၁။ မိုင်ပေါင်းသိန်းသန်း၊ ခရီးလမ်း၊ ခြေတစ်လှမ်းက
စခဲ့တယ်။
၂။ အိုင်ဗွက်ချောင်းကန်၊ ရေပြည့်လျှံမောက်၊
မိုးတစ်ပေါက်က စခဲ့တယ်။
၃။ စုံမြိုင်တောခွင်၊ စိမ်းစိုလွင်၊ သစ်တစ်ပင်က၊စခဲ့တယ်။
၎။ သိန်းသန်းကုဋေစု၊ ပွားတိုးမှု၊ အရင်းနှီးတစ်ခုက၊
စခဲ့တယ်။
၅။ သောကထောင်စု၊ လွမ်းဆွေးမှု၊ အချစ်တစ်ခုက၊
စခဲ့တယ်။
၆။ သံသရာပြတ်မှု၊ တရားရှု့၊ အသိတစ်ခုက စခဲ့တယ်။
၁။ မိုင်ပေါင်းသိန်းသန်း၊
ခရီးလမ်း၊ ခြေတစ်လှမ်းက စခဲ့တယ်။
မည်သည့်အရာမဆို လောက၌ အစပျိုးမှု ရှိစမြဲပင်။
ဖြစ်ထွန်းကြီးပွားတိုးတက်မှု မှန်မျှ အကြာင်းအရာတစ်ခုက စတင်ခဲ့ရ၏။ မာရသွန်အပြေသမား၊
တောင်တက်သမားတို့သည် မိုင်ပေါင်းများစွာ ခရီးနှင်နိုင်ခဲ့ကြ၏။ သံသရာခရီးသွား ပုထုဇဉ်များတို့သည်လည်း
သံသရာခရီး မိုင်ပေါင်း များစွာ မရေတွက်နိုင်အောင် လျှောက်ခဲ့ရသည်။ လျှောက်နေဆဲ၊ သံသရာမပြတ်သေးသမျှ
ဆက်လက် မိုင်းပေါင်းများစွာ လျှောက်လှမ်းရပေဦးမည်။ ထိုလျှောက်လှမ်းခဲ့မျှ မိုင်ပေါင်းများစွာသော
ခရီးအားလုံး ခြေတစ်လှမ်းက စတင်ခဲ့ခြင်း ဖြစ်၏။ အနောက်တိုင်းဆိုရိုးစကားမှာလည်း
Thousands of miles of journey began with one step ဟု ဖတ်ရဖူး၏။ အထက်ပါစကားရပ်လေးများသည်
စာဖတ်သူတို့ကိုယ်တိုင် ရှု့ဒေါင့်ပေါင်းစုံက တွေးတောကြံဆကြည့်နိုင်ပါ၏။ အစကောင်းမှ
အနှောင်းသေချာ ဆိုသည့် အတိုင်း စမိခဲ့သမျှခြေလှမ်းတိုင်း ခြေတစ်လှမ်းကုဋေတစ်သန်းတန်လျှင်တော့
ပို၍ ကောင်းလှ၏။
အရာရာမှာ
စတင်ခြေလှမ်းနိုင်ဖို့ မိမိကိုယ်ကို ယုံကြည်ချက်တော့ ရှိရမည်ထင်၏။ မိမိက သူတစ်ပါးကို
မှီခိုလွန်းသည့်အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှု တဖြေးဖြေးလျှော့ပါးလာပြီး ဟိုဟာမလုပ်တတ်
ဒီဟာမလုပ်တတ်၊ ဟိုဟာမလုပ်ရဲ၊ ဒီဟာမလုပ်ရဲ ဖြစ်လာပြီး စတင် ခြေလှမ်းဖို့ တွန့်ဆုတ်တတ်ကြ၏။
တစ်ခါတစ်ရံ မိမိစတင်ခြေလှမ်းသည့်အရာသည် ကောင်းသောခြေလှမ်းပင် ဖြစ်လင့်ကစား ဆရာသမား
မိဘများက တပည့်သားသမီးများအပေါ် စိတ်မချနိုင်သောကြောင့် မိမိရှေ့လျှောက်ရမည့်ခြေလှမ်းများ
ချီတုံချတုံ ဖြစ်ရပြန်သေး၏။ ဤသည်မှာလည်း မိမိကိုယ်ကို ယုံကြည်မှု အားနည်းသောကြောင့်လည်း
ဖြစ်နိုင်ပါ၏။
အစဉ်အလာ မိသားစုပုံစံနှင့် ပညာသင်ယူမှုပုံစံစနစ်တို့ကြောင့်
ပညာတတ်မြန်မာအများစုသည် အခြားနိုင်ငံများမှ ပညာတတ်များနှင့် နှိုင်းယှဉ်ကြည့်လျှင်
မိမိတို့မြန်မာကျောင်းသား ကျောင်းသူများ၏ ရင့်ကျက်မှု(Maturity) သည် အတော်လေး အားနည်းနေသည်ကို
