" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Saturday, April 28, 2012

ရှေးဟောင်း ဗုဒ္ဓဘာသာပညာရေး(ဒုတိယပိုင်း)


ပညာသင်ကြားခြင်း၏ ရည်ရွယ်ချက်မှာ ကိုယ်ကျင့်တရားနှင့် စိတ်ပိုင်း အကျင့်စာရိတ္တ ပိုမိုတိုးတက်မြင့်မားရေး ဖြစ်သည်။ ယင်းရည်ရွည်ချက်မပါသည့် စာပေသင်ကြားမှုသည့် အကျိုးမရှိဟု ယူဆ၏။ အကယ်၍ ပုဂ္ဂိုလ်တစ်ယောက်သည် ရုပ်ပိုင်းဘဝ အကျိုးအမြတ်ရရှိရေးအတွက် ရည်ရွယ်ချက်ဖြင့် ဘာသာတရားကို သင်ကြားလေ့လာပြီး ကိုယ်ကျင့်တရားနှင့် စိတ်ပိုင်းဆိုင်ရာ အကျင့်စာရိတ္တတိုးတက်မှုအတွက် ရည်ရွယ်ချက်မပါလျှင် စာပေသင်ကြားပြီး အချိန်ဖြုန်း နေခြင်းထက် အိပ်နေခြင်းက ပိုမိုကောင်းသေးသည် ဟု မဇ္ဈိမနိကာယအဌကထာ(မ-ဌ၊၂၊ ၁၃) တွင် မှတ်ချက်ပြုထား၏။ ထို့ကြောင့် စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ ဆရာတော်ကြီးကလည်း " စာပေလည်းသင်၊ အကျင့်ပြင်၊ မြှင့်တင်သာသနာ၊ စာပေတတ်သိ၊ စိတ်ကောင်းရှိ၊ လို၏ သာသနာ " ဟု စာသင်သား သံဃာတော်တို့အား မကြာခဏ ဆုံးမသြဝါဒပေးတော်မူခဲ၏။
တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးကလည်း အသိသည် အသိသာ၊ ကိုယ်ကျင့်မဟုတ်၊ သိတိုင်းမကျင့်လျှင် သိနေရုံဖြင့် အကျိုးမရ၊ ကျမ်းစာတို့သည် သိအောင်ညွှန်ပြနိုင်၏။ ကျင့်၍ မပေးနိုင်ကြ။ ယခုကာလ စာပေလိုက်စားသူ အဆုံးအမများများ ခံရသူတို့သည် အသိမနည်းလှချေ။ သို့သော် ထိုသိသူများတွင် အထိုက်အလျှောက် စောင့်စည်းသူ သတိထားသူကား အလွန်နည်းလှ၏။ ထိုကဲ့သို့ လူတွေပေါများနေသော ဤလောကကြီးဝယ် လူကောင်းသူကောင်းများပင် စိတ်ကောင်းထားဖို့ ခဲယဉ်းလေတော့သည်ဟု ဆုံးမတော်မူခဲ့၏ ။
