" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Tuesday, July 16, 2013

နတ်တို့ တောင်းတ လူ့ဘဝ



မနုဿတ္တ ဒုလ္လဘ

ဒုလ္လဘ ဟူသည်မှာ ခဲယဉ်းခြင်း၊ ရခဲခြင်းဖြစ်၏။ ယင်းဒုလ္လဘသည် (၁) ဘုရားပွင့်တော်မူသည့် အခွင့်ကောင်း ကာလကောင်းနှင့် ကြုံကြိုက်ခြင်း၊ (၂) (အသိဥာဏ်ရှိသည့်) လူ့ဘဝကို ရခြင်း၊ (၃) ရှင် ရဟန်းအဖြစ်ကို ရခဲခြင်း၊ (၄)သဒ္ဓါ အစရှိသည့် တရားတို့နှင့် ပြည့်စုံခြင်း၊ (၅) သူတော်ကောင်းတရား နာကြားခြင်း ဟူ၍ ငါးပါး ရှိသည်။
(၁) ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော၊ (၂) မနုဿတ္တဘာဝေါ ဒုလ္လဘော၊ (၃) ပဗ္ဗဇ္ဇိတဘာဝေါ ဒုလ္လဘော၊ (၄) ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ၊ (၅) သဒ္ဓမ္မသဝနံ အတိဒုလ္လဘံ။

ထိုငါးပါးတို့တွင် လူအဖြစ် ရခဲလှပုံကို ဥပမာဆောင်ပြ နှိုင်းယှဉ်ထားသည်လည်း ရှိပါ၏။
လွန်စွာ ခွန်အားဗလကောင်းသော လူသန်ကြီး တစ်ယောက်သည် အပေါက်တစ်ပေါက်သာရှိသော လှည်းထမ်းပိုးကို မဟာသမုဒ္ဒရာသို့ ယူဆောင်သွား၏။ ထို့နောက် လှိုင်းခေါင်းဖြူ လှိုင်းခေါင်းမွဲတို့ တသဲသဲရိုက်ခတ်နေသော မဟာသမုဒ္ဒရာကြီး၏ အလယ်သို့ ရောက်သောအခါ ပစ်ချလိုက်၏။ ထိုသို့ပစ်ချလိုက်သောအခါ ယင်းသမုဒ္ဒရာကြီးထဲတွင် မျက်စိနှစ်ကွင်း အလင်းမရသော လိပ်ကန်းကြီး တစ်ကောင်ရှိ၏။ ထိုလိပ်ကြီးသည်လည်း နှစ်ပေါင်းတစ်ရာကြာမြင့်မှ တစ်ခါတစ်သာ ရေပေါ်သို့ခေါင်းပြူ ပေါ်လာသည်ဟူ၏။ လူသန်ကြီးပစ်ချလိုက်သော လှည်းထမ်းပိုးနှင့် အနှစ်တရာမှ တစ်ကြိမ်လောက်သာ ပေါ်လာသော လိပ်ကန်းကြီး ဦးခေါင်း တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်လျက် စွပ်မိပြီးသား ဖြစ်သွား၏။ ယင်းကဲ့သို့ လွန်စွာ ကြုံကြိုက်ခြင်းကို ဖြစ်တောင့်ဖြစ်ခဲအရာမျိုး ဖြစ်သောကြောင့် လူ့ဘဝ ရခဲလှပုံကို သတိသံဝေဂဥာဏ် ထင်စွာဖြစ်ရန် ယင်းကဲ့သို့ ထင်သာမြင်သာသော ဥပမာဖြင့် ထုတ်ဆောင်ပြ၏။