ခန့်မှန်းသိနိုင်၏။ ဥပမာ ဘွဲ့ရမြန်မာမိန်းကလေး တစ်ယောက်သည် မြန်မာနိုင်ငံအတွင်းမှာပင်
ရန်ကုန်မန္တလေး ခရီးစဉ်လောက်ကိုပင် မိဘဆရာ အုပ်ထိမ်းသူ သို့မဟုတ် အဖော်မွန်ကောင်းကောင်းမပါလျှင်
သိပ်ပြီးသွားဖို့ စိတ်ဆန္ဒမရှိပေ။ ခရီးစဉ်မဖြစ်မြောက်လောက်အောင်ပင် ရှိတတ်၏။ အခြားနိုင်ငံက
မိန်းကလေးများသည် အထက်တန်းပညာပြီးသည်နှင့် ကျောပိုးအိတ်တစ်လုံးပိုးပြီး ယုံကြည်မှု
အပြည့်ဖြင့် တစ်ယောက်တည်းပင် ကမ္ဘာပတ်လေတော့သည်။ ယုံကြည်ချက်အပြည့်ဖြင့် ခြေလှမ်းပေါင်းများစွာ စတင်လေတော့သည်။ မြန်မာလူမျိုးတို့ကတော့
ယဉ်ကျေးမှုနှင့် အစဉ်လာ၏ လွှမ်းမိုးထားမှုကြောင့် သူများနိုင်ငံကသူများကဲ့သို့ တစ်ယောက်တည်း
ကမ္ဘာပတ်ဖို့ ခဲယဉ်းကြပေလိမ့်ဦးမည်။
၂။ အိုင်ဗွက်ချောင်းကန်၊
ရေပြည့်လျှံမောက်၊ မိုးတစ်ပေါက်က စခဲ့တယ်။
အချန်ခါသင့် ရွာသွန်းသည့်မိုးကို သတ္တဝါတို့
အလွန်ချစ်ကြ၏။ အလွန်မျှော်လင့်တောင့်တကြ၏။ မြန်မာ့အမြင်ဖြင့်ကြည့်လျှင် ပိတောက်ရွှေရည်လူးသည့်
သင်္ကြန်မိုး၊ သင်္ကြန်လက်ဆေးမိုး၊ ဖက်စွတ်မိုး၊ ကဆုန်ညောင်ရေသွန်းမိုး စသည့်ဖြင့် အချိန်သင့်
ရွာသွန်းမည့်မိုးကို မျှော်လင့်ကြ၏။ စာရေးသူတို့ ယခုနေရာ အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်သည်
မိုးမျှော်ခဲ့တာအလွန်ကြာခဲ့လှပေါ့။ ယခုအခါမှာ အပူဒဏ်ပြင်းထန်းလွန်းသောကြောင့် ခန္ဓာကိုယ်အရေဓာတ်ခန်းခြောက်ခြင်း၊
ကိုယ်ခန္ဓာအသားအရေများ အပူလောင်စုပ်မြဲမှုပင် ခံစားရ၏။ မိုးလေးတစ်ပေါက်နှစ်ပေါက် ကျလာရင်တော့
ကောင်းလေရဲ့ဟု မိုးကိုမျှော်လင့်မိ၏။ ဒီအထဲ မိုးလေဝသနှင့် အင်တာနက်အပူချိန်ပြကိရိယာကနေ
နေ့စဉ်နဲ့အမျှ အပူချိန်လွန်ကဲနေမှုကို အမြဲသတိပေးနေသောကြောင့် ဘယ်သွားနေရမှန်းတောင်
မသိအောင် ဖြစ်မိ၏။ အချို့နိုင်ငံများ၌ မိုးခေါင်သည့်အခါ မိုးအတုပင် ငွေကြေးမြောက်များစွာကုန်ကျခံလျှက်
ရွာသွန်းအောင်ပြုလုပ်ကြရ၏။ မိုးမရွာလျှင် ပူပြင်းခြောက်သွေ့မှုဒဏ်ကြောင့် ရေတွင်းရေကန်
အင်းအိုင်များခန်းခြောက် လူအများ ဒုက္ခရောက်ကြရ၏။
ကမ္ဘာကြီးတစ်ခုလုံး တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းလာသောကြောင့်
မြောက်ဝင်ရိုးစွန်းက ရေခဲပြင်ကြီးတွေ အရည်ပျော်ကျမှုနှုန်း မြင့်တက်လာနေသည်ဟု ပညာရှင်များက
ထပ်ခါတလဲလဲ သတိပေးနေကြ၏။ အိုဇုန်းလွှာ တစ်နေ့တခြား ပိုပါးလာမှု၊ ဖန်လုံအိမ် အာနိသင်
ပြင်းသထက်ပြင်းထန်လာမှု၊ ဆူနာမီလို၊ ကက်ထရီနာလို၊ သဘာဝကပ်ဘေးဆိုးကြီးများလည်း ပိုမိုများသထက်များလာ၏။