ဆရာတစ်ယောက်၏ တာဝန်မှာ တပည့်အပေါ်စာပေသင်ကြားပေးရုံသာမက မိမိတပည့်၏ သီလပိုင်းဆိုင်ရာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်ရေးအတွက် စောင့်ရှောက်ပေးရန်လည်း ဖြစ်သည်။ ကာလဒီဃဝါပိဒွါရ ကျောင်းတိုက်နေ မဟာထေရ်တစ်ပါးသည် စာသင်သားထံမှ ရွာတွင်းသို့ မသွားပါဟူသော ကတိတစ်ခုကို မရမချင်း မိမိ၏ တပည့်စာသင်သားတစ်ဦးအဖြစ် လက်မခံခဲ့ပေ။ ။ ဆရာရှင်သသည် စာသင်သား ရဟန်းပျိုအား စာသင်ချိန်တွင် လွတ်လပ်စွာ သွားလာခွင့်ကို ပေးခဲ့လျှင် အမျိုးသမီးများ၏ ဖြားယောင်းမှု သားကောင် ဖြစ်သွားမည်ကို စိုးရိမ်ကြောင်းကို (မ-ဌ၊ ၂၊ ၅၀ မှာ) ဖော်ပြထား၏။ ထို့ပြင် (မ-ဌ၊၂ ၊ ၁၉၄) မှာလည်း ကျော်ကြားထင်ရှားသည့် ကာလဗုဒ္ဓရက္ခိတမထေရ်သည် ပညာသင်ကြားမှုကိစ္စ ပြီးဆုံးပြီးနောက် မိမိသီတင်းသုံးသည့် ကျောင်းတိုက်သို့ ပြန်ရောက်သောအခါ ထိုအရှင်မြတ်၏ ဥပဇ္ဈယ်ဆရာသည် ပရိယတ်သက်သက်ဖြင့် ပညာသင်ကြားမှု မလုံလောက်သေးဘဲ စိတ်ဓာတ်ပိုမို ရင့်ကျက်စေရန် ကမ္မဌာန်းတရားကို ကြိုးစားအားထုတ်သင့်သေးကြောင်းကို သူ့တပည့်အား မိန့်တော်မူသည်။

ပညာလို ပမာသူဖုန်းစား ဆိုသကဲ့သို့ ပညာကို မည်သူထံမှဟု ခွဲခြားမှု မရှိဘဲ ရယူလေ့လာ သင့်ကြောင်းကို အောက်ပါ သမိုင်းဖြစ်စဉ်ကလေးက မီးမောင်းထိုးပြနေ၏။ သီဟိုဠ်(သီရိလင်္ကာနိုင်ငံ) တွင် ဗြာဟ္မဏတိဿ သူပုန်ဘေးကြီး ကျရောက်နေစဉ်အတွင်းက မဟာနိဒ္ဒေသပါဠိတော်ကို သီလမစင်ကြယ်သော ရဟန်းဘဝဖြင့် နေထိုင်သော ရဟန်းတစ်ပါးသာလျှင် (ပါရာဇိကကျသည့် ရဟန်းသာလျှင်) နှတ်ငုံဆောင်ထားနိုင်၏။ အခြားမည့်သည့် ရဟန်းမှ ယင်းပါဠိတော်ကို အာဂုံမဆောင်ထားမှု မရှိခဲ့ပေ။ ယင်း သီလမစင်ကြယ်သည့်  ရဟန်းအထံမှ မဟာနိဒ္ဒေသပါဠိတော်ကို သင်ယူရန် မဟာရက္ခိတ တိဿမထေရ်အား ပါဠိတော်ပျောက်ကွယ်သွားမည်စိုးသောကြောင့် တစ်ခြားရဟန်းတော်များက ခက်ခဲ့စွာ တောင်းပန်ခဲ့ရသည်။ မဟာရက္ခိတ တိဿမထေရ်သည်လည်း ထိုသီလမစင်ကြယ်သည့် ရဟန်းထံမှ သင်ယူရန် အလိုမရှိသော်လည်း ယင်းသီလမစင်ကြယ်သည့် ရဟန်းသာလျှင် သီဟိုဠ်မှာ မဟာနိဒ္ဒေသပါဠိကို