ်ကျင့်တရားနှင့် စိတ်ပိုင်းဆိုင်ရာ အကျင့်စာရိတ္တတိုးတက်မှုအတွက် ရည်ရွယ်ချက်မပါလျှင် စာပေသင်ကြားပြီး အချိန်ဖြုန်း နေခြင်းထက် အိပ်နေခြင်းက ပိုမိုကောင်းသေးသည် ဟု မဇ္ဈိမနိကာယအဌကထာ(မ-ဌ၊၂၊ ၁၃) တွင် မှတ်ချက်ပြုထား၏။ ထို့ကြောင့် စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ ဆရာတော်ကြီးကလည်း " စာပေလည်းသင်၊ အကျင့်ပြင်၊ မြှင့်တင်သာသနာ၊ စာပေတတ်သိ၊ စိတ်ကောင်းရှိ၊ လို၏ သာသနာ " ဟု စာသင်သား သံဃာတော်တို့အား မကြာခဏ ဆုံးမသြဝါဒပေးတော်မူခဲ၏။
တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးကလည်း အသိသည် အသိသာ၊ ကိုယ်ကျင့်မဟုတ်၊ သိတိုင်းမကျင့်လျှင် သိနေရုံဖြင့် အကျိုးမရ၊ ကျမ်းစာတို့သည် သိအောင်ညွှန်ပြနိုင်၏။ ကျင့်၍ မပေးနိုင်ကြ။ ယခုကာလ စာပေလိုက်စားသူ အဆုံးအမများများ ခံရသူတို့သည် အသိမနည်းလှချေ။ သို့သော် ထိုသိသူများတွင် အထိုက်အလျှောက် စောင့်စည်းသူ သတိထားသူကား အလွန်နည်းလှ၏။ ထိုကဲ့သို့ လူတွေပေါများနေသော ဤလောကကြီးဝယ် လူကောင်းသူကောင်းများပင် စိတ်ကောင်းထားဖို့ ခဲယဉ်းလေတော့သည်ဟု ဆုံးမတော်မူခဲ့၏ ။
ဆရာတစ်ယောက်၏ တာဝန်မှာ တပည့်အပေါ်စာပေသင်ကြားပေးရုံသာမက မိမိတပည့်၏ သီလပိုင်းဆိုင်ရာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်ရေးအတွက် စောင့်ရှောက်ပေးရန်လည်း ဖြစ်သည်။ ကာလဒီဃဝါပိဒွါရ ကျောင်းတိုက်နေ မဟာထေရ်တစ်ပါးသည် စာသင်သားထံမှ ရွာတွင်းသို့ မသွားပါဟူသော ကတိတစ်ခုကို မရမချင်း မိမိ၏ တပည့်စာသင်သားတစ်ဦးအဖြစ် လက်မခံခဲ့ပေ။ ။ ဆရာရှင်သသည် စာသင်သား ရဟန်းပျိုအား စာသင်ချိန်တွင် လွတ်လပ်စွာ သွားလာခွင့်ကို ပေးခဲ့လျှင် အမျိုးသမီးများ၏ ဖြားယောင်းမှု သားကောင် ဖြစ်သွားမည်ကို စိုးရိမ်ကြောင်းကို (မ-ဌ၊ ၂၊ ၅၀ မှာ) ဖော်ပြထား၏။ ထို့ပြင် (မ-ဌ၊၂ ၊ ၁၉၄) မှာလည်း ကျော်ကြားထင်ရှားသည့် ကာလဗုဒ္ဓရက္ခိတမထေရ်သည် ပညာသင်ကြားမှုကိစ္စ ပြီးဆုံးပြီးနောက် မိမိသီတင်းသုံးသည့် ကျောင်းတိုက်သို့ ပြန်ရောက်သောအခါ ထိုအရှင်မြတ်၏ ဥပဇ္ဈယ်ဆရာသည် ပရိယတ်သက်သက်ဖြင့် ပညာသင်ကြားမှု မလုံလောက်သေးဘဲ စိတ်ဓာတ်ပိုမို ရင့်ကျက်စေရန် ကမ္မဌာန်းတရားကို ကြိုးစားအားထုတ်သင့်သေးကြောင်းကို သူ့တပည့်အား မိန့်တော်မူသည်။

ပညာလို ပမာသူဖုန်းစား ဆိုသကဲ့သို့ ပညာကို မည်သူထံမှဟု ခွဲခြားမှု မရှိဘဲ ရယူလေ့လာ သင့်ကြောင်းကို အောက်ပါ သမိုင်းဖြစ်စဉ်ကလေးက မီးမောင်းထိုးပြနေ၏။ သီဟိုဠ်(သီရိလင်္ကာနိုင်ငံ) တွင် ဗြာဟ္မဏတိဿ သူပုန်ဘေးကြီး ကျရောက်နေစဉ်အတွင်းက မဟာနိဒ္ဒေသပါဠိတော်ကို သီလမစင်ကြယ်သော ရဟန်းဘဝဖြင့် နေထိုင်သော ရဟန်းတစ်ပါးသာလျှင် (ပါရာဇိကကျသည့် ရဟန်းသာလျှင်) နှတ်ငုံဆောင်ထားနိုင်၏။ အခြားမည့်သည့် ရဟန်းမှ ယင်းပါဠိတော်ကို အာဂုံမဆောင်ထားမှု မရှိခဲ့ပေ။ ယင်း သီလမစင်ကြယ်သည့်  ရဟန်းအထံမှ မဟာနိဒ္ဒေသပါဠိတော်ကို သင်ယူရန် မဟာရက္ခိတ တိဿမထေရ်အား ပါဠိတော်ပျောက်ကွယ်သွားမည်စိုးသောကြောင့် တစ်ခြားရဟန်းတော်များက ခက်ခဲ့စွာ တောင်းပန်ခဲ့ရသည်။ မဟာရက္ခိတ တိဿမထေရ်သည်လည်း ထိုသီလမစင်ကြယ်သည့် ရဟန်းထံမှ သင်ယူရန် အလိုမရှိသော်လည်း ယင်းသီလမစင်ကြယ်သည့် ရဟန်းသာလျှင် သီဟိုဠ်မှာ မဟာနိဒ္ဒေသပါဠိကို အာဂုံဆောင်ထားသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သောကြောင့် သင်ယူရန်သဘောတူခဲ့ပေသည်။ အကယ်၍ မဟာရက္ခိတ တိဿမထေရ်သည် မာနခံလျှက် ယင်းပါဠိတော်ကို မသင်ယူခဲ့ပါလျှင် ယင်းသီလမစင်ကြယ်သည့် ရဟန်းယုတ် ပျံလွန်သွားပါက ယင်းပါဠိတော်လည်း လုံးဝပျောက်ဆုံးသွားပေလိမ့်မည်။ ဤဖြစ်ရပ်ကို ထောက်လျှင် ကိုယ်ကျင့်ပျက်ပြားသည့် ပညာရေးမှာ သီလမစင်ကြယ်သည့် ဆရာထံမှ မည်သူမျှ ပညာမသင်ယူချင်လောက်အောင်ပင် ဂုဏ်သိမ်ငယ်မှု ရှိကြောင်းကိုလည်းကောင်း၊ တကယ်လိုအပ်လာပါက ပညာကို မည်သူမည်ဝါထံမှ ဟု ခွဲခြားမှု မပြုတော့ဘဲ လိုအပ်သည့် ပန်းတိုင်ရောက်ဖို့ မိမိမာနကို ခဝါချလျှက် သူဖုန်းစားပမာ လိုအပ်သည့်ပညာ ရရာပညာကို ဆက်လက်သင်ယူသင့်ကြောင်းကိုလည်းကောင်း သင်္ခန်းစာတစ်ရပ်အဖြစ် ထုတ်ယူနိုင်ပါသည်။ ။

ပညာသင်ကြားမှုသည် ရဟန်းတော်များ၏ လက်တွင်ရှိသောကြောင့် ယင်းပညာရေးသည် အခြေခံအားဖြင့် ဘာသာရေးနှင့် ပတ်သက်ဆက်နွယ်နေသည်မှာတော့ သဘာဝပင် ဖြစ်သည်။ ထိုရှေးခေတ်က ဘာသာရေးစာပေ မတတ်ကျွမ်းသူအား ယဉ်ကျေးသိမ်မွေ့သူဟု မယူဆခဲ့ကြပေ။ ဗုဒ္ဓဝါဒရေးရာ ဘာသာရေး ဗဟုသုတ ကြွယ်ဝမှုသည် ရဟန်းဖြစ်စေ၊ လူဖြစ်ေ၏ လိမ္မာယဉ်ကျေးသူ တစ်ယောက်ဖြစ်ဖို့ အဓိကအရေးပါလှသည်။ ဗုဒ္ဓဝါဒဆိုင်ရာ အထွေထွေဗဟုသုတရှိမှုကို နိုင်ငံ၏သားကောင်းများ ဖြစ်လာရေးအတွက် အထူးလိုအပ်သည်ဟု ယူဆခဲ့ကြသည်။ ထို့ကြောင့် ရဟန်းတော်များအား အားပေးထောက်ပံ့ကြလျှက် ဓမ္မကို နာကြားရန် ဘုရင်များမှစ၍ ပြည်သူလူထုပါ အားတက်သရော ဆောင်ရွက်ခဲ့ကြ၏။

ရှေးခေတ် ဗုဒ္ဓဘာသာပညာရေး၌ ဘာသာရပ်ဆိုင်ရာ အထူးပြုလေ့လာသင်ကြားမှုအတွက် ဗုဒ္ဓဓမ္မရေးရာ ဘာသာရပ်ခွဲတစ်ခုတွင် အထူးပြုလေ့လာထားကြသည့် အုပ်စု(ဂိုဏ်းများ) ရှိကြ၏။ ဥပမာ သုတ္တန္တိက ဂိုဏ်းမှာ သုတ္တန်ပိဋကတ်ကို အထူးပြုလေ့လာသင်ယူထားကြသည့် ရဟန်းအုပ်စုဖြစ်ပြီး အာဘိဓမ္မိကဂိုဏ်းမှာ အဘိဓမ္မာပိဋကတ်ကို အထူးပြုလေ့လာသူများ ဖြစ်ကြ၏။ (ဝိသုဒ္ဓိမဂ်- ၁၊ ၉၀)။ ထို့အတူ အချို့ဆရာများများနှင့် စာသင်သားတပည့်များမှာ နိကာယ်ငါးရပ်လုံးကို အထူးပြုလေ့လာကြပြီး မဇ္ဈိမနိကာယ် အဌကထာတွင် ထိုရဟန်းတော်များသည် ဂေဟသိတပေမဖြင့် မိမိတို့ အထူးပြု လေ့လာဆည်းပူးထားသည့် ပို့ချစဉ် အထူးစုစည်းမှတ်သားချက်များကို မြဲမြံစွာ ဆုပ်ကိုင်ထားကြောင်းကို (အံ-ဌ၊၁၊ ၃၄။ ဒီ-ဌ၊ ၂၊ ၃၁၉ တွင်) ပြဆိုထားသည်။ ထို့အတူပင် သက်ဆိုင်ရာ နိကာယ်များကို အထူးကျွမ်းကျင်သူများအဖြစ် ယူဆခံရသည့် ဒီဃဘာဏက၊ မဇ္ဈိမဘာဏက၊ အင်္ဂုတ္တရဘာဏက၊ သံယုတ္တဘာဏက အနေဖြင့် ထင်ရှားသည့် မထေရ်များအကြောင်းကို တွေ့ရသည်။ တစ်ခါတစ်ရံတွင် စတုနိကာယ ဘာဏက(နိကာယ်လေးပုံဆောင်) တိဿမထေရ်တို့ကဲ့သို့သော ကျော်ကြားသည့် ရဟန်းတော်များကိုလည်းကောင်း(အံ-ဌ၊၂၊၇၄)၊ မဟာပဒုမမထေရ်ကဲ့သို့ ဇာတကဘာဏက(ဘုရားဟောဇာတ်တော်တွေမှာ) အထူးကျွမ်းကြသည့် မထေရ်များကိုလည်းကောင်း(မဟာဝံသ- ၃၅-၃၀) တွေ့ရပေသည်။  တစ်ခါတစ်ရံတွင် ဓမ္မပဒဘာဏကမထေရ်များကိုလည်း သီးခြားအထူးပြုလေ့လာသူများအနေဖြင့် ဖော်ပြထားသေး၏။ (ဓမ္မပဒ-ဌ၊၂၊ ၆၀၀)။ ။