လူသားတို့ သဘာဝတရားကို မျှတစွာ အသုံးမချမှုကြောင့် လောကကြီး သဘာဝတရား၏ ဒဏ်ခတ်မှုကို
ခါးသီးစွာ ခံစားကြရ၏။ အချိန်အခါသင့် မဟုတ်ဘဲလည်း မိုးရွာပြန်၏။ မည်သည့်နေရာမဆို မိုးများလွန်းပြန်လျှင်လည်း
ညီးကြရပြန်၏။ ရေတွေကြီး၊ ဆည်တွေကျိုးလို့ မြစ်ချောင်းအင်းအိုင်များ ရေတွေပြည့်လျှံခဲ့၏။
တောင်သူဦးကြီးများ၏ လယ်ယာများ စိုက်ခင်းများ ပျက်စီးခဲ့ကြ၏။ မည်သို့ပင်ဆိုစေ လူသားတို့သည်
အချိန်ခါသင့် ရွာသွန်းသည့်မိုးကို မြတ်နိုးကြ၏။ လူသားတို့အား မည်သည့် ဘေးဒုက္ခမှ မပေးသည့်
သဘာဝအလျှောက် အင်းအိုင် ချောင်းကန် ရေပြည့်လျှံမောက်အောင် ရွာသွန်းသည့် မိုးတစ်ပေါက်လေးကိုပင်
မြတ်နိုးကြပေ၏။ မြတ်ဗုဒ္ဓကတော့ ဥဒဗိန္ဒု နိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ- မိုးရေပေါက်ကျဖန်များက
ရေအိုးစရည်းပြည့်နိုင်၏တဲ့။ ထို့ကြောင့် ရေပေါက်ရေစက် ကြိမ်ကြိမ်သက်က၊ အိုင်ဗွက်ချောင်းကန်၊
ရေပြည့်လျှံ၏။ အိုင်ဗွက်ချောင်းကန်၊ ရေပြည့်လျှံမောက်၊ မိုးတစ်ပေါက်က စခဲ့၏။ ဟုဆိုထားခြင်းဖြစ်၏။
၃။ စုံမြိုင်တောခွင်၊ စိမ်းစိုလွင်၊
သစ်တစ်ပင်က၊စခဲ့တယ်။
မြတ်ဗုဒ္ဓသည် ဝီသတိနိပါတ်၊ ဘလ္လာတိယဇာတ်၌ အရိပ်ခြောက်မျိုး၏
အေးချမ်းသာယာ ရှိပုံကို ဟောတော်မူခဲ့။ သစ်ပင်၏ အရိပ်သည် အေးမြချမ်းသာလှ၏။ ကိုင်းရွက်စုံလင်
ထိုသစ်ပင်၏ သစ်ပင်အရိပ် ခရီးသွားအိပ်ကြ၊ မှီခိုရ သောကြောင့် အလွန်ကျေးဇူးများလှ အေးမြလှ၏။
ထိုသစ်ပင်၏ အရိပ်ထက် ဆွေမျိုးတို့၏ အရိပ်က သာ၍အေးမြလှ၏။ ဆွေမျိုးအရိပ်က အေးမြလှပုံကို
မြတ်ဗုဒ္ဓကိုယ်တိုင် ဝိဋဋူဘမင်းအား ဟောခဲ့၏။ မင်းမဖြစ်ခင်က ရန်ငြိုးအတေးထားခဲ့သော ဝိဋဋူဘသည်
သူမင်းဖြစ်လာသောအခါ သာကီဝင်မင်းတို့အား သတ်ရန် စစ်တပ်ဖြင့် ချီတက်လာ၏။ လူမျိုးတုံးသတ်ဖြတ်မည့်
စစ်ပွဲကြီးကို မြတ်ဗုဒ္ဓသိမြင်တော်မူသောကြောင့် သာကီဝင်မင်းတို့ နေရာ သက္ကတိုင်းဘက်က
အရိပ်အာဝါသ မကောင်းလှသည့် ဇီးပင်ခြေရင်းမှာ မြတ်ဗုဒ္ဓသီတင်းတော်မူလိုက်၏။ ထိုအခြင်းအရာကို
ဝိဋဋူဘမြင်လေတော့ ဘာလို့ သက္ကတိုင်းဘက်က အရိပ်မကောင်းတဲ့ ဇီးပင်ရင်းမှာ ထိုင်နေတော်မူတာလဲ၊
ဒီဖက် ကောသလတိုင်းဘက်က အရိပ်အာဝါသကောင်းတဲ့ ညောင်ပင်မှာ သီတင်းသုံးတော်ူပါဟု လျှောက်၏။
မြတ်ဗုဒ္ဓက " သစ်ပင်အရိပ်မကောင်းလည်း ရှိပါစေ၊ ဆွေမျိုးတွေရဲ့ အရိပ်က အလွန်အေးချမ်းပါတယ်
" ဟု မိန့်တော်မူသောအခါ မြတ်စွာဘုရားသည် ဆွေမျိုးတို့ကို စောင့်ရှောက်ခြင်းငှာ
ဤနေရာသို့ ကြွတော်လာခဲ့သည်ဟု တွေးတောကာ မြတ်ဗုဒ္ဓအား ရှိခိုးဦးချပြီး သာဝတ္ထိမြို့သို့