*အကြင်ယောကျာင်္း၊ အားကြီးသသူ၊ တစ်ဦးလူသည်၊ ခေါင်းဖြူခေါင်းမွဲ၊ သဲသဲဝှန်ဖြိုး၊ လှိုင်းတံပိုးဖြင့်၊ ရိုက်ကြိုးထန်စွာ၊ မဟာသမုဒ္ဒ၊ ဝေမဇ္ဈနှိုက်၊ ဧကဆိဂ္ဂဠ၊ တစ်ပေါက်မျှရှိ၊ ကြီးဘိဖြိုးဖြိုး၊ လှည်းထမ်းပိုးကို၊ အားကြိုးမာန်ပါ၊ ပစ်သောခါဝယ်၊… ထင်ရာဝိုးဝါး၊ အသွားတိမ်းမင်း၊ ချွတ်ယွင်းသွေဖည်၊ လိပ်ကန်းသည်လျှင်၊ ရက်ရှည်များစွာ၊ တစ်ရာတစ်ရာ၊ နှစ်လွန်ကြာမှ၊ ပေါ်၍လာသော်၊ ဧကာဆိဒ္ဒ၊ ထိုယုဂဝယ်၊ အန္ဓအက္ခိ၊ မျက်စိမလှ၊ ဂီဝလည်မှာ၊ စွပ်မိရာ၏။

လူ့ရွာတစ်ဆစ်၊ လူ့အဖြစ်ကား၊ စင်စစ်ထို့ထက်၊ ဆထက်ထောင်ရာ၊ မကစွာအောင်၊ ဖြစ်လာခဲလှ၊ ဒုလ္လဘတည့်။(မဃဒေဝ-၃၂၆)။

အထက်ပါ ပြဆိုခဲ့သည့်အတိုင်း လူ့ဘဝကား အလွန်တရာရခဲလှ၏။ အနှစ်တရာမှ တစ်ကြိမ်သာ ပေါ်လာသည့် လိပ်ကန်းကြီး တစ်ပေါက်သာရှိသော ထမ်းပိုး ကြုံကြိုက်စွာ စွပ်မိသည်ထက်ပင် အဆ ရာထောင်မက ပိုမိုခဲယဉ်းလှ၏။ ဓမ္မပဒတွင်လည်း "လူ့အဖြစ်ကို ရခြင်းသည် ခဲယဉ်း၏၊ သတ္တဝါတို့ အသက်ရှင်ရခြင်းသည်လည်း ခဲယဉ်းလှ၏၊ သူတော်ကောင်း တရား နာကြားရခြင်းသည် ခဲယဉ်းလှ၏၊ မြတ်စွာဘုရားပွင့်ပေါ်တော်မူခြင်းသည် ခဲယဉ်းလှ၏" ဟု ခဲယဉ်းခြင်း တရားလေးပါးကို ဟောထားတော်မူသေး၏။  

မိမိတို့သည် ကံကောင်းထောက်မစွာ လူဖြစ်လာကြသည်။ လိပ်ကန်း ထမ်းပိုးပေါက်စွပ်မိသည့် ပမာ လူဖြစ်လာကြရသည့် မိမိတို့၏ လူ့ဘဝလေးကို တန်ဘိုးရှိအောင် အသုံးချတတ်ရမည်။ အကယ်၍ မိမိတို့သည် လူမဖြစ်ဘဲ အခြားဒုဂ္ဂတိဘဝ ဖြစ်ကြပါလျှင် လူ့ဘဝရရန် ရောက်ရန်အလွန်ပင်ခဲယဉ်းပါသည်။ မြေမှုန်က ရွှေမှုန့်ဖြစ်လာခြင်းသည် အလွန်အချိန်ကြာမြင့်စွာ ကြာညောင်းလှပါသည်။ အပါယ်ဒုဂ္ဂတိရောက်ကြပါလျှင် လူဘဝပြန်ရရန် အလွန်ခဲယဉ်းနေပေလိမ့်မည်။

