" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Saturday, May 12, 2012

ပညာရှာ ခရီးမှ ရရှိသော ဆောင်ပုဒ်


အခါတစ်ပါး ပညာရှိကြီး ကွန်ဖြူးစီးယပ်နှင့် နောက်ပါတပည့်များ ပညာရှာထွက်ကြ၏။ တစ်ခုသော တောအုပ်အတွင်းရှိ သင်းချိုင်းမြေပုံတစ်ခု၏ အနီး၌ ငိုယိုနေရှာသည့် အမျိုးသမီးတစ်ဦးကို တွေ့သဖြင့် ဆရာကြီးက အကြောင်းစုံကို မေးလေသည်။ အမျိုးသမီးက ပြန်လည်ဖြေကြားရာမှာ ကျွန်မ၏ခင်ပွန်းဖခင်မှာ တောထဲမှာဘဲ ကျားကိုက်လို့ သေခဲ့ရပါသည်။ ကျွန်မခင်ပွန်းသည်လည်း ကျားကိုက်၍ သေခဲ့ရပြန်ပါ၏။ ယခုတစ်ဖန် ကျွန်မ၏ချစ်လှစွာသော သားလေးကိုလည်း ကျားကိုက်သဖြင့် သေပွဲဝင်ရရှာပြန်ပါပြီ။

ထိုကဲ့သို့အမျိုးသမီးက ငိုယိုပြောပြသောအခါ ကွန်ဖြူးစီးယပ် ဆရာကြီးက ဤကဲ့သို့ ကျားရိုင်းသောင်းကျန်း ပေါများသောတော အရပ်ဒေသ၌ အဘယ်ကြောင့်နေထိုင်နေရသနည်း ဟု ထပ်မံမေးသောအခါ ထိုအမျိုးသမီးလေးက "ဤဒေသ၌ လူထုကို နိုင်ထက်ကလူ ညှင်းပန်းနှိပ်စက်သော မင်းဆိုးမင်းညစ် မရှိပါ" ကျားဆိုးထက် မင်းဆိုမင်းမင်းညစ်က ပို၍ဆိုးလှပါ၏ ထို့ကြောင့် ဤနေရာသည် ကျားဆိုးပေါသောအရပ်ပင်ဖြစ်လင့်ကစား ဆက်လက် နေရပါသည်"ဟု ပြောလေ၏။ ဆရာကြီးကလည်း "တပည့်တို့ ကြည့်ကြကုန်လော့ သင်ခန်းစာယူကြကုန်လော့၊ ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်သော မင်းဆိုးမင်းညစ်တို့မည်သည် ကျားရိုင်းထက် ပိုမိုဆိုးဝါးလှချေ၏" ဟု ဆောင်ပုဒ်တစ်ပုဒ် ထုတ်ခဲ့လေ၏။

ထို့ကြောင့် ပင်ပရိတ်ကြီးမှာ ရာဇတောဝါ စောရတောဝါ စသည်ဖြင့် မင်းဘေး ခိုးသူဘေးစသည် ဘေးအမျိုးမျိုးရှိသည်တွင် မင်းဆိုးမင်းညစ်၏ ဘေးအန္တရာယ်သည် အဆိုးဆုံးဖြစ်သောကြောင့် ဒေသနာစဉ်တွင် ရာဇတောဝါ ဟု ရှေ့ဆုံးမှထားကာ မြတ်ဗုဒ္ဓထား၍ ဟောတော်မူခဲ့လေရော့သလား ဟု စာရေးသူစဉ်းစားနေမိသည်။
ဗုဒ္ဓစာပေတွေမှာလည်း မြတ်ဗုဒ္ဓက တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတို့အား မင်းကျင့်တရား ဆယ်ပါးနှင့်အညီ တိုင်းပြည်ပြည်သားတို့အား အုပ်ချုပ်ဖို့ ဟောတော်မူခဲ့၏။ ထို့ပြင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများ တရားမစောင့်ပါက အဆင့်ဆင့်အကျင့်ပျက်ပြီး နောက်ဆုံးမိုးလေဝသ ရာသီဥတုများဖောက်ပြန်ကာ အချိန်မတန်ဘဲ ရင့်မှည့်ကြသည့် သစ်သီးဝလံများကို စားသုံးရခြင်းကြောင့် တိုင်းသားပြည်သူတို့ ဘေးအမျိုးမျိုး ရောဂါအမျိုးမျိုး ဖြစ်တတ်ပုံကို အင်္ဂုတ္တရနိကာယ် အဓမ္မိကသုတ်မှာ အသေးစိပ်ဟောတော်မူခဲ့၏။ အဌကထာကျမ်းပြု အရှင်မဟာဗုဒ္ဓဃောသအရှင်မြတ်ကြီးကလည်း သူရေးသားပြီးစီးသည့် ကျမ်းများ၏ နောက်ဆုံးနိဂုံးပိုင်းများမှာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများက တိုင်းသူပြည်သားများကို မိမိရင်ဝယ်သားကဲ့သို့ အုပ်ချုပ်စောင့်ရှောက်ဖို့ ဆုတောင်းလေ့ရှိသည်။ ဥပမာ- ရာဇာ ရက္ခတု ဓမ္မေန အတ္တနောဝ ပဇံ ပဇံ။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတို့သည် မိမိ၏တိုင်းသူပြည်သားများကို မိမိသားရင်းသမီးရင်းကဲ့သို့ တရားသဖြင့် အုပ်ချုပ်နိုင်ပါစေ။ ဟု မကြာခဏဆုတောင်းတာ တွေ့ရတတ်ပေသည်။