စစ်တပ်ဖြင့် ပြန်သွား၏။ ၂ ကြိမ်မြောက်အထိ ဤကဲ့သို့ အရိပ်အမြွက်ပြောတော်မူခဲ့၏။ သာကီဝင်မင်းတို့၏
ရှေးအကုသိုလ်ကံကြောင့် ၃ ကြိမ်မြောက်မှာတော့ မြတ်ဗုဒ္ဓက မတားတော့ပေ။ ဝိဋဋူဘက သာကီဝင်ဆွေမျိုးတွေကို
သတ်ပစ်လိုက်၏။ သူနှင့်သူ့စစ်တတ်သည်လည်း အစိရဝတီမြစ်ကမ်းမှာ ညအိပ်စခန်းချနေစဉ် ဟိမဝန္တာတောင်ဘက်မှ
မိုးပြင်းထန်စွာ ရွာသွားလို့ အဟုန်ပြင်းစွာ စီးဆင်းလာသည့် ရေစီးချောင်းက အစိရဝတီမြစ်ထဲ
မျှောပါစေလျှက် အားလုံးအသက်ဆုံးရှုံးခဲ့ကြလေ၏။ မည်သို့ပင်ဆိုစေ အေးမြလှသည့် ဆွေမျိုးအရိပ်များ
ဆုံးရှုံးရရှာလေ။
ဆွေမျိုးတို့အရိပ်ထက် မိဘနှစ်ပါးတို့၏ အရိပ်ကပိုမိုအေးမြလှ၏။
နှစ်ပါးမိဘ လိမ္မာကြမူ၊ မိဘအရိပ် သားသမီးအိပ်ကြ အေးမြလှ၏။ ယင်းမိဘအရိပ်ထက် ဆရာသမားများ၏
အရိပ်သည် ပိုမိုချမ်းသာ အေးမြလှပေ၏။ မှန်သောပညာ သင်ပြပါသည့် ဆရာ့အရိပ် တပည့်အိပ်ကြ
အေးမြလှ၏။ ဆွေမျိုးမိဘ၊ အရိပ်ရသော်၊ အေးမြသည်ပင်၊ ထို့ထက်လျှင်လည်း၊ ပဲ့ပြင်ဆရာ၊ အရိပ်မှာကား၊
ချမ်းသာပါဘိ၊ လွန်ကဲ၏ ဟု ပညာရှိတို့ ဆိုတော်မူကြ၏။ တရားနှင့်ညီစွာ တိုင်းပြည်အုပ်ချုပ်သည့်
ဘုရင်မင်းတို့၏ ရာဇရိပ်သည်လည်း အေးမြပါ၏။ ပြည်သူ့ဆန္ဒ၊ ဆောင်ရွက်ပြသည့်၊ ရာဇအရိပ်၊ ပြည်သူအိပ်ကြ၊
မှီခိုရ၏ ဟူသကဲ့သို့ တိုင်းသားပြည်သူတို့ ပျော်ရွှင်ချမ်းမြေ့စွာ ရာဇထီးရိပ်မှာ ချွေးသိပ်နေနိင်ကြ၏။
အရိပ်တကာ့အရိပ်တို့တွင် ရတနာသုံးပါး၏ အရိပ်သည် ချမ်းသာအေးမြရာ၌ ပိုမိုအေးမြဆုံးပင်ဖြစ်၏။
သုခဒုက္ခ၊ လမ်းညွှန်ပြသည့်၊ ဓမ္မအရိပ်၊ ယောဂီအိပ်ကြ၊ အေးမြလှ၏ ဟု ဆိုထားပေ၏။
ဘုရားရိပ်တရားရိပ် မဆိုထားနဲ့ သာမန်သစ်ပင်ရိပ်လေးသည်ပင်
အလွန်တရာကျေးဇူးများလှ အေးမြလှသောကြောင့် မြတ်ဗုဒ္ဓကိုယ်တော်တိုင်က သစ်ပင်စိုက်ဖို့ရန်
အားပေးတိုက်တွန်းတော်မူခဲ့၏။ အာရာမရောပါ ဝနရောပါ၊
ယေဇနာ သေတုကာရကာ စသည်ဖြင့် ဥယျာဉ်ပန်းမာန် ကျောင်းဝင်းခြံနှင့် သစ်ပင်ဝါးပင်များစိုက်ပျိုးဖို့၊
လမ်းတံတားများ တည်ဆောက်ဖို့ လူသားတို့အား တိုက်တွန်းအားပေးတော်မူခဲ့၏။ ဤသည်ကို ထောက်ရှု့ပါလျှင်
မြတ်ဗုဒ္ဓက သဘာဝပတ်ဝန်းကျင်ကို တော်တော်လေး စိမ်းလန်းစိုပြေအောင် တိုက်တွန်းခဲ့ပုံရပေ၏။
ကျွန်ုပ်တို့ကိုယ်တိုင်ကလည်း ကမ္ဘာ့နှင့်ချီပြီး လုပ်ရမည့်အရာတွေ မတတ်နိုင်သော်လည်း
မိမိတို့ နိုင်ငံ မြို့ပြ ကျေးရွာ မိမိတို့ ပတ်ဝန်းကျင်နားက ဖြေရှင်းလို့ရနိုင်သည့်အရာများကို
ကိုယ်တိုင်အားလုံး ပါဝင်ဖြေရှင်းနိုင်ပါမှ သက်သာရာ ရပေလိမ့်မည်။ အနည်းဆုံးလုပ်နိုင်တာကတော့
နိုင်ငံတဝှမ်း အရိပ်ရသစ်ပင်များစိုပျိုးခြင်း၊ မြို့တွင်း မြို့ပြင် စိုက်လို့ရသည့်နေရာ
သင့်တော်သည့်နေရာမှန်သမျှ၌ အရိပ်ရသစ်ပင်များ စိုက်ပျိုးခြင်း၊ စက်ရုံကြီးတွေ၊ မော်တော်ကားတွေက
ထုတ်လွှတ်လိုက်သည့် မီးခိုးများကို ခေတ်မီနည်းပညာများဖြင့် လျော့ပါးသွားအောင်ထိမ်းချုပ်ခြင်း၊
အိမ်တိုင်းအိမ်တိုင်း ဖြစ်နိုင်လျှင် ထင်းမီးသွေးဖြင့် ချက်ပြုတ်မှုကို ပြောင်းလဲကျင့်သုံးခြင်း၊
ဂစ်များကို သုံးခြင်း၊ စသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်သည့် အချက်များကို ပြုပြင်ဖို့လိုပေလိမ့်မည်။
သို့မှသာ မိမိတို့ နေရာ မိမိတို့နိုင်ငံမှာ သစ်ပင်ဝါးပင်များ စိမ်းလန်းစိုပြေပြီး တောတောင်ရေမြေများ
ရေရှည်တည်တံ့နိုင်ပေလိမ့်မည်။ သို့မဟုတ်လျှင် နေကိုသာ အပြစ်တင်ရပြီး မိုးကိုသာ မျှော်လင့်ရသည့်ဖြစ်ရပ်မျိုးသည်
ဖွတ်သထက် ညက်ဖို့သာ ဖြစ်ပေလိမ့်မည်။ အထက်ပါဆိုခဲ့သည့်အတိုင်း သစ်ပင်တောတောင်များစိမ်းစိုအောင်လုပ်ခြင်းသည်
သစ်တစ်ပင် စိုက်ပျိုးရခြင်းက စတင်အကောင်ထည်ဖော်ဖို့ လိုအပ်ပါလိမ့်မည်။ (သစ်ပင်စိုက်ပျိုးကြပါစို့)။
၎။ သိန်းသန်းကုဋေစု၊ ပွားတိုးမှု၊
အရင်းနှီးတစ်ခုက၊ စခဲ့တယ်။
မိမိကိုယ်တိုင်သန်းသန်းကုဋေချီပြီး မချမ်းသာသော်လည်း
ထိုကဲ့သို့ချမ်းသာကြွယ်ဝသူတို့၏ ဘဝကိုလေ့လာသုံးသပ်ကြည့်ပါက ထိုချမ်းသာသူတို့သည် စီးပွားရေးအမြင်
မျက်စိရှိခြင်း၊ မိမိအလုပ်ကို ကြိုးစားခြင်း၊ မိမိ၏ ဝင်ငွေထွက်ငွေကို သဟဇာတဖြစ်အောင်
သုံးတတ်ခြင်း၊ အလေအလွင့်မဖြစ်အောင် ထိမ်းသိမ်းစောင့်ရှောက်တတ်ခြင်း၊ ထို့ပြင် စီးပွားဖက်
မိတ်ကောင်းဆွေကောင်းများ ရှိခြင်းဟူသည့် အင်္ဂါရပ်များနှင့် ပြည့်စုံကြပေလိမ့်မည်။ ထို့ပြင်အောက်ဖော်ပြပါ
ဆရာတော်တို့၏ ဆုံးမစကားများနှင့် ညီညွတ်သောကြောင့် ချမ်းသာသည်လည်း ဖြစ်နိုင်ပါ၏။ အောက်ပါလင်္ကာကို
ဖတ်ကြည့်ပါ။
*စေ့စပ်သိပ်သိည်း၊ ရွေ့ရွေ့ဆည်းသော်၊ စရည်းအိုးခွက်၊
ကြီးစွာလျှက်ပင်၊ တံစက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းထုံး၊ မှတ်ကျင့်သုံး၍၊ ခြခုံးတောင်ပို့၊
ဖို့သည့်ခြင်းရာ၊ လူလိမ္မာတို့၊ ဥစ္စာဆည်းတွေ၊ တက်လှစေလော့၊ ကြွက်သေတစ်ခု၊ အရင်းပြု၍၊
ကြွယ်မှုတတ်ဆုံး၊ သူဌေးထုံးကို၊နှလုံးမူလျှက်၊ ကြံစည်နက်၍၊ သူထက်လွန်ကဲ၊ကြွယ်စေမင်း။
*လောက၌ပင်၊ ပျားနှင့်ယင်ကို၊ မျက်မြင်ပုံထား၊
မောင်ရှု့စားလော့၊ ပျားကားအုံပြု၊ အရည်စု၍၊ ထားမှုလိမ္မာ၊ နောင်ချမ်းသာ၏။ ယင်မှာသော်တုံ၊