သမန္တပါသာဒိကာအဌကထာ(ဝိ-ဌ၊ ၂၊ ၅၄) တွင် အကြားအမြင်ဗဟုသုတ ရှိမှုနှင့်ပတ်သက်၍ အဆင့်သုံးမျိုး( ဗဟုဿုတော နာမ တိဝိဓော) ကို ပြဆိုထား၏။ ယင်းသုံးမျိုးကို အခြေခံအဆင့်ရှိ ဗဟုသုတရဟန်း၊ အလယ်တန်းအဆင့်ရှိ ဗဟုသုတရဟန်း နှင့် နောက်ဆုံးအဆင့်မြင့် ဗဟုသုတရှိ ရဟန်း ဟု သုံးမျိုးကို ဖော်ပြထား၏။
ပထမအခြခံအဆင့် ရဟန်းအနေဖြင့် ရဟန်းပြုပြီး ငါးဝါရပြီးသူ နိဿယမုစ္စက(ဥပဇ္ဈယ်ဆရာထံမှ နိဿယျည်း ကင်းလွတ်သည့် ရဟန်း) သည် အနည်းဆုံး ဒွေမာတိကာကို အာဂုံဆောင်နိုင်ရမည်ဖြစ်ပြီး ဥပုသ်နေ့များတွင် တရားဟောနိုင်ရန် သုတ္တန်ပိဋကတ်မှ လေးဘာဏဝါရ တတ်မြောက်ရမည် ဖြစ်သည်။ လာရောက် ဖူးမျှောသူများအား တရားဟောကြားရန် အန္ဓကဝိန္ဒသုတ်၊ မဟာရာဟုလောဝါဒသုတ်နှင့် အမ္ဗဌသုတ်ကဲ့သို့သော သုတ္တန်များ၊ အထူးအခန်းအနားများ၌ ဝမ်းမြောက်စကား ပြောကြားရန် အနုမောဒနာ သုံးသုတ်၊ ဥပုသ်ပဝါရဏာကဲ့သို့သော အခြေခံ ဝိနည်းကံများအကြောင်းနှင့် ရဟန္တာအဖြစ်ကို ရရှိစေနိုင်သည့် ကမ္မဌာန်းတရားများကို ပေးတတ်ရမည်ဖြစ်၏။ ပထမဆင့် ဗဟုသုတရှိသူအဖြစ်ဖြင့် ဖော်ပြခံရသော ရဟန်းတော်သည် ဖော်ပြပါ အကြောင်းအရာ အားလုံးကို သင်ကြားတတ်မြောက်ထားရမည်ဖြစ်ပြီး ယင်းသို့တတ်မြောက်ပါမှ အမှီအခိုမရှိဘဲ လွတ်လပ်စွာ သွားလာနေနိုင်ပေသည်။

ဆယ်ဝါရပြီးသူ ပရိသုပဌာက( ပရိတ်သတ်လက်ခံမွေးပြီးနေထိုင်နိုင်သူ) ဟုခေါ်သည့် ဒုတိယဗဟုသုတအဆင့်ရှိ ရဟန်းသည် ဝိနည်းပါဠိတော်မှ အနည်းဆုံး ဥဘတောဝိဘင်္ဂ(ပါရာဇိကဏ္ဍနှင့် ပါစိတ္တိယကဏ္ဍ) ကို နှတက်တက်အာဂုံ ဆောင်နိုင်ရသူဖြစ်ရမည်။ အကယ်၍ ယင်းကိုမဆောင်နိုင်လျှင် အထက်ဖော်ပြပြီး သုတ္တန်သုံးခုအပြင် နောက်ထပ် သုတ္တန်သုံးခုကိုပါ အာဂုံဆောင်ထားနိုင်ရမည်ဖြစ်သည်။ ဝိနည်းကံများအပြင် ခန္ဓကဝတ်များကိုလည်း သိနားလည်ထားရမည်။ အကယ်၍ ထိုဒုတိယအဆင့် ရဟန်းသည် မဇ္ဈိမဘာဏက(မဇ္ဈိမနိကာယ်ဆောင်) ဖြစ်လျှင် ယင်းမဇ္ဈိမနိကာယ်မှ မူလပဏ္ဏာသ(ပထမဆုံးသုတ္တန်ပေါင်း ၅၀) ကို သိနည်းလည်ရမည်။ ဒီဃဘာဏက (ဒီဃနိကာယ်ဆောင်) ဖြစ်လျှင် ယင်းနိကာယ်မှ မဟာဝဂ္ဂ(ဒုတိယ ၁၀ သုတ်)၊ သံယုတ္တဘာဏက( သံယုတ္တနိကာယ်ဆောင်) ဖြစ်လျှင် ယင်းနိကာယ်မှ မဟာဝဂ္ဂပါဠိတော်မှ ပထမသုံးကဏ္ဍ၊ အင်္ဂုတ္တရနိကယယ်ဆောင်ဖြစ်လျှင် အင်္ဂုတ္တရနိကာယ်မှ သုံးပုံတစ်ပုံ သို့မဟုတ် နှစ်ပုံ တစ်ပုံ၊ အကယ်၍ ယင်းကို မဆောင်နိုင်လျှင် အစမှ တိကနိပါတ်အဆုံးထိ တတ်မြောက်ရမည် ဖြစ်ပေသည်။ မဟာပစ္စရိအဌကထာ အဆိုအရ အကယ်၍ ဘာဏက(နိကယ်ဆောင် အရှင်မြတ်) သည် နိပါတ်တစ်ခုမျှကိုသာ သင်ယူမူ စတုက္ကနိပါတ၊ ပဉ္စကနိပါတ စသည်ကို ရွှေးချယ်သင်ယူ တတ်မြောက်ထားရမည် ဖြစ်ကြောင်းပြဆိုထားသေး၏။ ဇာတကဘာဏက (ဘုရားဟောဇာတ်တော်ဆောင်) အရှင်မြတ်သည် အဌကထာနှင့်တကွ ဇာတကပါဠိတော်တစ်ခုလုံးကို အယုတ်အလျှော့မရှိ တတ်မြောက်ရမည်ဖြစ်သည်။ ရဟန်းတစ်ပါးသည်  အထက်ဖော်ပြခဲ့ပြီး ကျမ်းဂန်များ တတ်မြောက်ပါလျှင် ထိုရဟန်းအား ကောင်းစွာ သင်ကြားတတ်မြောက်ပြီးသူ သို့မဟုတ် အကြားအမြင်ဗဟုသုတများသူအဖြစ် ယူဆခံရလျှက် ပရိတ်သတ်အား တရားဟောကြားရန် အရည်အချင်းပြည့်မီသူ ဖြစ်သည်။ ထိုရဟန်းမျိုးသည် အလိုရှိရာ အရပ်သို့ လွတ်လပ်စွာသွားရောက်နိုင်ပြီး ဒိသာပါမ္ခော(အရပ်လေးမျာက်နှာရှိ သူတို့၏ ခေါင်းဆောင်) အဖြစ် ပြုလုပ်နိုင်သည်။

ဘိက္ခုနောဝါဒက (ဘိက္ခုနီတို့အား အဆုံးမသြဝါဒပေးပိုင်ခွင့်ရှိသည့်) အဆင့်မြင့်ရဟန်းတော်သည် ပိဋကတ်သုံးပုံကို အဌကထာနှင့်တကွ တတ်မြောက်ရမည်ဖြစ်သည်။ ပိဋကတ်သုံးပုံလုံး၏ အဌကထာအားလုံးကို မစွမ်းနိုင်လျှင် နိကာယ်လေးခုမှ(နိကာယ်ငါးခုမှ ခုဒ္ဒကနိကာယ်ပါဝင်ဟန်မတူ) နိကာယ်တစ်ခု၏ အဌကထာကျမ်းများကို ပိုင်နိုင်ရမည်ဖြစ်သည်။ နိကာယ်တစ်ခု ပိုင်နိုင်ကျွမ်းကျင်ပါလျှင် အခြားနိကာယ်များကို ရှင်းပြပေးနိုင်သည်။ အဘိဓမ္မာ ခုနစ်ကျမ်းအနက် လေးကျမ်း၏ အဖွင့်ကျမ်းများကို တတ်ကျွမ်းထားရမည် ဖြစ်သည်။ အကြောင်းကား ယင်းသို့ အဘိဓမ္မာအဖွင့်လေးကျမ်းလောက်တတ်ထားလျှင် ကျန်အဘိဓမ္မာကျမ်းများကိုပါ နားလည်နိုင် ရှင်းပြပေးနိုင်သောကြောင့်ဖြစ်ပေသည်။ ဝိနယပိဋကတစ်ခုလုံးကိုလည်း အဌကထာနှင့်တကွ ပိုင်နိုင်ကျွမ်းကျင်ထားရမည်။ အကယ်၍ ယင်းရဟန်းတော်သည် အထက်ပါအားလုံးကို တတ်ကျွမ်းပါလျှင် ဘိက္ခုနီတို့အား အဆုံးအမသြဝါဒ ပေးရန်အဆင့်မီသူ အဆင့်မြင့် ဗဟုသုတကြွယ်ဝသည့် ရဟန်းဖြစ်ပေသည်။ ။ မြတ်စွာဘုရားရှင်ကိုယ်တိုင်က ပရိယတ္တဗဟုသုကြွယ်ဝသည့် ရဟန်းကို ဘုရားလေးမျိုး (ဗုဒ္ဓလေးမျိုး)(သမ္မာသမ္ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ စတုအရိယသစ္စဗုဒ္ဓ၊ သုတဗုဒ္ဓ) တို့တွင်သုတဗုဒ္ဓအဖြစ်ဖြင့် ချီးကျူးဂုဏ်ပြုထားကြောင်းကို စုန္ဒမထေရ်အား ဟောကြားခဲ့ပေသည်။

