" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, July 4, 2013

သူငယ်ချင်းသို့ တန်ဘိုးအရှိဆုံး လက်ဆောင်ရတနာ



Fundamental Buddhism 2nd Year (2013)

Date=  June-29-30, 2013
သင်တန်း အမှတ်(၁) Notes
By Dr.Sutacaralankara

သူငယ်ချင်းသို့ တန်ဘိုးအရှိဆုံး လက်ဆောင်ရတနာ

(က) ရတနာ ရှင်းတမ်း(ရတနာ အဓိပ္ပါယ်)
စိတ္တီကတံ မဟဂ္ဃဉ္စ ၊ အတုလံ ဒုလ္လဘ ဒဿနံ။
အနောမ သတ္တပရိဘောဂံ ၊ ရတနံ တေန ဝုစ္စတိ။
(သဂါထာဝဂ္ဂသံယုတ်-ဌ- ပ ၈၇၊ သုတ္တနိပါတ-ဌ-ပ ၂၇၂ မှ ၂၇၆ ထိ၊ ခုဒ္ဒကပါဌ-ဌ- ၁၄၃)
(၁) စိတ္တီကတံ၊ စိတ်၌စွဲကပ် အလေးပြုအပ်၏။
(၂) မဟဂ္ဃဉ္စ၊ အဖိုးများစွာလည်း ထိုက်တန်၏။
(၃) အတုလဉ္စ၊ ပြိုင်ဘက်မပြု အတုလည်း မရှိ။
(၄) ဒုလ္လဘ ဒဿနဉ္စ၊ မြင်ခဲ(ရခဲ) သော အရာလည်း ဖြစ်၏။
(၅) အနောမ သတ္တပရိဘောဂဉ္စ၊ မယုတ်ညံ့သူ လူမွန်လူမြတ်တို့၏သာ သုံးဆောင်ရာလည်း ဖြစ်၏။
တေန၊ ထိုအကြောင်းများကြောင့်၊ ရတနံ၊ ရတနာဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏ ။ ။

အထက်ပါ ဂါထာနှင့်အညီ ရတနာ အနက်အဓိပ္ပါယ် ငါးမျိုးရှိ၏ (၁) လေးစားမြတ်နိုးဖွယ် ဖြစ်သောကြောင့် ရတနာ၊ (၂) တန်ဖိုးများစွာထိုက်တန်သောကြောင့် ရတနာ၊ အတုမရှိသောကြောင့် ရတနာ၊ (၄) မြင်တွေ့ရန် ခက်ခဲသောကြောင့် ရတနာ၊ (၅) လူမွန်လူမြတ်တို့သာ သုံးဆောင်ရာ ဖြစ်သောကြောင့် ရတနာဟု ခေါ်ဆိုရ၏။
ဆောင်ပုဒ်။ လေးစား မြတ်နိုး၊ အဖိုးထိုက်တန်၊ တုမဲ့ဟန်နှင့်၊ မြင်ရန်ခဲလတ်၊ သူမြတ်တို့သာ၊ သုံးဆောင်ရာ၊ ရတနာ အနက်ငါး။ (သပြေကန်)

ခြုံငုံသုံသပ်ကြည့်လျှင် လောကီ ရွှေ၊ငွေ၊ စိန် ကျောင် နီလာ ပတ္တမြားစသည်တို့ကို လောကီလူသားတို့ လွန်စွာပင် တန်ဖိုးထား မြတ်နိုးတတ်ကြ၏။ ထိုနည်းအတူ ဘုရား တရားသံဃာတည်းဟူသော ရတနာ မြတ်သုံးပါးတို့ကို လောကီလူသားတို့ တန်ဖိုးထား မမြတ်နိုးနိုင် ကြပါသော်လည်း စစ်မှန်သည့်ဓမ္မကို လက်တွေ့ကျကျ သိနားလည်ကြသည့် သူတော် ကောင်းတို့သည် လောကီ ရတနာတို့ထက်ပင် ပိုမိုအလေးထား အမြတ်တနိုး တန်ဖိုးထားတတ်ကြပေ၏။ လောကီလူသားတို့သည် လောကီ ရတနာများကို အမြတ် တနိုးသိမ်း ဆည်းထားကြသကဲ့သို့ သူတော် ကောင်းတို့သည်လည်း လောကုတ္တရာ ရတနာများကို မိမိတို့၏ စိတ် နှလုံးသားထဲ၌ ယုံကြည်သက်ဝင်စွာ လေးလေးနက်နက် နှစ်နှစ်ကာကာ အမြတ် တနိုး သိမ်းဆည်း ပူ ဇော် ထားကြလေ၏။ ဥပမာ မြတ်ဗုဒ္ဓပွင့်တော်မူခါစက သဟမ္ပတိဗြဟ္မာကြီးသည် မြင့်မိုရ်တောင်လောက်ရှိသည့် ရတနာပန်းကုန်းကြီးဖြင့် မြတ်ဗုဒ္ဓတည်းဟူသော အမြတ်ရတနာကို အမြတ်တနိုးတန်ဖိုးထားကာ ပူဇော်လျက် တရားဟောတော်မူရန် တောင်းပန်ခဲ့၏။