ဝမ်းဝရုံမျှ၊ အုံကာသောက်စား၊ စုမထား၍၊ ရှာငြားမပြတ်မရငတ်၏။ ဆက်ဆက်မုချ၊အလသဖြင့်၊ ငယ်ကပျင်းသူ၊
ကြီးမူဆင်းရဲ၊ ရစမြဲတည်း။ ဟု ရှေးဆရာတော်ကြီးများက (မန်လည်ဆရာတော်ကြီး) က ဆုံးမတော်မူခဲ့ပေ၏။
စက္ကသုတ္တန်အလိုအရဆိုရလျှင် သမ္ပတ္တိစက်လေးချက်ဖြင့်
ပြည့်စုံသောကြောင့် ချမ်းသာကြွယ်ဝပေလိမ့်မည်။ စီပွားတိုးတက်ချင်သူသည် မိမိဘယ်အရပ်မှာပင်မွေးမွေး
စီးပွားရေးကောင်းမည့် တိုးတက်မည့်နေရာကို ရွေးချယ်တတ်ဖို့လို၏။ ဤပတိရူပဒေသဝါသစက်(proper
location) သင့်လျှော်သည့်နေရာကို ရွေးချယ်ခြင်းသည် စီးပွားရေးအတွက်သာမဟုတ် အခြားကျန်းမာရေးအတွက်လည်း
ရာသီဥတုကောင်းသည့်နေရာရွေးချယ်ခြင်း၊ ဆရာဝန် ဆေးရုံများရှိသည့်နေရာများကို ရွေးချယ်တတ်ခြင်းသည်လည်း
ပတိရူပဒေသဝါသပင် ဖြစ်ပေ၏။ စီးပွားရေးအတွက်
စီးပွားရေးအကြံပေးနိုင်သူ၊ စီးပွားရေးအမြင်ရှိသူ၊ အထောက်ပံ့ပေးနိုင်သူများသည် သပ္ပုရိသူပနိဿယစက်၏
အားကြီးသောအထောက်ပံ့ပင်ဖြစ်ကြ၏။ ပုဗ္ဗေစ ကတပုညတာစက်ဟုခေါ်သည့် ရှေးအတိတ်ကုသိုလ်ကံ၏ ထောက်ပံမှုကြောင့်မိမိလုပ်သမျှ
ကြီးချမ်းသာ အောင်မြင်ဖြစ်ထွန်းလာတတ်၏။ နောက်ဆုံး အတ္တသမ္မာပဏိဓိစက်ခေါ်သည့် မိမိစိတ်ကို
ကောင်းမွန်စွာပြင်ပြင်နေထိုင်တတ်သောကြောင့် ကံတူအကျိုးပေးကာ ကြီးပွားချမ်းသာလာ၏။ ဓမ္မအရာ၌
ဤအတ္တသမ္မာပဏိဓိစက်သည် ပို၍ပင် ဘဝအတွက် အရေးပါလှ၏။ ရှေ့သမ္ပတ္တိစက်သုံးပါးဖြင့်ပြည့်စုံသော်လည်း
နောက်ဆုံး အတ္တသမ္မာပဏိဓိစက်ချို့ယွင်းမှုကြောင့် ဒေဝဒတ်ကဲ့သို့သောပုဂ္ဂိုလ်များသည် ပျက်စီးဆုံးရှုံးရတတ်၏။
စီးပွားရေးကြီးပွားရေးအရာ၌ ထိုကဲ့သို့ သမ္ပတ္တိစက်များဖြင့် ပြည့်စုံသူများသည် သိန်းသန်းကုဋေကြွယ်ဝချမ်းသာတတ်ကြ၏။
ယနေ့ခေတ်လူငယ်များသည် Fly, fly, up to the
sky ဆိုသကဲ့သို့ ကြီးပွားချမ်းသာဖို့ ဘဝရည်မှန်းချက် မြင့်သထက်မြင့်ဖို့ အိပ်မက်တွေရဲရဲကြီးမက်ပိုင်ခွင့်ရှိ၏။
ပျံပါ၊ပျံပါ၊ မိုးစွန်ထက်ဖျားရောက်အောင် ပျံပါ။ ရဲရဲဝံ့ဝံ့လုပ်ပါ။ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့
လိုအပ်ပါ၏။ သူများနိုင်ငံမှာဆို ငါတို့လည်း ကြီးပွားချမ်းသာမှာ သေချာတယ်ဟု ငြီးငြူမနေသင့်။ အခြေအနေတို့ အခွင့်အလမ်းတို့ဆိုသည်မှာလည်း အလိုလိုနေရင်းနဲ့
မိမိတို့ အိမ်တံခါးဝ လာရောက်လေ့မရှိ။ ထိုင်စောင့်ယူလို့မရ၊ ကိုယ်တိုင်ဖန်တီးယူရ၏။ မိမိတို့ကြီးပွားချမ်းသာရေးအတွက်
မိမိတို့ကိုယ်တိုင် စွန့်စားအားထုတ်ကြရပေလိမ့်မည်။ကိုယ်အားဥာဏ်အား အရင်းနှီးများမြှုပ်နှံခြင်းဖြင့်