ရှေးဟောင်းဗုဒ္ဓဘာသာပညာရေးတွင် လွတ်လပ်စွာ ဆွေးနွေးမှုသည့် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ပေသည်။ တပည့်ရဟန်းတစ်ပါးသည် မိမိဆရာနှင့် အယူအဆသဘောထားကွဲလွဲနိုင်ပြီး ယင်းကွဲလွဲချက်ကို ဆရာအရှင်က ပြစ်တင်မှု မရှိဘဲ တစ်စုံတစ်ခုသော အတိုင်းအတာအထိ ပြန်လည်နွေးနွေးလျက် မိမိတပည့် တင်ပြဆွေးနွေးချက်ကို မှန်သည်ဟု ဆရာရှင်အနေဖြင့် ယုံကြည်ပါလျှင် တင်းမာစွာဆုတ်ကိုင်ထားခြင်းမရှိဘဲ တပည့်၏အယူအဆကို လက်ခံရပေသည်။ ဆရာထက်ဥာဏ်စွမ်းထက်မြက်သော တပည့်များလည်း ရှိသည်ကို သတိပြုရပေမည်။ ပိဋကသုံးပုံတွင် ဆရာတပည့်နှစ်ပါးလုံး အထူးကျွမ်းကျင်တော်မူကြသည့် တိပိဋကစူဠသောမမထေရ်နှင့် သူ၏တပည့် တိပိဋကစူဠနာဂ မထေရ်နှစ်ပါးသည် သတိပဌာန်သုတ်လာ ဧကာယနမဂ္ဂ(တစ်ကြာင်းတည်းသောလမ်း) ဟူသော ဝေါဟာရနှင့်ပတ်သင်ပြီး ဆရာတပည့်အတွေးအမြင်အယူအဆ ကွဲပြားကြပေ၏။ ဆရာအရှင်မြတ်က ပြဿနာကို နက်ရှိုင်းစွာ တွေးတောသုံးသပ်ပြီး နောက်ပိုင်းတွင်မှ မိမိတပည့်၏ အယူအဆမှန်ကန်ကြောင်းကို သိမြင်သွားပေသည်။ ဆရာရှင် တိပိဋကစူဠသောမမထေရ်သည် တပည့်ဖြစ်သူ တိပိဋက စူဠနာဂမထေရ်၏ မှန်ကန်စွာ သုံးသပ်ယူဆထားသည့် ဟောပြောပို့ချချက်ကို နာယူရန် အစည်းဝေးရောက်ရှိလာကြသည့် ပရိသတ်၏ ရှေ့မှောက်၌ မိမိတပည့်၏ အယူအဆကို လက်ခံခဲ့ကြောင်း (ဒီ၊ဌ၊၂၊ ၃၃၇။ မ-ဌ၊ ၁၊ ၂၃၆-၂၃၇ တွင်) ဖော်ပြထားပေသည်။

မိမိ၏ အသိပညာအတွက် မိမိကိုယ်ကိုနှိမ့်ချခြင်းနှင့် မဝင့်ဝါခြင်းကို ကြီးမြတ်သော ပညာရှင်၏ သင်္ကေတအဖြစ် ယူဆအပ်ပေသည်။ ဥပမာ အလွန်ထင်ရှား ကျော်ကြားသည့် ပညာရှင် ရောဟဏအရပ်ရှိ တုလာဓာရကျောင်းတိုက်မှ ဓမ္မရက္ခိတမထေရ်သည် မဟာဝိဟာရကျောင်းတိုက်မှ တိပိဋကစူဠာဘယမထေရ်အား စာပေသင်ကြားပေး၏။ ဆရာသည် တပည့်ထက် ပိဋကတ်ကျွမ်းကျင်သော်လည်း ပုထုဇဉ်အဆင့်ပင် ရှိသေး၏။ ထိုအချိန် တပည့်က သောတာပန် အဆင့်ဖြစ်နေ၏။ ဆရာသည် တပည့်အား စာသင်ကြားပေးပြီးနောက် မိမိတပည့်၏ခြေရင်း ဖျာပေါ်တွင် ထိုင်လျှက် ကမ္မဌာန်းတရားပေးပါရန် လျှောက်ထား၏ " အရှင်ဘုရား၊ တပည့်တော်က အရှင်ဘုရားထံမှာ သင်ယူခဲ့သည်မဟုတ်ပါလား၊ အရှင်ဘုရားက တစ်စုံတရာမသိလို့ပါဟု ဆိုလာတော့ တပည့်တော်က မည်သို့လျှောက်ထားရပါမည်(ဘယ်လိုပြောရပါမည်နည်း) " ဟု တပည့်ဖြစ်သူက လျှောက်ထားလေ၏။ ဆရာဖြစ်သူက " သို့ရာတွင် အရှင်ဘုရား၊ ထိုးထွင်းသိမြင်မှု လမ်းစဉ်မှာ အတော်အတန် ခြားနားသောအရာ ဖြစ်ပါသည်" ဟု ဆရာအရှင်က မိန့်ကြားလေသည်။ သောတာပန်အဆင့် တပည့်ဖြစ်သူသည် ပုထုဇဉ်ဆရာရှင်၏ ဆိုလိုချက်ကို နားလည်သွားပြီး ကမ္မဌာန်းတရားပေးလေ၏။ ဆရာရှင်သည် တပည့်ဖြစ်သူ ပေးသည့် ကမ္မဌာန်းတရားဖြင့်ပင် ရဟန္တာဖြစ်သွားသည်ဟု ((ဝိသုဒ္ဓိမဂ်၊ ၁၊ ၉၂ တွင်) ဆို၏။ ထို့အပြင် ယင်းဝိသုဒ္ဓိမဂ်(၂၊ ၂၇၀) မှာပင် ပညာရှင် ဥစ္စဝါလိကာရုံကျောင်းတိုက်နေ မဟာနာဂမထေရ်သည်လည်း မိမိတပည့်ဖြစ်သူ၏ တလင်္ဂရကျောင်းတိုက်နေ ဓမ္မရက္ခိတမထေရ်၏ ခြေရင်း၌ ဆောင့်ကြောင့်ထိုင်ပြီး ကမ္မဌာန်းတရားကို တောင်းကြောင်း ပြဆိုထား၏။ မြတ်ဗုဒ္ဓလက်ထက်ကလည်း ပိဋကမာန ခံနေသော ပေါဌိလရဟန်းတော်သည် နောက်ဆုံး ကိုရင်လေးပေးသည့် ကမ္မဌာန်းတရားဖြင့် ရဟန္တာဖြစ်သွားပေသည်။ အချုပ်ဆိုရလျှင် ရှေးဟောင်းဗုဒ္ဓဘာသာပညာရေးသည် ရဟန်းတော်များလက်တွင် ရှိကြပြီး မိမိတို့လိုအပ်သည့် ပညာကိုရရှိရန် မာနကို ခဝါချကာ လေ့လာသင်ယူသင့်ကြပြီး အကျင့်စာရိတ္တတရားပိုမိုကောင်းမွန်သော ပညာသင်ကြားမှု ဖြစ်သင့်ကြောင်း စာရေးသူကြည့်ရှု့လေ့လာမှတ်သားမိသည့်  ပိဋကစာပေအကြောင်းလေးများက မီးမောင်းထိုးပြနေကြောင်း တင်ပြအပ်ပါသည်။

မေတ္တာဖြင့်
အရှင်သုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)
ခေတ္တ- နာလန္ဒာတက္ကသိုလ်၊ အိန္ဒိယနိုင်ငံ
၂၉-၀၄-၂၀၁၂

Friday, April 27, 2012

ရှေးဟောင်း ဗုဒ္ဓဘာသာပညာရေး(ပထမပိုင်း)


ရှေးဟောင်းဗုဒ္ဓဘာသာပညာရေးသည် အဓိကအားဖြင့် သံဃာ့အဖွဲ့အစည်း၏ သမိုင်းနှင့်ဆက်စပ်လျှက် ဖြစ်ပေါ်လာခဲ့ပေ၏။ ဝေဒယဉ်ကျေးမှုသည် တိရိစ္ဆာန်ယဇ်ပူဇော်မှုတွင် အခြေခံသကဲ့သို့ ဗုဒ္ဓဘာသာပညာရေးသည် ဘုန်းကြီးကျောင်းတိုက်များ၌ အခြေပြုခဲ့၏။ ဗုဒ္ဓဘာသာဝင်များအတွက် ဘုန်းကြီးကျောင်းတိုက်များသည် အမှီသဟဲပြုဖို့ ပညာရေးအခွင့်အလမ်းများ ပေးအပ်ခဲ့၏။ လောကီလောကုတ္တရာပညာရေး အားလုံးသည် ရဟန်းတော်များ၏ လက်တွင်ရှိခဲ့၏။ ရဟန်းတော်များသည် စာပေသင်ကြားခြင်းကို စနစ်တကျချုပ်ကိုင်ထားပြီး ယင်းဗုဒ္ဓဘာသာရဟန်းတော်များသည် ဗုဒ္ဓယဉ်ကျေးမှုကို ရှေးတန်းမှ ထိမ်းသိမ်းသူနှင့် သယ်ဆောင်သူများဖြစ်ကြ၏ ။ ။

မြတ်ဗုဒ္ဓက ဒီဃနိကာယ် သိင်္ဂါလောဝါဒသုတ်(ဒီ ၃၊ ၁၄၆) တွင် လူဒါယကာ ဒါယိကာမများအား အသိပညာပေးခြင်းနှင့် လမ်းညွှန်ပေးခြင်းတို့မှာ သံဃာတော်များ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်တစ်ရပ် ဖြစ်ကြောင်း ဟောတော်မူခဲ့၏။ အမှန်စင်စစ် ရဟန်းတော်များသည် လူပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်လျှင် ပလိဗောဓနည်းပါးခြင်း အိမ်ထောင်သားမွေး မရှိခြင်းတို့ကြောင့် စာပေသင်ကြားပေးနိုင်ဖို့ ပိုမိုအချိန် ရရှိကြပေ၏။ ရှေးခေတ် ဗုဒ္ဓဘာသာနိုင်ငံတော်များသည် နိုင်ငံတော်တစ်ခုလုံး၏ ပညာရေးကို ရဟန်းတော်များ၏လက်တွင် ရယူလျှက် ပညာရေးတာဝန်ကို ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ကြ၏။ တိုင်းပြည်အုပ်ချုပ်သူမင်းများနှင့် နိုင်ငံခေါင်းဆောင်များ တိုင်းသူပြည်သားများကိုပါ ရဟန်းတော်များက တာဝန်သိသိ တာဝန်ရှိရှိ ပညာသင်ပေးခဲ့ကြပြီး ဘဝကို လေ့ကျင့်ပြုစုပျိုးထောင်ပေးတော်မူခဲ့ကြ၏ ။ ။

ယနေ့ခေတ် ယေဘုယျအခေါ်အရ ပညာရှင် ပညာရှိဟူသည်ကို စာဖတ်များသူအဖြစ် လေ့လာအားကောင်းသူအဖြစ် ရည်ညွှန်းကြ၏။ အကြောင်းမူကား အသိပညာကို စာဖတ်ခြင်းဖြင့်သာလျှင် အဓိကအားဖြင့် ရရှိနိုင်သောကြောင့်ဖြစ်သည်။ သို့သော် ရှေးခေတ်ကမူ ပညာရှိပုဂ္ဂိုလ်အဖြစ်ကို ဗဟုသုတများစွာ ကြားနာပြီးသူတစ်ယောက်ဟု ရည်ညွှန်းပါ၏။ အကြောင်းမူကား ထိုအချိန်က အသိပညာကို အဓိကအားဖြင့် နားဖြင့် ကြားနာမှတ်သားခြင်းဖြင့်သာလျှင် ရရိသောကြောင့်ဖြစ်သည်။ ထိုကြောင့်ပင် အာဠာဝကဘီလူးမေးသော ကထံသု လဘတေ ပညံ-( ပညာကို မည်ကဲ့သို့ ရနိုင်ပါသနည်း) ဟူသောအမေးကို၊ သုဿုသာ လဘတေ ပညံ(ပညာကို ကြားနာမှတ်သားခြင်းဖြင့် ရနိုင်၏ ဟူသော မြတ်ဗုဒ္ဓ၏ အဖြေဖြင့်လည်း ပိုမိုထင်ရှားပေသည် ။