မြတ်ဗုဒ္ဓလက်ထက်တော်အခါက ဗိမ္ဗိသာရမင်း၊ ဝိသာခါ အနာထပိဏ်စသော သူတော်ကောင်း တို့သည် လည်းကောင်း၊ မြတ်ဗုဒ္ဓပရိနိဗ္ဗာန် စံပြီးနောက်ပိုင်း ၉၆ ကုဋေသော လောကီ ရွှေငွေရတနာ ပစ္စည်းဥစ္စာတို့ကို စွန့်လွှတ်ပြီး ရေတွင်းရေကန် ဘုရားကျောင်းကန် စေတီပုထိုး ရှစ်သောင်းလေးထောင် လှူဒါန်းခဲ့သော အသောကမင်းကြီး စသော သူတော်ကောင်းတို့သည် လောကီရတနာများထက် လောကုတ္တရာရတနာများကို ပိုမို မြတ်နိုးတန်ဖိုး ထားကြောင်းသိနိုင်ပါသည်။

ရတနာသုံးပါးတို့၏ ဂုဏ်ကိုသက်ဝင်ယုံကြည်၍ ရတနာသုံးပါးတို့အား စေတနာသုံးတန်ပြဌာန်း လှူဒါန်းလျှင် လှူဖွယ်ပစ္စည်းအနည်းငယ်မျှပင် ဖြစ်သော်လည်း အလွန်ကြီးမားသည့် အကျိုးကို ပေးနိုင်၏။ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူး၊ ထိုကဲ့သို့လှူဒါန်းခြင်း၏အကျိုး တန်ဖိုးကို မြတ်ဗုဒ္ဓမှတပါး အခြား မည်သည့် လူနတ် ဗြဟ္မာ သတ္တဝါတို့က မသိနိုင်၊ ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိလောက်အောင် ကြီးမားလှပေ၏။ လောကုတ္တရာ ရတနာကို မည်သည့်အရာနှင့်မျှ ပြိုင်နိုင်စွမ်းမရှိ၊ သာမန်လောကီရတနာသည်ပင် ရှားပါးလွန်းသောကြောင့် တွေ့ခဲ ကြုံခဲ ရနိုင်ခဲ ဖြစ်၏၏ ဘုရားရတနာသည် အနည်းဆုံး လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဆယ်ပါး ဖြည့်ကျင့်ပါမှ ပေါ်ထွန်းလာ၏။ ဘုရားရှင် ဖော်ထုတ်ဖော်ပါမှ တရားစစ်တရားမှန်တည်းဟူသော တရားရတနာ ပေါ်ထွန်းလာရ၏။ ထိုသို့ ဘုရားတည်းဟူသော ရတနာပေါ်ထွန်းသောကြောင့်သာ သံဃာရတနာသည်လည်း ပေါ်ထွန်းလာ၏။ လူသားတို့ သာမန်ကြည့်လျှင် ရတနာသုံးပါး လွယ်လွယ်လေးနှင့် ဖူးတွေ့နိုင်သည်ဟု ထင်မြင် ကောင်းထင်နိုင်သော်လည်း လေးလေးနက်နက် အသိဥာဏ်ဖြင့်  သုံးသပ်ကြည့်လျှင် ထိုမျှလောက် ရတနာ သုံးပါးကို မြင်ခဲ ရနိင်ခဲကြောင်း သိနိုင်၏။