ကြီးပွားချမ်းသာလာနိုင်၏။ မြတ်စွာဘုရားကတော့ ရွှေငွေရတနာများရင်နှီးမြှပ်နှံခြင်း (
Investment)များသည် ဤဘဝအတွက်သာမက နောက်ဘဝအတွက်ပါ စိတ်ချရသည့်ရင်းနှီးမြှပ်နှံမှုမျိုးမဟုတ်သောကြောင့်
စိတ်ချရသည့် အနုဂါမိကရွှေအိုးမြှပ်နှံဖို့ လမ်းညွှန်တော်မူ၏။
သေချာစိတ်ချရသည့် ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ
လိမ္မာပါးနပ်သည့် အမျိုးကောင်းသား အမျိုးကောင်းသမီးသည် မိမိကိုယ်ပိုင်ပစ္စည်းများကို
အသုံးပြုပြီး ဒါနပြုလုပ်ခြင်း၊ သီလဆောက်တည်ခြင်း၊ ကိုယ်နှတ်စိတ်ကို ထိမ်းသိမ်းစောင့်ရှောက်ခြင်း၊ အိနြေ္ဒစောင့်ထိမ်းခြင်း၊ မိမိစိတ်ကလေးကို သမာဓိရအောင်
ထိမ်းသိမ်းခြင်း၊ နောက်ဆုံး ပညာဖြင့် ရင်းနှီးမြှပ်နှံမှု ပြုခြင်းတို့ဖြင့် နောင်ဘဝအတွက်
သေချာသည့် ရင်းနှီးမြှပ်နှံမှုများကို လမ်းညွှန်တော်မူခဲ့၏။ ထို့ပြင် ဒါနဖြင့် မြှပ်နှံရမည့်နေရာတို့ကိုလည်း
ညွှန်ပြတော်မူသေး၏။ ဥပမာ မြတ်ဗုဒ္ဓ၏ မွေတော်ဓာတ်တော်များ ထည့်သွင်းပူဇော်အပ်ရာ စေတီတော်၊ သံဃာတော်။ မိမိကြည်ညိုလေးစားသည့် ပုဂ္ဂိုလ်၊ ခရီးသွားဧည့်သည်၊
မိခင်ဖခင် ကျေးဇူးရှင်၊ အကိုကြီးအမကြီး တို့၌လည်း ဒါနကောင်းမှုပြုပြီးတော့ ရင်းနှီးမြှပ်နှံလိုက်ခြင်းသည်
သေချာသည့် ရင်နှီးမြှပ်နှံမှု တစ်ရပ်ဖြစ်ကြောင်းကို အတိအလင်း ဟောကြားတော်မူခဲ့၏။ မည်သို့ဆိုစေ
လောကီလောကုတ္တရာကြီးပွားချမ်းသာဖို့ လိုအပ်ပါ၏။ ဤကဲ့သို့ ကြွယ်ဝချမ်းသာခြင်းသည်လည်း
အရင်းနှီးတစ်ခုက စတင်ခဲ့ရပေသည်။
၅။ သောကထောင်စု၊ လွမ်းဆွေးမှု၊
အချစ်တစ်ခုက၊ စခဲ့တယ်။
လောကကြီးမှာ လူသားတို့ နေ့စဉ်နှင့်အမျှ သေဆုံးနေကြ၏။
မိမိဆွေမျိုးသားချင်း မိမိချစ်ခင်သူများ ဆုံးပါးလျှင် ငိုကြွေးကြရပြန်၏။ယင်းသို့သေဆုံးရာဝယ်
မိမိဆွေမျိုးမဟုတ်လျှင် သို့မဟုတ် မသက်ဆိုင်သူ ချစ်သူများမဟုတ်လျှင် ကရုဏာသက်ရုံမှတပါး
အခြားငိုကြွေးစရာအကြာင်းမရှိပေ။ စိတ်ထဲမှာ သိပ်ပြီးတုန်လှုပ်ခြောက်ခြားမှုပင် မရှိတတ်ကြ။
ဥပမာ ၂၀၀၁ နှစ်က အမေရိကန် ဝေါထရိတ်စင်တာကြီးမှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် လူပေါင်းများစွာသေဆုံးကြရ၏။
ထိုသေဆုံးသူများထဲတွင် မိမိနှင့် ဆွေမျိုးတော်စပ်သူမပါလျှင် သို့မဟုတ် မိမိချစ်ခင်နှစ်သက်မြတ်နိုးသူများမပါလျှင်
သနားခြင်းကရုဏာဖြစ်ရုံမှတစ်ပါး ငိုကြွေးပူဆွေးစရာအကြောင်းမရှိပေ။ သို့သော်မိမိချစ်ရသူ
တစ်ဦးဦး သေဆုံးလျှင်တော့ ပုထုဇဉ်တို့ ရင်ဘတ်စည်တီး ရှိုက်ကြီးတငင် ပိုဆွေးငိုကြွေးတတ်ကြ၏။