မြတ်ဗုဒ္ဓလက်ထက်တော်အခါက အိန္ဒိယနိုင်ငံတွင် ကျမ်းစာအုပ်များ မရှိသေးဟု ယုံကြည်ရပေသည်။ (Rhys Davids ၏ Buddhist India. P. 107). ဘီစီပထမရာစုလောက် ရောက်မှသာ ပါဠိဘာသာ ပိဋကတ်သုံးပုံကို ပေထက်အက္ခရာ တင်ခဲ့သည်ဟု သုတေသီပညာရှင်တို့ ကောက်ချက်ချကြ၏။ အသောကခေတ်က လူထုအများ ဖတ်ရှု့နားလည်လိမ့်မည်ဟု ယူဆပြီး အသောကကျောက်စာများကို သက္ကဋဘာသာဖြင့် မရေးဘဲ အရပ်သုံးဘာသာစကားဖြင့် ရေးထားခြင်းသည် သာမန်လူတန်းစား လူထုအတွင်း စာပေဖတ်ရှုနိုင်သူ ဦးရေများပြားကြောင်း ညွှန်ပြပေသည်။ ဗင်ဆင့်အေစမစ်( Vincent A. Smith) က " အသောကခေတ် ဗုဒ္ဓဘာသာဝင် လူထုအကြား စာပေဖတ်ရှုမှုနှုန်းမှာ လက်ရှိဗြိတိသျှအုပ်ချုပ်ခံ အိန္ဒိယနိုင်ငံဒေသအများရှိ လူဦးရေထက် ပိုများနိုင်သည်ဟု ကျွန်ုပ်ထင်၏ " ဟု ဆိုခဲ့ပါသည်။ (Mookerji's Asoka, p. 35) ။ ။

ရှေးခေတ်ပညာသင်ကြားရာ၌ ပေရွက်များပေါ်တွင် လက်ရေးဖြင့် ရေးထားခြင်း ဖြစ်ဖွယ် အများဆုံးရှိသဖြင့် ကျမ်းစာအုပ်များမှာ ယနေ့ခေတ် ပုံနှိပ်စာအုပ်များကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့်အသုံးမပြုနိုင်ဘဲ ရှားပါးခဲ့၏။ ကျမ်းစာအုပ်များကို အားကိုးအားထားပြုရခြင်းအစား ရှေးခေတ်က အသိပညာကို နားကြားစွမ်းရည်မှတဆင့် ရရှိကြသဖြင့် ထိုရှေးခေတ်အချိန်ကာလများက ပညာရှိပုဂ္ဂိုလ်များအား ဗဟုဿုတ ဟူသော ပါဠိဝေါဟာရဖြင့် အသုံးပြုခဲ့ကြ၏။ အထူးသဖြင့် တပည့်သည် ဆရာက နှတ်ဖြင့်ဟောပြောပို့ချပေးသည်ကို ဂရုတစိုက်နာယူပြီး နှတ်တက်အာဂုံဆောင်ရထားရပေသည်။ ဆရာဖြစ်သူကိုယ်တိုင်ကလည်း မိမိ၏ဆရာအဆက်ဆက်ထံမှ အာဂုံနှတ်ငုံဆောင် သင်ယူလေ့လာခဲ့ရပေသည်။ အရှင်အာနန္ဒာသည်ပင် မြတ်ဗုဒ္ဓဟောကြားတော်မူခံသည့် ပိဋကတ်တို့ကို နာယူမှတ်သားပြီး နှတ်ငုံဆောင်တော်မူခဲ့ပေသည်။ 

ရှေးခေတ်က ပညာသင်ကြားရေး စနစ်တွင် မှတ်ဥာဏ်သည် ယနေ့ခေတ်ထက် ပိုမိုအရေးပါသည့် ကဏ္ဍတွင်ရှိခဲ့ပေသည်။ ဗုဒ္ဓစာပေ၌ မှတ်ဥာဏ်အလွန်ကောင်းတော်မူကြသော ပညာရှင် မထေရ်ကျော်များ မြောက်များစွာ ရှိပါသည်။ မဇ္ဈိမနိကာယ်၌ အထူးကျွမ်းကျင်တော်မူသော မဇ္ဈိမနိကာယ်ဆောင် ဒေဝမထေရ်သည် နှစ်ရှည်ကမ္မဌာန်းတရား အားထုတ်တော်မူခဲ့ရာ ၁၉ နှစ်တိုင်တိုင် ပိဋကတ်သင်ယူမှုကို လျစ်လျူရှု့ထားခဲ့သော်လည်း ထိုမျှကြာသည့် ကာလအတွင်း အမှားအယွင်းတစ်စုံတရာမရှိဘဲ နိကာယ်တစ်ခုလုံးကို အာဂုံရွတ်ဆိုနိုင်ပြီး ပို့ချပေးနိုင်တော်မူခဲ့၏။ ထို့ပြင် ဝိသုဒ္ဓိမဂ် (၁၊ ၉၂) မှာပင် ကာရလိယ ဂိရိကျောင်းတိုက်နေ အရှင်နာမမထေရ်သည် (၁၈) တိုင်တိုင် ပိဋကတ်စာပေပို့ချမှုကို စွန့်လွှတ်ထားခဲ့သော်လည်း ဓာတုကထာကျမ်းကို လုံးဝအမှားအယွင်းမရှိဘဲ ပြန်လည်ပို့ချပေးနိုင်တော်မူခဲ့၏။ ရောဟဏအရပ် တုလာဓာရတောင်၌ သီတင်းသုံးတော်မူသည့် အရှင်ဓမ္မရက္ခိတ မထေရ်သည် နှစ်ပေါင်း ၃၀ ကြာ အချို့သော ပါဠိတော်များကို မပို့ချဘဲ ပြတ်တောက်နေခဲ့သော်လည်း ပိဋကတ်သုံးပုံလုံးကို ဆုတ်ဆိုင်းခြင်း မရှိဘဲ သင်ကြားပေးနိုင်ခဲ့၏။ ။

ဒီဃနိကာယ်အဌကထာ၌ (ဒီ-ဌ၊၂၊ ၁၂၀) အလွန်မှတ်ဥာဏ်ကောင်းသည့် မထေရ်နှစ်ပါး အကြောင်းကို မှတ်တမ်းတင်ထား၏။ မဟာဂတိမ္ဗ အဘယမထေရ်သည် (၅) ရက်သား အရွယ်နှင့် ဒီဃဘာဏက အဘယမထေရ်သည် (၉) ရက်သားအရွယ်ကပင် ဘဝတွင် တွေ့ကြုံခဲ့ရသည့် ရှောင်တခင် ဖြစ်ရပ်အချို့ကို အမှတ်ရနေသေးကြောင်း ဆိုသည်။ တိပိဋကစူဠာဘယမထေရ်သည် အနုရာဓမြို့သား အားလုံး၏အမည်များကို မှတ်မိသည်ဟု ဆို၏။ မထေရ်ထံ သူတို့နောက်တစ်ကြိမ်ရောက်ရှိလာပါက သူတို့နာမည်များကို မထေရ်က မှတ်မိနေ၏။ ယင်းကဲ့သို့ အံသြဖွယ်ထူးခြားစွာ မှတ်ဥာဏ်ကောင်းမှုကို ပညာနှင့် သန့်ရှင်းစင်ကြယ်သည့် စိတ်အခြေအနေ၏ သင်္ကေတအဖြစ် ယူဆနိုင်၏ ။ ပါဠိပညာရှင် မက်ခ်စ်မူလာ(Max-Muller) က " ရှေးခေတ်အိန္ဒိယ နှတ်ငုံဆောင် ပညာသင်ကြားမှုသည် ကျွန်ုပ်တို့၏ ယနေ့ခေတ်တက္ကသိုလ်များနှင့် ခြားနားသကဲ့သို့ ကျွန်ုပ်တို့နှင့် အလွန်ခြားနားသည့် အလူ့အဖွဲ့အစည်းအခြေအနေ တစ်ရပ်မှ မှတ်ဥာဏ်စွမ်းရည်နှင့် ပတ်သက်သည့် အတွေးအမြင်ကို မဖော်ပြနိုင်ပါ။ ကျွန်ုပ်တို့ မကြာခဏတွေ့ရသည့် ထူးခြားသည့် မှတ်ဥာဏ်ရှိသူများက ယင်းအိနြေ္ဒကန့်သတ်ချက်နှင့် ပတ်သက်သည့် ကျွန်ုပ်တို့၏ မှတ်သားချက်များမှာ အတော်အတန် တစ်ဖက်သက်ဆန်လှ၏။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်မှတ်ဥာဏ်များမှာ မျိုးဆက်ပေါင်းများစွာကို စနစ်တကျ ဖျက်ဆီးထားပြီးဖြစ်၏။ အခြားဘာကိုမျှ မပြောဘဲ နံနက်တိုင်း တိုင်းမ်စ်သီတင်းစာ တစ်မျက်နှာသည်ပင် အကျန်းမာဆုံးသော မှတ်ဥာဏ်ကို ဖျက်ဆီးပြီး အားနည်းသွားစေနိုင်သည်ဟု ဆိုသည်။ (Mookerji ၏ Ancient Indian Education, p. 212 တွင် ကိုးကားဖော်ပြသည်။)။