အာဂုံဆောင်ထားသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သောကြောင့် သင်ယူရန်သဘောတူခဲ့ပေသည်။ အကယ်၍ မဟာရက္ခိတ တိဿမထေရ်သည် မာနခံလျှက် ယင်းပါဠိတော်ကို မသင်ယူခဲ့ပါလျှင် ယင်းသီလမစင်ကြယ်သည့် ရဟန်းယုတ် ပျံလွန်သွားပါက ယင်းပါဠိတော်လည်း လုံးဝပျောက်ဆုံးသွားပေလိမ့်မည်။ ဤဖြစ်ရပ်ကို ထောက်လျှင် ကိုယ်ကျင့်ပျက်ပြားသည့် ပညာရေးမှာ သီလမစင်ကြယ်သည့် ဆရာထံမှ မည်သူမျှ ပညာမသင်ယူချင်လောက်အောင်ပင် ဂုဏ်သိမ်ငယ်မှု ရှိကြောင်းကိုလည်းကောင်း၊ တကယ်လိုအပ်လာပါက ပညာကို မည်သူမည်ဝါထံမှ ဟု ခွဲခြားမှု မပြုတော့ဘဲ လိုအပ်သည့် ပန်းတိုင်ရောက်ဖို့ မိမိမာနကို ခဝါချလျှက် သူဖုန်းစားပမာ လိုအပ်သည့်ပညာ ရရာပညာကို ဆက်လက်သင်ယူသင့်ကြောင်းကိုလည်းကောင်း သင်္ခန်းစာတစ်ရပ်အဖြစ် ထုတ်ယူနိုင်ပါသည်။ ။

ပညာသင်ကြားမှုသည် ရဟန်းတော်များ၏ လက်တွင်ရှိသောကြောင့် ယင်းပညာရေးသည် အခြေခံအားဖြင့် ဘာသာရေးနှင့် ပတ်သက်ဆက်နွယ်နေသည်မှာတော့ သဘာဝပင် ဖြစ်သည်။ ထိုရှေးခေတ်က ဘာသာရေးစာပေ မတတ်ကျွမ်းသူအား ယဉ်ကျေးသိမ်မွေ့သူဟု မယူဆခဲ့ကြပေ။ ဗုဒ္ဓဝါဒရေးရာ ဘာသာရေး ဗဟုသုတ ကြွယ်ဝမှုသည် ရဟန်းဖြစ်စေ၊ လူဖြစ်ေ၏ လိမ္မာယဉ်ကျေးသူ တစ်ယောက်ဖြစ်ဖို့ အဓိကအရေးပါလှသည်။ ဗုဒ္ဓဝါဒဆိုင်ရာ အထွေထွေဗဟုသုတရှိမှုကို နိုင်ငံ၏သားကောင်းများ ဖြစ်လာရေးအတွက် အထူးလိုအပ်သည်ဟု ယူဆခဲ့ကြသည်။ ထို့ကြောင့် ရဟန်းတော်များအား အားပေးထောက်ပံ့ကြလျှက် ဓမ္မကို နာကြားရန် ဘုရင်များမှစ၍ ပြည်သူလူထုပါ အားတက်သရော ဆောင်ရွက်ခဲ့ကြ၏။

ရှေးခေတ် ဗုဒ္ဓဘာသာပညာရေး၌ ဘာသာရပ်ဆိုင်ရာ အထူးပြုလေ့လာသင်ကြားမှုအတွက် ဗုဒ္ဓဓမ္မရေးရာ ဘာသာရပ်ခွဲတစ်ခုတွင် အထူးပြုလေ့လာထားကြသည့် အုပ်စု(ဂိုဏ်းများ) ရှိကြ၏။ ဥပမာ သုတ္တန္တိက ဂိုဏ်းမှာ သုတ္တန်ပိဋကတ်ကို အထူးပြုလေ့လာသင်ယူထားကြသည့် ရဟန်းအုပ်စုဖြစ်ပြီး အာဘိဓမ္မိကဂိုဏ်းမှာ အဘိဓမ္မာပိဋကတ်ကို အထူးပြုလေ့လာသူများ ဖြစ်ကြ၏။ (ဝိသုဒ္ဓိမဂ်- ၁၊ ၉၀)။ ထို့အတူ အချို့ဆရာများများနှင့် စာသင်သားတပည့်များမှာ နိကာယ်ငါးရပ်လုံးကို အထူးပြုလေ့လာကြပြီး မဇ္ဈိမနိကာယ် အဌကထာတွင် ထိုရဟန်းတော်များသည် ဂေဟသိတပေမဖြင့် မိမိတို့ အထူးပြု လေ့လာဆည်းပူးထားသည့် ပို့ချစဉ် အထူးစုစည်းမှတ်သားချက်များကို မြဲမြံစွာ ဆုပ်ကိုင်ထားကြောင်းကို (အံ-ဌ၊၁၊ ၃၄။ ဒီ-ဌ၊ ၂၊ ၃၁၉ တွင်) ပြဆိုထားသည်။ ထို့အတူပင် သက်ဆိုင်ရာ နိကာယ်များကို အထူးကျွမ်းကျင်သူများအဖြစ် ယူဆခံရသည့် ဒီဃဘာဏက၊ မဇ္ဈိမဘာဏက၊ အင်္ဂုတ္တရဘာဏက၊ သံယုတ္တဘာဏက အနေဖြင့် ထင်ရှားသည့် မထေရ်များအကြောင်းကို တွေ့ရသည်။ တစ်ခါတစ်ရံတွင် စတုနိကာယ ဘာဏက(နိကာယ်လေးပုံဆောင်) တိဿမထေရ်တို့ကဲ့သို့သော ကျော်ကြားသည့် ရဟန်းတော်များကိုလည်းကောင်း(အံ-ဌ၊၂၊၇၄)၊ မဟာပဒုမမထေရ်ကဲ့သို့ ဇာတကဘာဏက(ဘုရားဟောဇာတ်တော်တွေမှာ) အထူးကျွမ်းကြသည့် မထေရ်များကိုလည်းကောင်း(မဟာဝံသ- ၃၅-၃၀) တွေ့ရပေသည်။  တစ်ခါတစ်ရံတွင် ဓမ္မပဒဘာဏကမထေရ်များကိုလည်း သီးခြားအထူးပြုလေ့လာသူများအနေဖြင့် ဖော်ပြထားသေး၏။ (ဓမ္မပဒ-ဌ၊၂၊ ၆၀၀)။ ။

သမန္တပါသာဒိကာအဌကထာ(ဝိ-ဌ၊ ၂၊ ၅၄) တွင် အကြားအမြင်ဗဟုသုတ ရှိမှုနှင့်ပတ်သက်၍ အဆင့်သုံးမျိုး( ဗဟုဿုတော နာမ တိဝိဓော) ကို ပြဆိုထား၏။ ယင်းသုံးမျိုးကို အခြေခံအဆင့်ရှိ ဗဟုသုတရဟန်း၊ အလယ်တန်းအဆင့်ရှိ ဗဟုသုတရဟန်း နှင့် နောက်ဆုံးအဆင့်မြင့် ဗဟုသုတရှိ ရဟန်း ဟု သုံးမျိုးကို ဖော်ပြထား၏။
ပထမအခြခံအဆင့် ရဟန်းအနေဖြင့် ရဟန်းပြုပြီး ငါးဝါရပြီးသူ နိဿယမုစ္စက(ဥပဇ္ဈယ်ဆရာထံမှ နိဿယျည်း ကင်းလွတ်သည့် ရဟန်း) သည် အနည်းဆုံး ဒွေမာတိကာကို အာဂုံဆောင်နိုင်ရမည်ဖြစ်ပြီး ဥပုသ်နေ့များတွင် တရားဟောနိုင်ရန် သုတ္တန်ပိဋကတ်မှ လေးဘာဏဝါရ တတ်မြောက်ရမည် ဖြစ်သည်။ လာရောက် ဖူးမျှောသူများအား တရားဟောကြားရန် အန္ဓကဝိန္ဒသုတ်၊ မဟာရာဟုလောဝါဒသုတ်နှင့် အမ္ဗဌသုတ်ကဲ့သို့သော