လူသားတို့သည် သောကကင်းဝေးနေနိုင်ရေးအတွက် ပိုက်ဆံရှိလျှင် သောကကင်းလိမ့်မည်၊ သားသမီး
ပစ္စည်းဥစ္စာပြည့်စုံလျှင် သောကကင်းလိမ့်မည်ဟု ယူဆထားတတ်ကြ၏။ အမှန်တော့ ဂေါဟိ ဂေါဏာ တပ္ပတိ
ဟူသော မြတ်ဗုဒ္ဓစကားတော်ကဲ့သို့ နွားရှိလျှင် နွားကြောင့်ပူပန်ရ၏။ ပိုက်ဆံများများရှိလျှင်
သောကပိုများရတတ်၏။ သားသမီးများလေ သောကများလေ ဖြစ်တတ်၏။ တစ်ခါတစ်ရံ လုပ်ငန်းကိုင်ငန်း
ပိုမိုတိုးချဲ့လျှင် အလုပ်တွေကြောင့် အခက်ခဲတွေကြောင့် သောကများရတတ်၏။ အတွယ်တာများလေလေ
သောကများလေလေဖြစ်၏။ သောက ထောင်စု ပွားတိုးမှု ဘယ်ကစခဲ့သနည်းဟု မေးလျှင် အချစ်တစ်ခုက
စခဲ့သည်ဟုပင် ရိုးရိုးလေး ဖြေရပေလိမ့်မည်။ ပိယတော ဇာယတေ သောကော၊ သောကဆိုတဲ့တရားဟာ
ချစ်ခြင်းက အစပျိုးလာတာ ဟု မြတ်ဗုဒ္ဓက ဟောတော်မူခဲ့၏။ သောကင်းဝေး နေနိုင်ရေးအတွက် အချစ်လို့ခေါ်သည့်
တွယ်တာမှု တဏှာပေမ တတ်နိုင်သမျှ လျှော့နည်းအောင်ကြိုးစားရပေမည်။ တဏှာပေမ အချစ်လျှော့နည်းလေလေ
သောကကင်းလေလေ ပင် ဖြစ်ပေတာ့၏။။
၆။ သံသရာပြတ်မှု၊ တရားရှု့၊
အသိတစ်ခုက စခဲ့တယ်။
ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးပန်းတိုင်ကား သံသရာပြတ်လျှက်
နိဗ္ဗူတာ အမြိုက်စခန်းသို့ တက်လှမ်းဖို့ရန်ပင် ဖြစ်၏ ။ ထိုကဲ့သို့ သံသရာပြတ် ခန္ဓာဇာတ်သိမ်းဖို့
တရားရှု့မှတ်မှု ပြုကြရမည်ဖြစ်၏ ။ တရားရှု့မှတ်မှုသည် အသိဥာဏ်တစ်ခုက စတင်ခဲ့ရ၏။ ဗုဒ္ဓဘာသာ၌
အရေးကြီးဆုံးကား သမ္မာဒိဌိခေါ်သည့် မှန်ကန်သည့် အသိဥာဏ်ပင်ဖြစ်၏။ သံသရာထဲမှာ ဘာကြောင့်ကျင်လည်ရသည်၊
ဘာကြောင့် သံသရာပြတ်အောင်ကြိုးစားအားထုတ်သင့်သည်၊ ဘဝကောင်းအောင် ဘယ်လို နေထိုင်ကျင့်သုံးရမည်၊
ဘဝသံသရာခရီးလျှောက်လှမ်းသည့်အခါ မည်သည့်အရာများက အရေးကြီးဆုံးဖြစ်သနည်း ဆိုတာများကို
သိအောင် အဆင့်မြင့် ပညာများအထူးလိုအပ်၏။ အဆင့်မြင့်ပညာဆိုရာ၌ အခြေခံအားဖြင့် ဝိပဿနာပညာပင်
ဖြစ်၏။ ဝိပဿနာပညာအခြေခံရလာလျှင် ယောဂီပုဂ္ဂိုလ်သည် ယခင်က တွယ်တာခြင်း မုန်းတီးခြင်းများကိုလည်း
စွန့်လွှတ်လာနိုင်၏။ တွယ်တာမှုကို လျှော့ချနိုင်သောကြောင့် သောကလည်း လျှော့ချလာနိုင်၏။
တွယ်တာမှု မရှိလျှင် စိုးရိမ်ပူပန်မှုလည်း မရှိနိုင်ပေ။ ဝိပဿနာအသိဥာဏ်ပညာအဆင့်ထက် ပိုမြင့်သည့်
မဂ်ဖိုလ်တရား အသိဥာဏ်များမှာတော့ အထူးပြောဖွယ်မရှိတော့ပေ။ ထိုကဲ့သို့ မဂ်ဖိုလ်များဖြင့်
နိဗ္ဗာန်ကိုမျက်မှောက်ပြုကာ ဘဝသံသရာချုပ်ပြတ် ခရီးဇာတ်သိမ်းခြင်းသည် အသိဥာဏ်တစ်ခုကို
အခြေခံလျှက် တရားအားထုတ်မှုက စတင်ခဲ့ပေတော့၏။
မေတ္တာဖြင့်
မေ့သားလှ(ဇလဂ္ဂ)
၃၀-၀၅-၂၀၁၂