နိကာယ်တစ်ခုလုံးကို နှတ်ငုံဆောင်နိုင်သည့် ရဟန်းတော်အရေအတွက်သည် ထိုနေ့အချိန်က နှတ်ငုံဆောင်ခြင်းမှာ ထင်ရှားသော ပညာသင်ကြားမှု ဖြစ်ကြောင်း ဖော်ပြပေသည်။ ထိုသို့ အာဂုံဆောင်မှု လွှမ်းမိုးသည့် ကာလတွင် နားလည်မှုစွမ်းရည် ကျဆင်းသွားသည်ဟု တော့ ထင်မြင်ရန် မရှိခြေ။ ပညာသင်ကြားရေးကို မှတ်ဥာဏ် သို့မဟုတ် နှတ်ငုံအလွတ်ဆောင်ထားခြင်း အကြားနာများခြင်းများဖြင့် အဓိက ဖြန့်ဖြူးပေးခဲ့သော်လည်း ကျမ်းစာဖြင့် ရေးသားမှုများကို လုံးဝအသုံးမပြုခဲ့ဟု ကောက်ချက်ဆွဲပါက မှန်ကန်မည် မဟုတ်ချေ။ ကျမ်းစာအုပ်များကို အမှန်ပင် အသုံးပြုခဲ့သော်လည်း အသုံးမများသေးခြင်းသာ ဖြစ်နိုင်သည်။ စာသင်သားတိုင်း ယနေ့ခေတ်ကဲ့သို့ လွယ်ကူစွာ ပါဠိတော်ဖတ်စာအုပ်များကို လွယ်ကူစွာ ပိုင်ဆိုင်ရန် မဖြစ်နိုင်ချေ။ ပေတစ်မူကို ပြုလုပ်ရန်မှာ အလွန်ပင် ခက်ခဲ့လှပေသည် အဖြစ်နိုင်ဆုံးမှာ ယင်းပေစာမူများကို ပင်မကျောင်းတိုက်ကြီးများ၌ ရည်ညွှန်းကျမ်းများ အဖြစ်သာ ရရှိနိုင်ဖွယ် ရှိပါသည်။ တစ်ခါတစ်ရံ ကျမ်းစာအုပ်များကို ဖတ်ရှု့ရန် ရည်ညွှန်းဖော်ပြချက်များကို တွေ့ရသည်။ သမန္တပါသာဒိကအဌကထာခေါ် ဝိနည်းအဌကထာ(ဝိ-ဌ၊ ၂၊ ၂၇၄) တွင် ဆီမီးတိုင် အလင်းရောင်ဖြင့် ညအခါ၌လည်း ကျမ်းစာများကို မှတ်ရှု့ကြကြောင်း တွေ့ရသည်။ မဟာဝံသ (၃၈၊ ၁၆-၁၈) တွင် အေဒီ(၅) ရာစုလောက်က ဓာတုသေနမင်းသားငယ်သည် (ဗုဒ္ဓ)ကျမ်းစာတစ်အုပ်ကို သစ်တစ်ပင်အောက်၌ လေ့လာဖတ်ရှု့ကြောင်း ဖော်ပြထားသည်။ ။
ပညာသင်ကြားရာ၌ ကျမ်းစာအုပ်များ ရရှိရန်ခဲယဉ်းမှု ဆက်သွယ်ရေး နည်းလမ်းများ မလွယ်ကူခြင်းကြောင့် စာသင်သားများမှာ အလွန်ခက်ခဲကြပေသည်။ ဝိဘင်္ဂအဌကထာ(အဘိ-ဌ၊၂၊ ၃၇၂) ၌ မိမိဆရာအရှင်မြတ်ထံမှ သံသယမရှင်းသည့် မှတ်ချက်တစ်ခုကို ရရှိရန် ယူဇနာ(၁၀၀)ဝေးသည်အထိ ခရီးသွားခဲ့ရသည့် စာသင်သားရဟန်းတော်တစ်ပါးအကြောင်းကို မှတ်တမ်းတင်ထား၏။ ဥပါသကာ ပုနဗ္ဗသု၏ သားဖြစ်သူ တိဿအမည်ရှိသော ရဟန်းတော်သည် လင်္ကာဒီပ(သီရိလင်္ကာနိုင်ငံ)တွင် ပညာသင်ပြီးနောက် ထင်ရှားကျော်ကြားသည့် ယောနက ဓမ္မရက္ခိတမထေရ်ထံ နောက်ထပ်ပညာ သင်ကြားရန် အိန္ဒိယသို့ ကြွတော်မူခဲ့သည်။ အိန္ဒိယမှာ ပညာသင်ကြားမှု ပြီးဆုံးပြီးနောက် လင်္ကာဒီပ ခေါ်သည့် သီဟိုဠ်(သီရိလင်္ကာ) သို့ အပြန်လမ်း သဘောင်္ာပေါ်သို့ တက်ခါနီးမှ အကြောင်းတစ်စုံတစ်ရာနှင့် ပတ်သက်၍ စိတ်ထဲတွင် သံသယဝင်လာခဲ့၏။ အရှင်တိဿသည် ချက်ခြင်းပင် ခရီးစဉ်ကို ပြန်ရွှေ့လိုက်ပြီ ယူဇနာတစ်ရာတွင် ရှိသည့် ဆရာဓမ္မရက္ခိတမထေရ်မြတ်ထံသို့ နောက်တစ်ခေါက် ပြန်သွားပြီး မိမိသံသယကင်းရှင်းသည်အထိ သင်ယူခဲ့ရပြန်၏။ ။ ဤဖြစ်ရပ်ကို ထောက်ဆပါလျှင် အထက်ပါ စာသင်သားများသည် မိမိတို့ စာပေသင်ကြားမှုတွင် အဘယ်မျှ ရိုးသားဖြူစင်မှုရှိပြီး ပင်ပန်းခံခဲ့ကြောင်း ထင်ရှားသည့် စံနမူနာတစ်ရပ် ဖြစ်ပေသည်။ ။

Sunday, April 15, 2012

အပိုင်း(၂)လူဝတ်ကြောင်များနှင့် ရဟန်းတော်များ၏ ဆက်ဆံရေး-ဘာသာရေးလှုပ်ရှားမှု (ရှေးပုံရိပ်လွှာ)


လူဝတ်ကြောင်အများစုသည် မြတ်ဗုဒ္ဓ၏ အရေးပါသည့် တရားဓမ္မများကို နားလည်ရန် သို့မဟုတ် လေ့ကျင့်အားထုတ်ရန် အခွင့်အလမ်းနည်းပါးကြပေသည် ဤအဆိုနှင့်ပတ်သက်၍ အရေးပါသည့် အညွှန်းတစ်ရပ်အဖြစ် ပိဋကစာပေတွင် တွေ့မြင်နိုင်သည်။ မြတ်ဗုဒ္ဓလက်ထက် သူ၏သာသနာအား အများဆုံးပစ္စည်းလေးပါးဖြင့် ထောက်ပံ့ခဲ့သူ အနာထပိဏ်သူဌေးကြီးသည် သေရာကုဋင်ညောင်စောင်းတွင် ရှိနေသောအခါ အရှင်သာရိပုတ္တရာနှင့် အရှင်အာနန္ဒာမထေရ်မြတ်တို့သည် လူနာအနာထပိဏ်သူဌေးကြီး နောက်ဆုံးဘဝကူး အဆင့်မြင့်ပိုမိုကောင်းရန် ကြွရောက်လာပြီး အဆင့်မြင့် စိတ်ပိုင်းဆိုင်ရာ အလွန်သိမ်မွေ့နက်နဲလှသည့် အကြောင်းရာပါ တရားဓမ္မကို အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက သူဌေးကြီးအား ဟောကြားတော်မူသည်။ သူဌေးကြီးသည် မျက်ရည်တွေတွေကျပြီး မိမိမှာ တစ်သက်လုံး ရှင်တော်ဗုဒ္ဓ ရဟန်းတော်များနှင့်ပါ အချိန်ကြာမြင့်စွာ ပေါင်းသင်းဆက်ဆံနေခဲ့ရသော်လည်း ယခင့်ယခင်တုန်းက ဤကဲ့သို့သော လေးနက်သည့် တရားမျိုးကို မနာဖူးခဲ့ကြောင်း လျှောက်ထားခဲ့လေသည်။ ။

အရှင်သာရိပုတ္တရာက ယင်းသို့သော ဘာသာရေးနှင့် ပတ်သက်သည့် ဟောကြားမှုများကို လူဝတ်ကြောင်များ နားမလည်နိုင်ဘဲ ရဟန်းတော်များသာ နားလည်နိုင်ကြောင်းကို ရှင်းပြတော်မူခဲ့သည်။ န ခေါ ဂဟပတိ ဂိဟီနံ သြဒါတဝသနာနံ ဧဝရူပီ ဓမ္မီ ကထာ ပဋိဘာတိ၊ ပဗ္ဗဇိတာနံ ခေါ ဂဟပတိ ဧဝရူပီ ဓမ္မီ ကထာ ပဋိဘာတိ၊ ။ (မ၊ ၃၊ နှာ ၃၀၅)။ ယင်းအဌကထာ (မ-ဌ၊၄၊ နှာ ၂၃၀) ၌လည်း လူဝတ်ကြောင်များသည် မိမိတို့၏ လယ်ယာခြံမြေများ၊ ရွှေငွေနှင့် စည်းစိမ်ဥစ္စာများ၊ ဇနီးမယား သားသမီးကျေးကျွန်များကို ပြင်းထန်စွာ စွဲလန်းတပ်မက်မှုရှိကြပြီး ထိုလူများသည် မိမိတို့၏ ပိုင်ဆိုင်မှုများကို စွန့်လွှတ်ရန် ခက်ခဲသောကြောင့် ယင်းအဆင့်မြင့် အလေးပေး ဟောကြားအပ်သည့် တရားတော်များကို နားမလည်နိုင်ကြရုံသာမက နာကြားရန်ပင် သိပ်မနှစ်သက်တတ်ကြဟု မှတ်ချက်ပြုထားသည်။

အထူးသဖြင့် ဒါနနှင့်စပ်သော တရားဓမ္မများကိုသာ လူဝတ်ကြောင်တို့ ပိုမိုနှစ်သက်ကြသည်။ ထိုအချက်ကို ဒီဃနိကာယ် သိင်္ဂါလောဝါဒသုတ်(ဒီ၊၃၊ နှာ-၁၅၃)က ပိုမိုထောက်ခံသလို ဖြစ်ပါသည်။ ယင်းသုတ်တော်တွင် မြတ်ဗုဒ္ဓကိုယ်တော်တိုင်က လူဒါယကာ ဒါယိကာမများအပေါ် ရဟန်းတော်တစ်ပါး၏ တာဝန်ဝတ္တရား ခြောက်ပါးတို့တွင် လူဝတ်ကြောင် ဒါယကာဒါယိကာမများအား နတ်ပြည်ရောက်ကြောင်းလမ်းစဉ်ကို ဟောကြားပြသရန်ဟူသော ဝတ္တရားတစ်ရပ်ကို ချမှတ်တော်မူခဲ့သည်။ ယင်းလူဒါယကာ ဒါယိကာမများအား ရဟန်းတော်များက အထူးတလည်ဟောကြားပြသရမည်မှာ သဂ္ဂမဂ္ဂံ(နတ်ပြည်ရောက်ကြောင်းလမ်းစဉ်) ဖြစ်ပြီး သံသရာဝဋ်မှ လွတ်မြောက်ရာလမ်း (မောက္ခမဂ္ဂ) မဟုတ်သည်မှာတော့ အလွန်ထူးခြားဟန်ရှိသည်။ နိဗ္ဗာန်ရောက်ကြောင်းလမ်းသည် သာမန်လူအများအစုအတွက် လျှောက်လှမ်းရန် အလွန့်အလွန် ခက်ခဲလှသည်မှာ သေချာသည်။ ထို့ကြောင့်ပင် သိင်္ဂါလောဝါဒသုတ်တော်၌ မြတ်ဗုဒ္ဓက ရဟန်းတော်များအား သာမန်လူပုဂ္ဂိုလ်တို့ အထူးနှစ်သက်သည့် ဒါနနှင့်စပ် တရားတော်များနှင့် နတ်ပြည်ရောက်ကြောင်းတရားကိုသာ တာဝန်တစ်ရပ်အနေဖြင့် ဟောကြားရန် လမ်းညွှန်တော်မူခဲ့ပုံရသည်။ လူပုဂ္ဂိုလ်များအား လုံးဝ နိဗ္ဗာန်ရောက်ကြောင်းလမ်းစဉ်(မောက္ခမဂ္ဂ)ကို မဟောရဟု ဆိုလိုသည်တော့ မဟုတ်ပေ။ ယေဘုယျ လူပုဂ္ဂိုလ်ဒါယကာ ဒါယိကာမများတို့ ဘာသာရေးခံယူချက်အလျှောက် သူတို့ နားလည်နိုင်စွမ်း အလျှောက် အဆင့်မြင့် စိတ်ပိုင်းဆိုင်ရာ အသိပညာဆိုင်ရာ သစ္စာတရား လိုက်နာနိုင်မှု အကန့်အသတ်ပေါ်တွင် အခြေခံခဲ့ပေသည်။ သဘာဝအားဖြင့် ဥပဒေလမ်းညွှန်မှုတိုင်းမှာ အကန့်အသတ်တော့ ရှိတတ်ပါသည်။