တဖန်မြန်မာ့ ရာဇဝင်ကို ပြန်ကြည့်လျှင်လည်း မင်းဆိုးမင်းညစ်များကို ရဟန်းရှင်လူ တိုင်းသားပြည်သူများက မနှစ်မြို့သည်ကို တွေ့နိုင်၏။ ဦးကုလားမဟာရာဇဝင်မှာ နောင်တော်ရင်းကို အဆိပ်ခတ်သတ်ကာ နန်းလုသော ပုဂံပြည် ကုလားကျ နရသူမင်း၏ ရက်စက်ယုတ်မာမှုကြောင့် မင်းဆရာ ပံသုကူမထေရ်ကြီးက ကုလားကျမင်းမျက်နှာကို စေ့စေ့ကြည့်ပြီး "ဟယ် မင်းဆိုးမင်းညစ်၊ လူ့ပြည်တွင် နင့်ထက်ဆိုးဝါး ညစ်ညမ်းသူ မရှိ၊ နင်၏ နိုင်ငံ၌ ငါမနေလိုပြီ"ဟု မိန့်တော်မူကာ သိန်းခိုကျွန်း(သီဟိုဠ်ကျွန်း)သို့ ကြွသွားတော်မူသည်ကို ဖတ်ရှု့လေ့လာရပေသည်။

ဆီးဘန်နီဆရာတော်ကြီးကလည်း ကုန်ဘောင်ခေတ်၏ နောက်ဆုံးမင်းဆက် သီပေါမင်းပါတော်မူပြီးနောက် မြန်မာတစ်နိုင်ငံလုံး အဖိအနှိပ်ခံ သူ့ကျွန်ဘဝသို့ ကျရောက်သောအခါ တစ်ချိန်က ကိုယ့်မင်းကိုယ့်ချင်းနှင့် နေလာခဲ့ကြသော အဖိနှိပ်ခံ သူ့ကျွန်ဘဝ မြန်မာနိုင်ငံသားတို့၏ လက်တွေ့ဘဝကို ကြည့်ပြီး ရင်ထုမနာဖြစ်ခဲ့၏။ ၎င်းအဖြစ်ဆိုးကို မြင်တွေ့နေရသည့် ဆီးဘန်နီဆရာတော်ကြီးက…
"ထီးသုဉ်း နန်းသုဉ်း၊ ကြငှာန်းသုံး၍၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည့်၊ သြော်ကောင်း၏" ဟု ရေးဖွဲ့ခဲ့၏။ ထို့ပြင်ဆရာတော်ကြီးသည် နိဗ္ဗာန်မရောက်မီ စပ်ကြား ဖြစ်လေရာ ကျင်လည်ရာဘဝတို့မှာ အောက်ပါဆုတွေကို တောင်းခဲ့လေ၏။
၁။ တရားမကြိုက်၊ အမှားလိုက်၊ မိဘမိုက်နှင့် လွဲစေသော်။
၂။ တရားမကြိုက်၊ အမှားလိုက်၊ မိတ်ဆွေမိုက်နှင့် လွဲစေသော်။
၃။ တရားမကြိုက်၊ အမှားလိုက်၊ ဆရာမိုက်နှင့် လွဲစေသော်။ ဟု ဆုသုံးပါးတောင်းခဲ့လေ၏။ စာရေးသူအနေနဲ့တော့ ထပ်ပြီး ၄။ တရားမကြိုက်၊ အမှားလိုက်၊ မင်းဆိုးမင်းမိုက်နှင့် လွဲစေသော် ဟု ဖြည့်စွက် ဆုတောင်းချင်ပါသည်။ မှန်ပါသည်။ တိုင်းသားပြည်သူတို့သည် တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူ ကောင်းလျှင် ထိုအုပ်ချုပ်သူတို့ကို မိဘသဖွယ် တန်ဘိုးထား မြတ်နိုးကြပေသည်။ တိုင်းပြည်ပြည်သားတိုင်း တရားနှင့်အညီအုပ်ချုပ်သော မင်းကောင်းမင်းမြတ် အစိုးရကောင်းတစ်ရပ် အမြဲ တောင်းတနေပါသည်။