သုတ္တန်များ၊ အထူးအခန်းအနားများ၌ ဝမ်းမြောက်စကား ပြောကြားရန် အနုမောဒနာ သုံးသုတ်၊ ဥပုသ်ပဝါရဏာကဲ့သို့သော အခြေခံ ဝိနည်းကံများအကြောင်းနှင့် ရဟန္တာအဖြစ်ကို ရရှိစေနိုင်သည့် ကမ္မဌာန်းတရားများကို ပေးတတ်ရမည်ဖြစ်၏။ ပထမဆင့် ဗဟုသုတရှိသူအဖြစ်ဖြင့် ဖော်ပြခံရသော ရဟန်းတော်သည် ဖော်ပြပါ အကြောင်းအရာ အားလုံးကို သင်ကြားတတ်မြောက်ထားရမည်ဖြစ်ပြီး ယင်းသို့တတ်မြောက်ပါမှ အမှီအခိုမရှိဘဲ လွတ်လပ်စွာ သွားလာနေနိုင်ပေသည်။

ဆယ်ဝါရပြီးသူ ပရိသုပဌာက( ပရိတ်သတ်လက်ခံမွေးပြီးနေထိုင်နိုင်သူ) ဟုခေါ်သည့် ဒုတိယဗဟုသုတအဆင့်ရှိ ရဟန်းသည် ဝိနည်းပါဠိတော်မှ အနည်းဆုံး ဥဘတောဝိဘင်္ဂ(ပါရာဇိကဏ္ဍနှင့် ပါစိတ္တိယကဏ္ဍ) ကို နှတက်တက်အာဂုံ ဆောင်နိုင်ရသူဖြစ်ရမည်။ အကယ်၍ ယင်းကိုမဆောင်နိုင်လျှင် အထက်ဖော်ပြပြီး သုတ္တန်သုံးခုအပြင် နောက်ထပ် သုတ္တန်သုံးခုကိုပါ အာဂုံဆောင်ထားနိုင်ရမည်ဖြစ်သည်။ ဝိနည်းကံများအပြင် ခန္ဓကဝတ်များကိုလည်း သိနားလည်ထားရမည်။ အကယ်၍ ထိုဒုတိယအဆင့် ရဟန်းသည် မဇ္ဈိမဘာဏက(မဇ္ဈိမနိကာယ်ဆောင်) ဖြစ်လျှင် ယင်းမဇ္ဈိမနိကာယ်မှ မူလပဏ္ဏာသ(ပထမဆုံးသုတ္တန်ပေါင်း ၅၀) ကို သိနည်းလည်ရမည်။ ဒီဃဘာဏက (ဒီဃနိကာယ်ဆောင်) ဖြစ်လျှင် ယင်းနိကာယ်မှ မဟာဝဂ္ဂ(ဒုတိယ ၁၀ သုတ်)၊ သံယုတ္တဘာဏက( သံယုတ္တနိကာယ်ဆောင်) ဖြစ်လျှင် ယင်းနိကာယ်မှ မဟာဝဂ္ဂပါဠိတော်မှ ပထမသုံးကဏ္ဍ၊ အင်္ဂုတ္တရနိကယယ်ဆောင်ဖြစ်လျှင် အင်္ဂုတ္တရနိကာယ်မှ သုံးပုံတစ်ပုံ သို့မဟုတ် နှစ်ပုံ တစ်ပုံ၊ အကယ်၍ ယင်းကို မဆောင်နိုင်လျှင် အစမှ တိကနိပါတ်အဆုံးထိ တတ်မြောက်ရမည် ဖြစ်ပေသည်။ မဟာပစ္စရိအဌကထာ အဆိုအရ အကယ်၍ ဘာဏက(နိကယ်ဆောင် အရှင်မြတ်) သည် နိပါတ်တစ်ခုမျှကိုသာ သင်ယူမူ စတုက္ကနိပါတ၊ ပဉ္စကနိပါတ စသည်ကို ရွှေးချယ်သင်ယူ တတ်မြောက်ထားရမည် ဖြစ်ကြောင်းပြဆိုထားသေး၏။ ဇာတကဘာဏက (ဘုရားဟောဇာတ်တော်ဆောင်) အရှင်မြတ်သည် အဌကထာနှင့်တကွ ဇာတကပါဠိတော်တစ်ခုလုံးကို အယုတ်အလျှော့မရှိ တတ်မြောက်ရမည်ဖြစ်သည်။ ရဟန်းတစ်ပါးသည်  အထက်ဖော်ပြခဲ့ပြီး ကျမ်းဂန်များ တတ်မြောက်ပါလျှင် ထိုရဟန်းအား ကောင်းစွာ သင်ကြားတတ်မြောက်ပြီးသူ သို့မဟုတ် အကြားအမြင်ဗဟုသုတများသူအဖြစ် ယူဆခံရလျှက် ပရိတ်သတ်အား တရားဟောကြားရန် အရည်အချင်းပြည့်မီသူ ဖြစ်သည်။ ထိုရဟန်းမျိုးသည် အလိုရှိရာ အရပ်သို့ လွတ်လပ်စွာသွားရောက်နိုင်ပြီး ဒိသာပါမ္ခော(အရပ်လေးမျာက်နှာရှိ သူတို့၏ ခေါင်းဆောင်) အဖြစ် ပြုလုပ်နိုင်သည်။

ဘိက္ခုနောဝါဒက (ဘိက္ခုနီတို့အား အဆုံးမသြဝါဒပေးပိုင်ခွင့်ရှိသည့်) အဆင့်မြင့်ရဟန်းတော်သည် ပိဋကတ်သုံးပုံကို အဌကထာနှင့်တကွ တတ်မြောက်ရမည်ဖြစ်သည်။ ပိဋကတ်သုံးပုံလုံး၏ အဌကထာအားလုံးကို မစွမ်းနိုင်လျှင် နိကာယ်လေးခုမှ(နိကာယ်ငါးခုမှ ခုဒ္ဒကနိကာယ်ပါဝင်ဟန်မတူ) နိကာယ်တစ်ခု၏ အဌကထာကျမ်းများကို ပိုင်နိုင်ရမည်ဖြစ်သည်။ နိကာယ်တစ်ခု ပိုင်နိုင်ကျွမ်းကျင်ပါလျှင် အခြားနိကာယ်များကို ရှင်းပြပေးနိုင်သည်။ အဘိဓမ္မာ ခုနစ်ကျမ်းအနက် လေးကျမ်း၏ အဖွင့်ကျမ်းများကို တတ်ကျွမ်းထားရမည် ဖြစ်သည်။ အကြောင်းကား ယင်းသို့ အဘိဓမ္မာအဖွင့်လေးကျမ်းလောက်တတ်ထားလျှင် ကျန်အဘိဓမ္မာကျမ်းများကိုပါ နားလည်နိုင် ရှင်းပြပေးနိုင်သောကြောင့်ဖြစ်ပေသည်။ ဝိနယပိဋကတစ်ခုလုံးကိုလည်း အဌကထာနှင့်တကွ ပိုင်နိုင်ကျွမ်းကျင်ထားရမည်။ အကယ်၍ ယင်းရဟန်းတော်သည် အထက်ပါအားလုံးကို တတ်ကျွမ်းပါလျှင် ဘိက္ခုနီတို့အား အဆုံးအမသြဝါဒ ပေးရန်အဆင့်မီသူ အဆင့်မြင့် ဗဟုသုတကြွယ်ဝသည့် ရဟန်းဖြစ်ပေသည်။ ။ မြတ်စွာဘုရားရှင်ကိုယ်တိုင်က ပရိယတ္တဗဟုသုကြွယ်ဝသည့် ရဟန်းကို ဘုရားလေးမျိုး (ဗုဒ္ဓလေးမျိုး)(သမ္မာသမ္ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ စတုအရိယသစ္စဗုဒ္ဓ၊ သုတဗုဒ္ဓ) တို့တွင်သုတဗုဒ္ဓအဖြစ်ဖြင့် ချီးကျူးဂုဏ်ပြုထားကြောင်းကို စုန္ဒမထေရ်အား ဟောကြားခဲ့ပေသည်။