အမြတ်ဆုံးလူ့ဘဝ ဆုံးရှုံးမှု မရှိအောင် အားထုတ်သင့်ပါသည်။ လူ့ဘဝ ဆုံးရှုံးသွားကြပြီဆိုလျှင် လူ့ဘဝ ပြန်ရဖို့ မလွယ်ကူလှကြောင်းကို "နခသိခ"သုတ်၌ မြတ်ဗုဒ္ဓက ဟောထားတော်မူခဲ့ပေသည်။
တစ်ခါတုန်းက မြတ်ဗုဒ္ဓက လက်သည်းပေါ်မှာ မြေမှုန်လေးများတင်ပြီး ရဟန်းတော်များကို မေးတော်မူခဲ့ဖူးသည်။" ချစ်သားရဟန်းတို့၊ ဟောဒီ ငါ့ဘုရား လက်ပေါ်မှာ ရှိတဲ့ မြေမှုန်လေးနဲ့ ဒီမဟာပထဝီ မြေကြီးမှ မြေမှုန်တို့ ဘယ်အရာက များပါသလဲ"ဟု မေးတော်မူသောအခါ…
"ရှင်တော်ဘုရားလက်တော်မှ မြေမှုန်ကလေးက မပြောပလောက်ဖွယ် အနည်းငယ်မျှသာ၊ မဟာပထဝီ မြေကြီးကသာ အဆ ရာထောင်မက သာလွန်များလှပါတယ်" ဟု ရဟန်းတော်များက ပြန်လည်လျှောက်ထားသောအခါ "ချစ်သားတို့၊ အဲဒီလိုပဲ အပါယ်လေးဘုံ ရောက်ကြတဲ့ သတ္တဝါတွေက မဟာပထဝီ မြေကြီးလောက် များတယ်။ တစ်ချို့တစ်လေ လူ့ပြည်ရောက်တဲ့သူတွေဟာ ဟောဒီ ငါဘုရားလက်သည်းခွန်ပေါ်မှာ ရှိတဲ့ မြေမှုန်လေးလောက် အင်မတန် နည်းပါတယ်"ဟု ဘုရားရှင်က ဥပမာဖြင့် လူ့ဘဝ ရခဲလှပုံကို ဟောတော်မူခဲ့၏။

လူ့အဖြစ်ကို နတ်တို့ကပင် အားကျကြ၏၊ ချီးမွမ်းကြ၏။ ပရမတ္ထ-မနုဿ ဟူသော မွန်မြတ်သော လူအဖြစ်ဖြင့် အထက်တန်းကျသည့် ကုသိုလ်မျိုးစုံကို ပြုလုပ်နိုင်စွမ်းရှိကြ၏။ လူ့ဘဝသည် ကုသိုလ်ကောင်းမှု ဖြစ်ပွားတိုးတက်ရာ ပုညခေတ်ကြီးပင် ဖြစ်၏။ ထို လူ့ဘဝ ပုညခေတ်ကြီး၌ မွန်မြတ်ပြီး အထက်တန်းကျသည့် ကုသိုလ်မျိုးကို လုပ်ခွင့်ပိုမိုရသောကြောင့် လူ့ဘဝကို နတ်တို့က စုတေခါနီးမှာ ချီးမွမ်းကြ၊ လူ့ဘဝသို့ ပြန်လည် သွားရောက်ဖို့ အခြား နတ်များက အားပေးတိုက်တွန်းကြခြင်း ဖြစ်၏။ ဤအကြောင်းကို မြတ်ဗုဒ္ဓက ဣတိဝုတ် ပါဠိတော် ပဉ္စပုဗ္ဗနိမိတ္တသုတ်၌ ဟောထားတော်မူ၏။


ဣတိဝုတ် ပါဠိတော်လာ ပဉ္စပုဗ္ဗနိမိတ္တသုတ်တော်ကို ဆက်လက် လေ့လာ တင်ပြမည်။

မေတ္တာဖြင့်
ပညာရိပ်သာဆရာတော်
ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)

No comments:

Post a Comment