အချို့သော မြတ်ဗုဒ္ဓ၏ဒေသနာ သုတ္တန်များသည် အထူးသဖြင့် လူပုဂ္ဂိုလ်တို့ နှစ်သက်လက်ခံစေနိုင်သည့် အတွေးအမြင်မျိုးဖြစ်ကြောင်း ညွှန်ပြပေသည်။ ဥပမာ ဒက္ခိဏဝိဘင်္ဂသုတ်(မ၊၃၊ နှာ ၂၉၅) မှာ ထင်ရှားသည့် ဒေသနာတော်များအနက် တစ်ခုအပါဝင်ဖြစ်သည်။ ယင်းသုတ်တော်သည် မြတ်ဗုဒ္ဓမှစ၍ တိရစ္ဆာန်များတိုင်အောင် ၁၄ မျိုးသော အလှူခံပုဂ္ဂိုလ်အသီးသီးတို့အား လှူဖွယ်ဝတ္တုများ လှူဒါန်းပေးကမ်းခြင်းဖြင့် ရရှိအပ်သော ကောင်းမှုကုသိုလ် အဆင့်အတန်းအမျိုးမျိုးနှင့် သံဃာအားရည်မှန်း၍ လှူဒါန်းအပ်သော အလှူဝတ္ထု (၇) မျိုးတို့၏ အကျိုးကြီးမြတ်ပုံတို့ကို အတိအလင်းဖော်ပြထားသည်။ ယင်းသုတ်တော်သည် အလှူဒါန၏ စင်ကြယ်ပုံ မစင်ကြယ်ပုံတို့နှင့်လည်း ပတ်သက်သည်။ အဆိုပါ သုတ်တော်၌ ဟောထားသည့် အချက်အလက်တို့သည် အလွန်စိတ်ဝင်စားဖွယ်ရာ ကောင်းပြီး လူအများစုသည် ယင်းသုတ်တော်မှာ (အလှူခံပုဂ္ဂိုလ်နှင့် လှူဖွယ်ဝတ္ထုတို့) အဆင့်အတန်းခွဲခြားထားသည့်အတိုင်း မိမိတို့ တတ်နိုင်သည့်နည်း နှစ်သက်သည့်နည်းတို့ဖြင့် လှူဒါန်းနိုင်သောကြောင့် နောင်ဘဝအတွက် ကုသိုလ်ရရန် အလွန်စိတ်အားထက်သက်သူများအား အထူးနှိုးဆော်ပေးသည်။ ထို့ပြင် ဝေဿန္တရာဇာတ်တော်မှာ အလွန်လူသိများ ထင်ရှားပြီး လူသားတို့၏ သိမ်မွေ့သည့် စိတ်အာရုံခံစားမှုကို နိးထစေနိုင်သည့်သုတ်တော်တစ်ခု ဖြစ်ကြောင်းကို အင်္ဂုတ္တရအဌကထာ(အံဌ-၂၊ ၁၀၅) မှာ ဖော်ပြထားသည်။ ။

ဒေဝဒူတသုတ်(မ-၃၊ ၂၁၇) တွင် မကောင်းမှုပြုသူတို့အဖို့ အပါယ်ငရဲတွင် ခံစားရမည်ဖြစ်သော နှိပ်စက်ခံရမှုအမျိုးမျိုးကို ရှင်းလင်းပီပြင်စွာ ဟောတော်မူခဲ့ပြီး ယင်းသုတ်သည် မေ့လျှော့ ကောက်ညစ်သူများအား မကောင်းမှုကို ရှောင်ကြဉ်ရန်နှင့် ကောင်းမှုကုသိုလ်များပြုလုပ်ရန် အထူးတိုက်တွန်းထားပြီး ကိုယ်ကျင့်တရားပျက်ပြားစေသော သို့မဟုတ် လူမှုရေး ဝတ္တရားအားနည်းစေသော သတ်ဖြတ်ခြင်း ခိုးခြင်း အရက်သေစာသောက်စားကဲ့သို့သော အကုသိုလ်ဒုစရိုက်ကို ပြုလုပ်ခြင်း၌ ထိတ်လန့်စေခြင်းအားဖြင့် အလွန်ပင် အထောက်အပံ့ပြုခဲ့သည်။ ယင်းကဲ့သို့သော သုတ်တော်များကို ရဟန်းတော်များက နတ်ပြည်ရောက်ကြောင်းနှင့် ဒါနနှင့်စပ်သမျှ ရဟန်းတော်များက လူဒါယကာဒါယိကမများအား အထူးပေး ပြန်လည်ဟောပြောလေ့ရှိကြသည်။

အချို့သော သုတ်များသည် လူမှုရေး မြင့်တက်ကောင်းမွန်စေရန် အထူးရည်ရွယ်ထားသည်။ ဥပမာ (ဒီပဝံသ ၂၂၊၄၁။ မဟာဝံသ ၃၆-၂၉) တွင် ဒေဝမထေရ် ဟောကြားတော်မူအပ်သော ဂိလာနသုတ်တော်သည် ဝေါဟာရတိဿမင်းအား နေရာဌာန ၅ ခု (ပဉ္စာဝါသ) တို့တွင် ဆေးနှင့်ဆိုင်သောပစ္စည်းများ (ဆေးပစ္စည်းများ) ဖြန့်ဖြူးရန် အားပေးခဲ့သည်။ ထို့ပြင် (ဒီပဝံသ ၂၁၊၄၂။ မဟာဝံသ- ၃၅။၃၀-၃၂) မှာလည်း တုလာဓာရကျောင်းတိုက်၌ သီတင်းသုံးတော်မူသည့် ဇာတကဘာဏက(ဘုရားဟောကျမ်းစာဇာတ်တော်များနှတ်ငုံဆောင်) မဟာပဒုမ မထေရ် ဟောကြားတော် ကပိလဇာတ်တော်တွင် ပါရှိသည့် လူသားတစ်ယောက်အပေါ် အသက်ဟူသော အကြောင်းကြောင့်ပင် ကိုယ်ကျိုးမဖက် လုပ်ဆောင်မှု အတွေးအမြင်တို့က တွန်းအားပေးလိုက်သည့် ဣလနာဂမင်းသည် တိဿဝါပိနှင့် ဒူရဝါပိ ရေကန်နှစ်လုံးနှင့် ရောဟဏအရပ်ရှိ ကျောင်းတိုက်ကြီးများကို ပြန်လည်ပြုပြင်လှူဒါန်းခဲ့သည်။

နောင်ဘဝအတွက် ယုံကြည်စိတ်ချမှုရစေရန် ကုသိုလ်ကောင်းမှု အမျိုးမျိုး ဖြစ်နိုင်သမျှ ရရှိရေးသည် ဘုရင်မှစ၍ ဆင်းရဲသား တောင်သူလယ်သမားများအထိ လူဝတ်ကြောင်များ၏ ဘာသာရေးဘဝတွင် ငုပ်လျှိုးနေသော ဘာသာတရားရည်ရွယ်ချက် ဖြစ်သည်။ ချမ်းသာခြင်း၊ ကျန်းမာခြင်း၊ လှပခြင်း၊ အသက်ရှည်ခြင်း၊ ပညာကြီးခြင်း၊ ခွန်အားဗလကြီးမားခြင်း၊ အမျိုးမြတ်ခြင်းကဲ့သို့သော လူအများအလိုရှိအပ် တောင့်တအပ်သော ဣဌချမ်းသာ အဖြာဖြာသည် ကုသိုလ်ကံ၏ အကျိုးများ ဖြစ်ကြသည်။ လူအများစုသည် ယင်းပျော်ရွှင်ဖွယ် အခြေအနေများကို ရရှိရေးအတွက် ကောင်းမှုပြုရန်နှင့် လူတော်လူကောင်းဖြစ်ရန် ကြိုးစားခဲ့ကြသည်။ သာမန် အိမ်ယာတည်ထောင် လူဝတ်ကြောင်များအဖို့ အလွန်ကောင်းမွန် စင်ကြယ်သည့် စိတ်ပိုင်းဆိုင်ရာ တိုးတက်အောင်လုပ်ဖို့ထက် ကုသိုလ်ဟု ယူဆထားသည့် ဒါနကဲ့သို့သောအလုပ် ပရဟိတကဲ့သို့သော အလုပ်မျိုးက ပိုမိုလွယ်ကူသည်။

အထူးစိတ်ဝင်စားစရာ ကောင်းသည်မှာ အချို့သော ဒါယကာဒါယိကာမများသည် မိမိတို့ပြုလုပ်ခဲ့သည့် ကုသိုလ်စာရင်းကို ရေးမှတ်ထားသည့် ပုညပေါတ္ထကခေါ် ကုသိုလ်မှတ်တမ်း မှတ်စုစာအုပ်မျိုး ရှိသည်။ ယင်းစာအုပ်မှာ သေခါနီးပုဂ္ဂိုလ်တစ်ယောက်၏ နှလုံးသားကို နှစ်သက်ပီတိ ဖြစ်ကာ ဝမ်းသာစေရန်နှင့် ကောင်းရာသုဂတိဘဝ သေချာရေးအတွက် သူ၏နောက်ဆုံးအာရုံနိမိတ်များ စင်ကြယ်စေရန် သေရာကုဋင်ညောင်စောင်းပေါ်တွင် ဖတ်ပြရန် ရည်ရွယ်ဟန်ရှိသည်။ သို့သော် ရဟန်းတော်များ ထိုကဲ့သို့ ပုညပေါတ္ထကခေါ် ကုသိုလ်မှတ်တမ်း မှတ်စုစာအုပ်မျိုး ရှိသည့် အထောက်အထား သာဓများမတွေ့ရပေ။ ရဟန်းတော်များ၌ မုဌိပေါတ္ထကခေါ်သော စာအုပ်မျိုး ရေးမှတ်သည့် မှတ်စုဒိုင်ယာယီစာအုပ်မျိုး ရှိသည်ကိုမူ တွေ့ရသည်။ ရဟန်းတော်များ၏ ယင်းစာအုပ်မျိုး၌ ဗုဒ္ဓ ဓမ္မဂုဏ်ရည်များကို ရေးသားထားကြပြီး ကုသိုလ်ကောင်းမှု စာရင်းကို ရေးမှတ်သားခြင်း မဟုတ်ကြောင်းကို မဇ္ဈိမအဌကထာ(မ-ဌ၊၁၊ နှာ ၃၉၄) တွင် ပြဆိုထားသည်။ ရဟန်းတော်များသည် မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ လောကုတ္တရာတိုးတက်မှုကိုသာ အထူးစိတ်ဝင်စားကြ၏။ ကုသိုလ်စာရင်းစာအုပ်သည် လူဝတ်ကြောင်ဥပါသကာဥပါသိကာများအဖို့ အဖိုးတန်ရတနာသိုက် သဖွယ်ဖြစ်ငြားသော်လည်း ရဟန်းတော်များအဖို့ ယင်းသည် အသုံးဝင်သော ရည်ရွယ်ချက် မဟုတ်ချေ။ (အံဌ၊၂၊ ၁၀၇။ မဟာဝံသ ၃၂၊ ၂၅၊) မှာ တော့ ဒုဌဂါမဏိမင်းကြီးမှာ သူလှူခဲ့သမျှ ကုသိုလ်စာရင်းစာအုပ် တစ်အုပ်ရှိကြောင်း ဖော်ပြထားသည်။ ယင်းကုသိုလ်စာရင်းကို မင်းကြီး ကွယ်လွန်ခါနီးမှာ လက္ခဏအမည်ရှိ မင်းကြီး၏ ကိုယ်ရေးအရာရှိ ဘဏ္ဍာထိမ်းအမတ်ကြီးက ဖတ်ပြသည်။ ယင်းစာအုပ်၌ မှတ်တမ်းတင်ထားသော ကုသိုလ်ကောင်းမှုများမှာ မဟာစေတီကြီးကဲ့သို့သော စေတီများတည်ထားခြင်း၊ မဟာဝိဟာရကဲ့သို့သော ကျောင်းတိုက်ကြီးများအား လှူဒါန်းခြင်း၊ သံဃာတော်များအား အလှူဒါနပြုလုပ်ခဲ့ခြင်းနှင့် ပွဲလမ်းသဘင်များ ကျင်းပခြင်းများပါဝင်သည်။ ယင်းကုသိုလ်များထဲတွင် ၁၃ နှစ်ကြာ တမီးလ်သူပုန်ဘေးကြောင့် ပုန်းအောင်းနေရစဉ် စားတော်ခေါ်ခါနီး ကောင်းကင်မှ ကြွလာသော ရဟန္တာအရှင်မြတ်အား တစ်နပ်သောဆွမ်းကို ပြေးရင်းလွှားရင်း ခက်ခက်ခဲခဲ လှူဒါန်းလိုက်ရသော ကုသိုလ်ကောင်းမှု မှတ်တမ်းလေးကို ဖတ်ပြသောအခါ မင်းကြီးအဖို့ အလွန်ဝမ်းသာဆုံး အလွန်ကျေနပ်အားအရဆုံး ဖြစ်သည်ဟု ဆိုပါသည်။