ရှေးဟောင်းဗုဒ္ဓဘာသာပညာရေးတွင် လွတ်လပ်စွာ ဆွေးနွေးမှုသည့် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ပေသည်။ တပည့်ရဟန်းတစ်ပါးသည် မိမိဆရာနှင့် အယူအဆသဘောထားကွဲလွဲနိုင်ပြီး ယင်းကွဲလွဲချက်ကို ဆရာအရှင်က ပြစ်တင်မှု မရှိဘဲ တစ်စုံတစ်ခုသော အတိုင်းအတာအထိ ပြန်လည်နွေးနွေးလျက် မိမိတပည့် တင်ပြဆွေးနွေးချက်ကို မှန်သည်ဟု ဆရာရှင်အနေဖြင့် ယုံကြည်ပါလျှင် တင်းမာစွာဆုတ်ကိုင်ထားခြင်းမရှိဘဲ တပည့်၏အယူအဆကို လက်ခံရပေသည်။ ဆရာထက်ဥာဏ်စွမ်းထက်မြက်သော တပည့်များလည်း ရှိသည်ကို သတိပြုရပေမည်။ ပိဋကသုံးပုံတွင် ဆရာတပည့်နှစ်ပါးလုံး အထူးကျွမ်းကျင်တော်မူကြသည့် တိပိဋကစူဠသောမမထေရ်နှင့် သူ၏တပည့် တိပိဋကစူဠနာဂ မထေရ်နှစ်ပါးသည် သတိပဌာန်သုတ်လာ ဧကာယနမဂ္ဂ(တစ်ကြာင်းတည်းသောလမ်း) ဟူသော ဝေါဟာရနှင့်ပတ်သင်ပြီး ဆရာတပည့်အတွေးအမြင်အယူအဆ ကွဲပြားကြပေ၏။ ဆရာအရှင်မြတ်က ပြဿနာကို နက်ရှိုင်းစွာ တွေးတောသုံးသပ်ပြီး နောက်ပိုင်းတွင်မှ မိမိတပည့်၏ အယူအဆမှန်ကန်ကြောင်းကို သိမြင်သွားပေသည်။ ဆရာရှင် တိပိဋကစူဠသောမမထေရ်သည် တပည့်ဖြစ်သူ တိပိဋက စူဠနာဂမထေရ်၏ မှန်ကန်စွာ သုံးသပ်ယူဆထားသည့် ဟောပြောပို့ချချက်ကို နာယူရန် အစည်းဝေးရောက်ရှိလာကြသည့် ပရိသတ်၏ ရှေ့မှောက်၌ မိမိတပည့်၏ အယူအဆကို လက်ခံခဲ့ကြောင်း (ဒီ၊ဌ၊၂၊ ၃၃၇။ မ-ဌ၊ ၁၊ ၂၃၆-၂၃၇ တွင်) ဖော်ပြထားပေသည်။

မိမိ၏ အသိပညာအတွက် မိမိကိုယ်ကိုနှိမ့်ချခြင်းနှင့် မဝင့်ဝါခြင်းကို ကြီးမြတ်သော ပညာရှင်၏ သင်္ကေတအဖြစ် ယူဆအပ်ပေသည်။ ဥပမာ အလွန်ထင်ရှား ကျော်ကြားသည့် ပညာရှင် ရောဟဏအရပ်ရှိ တုလာဓာရကျောင်းတိုက်မှ ဓမ္မရက္ခိတမထေရ်သည် မဟာဝိဟာရကျောင်းတိုက်မှ တိပိဋကစူဠာဘယမထေရ်အား စာပေသင်ကြားပေး၏။ ဆရာသည် တပည့်ထက် ပိဋကတ်ကျွမ်းကျင်သော်လည်း ပုထုဇဉ်အဆင့်ပင် ရှိသေး၏။ ထိုအချိန် တပည့်က