" မင်းကောင်းမင်းမြတ်ရဲ့ဆန္ဒ " ( ကျန်စစ်မင်း)
--------------------------------

* ချစ်သူနှင့်ကွဲကွာ၍ မျက်ရည်ရှိသောသူတို့ကို
မေတ္တာတည်းဟူသော လက်ဖြင့် သုတ်ပစ်လတ္တံ။

* စိတ်နှလုံးမသာသူတို့၏ အညစ်အကြေးတည်း
ဟူသော နှပ်ကို သနားခြင်းတည်းဟူသော ရေဖြင့်
ဆေးကြောလတ္တံ။

* လက်ယာလက်ဖြင့် ထမင်းမုန့်တို့ကို လူအပေါင်း
အား ပေးလတ္တံ။
* လက်ဝဲလက်ဖြင့် အ၀တ်ပုဆိုးတို့ကို ပေးလတ္တံ။

* ခပ်သိမ်းသော လူအပေါင်းတို့ကိုလည်း အမိ၏
ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်လတ္တံ။ "
(ကျန်စစ်မင်း
)
(ကျန်စစ်မင်းကြီးရေးထိုးခဲ့သောရွှေစည်းခုံကျောက်စာမှ
)

ထို့ပြင် အလောင်းစည်းသူမင်းတရားကလည်း"လွတ်လပ်သော ငါသည် နှောင်ကြိုးတဲခံရသူတို့အား လွတ်မြောက်စေအံ့။ ဟု သူ၏မွန်မြတ်သော စိတ်ဓာတ်သည် တိုင်းသားပြည်သူတို့အပေါ် ထင်ဟပ်လျှက် ရှိပေတော့သည်။

နာနာဘာဝလောကတွင် ဖုတ်တစ္ဆေပြိတ္တာတို့သည် ဣတိပိသော ဘဂဝါသံကြားပါက မီးပူသကဲ့သို့ပူလောင်ပြီး မဟာရံတံတိုင်းသို့လွင့်ကာ ဆောင့်မိကြသကဲ့သို့ တိုင်းပြည်အုပ်ချုပ်ကာ ပြည်သူလူထုအပေါ် ရက်စက်ကြသည့် ဘုရင်မင်းတို့သည် လွတ်လပ်ပြီး တရားမျှတမှုကို တောင်းဆိုကြသည့် ပြည်သူလူထု၏ အသံများကို လိုက်လျှောမှုမရှိပါက တချိန်ချိန်တွင် ဒုက္ခလှလှရောက်တတ်ကြပေသည်။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများသည် ကျန်စစ်သားမင်းကြီး၊ အလောင်းစည်သူမင်းကြီးကဲ့သို့ မြင့်မြတ်သော စိတ်ထား ကျင်နာသောနှလုံးသား တရားမျှတသော လုပ်ပိုင်ခွင့်များဖြင့် တိုင်းသူပြည်သားတို့အပေါ် စီမံအုပ်ချုပ်နိုင်ကြပါစေသတည်း။


မေတ္တာဖြင့်
မေ့သားလှ(ဇလဂ္ဂ)
၁၂-၀၅-၂၀၁၂

No comments:

Post a Comment