(မဟာဝံသ ၃၄၊ ၂-၆) ၌ မဟာစူလိယ မဟာတိဿမင်းသည် နဖူးမှချွေး ခြေမကျသည်အထိ လုပ်အားမှ ရရှိသည့် ပစ္စည်းများဖြင့် လှူဒါန်းမှုမှာ အလွန်ကုသိုလ်ရကြောင်း သိရှိနားလည်သဖြင့် သူကိုယ်တိုင် စပါးခင်းတစ်ခုတွင် အလုပ်သမားယောင် ဟန်ဆောင်၍ အလုပ်လုပ်ပြီး ယင်းလုပ်အားခအဖြစ်ရရှိသည့်ဆန်ဖြင့် မဟာသုမနမထေရ်အား ဆွမ်းလှူဒါန်းဆက်ကပ်သည်။ ထို့ပြင် မင်းကြီးသည် သကြားစက်ရုံတွင် အလုပ်သမားအဖြစ် ဟန်ဆောင်အလုပ်လုပ်ပြီး လုပ်အားခရသည့် သကြားခဲများကို ရဟန်းတော်များအား လှူဒါန်းလေသည်။ မဟာစူလိယ မဟာတိဿမင်း၏ အဓိက ရည်ရွယ်ချက် မဟုတ်သော်လည်း နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်စိုးသူ တစ်ယောက်သည် သာမန် လယ်သမား အလုပ်သမားများနှင့်အတူ လုပ်ခစားအဖြစ် လုပ်သည့် စိတ်ဝင်စားဖွယ်နှင့် မှတ်သားဖွယ် ဗဟုသုတတစ်ရပ် ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပါချေ။ မင်းကြီးသည် ဆင်းရဲသူအများစုနှင့် တသားတည်းရှိပြီး ယင်းတို့နှင့် ပတ်သက်၍ မှတ်သားဖွယ်ရာ ဗဟုသုတကောင်းတစ်ရပ်ကို ရရှိနိုင်ကြပေသည်။

ပထမ သံဃတိဿမင်း(အေဒီ-၃၀၃-၃၀၇) သည် မဟာဒေဝမထေရ် ဟောကြားတော်မူသည့် တရားတစ်ပုဒ်တွင် ယာဂုဆွမ်း လှူဒါန်းမှူ၏ အကျိုးကျေးဇူးကြီးမားပုံကို ကြားသိရပြီးနောက် မင်းကြီးသည် ရဟန်းတော်များအား ယာဂုဆွမ်း နေ့စဉ်လှူဒါန်းနိုင်ရန် မြို့တော်ဂိတ်တံခါးပေါက် လေးခုတို့တွင် သင့်တင့်လျှောက်ပတ် ကောင်းမွန်သည့် ပြင်ဆင်မှုများ ပြုလုပ်စီမံကြောင်းကို ယင်း (မဟာဝံသ ၃၆၊၆၆-၆၉) တွင် ပြဆိုထားသည်။ ယင်းသို့သော ကုသိုလ်မျိုးကို နောင်ဘဝတွင် အလိုရှိအပ်သော အကျိုးတရားများကို ရရှိစေရန်သာမက ဤဘဝမှာလည်း အန္တရာယ်ကင်းမှု ဖြစ်စေရန်လည်း ပြုလုပ်လေ့ ရှိကြသည်။ ဥပမာ ဝသဘမင်း(အေဒီ ၁၂၇-၁၇၁) သည် ဗေဒင်ဆရာက သူ၏မိဖုရားမှာ အသက် ၁၂ နှစ်သာ အသက်ရှည်တော့မည်ဟူသော ဟောပြောချက်ကို ယုံကြည်သည်။ ယင်းဟောကြားချက်ကို မည်သူ့ကိုမျှ မပြောကြားဘဲ အသက်ကို ရှည်စေနိုင်သော နည်းလမ်းကောင်း ရှိမရှိ သံဃာတော်များထံမှ စုံစမ်းမေးမြန်းသည်။ သံဃာတော်များက နည်းလမ်းရှိကြောင်းကို မိန့်ကြားပြီး နည်းလမ်းကို ပြောပြသည်။

ပြောပြကြသည်မှာ ရေစစ်လှူဒါန်းပါ၊(ပရိဿဝနခေါ် ရေစစ်သည် ရဟန်းတော်တို့၏ ပရိက္ခရာရှစ်ပါးတွင်တစ်ပါး အပါဝင်ဖြစ်သည်။ ယင်းရေစစ်ဖြင့် ရေကို စစ်သောက်သဖြင့် ရေထဲမှာပါဖွယ်ရှိသည့် သတ္တဝါတို့၏ အသက် ဘဝကို မပျက်စီးစေရန် အသုံးပြုသဖြင့် အသက်ရှည်ကြောင်း နည်းလမ်းကောင်း ဖြစ်ဟန်ရှိသည်)၊ နေရာထိုင်ခင်း လှူဒါန်းပါ၊ ဂိလာနများကို ပြုစုစောင့်ရှောက်ပါ၊ ပျက်စီးနေသည့် အဆောက်အအုံများကို ပြင်ဆင်ပါ၊ ငါးပါးသီလကို စောင့်ထိန်းပါ၊ ဥပုသ်နေ့များတွင် ရှစ်ပါးသီလကို စောင့်ထိမ်းပါ၊ ယင်းအရာများသည် အသက်ရှည်စေသော တရားများဖြစ်သည်။ ဝသဘမင်းကြီးသည် ယင်းနည်းလမ်းကောင်းများကို လိုသထက်ပိုမိုအောင် အားထုတ်ပြုလုပ်ခဲ့လေသောကြောင့် မင်းကြီးသည် မိဖုရားနှင့်အတူ ၄၄ နှစ် တိုင် ထီးနန်းအုပ်ချုပ်ခဲ့ကြောင်းကို မဟာဝံသ ၃၅၊ ၇၁-၁၀၀ မှာ ဖော်ပြထားပေသည်။

အလွန်ထူးခြားသည်မှာ တစ်ချို့မင်းတို့သည် သာသနာတော်အတွက် ရဟန်းတော်တို့အား နိုင်ငံတော်ကို လှူဒါန်းကြသည်ကို တွေ့ရ၏။ ရဟန်းတော်များသည် လိမ္မာပါးနပ်စွာဖြင့်ပင် မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်ရန်သာ အကြံဥာဏ်ပေးခဲ့ပြီး ဘုရင်မင်းကိုသာလျှင် အမြဲတမ်း ပြန်လည်ပေးအပ်ကြလေသည်။ ဥပမာ သဒ္ဓါတိဿမင်းကြီးသည် သာသနာတော်အား အလွန်ကြည်ညိုတော်မူသောကြောင့် ကာလဗုဒ္ဓရက္ခိတမထေရ်အား နိုင်ငံတော်ကို လှူဒါန်းခဲ့သည်။ မထေရ်မြတ်က " တုမှေဟိ မဟာရာဇ ပသန္နာကာရော ကတော၊ အမှေ ပန အမှာကံ ဒိန္နံ ရဇ္ဇံ တုမှာကံယေဝ ဒေမ၊ ဓမ္မေန သမေန ရဇ္ဇံ ကာရေဟိ မဟာရာဇ၊ " မင်းကြီး သင်သည် ကြည်ညိုနှစ်သက်မှုကို ပြုပေ၏၊ ငါတို့အဖို့မူ ငါတို့အား လှူဒါန်းသည့် မင်းအဖြစ်ကို သင်တို့အားသာလျှင် ပြန်ပေးပါ၏။ တရားသဖြင့် နိုင်ငံတော်ကို အုပ်ချုပ်ပါလော့၊(မ-ဌ၊၂၊ ၁၉၆) မှာ ဆိုထားသည်။ မောဂ္ဂလာနမင်းသည် ထီးဖြူတော်ကို သံဃာတော်အား လှူဒါန်းသော်လည်း ယင်းကို သံဃာတော်များက ပြန်လည် ပေးအပ်ခဲ့သည်။ (ဆတ္တေန သံဃံ ပူဇေမိ၊ သံဃော အေဿဝ နံ အဒါ၊ …မဟာဝံသ ၃၉၊ ၃၁)။

ရဟန်းတော်များသည် ပညာရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာလှုပ်ရှားမှုများမှတစ်ပါး အခြားလူမှုရေးကိစ္စများကို စိတ်ဝင်စားမှုနှင့် ပတ်သက်သည့် ဖော်ပြချက်မျိုး အနည်းငယ်သာ တွေ့ရသည်။ ဤနေရာ၌ ရဟန်းတော်များသည် လူမှုရေး နိုင်ငံရေး ဆောင်ရွက်မှုနှင့် လောကီရေးရာလှုပ်ရှားမှုများကို စိတ်ဝင်စားသင့်ပါသလော့ ဟူသော ကိစ္စနှင့်ပတ်သက်၍ မဇ္ဈိမနိကာယ် အဌကထာ(မ-ဌ၊ ၁၊ ၂၈၈) တွင် ဖြစ်ရပ်တစ်ပိုင်းတစ် အတွေးအမြင်တစ်ခုကို တွေ့ရသည်။ ကျေးရွာတစ်ရွာမှ ဥပါသိကာမတစ်ယောက်သည် စူဠပိဏ္ဍပါတိကတိဿမထေရ်အား နှစ်ပေါင်းများစွာ ကိုးကွယ်ဆည်းကပ်ခဲ့သည်။ တစ်နေ့တွင် ယင်းကျေးရွာကို မီးလောင်ကျွမ်းသောအခေါ အိမ်အများအပြား မီးလောင်ရာတွင် ထိုဒါယိကာမကြီး၏ အိမ်လည်း မီးထဲပါသွားသည်။ ထိုအချိန်တွင် ယင်းကျေးရွာသို့ ခေတ္တအလည်အပတ်ရောက်ရှိလာကြသော အာဂန္တုကရဟန်းအချို့သည် မီးဘေးသင့် ထိုဒါယကာမကြီးအား ကရုဏာသက်စွာဖြင့် တစ်စုံတစ်ရာ သူတို့စုဆောင်းထားကြသော ပစ္စည်းများဖြင့် မီးဘေးသင့် ဒါယကာမကြီးအား မီးဘေးသင့်အကူအညီအဖြစ် ပေးကြသည်။ သို့သော် ခါတိုင်းကြွနေကြ စူဠပိဏ္ဍပါတိကတိဿမထေရ်သည် ထိုကျေးဇူးရှင် ဒါယိကာမကြီး မီးဘေးသင့် ကံဆိုးမိုးမှောင်ကျနေသည့်အချိန်တွင် ကြွရောက်လည်ပတ်ခြင်း မရှိပေ။