သောတာပန် အဆင့်ဖြစ်နေ၏။ ဆရာသည် တပည့်အား စာသင်ကြားပေးပြီးနောက် မိမိတပည့်၏ခြေရင်း ဖျာပေါ်တွင် ထိုင်လျှက် ကမ္မဌာန်းတရားပေးပါရန် လျှောက်ထား၏ " အရှင်ဘုရား၊ တပည့်တော်က အရှင်ဘုရားထံမှာ သင်ယူခဲ့သည်မဟုတ်ပါလား၊ အရှင်ဘုရားက တစ်စုံတရာမသိလို့ပါဟု ဆိုလာတော့ တပည့်တော်က မည်သို့လျှောက်ထားရပါမည်(ဘယ်လိုပြောရပါမည်နည်း) " ဟု တပည့်ဖြစ်သူက လျှောက်ထားလေ၏။ ဆရာဖြစ်သူက " သို့ရာတွင် အရှင်ဘုရား၊ ထိုးထွင်းသိမြင်မှု လမ်းစဉ်မှာ အတော်အတန် ခြားနားသောအရာ ဖြစ်ပါသည်" ဟု ဆရာအရှင်က မိန့်ကြားလေသည်။ သောတာပန်အဆင့် တပည့်ဖြစ်သူသည် ပုထုဇဉ်ဆရာရှင်၏ ဆိုလိုချက်ကို နားလည်သွားပြီး ကမ္မဌာန်းတရားပေးလေ၏။ ဆရာရှင်သည် တပည့်ဖြစ်သူ ပေးသည့် ကမ္မဌာန်းတရားဖြင့်ပင် ရဟန္တာဖြစ်သွားသည်ဟု ((ဝိသုဒ္ဓိမဂ်၊ ၁၊ ၉၂ တွင်) ဆို၏။ ထို့အပြင် ယင်းဝိသုဒ္ဓိမဂ်(၂၊ ၂၇၀) မှာပင် ပညာရှင် ဥစ္စဝါလိကာရုံကျောင်းတိုက်နေ မဟာနာဂမထေရ်သည်လည်း မိမိတပည့်ဖြစ်သူ၏ တလင်္ဂရကျောင်းတိုက်နေ ဓမ္မရက္ခိတမထေရ်၏ ခြေရင်း၌ ဆောင့်ကြောင့်ထိုင်ပြီး ကမ္မဌာန်းတရားကို တောင်းကြောင်း ပြဆိုထား၏။ မြတ်ဗုဒ္ဓလက်ထက်ကလည်း ပိဋကမာန ခံနေသော ပေါဌိလရဟန်းတော်သည် နောက်ဆုံး ကိုရင်လေးပေးသည့် ကမ္မဌာန်းတရားဖြင့် ရဟန္တာဖြစ်သွားပေသည်။ အချုပ်ဆိုရလျှင် ရှေးဟောင်းဗုဒ္ဓဘာသာပညာရေးသည် ရဟန်းတော်များလက်တွင် ရှိကြပြီး မိမိတို့လိုအပ်သည့် ပညာကိုရရှိရန် မာနကို ခဝါချကာ လေ့လာသင်ယူသင့်ကြပြီး အကျင့်စာရိတ္တတရားပိုမိုကောင်းမွန်သော ပညာသင်ကြားမှု ဖြစ်သင့်ကြောင်း စာရေးသူကြည့်ရှု့လေ့လာမှတ်သားမိသည့်  ပိဋကစာပေအကြောင်းလေးများက မီးမောင်းထိုးပြနေကြောင်း တင်ပြအပ်ပါသည်။

မေတ္တာဖြင့်
အရှင်သုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)
ခေတ္တ- နာလန္ဒာတက္ကသိုလ်၊ အိန္ဒိယနိုင်ငံ
၂၉-၀၄-၂၀၁၂

No comments:

Post a Comment