ရွာသူရွာသားများက ထိုမထေရ်သည် ဆွမ်းခံချိန်ကျမှ ကြွလာလိမ့်မည်ဖြစ်ကြောင်း မှတ်ချက်ပြုကြသည်။ မထေရ်သည်လည်း နောက်တစ်နေ့ ဆွမ်းစားချိန် အတိကျလောက်တွင် ဒါယိကာမကြီးထံသို့ ပုံမှန်သွားနေကျအတိုင်း သွားပြီး ဆွမ်းခံသည်။ မင်းဘေးသင့်ထားသောကြောင့် အိမ်ပြန်လည် မဆောက်ဖြစ်သေးရကား ဒါယိကာမကြီးသည် အုဌ်နံရံတစ်ခု၏ အရိပ်အောက်၌ ဆွမ်းပြင်ပြီး ထိုမထေရ်အား ဆွမ်းကပ်မြဲတိုင်း ဆွမ်းကပ်လေသည်။ ဆွမ်းကိစ္စပြီးသောအခါ မထေရ်ပြန်ကြွသွားပြီးနောက် ရွာသူရွာသားများက (မီးဘေးကူညီရမည့်အစား မကူညီပါဘဲနှင့်) ဆွမ်းခံ ဆွမ်းစားအတိအကျအချိန်တွင်သာ ကြွလာသောကြောင့် မထေရ်အား လှောင်ပြောင်သရော်ကြ၏။ ဤနေရာတွင် အလွန်ရိုးသားဖြူစင်သည့် အပြစ်မဲ့ရှာသူ ဥပါသိကာမကြီးက ရိုးသားစွာပင် " သင်တို့နှင့် အကျွမ်းဝင်သည့် (ကုလူပက-အိမ်သို့ကြွာလာကြသော)ရဟန်းများမှာ သင်တို့အပေါ် ကောင်းပြီး ကျွန်မကိုးကွယ်သည့် မထေရ်မှာလည်း ကျွန်မအတွက်တော့ အလွန်ကောင်းပါသည် ဟု ပြန်လည် ရှင်းပြလေသည်။

ဤဖြစ်ရပ်ကလေးက အတွေးပေါင်းများစွာ ရှု့ဒေါင့်ပေါင်းများစွာကို မီးမောင်းထိုးပြနေပေသည်။ ဤဖြစ်ရပ်နှင့်ပတ်သက်ပြီး ရဟန်း နှစ်မျိုးအုပ်စု နှစ်မျိုး ခွဲခြားနိုင်သည်။ တစ်မျိုးမှာ မိမိကိုယ်ကို ဘဝသံသရာမှ လွတ်မြောက်ရန်ဟူသော တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် မည်သည့် လူမှုကောင်းကျိုးဆောင်ရွက်မှုမျိုးကိုမျှ စိတ်ဝင်စားခြင်းမရှိဘဲ ကမ္မဌာန်းဘာဝနာ ရှုမှတ်မှုတွင်သာ ဘဝကိုမြှပ်နှံထားကြသည့် ရဟန်းမျိုးဖြစ်သည်။ (ဤကဲ့သို့သော ရဟန်းမျိုးတို့သည် မိမိကိုယ်တိုင်သာ သစ္စာတရားသိကြပြီး ဝေနေယျသတ္တဝါတို့အား သစ္စာတရားသိမြင်ရန် ဟောကြားမှုမရှိသော ပစ္စေကဗုဒ္ဓါဘုရားရှင်တို့၏ လမ်းစဉ်နှင့် အလားသဏ္ဍာန်တူနိုင်ပေသည်)။ အခြားရဟန်းတစ်မျိုးမှာ မိမိတို့၏ ဘဝသံသရာ လွတ်မြောက်မှုအပြင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးတွင် လူအများ၏ ကောင်းကျိုးဆောင်ရွက်မှုကို စိတ်ဝင်စားပုံ ရသည်။ ယင်းသဘောထားသည် ပထမအမျိုးအစားထက် ပိုမိုအကျိုးများပုံ ရပြီး မြတ်ဗုဒ္ဓ၏ စိတ်ထားနှင့်လည်း ညီညွတ်ပုံရပေသည်။ မြတ်ဗုဒ္ဓသည် အခါတစ်ပါး၌ ပြောင်းခင်းတစ်ခုလုံး ရေလွှမ်းမိုးသွား၍ ပျက်စီးသွားသဖြင့် စိတ်မချမ်းမသာ ဖြစ်နေသည့် ရင်းနှီးမှုရှိသည့် ပုဏ္ဏားတစ်ယောက်ထံသွားပြီး အားပေးစကားပြောဆိုဖူးကြောင်းကို (သုတ္တနိပါတအဌကထာ ၂၊ နှာ ၉ မှာ) ဖော်ပြထားပေသည်။ (ထို့ကြောင့် ဤကဲ့သို့သောအုပ်စုဝင် ရဟန်းမျိုးသည် မိမိကိုယ်တိုင်လည်း သစ္စာလေးပါးကို ထိုးထွင်းသိမြင်တော်မူပြီး ဝေနေယျသတ္တဝါတို့ကိုလည်း ပြန်လည်ပြီး သစ္စာတရားကို ဟောကြားတော်မူသော သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့၏ လမ်းစဉ်နှင့် ပိုမိုအလားသဏ္ဍာန်တူပေသည်)။

လူအမျိုးမျိုး စိတ်အထွေထွေရှိသောကြောင့် အထက်ပါ အမျိုးသမီး ဥပါသိကာမ၏ အဖြစ်အပျက်နှင့် ပတ်သက်ပြီး အများ၏ထင်မြင်ယူဆချက်လည်း အမျိုးမျိုးကွဲပြားနိုင်ပါသည်။ ယင်းဥပါသိကာမကြီးကဲ့သို့သော လောကုတ္တရာဘက်သာ စိတ်ဝင်စားသူ လူအချို့သည် အထက်ပါ ဖြစ်ရပ်ကဲ့သို့ စူဠပိဏ္ဍပါတိက တိဿမထေရ်မြတ်၏ သဘောထားမျိုကို ပိုမိုနှစ်သက်ကြပေလိမ့်မည်။ အဌကထာကျမ်းဆရာကိုယ်တိုင်ကပင် ယင်းမထေရ်အား မည်သူ့ကိုမျှ မမှီခိုလွန်းသူ၊ မည်သည့်ကျေးဇူးတင်ခံယူခြင်းမှ မရဘဲ (လောကုတ္တရာအမြင်ဖြင့်) ဆွမ်းကို ရယူသူအဖြစ်ဖြင့် ချီးမွမ်းခန်းဖွင့်ထားသောကြောင့် ထိုမထေရ်ကဲ့သို့ လူဝတ်ကြောင် ဒါယကာဒါယိကမများ အပေါ် ရဟန်းတော်များ၏ ပြုမူဆက်ဆံခြင်းကို နှစ်သက်လက်ခံနိုင်သူများလည်း မြောက်များစွာရှိနိုင်ပေသည်။ သို့သော် ခေတ်သစ်လူအများစုမှာ စူဠပိဏ္ဍပါတိကတိဿမထေရ်၏ သဘောထားကို မနှစ်သက်နိုင်ကြဘဲ လူအများအကျိုးပြု ဆောင်ရွက်သည့် ရဟန်းများကိုသာ ပိုမိုနှစ်သက်ကြဟန်ရှိပါသည်။

ဂိဟီနံ ဥပကရောန္တာနံ ၊ နိစ္စံ အာမိသဒါနတော

ကရောထ ဓမ္မဒါနေန၊ တေသံ ပစ္စယကာရကံ ။

(သဒ္ဓမ္မာလင်္ကာရ-၅၃၂) အရ အာမိသဒါနဖြင့် သင်တို့ကို လှူဒါန်းထောက်ပံ့သော ဥပါသကာ ဥပါသိကာမများအား ဓမ္မဒါနဖြင့် ကျေးဇူးတုံ့ပြန်ကြကုန်လော့ ဟူသော စကားဖြင့် လူပုဂ္ဂိုလ်များအား ဆက်ဆံသင့်ပုံကို အကြံဥာဏ်ပေးထားပေသည်။ ဒီဃနိကာယ် သိင်္ဂါလသုတ်(ဒီ-၃၊ ၁၄၅) မှာ ယင်းယူဆချက်ကို ပိုမို အသေးစိတ် ဖော်ပြထားပေသည်။ ဓမ္မဒါန ဟူသော ဝေါဟာရ၌ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ပေးမှု၊ ပညာပေးမှု၊ ယဉ်ကျေးမှုဆိုင်ရာ ကူညီဆောင်ရွက်မှု အားလုံးကို ထည့်သွင်းနိုင်ပါသည်။ သို့ဖြစ်၍ ရဟန်းတော်များအနေဖြင့် မိမိတို့အပေါ် ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့ပြီး ကြည့်ရှု့အားပေးစောင့်ရှောက်ကြသည့် လူပုဂ္ဂိုလ်များအား စိတ်ပိုင်းလေ့ကျင့်မှု၊ ပညာရေးဆိုင်ရာ အသိဥာဏ်ဖြန့်ဖြူးမှု၊ စသည်များဖြင့် ပြန်လည် ဆောင်ရွက်ပေးကြရမည်မှာ မိမိတို့၏ ကြီးမား မွန်မြတ်သည့် တာဝန်တစ်ရပ် ဖြစ်သည့် ဟု ခံယူသင့်ပေသည်။

အချို့သော ဗုဒ္ဓစာပေလာ ဖြစ်ရပ်အကြောင်းဝတ္ထုများမှ ရဟန်းတော်များ၏ ယေဘုယျ သဘောအတွေးအမြင်များမှာ မိမိတို့ကိုယ်တိုင် မြင့်မြတ်သည့် ဘဝကိုခံယူလျက် အတတ်နိုင်ဆုံး အများကောင်းကျိုး ဆောင်ရွက်နိုင်ရန်ဖြစ်သည်ဟု နားလည်ရ၏။ ရဟန်းတော်များ၏ ဘဝသည် ဘာသာတရားအဆုံးမကို လိုက်နာကျင့်သုံးရာ၌ လူအများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်းအတွက် စံနမူနာကောင်းများ ဖြစ်ကြ၏။ ရဟန်းတော်များသည် သက်သောင့်သက်သာ အတိုင်းတာဖြင့် လူများက လှူဒါန်းသည့် အဖိုးတန် အလှူပစ္စည်းများကို ထိုက်တန်သူ ဖြစ်ရမည်ဟု ခံယူကြ၏။ သို့တစေ လိုအပ်သည့်အချိန်၌မူ လူဝတ်ကြောင် မိဘများအား ဓမ္မဒါနဖြင့်သာမက အာမိသဒါန(ပစ္စည်းဝတ္ထု ပေးကမ်းမှု)များဖြင့်လည်း ပြုစုစောင့်ရှောက်ရန် မြတ်ဗုဒ္ဓက ရဟန်းတော်များအား ညွှန်ကြားထားတော်မူခဲ့လေသည်။ (ဝိ-ဌ၊ ၂၊ ၆၈)။ ထိုနည်းအတူ သာသနဝန်ထမ်း ရဟန်းတော်တို့သည် နောက်ဆုံး အရဟတ္တဖိုလ် ရမည်ဖြစ်စေကာမူ မိဘကိုလုပ်ကျွေးဖို့ တာဝန်ရှိသေးပါလျှင် ယင်းအရဟတ္တဖိုလ်ကို မယူပါနှင့်ဦး၊ မိဘကိုသာ လုပ်ကျွေးပါဦးဟု လောကီသက္ကဋကျမ်းများ၌ ပြဆိုထားသည်ကို လေ့လာမှတ်သားရပါတော့သည်။

မေတ္တာဖြင့်

အရှင်သုတာစာရာလင်္ကရ(မေ့သားလှ-ဇလဂ္ဂ)

၁၅-၄-၂၀၁၂

၁၃၇၃ခု၊ တန်ခူးလပြည့်ကျော်(၈) ရက်

သင်္ကြန်အကြတ်နေ့(တနင်္ဂနွေနေ့)

ခေတ္တ အိန္ဒိယနိုင်ငံ နာလန္ဒာတက္ကသိုလ်