လောကီရွှေငွေစသော ရတနာသည်ပင် သာမန်လူဆင်းရဲတို့ သုံးဆောင်ဝတ်ဆင်ဖို့ မလွယ်ကူလှပေ။ ဥပမာ စကြာဝတေးမင်း၏ ရတနာစသည်တို့ကို ဆင်းရဲသား ဒွန်းစဏ္ဍား စသော သုဒ္ဒ-အပါယ်ခံနင်းပြားများ သုံးဆောင်ခံစားရန် အိပ်မက်ထဲမှာပင် မမြင်မက်နိုင်လောက်အောင် ခဲယဉ်းသကဲ့သို့ ပါရမီသမ္ဘာရ ဥပနိဿယ ဘုန်းကံနည်းပါးသူတို့သည် ဘုရားဖူး တရားနာခြင်းစသော ဒဿနာနုတ္တရိယ၊ သဝနာနုတ္တရိယ အမြတ်ရတနာ အနှစ်သာရများ ရယူနိုင်ကြဖို့ ဝေးကြ၏။ သာသနာ၏ ရတနာသုံးပါး၏ အနှစ်သာရ တန်ဖိုးများကို မသုံး ဆောင်နိုင် မထိတွေ့နိုင်ကြပေ။ ပါရမီသမ္ဘာရ ဘုန်းကံ ရှိကြသည့် သူတော်ကောင်းတို့သည်သာလျှင် အမြိုက် ရတနာကို သုံးဆောင်ခံစား ထိတွေ့ သိမြင် နားလည်ကြကုန်၏ ။

ပါဠိသဒ္ဒါနည်းအရ ဆိုရလျှင် ရတိံ ဇနေတီတိ ရတနံ ဟူသည်နှင့် အညီ စိတ်နှလုံး နှစ်သက်ခြင်းကို ဖြစ်စေ တတ်သောကြောင့် ရတနာဟု ခေါ်အပ်ပေသည်။ လောကီရတနာတို့သည် လောကီ လူသား ပုထုဇဉ်များ၏ စိတ်နှလုံးကို သိမ်းကြုံးဆွဲငင် ယူနိုင်စွမ်းရှိသကဲ့သို့ လောကုတ္တရာ ရတနာသည်လည်း သူတော်ကောင်းတို့၏ စိတ်နှလုံးကို သိမ်းကြုံးယူငင် နှစ်သက်စေနိုင်၏။ ဥပမာ မဟာကပ္ပိန မင်းကြီးနှင့် အနောဇာမိဖုရား၊ ပုက္ကုသာတိမင်း၊ အနာထပိဏ်စသော သူတော်ကောင်းတို့သည် ရတနာသုံးပါးနှင့် စပ်သည့် သီတင်းစကားသံ ကြားရုံမျှဖြင့်ပင် ကြည်ညိုနှစ်သက် ကြကုန်၏။ ထိုသူတို့၏ စိတ်နှလုံးကို တကယ်ပင် ရတနာသုံးပါးက သိမ်း ကြုံးယူနိုင်စွမ်းရှိ၏။ ထို့ကြောင့် ရတနာ ဟု ခေါ် ဆိုနိုင်ပေ၏။
                  
လူတိုင်း တန်ဖိုး မထား

ဗုဒ္ဓဘာသာ၌ ဘုရား တရား သံဃာ တို့သည် ရတနာပင် ဖြစ်သော်လည်း ထိုရတနာကို လူတိုင်း မမြတ်နိုးနိုင် တန်ဖိုး မထားနိင်ကြပါ၊ ဥပမာ အစာရှာရန်ထွက်လာသော ကြက်သည် လမ်းပေါ်မှာ ဖြစ်စေ မြေကြီးထဲမှ အစာရှာရင်း ယက်မှုကြောင့် ပေါ်ထွက်လာသော အဖိုးတန် ပတ္တမြားရတနာ တွေ့ပင်တွေ့ငြားသော်လည်း တန်ဖိုးနားမလည်၊ တန်ဖိုးမထားတတ်ပေ။ ထိုနည်းအတူ သာသနာအတွင်းမှာ ရတနာသုံးပါးတည်းဟူသော ပတ္တမြားရတနာနှင့် တွေ့ပင်တွေ့သော်လည်း တန်ဖိုးမထားတတ်ကြပါလျှင် ကြက်အသိဥာဏ်မျိုးလောက်သာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အသိဥာဏ်ရှိရှိ သဒ္ဓါတရားဖြင့် ကြည်ညိုလေးစား တန်ဖိုးထားတတ်ရန် ကြိုးစားရမည် ဖြစ်ပေသည်။
*ရတနာဟူတုံ၊ တစ်စုံတစ်ခု၊ ဝတ္ထုအမျိုး၊ အဖိုးနဂ်ပြည့်၊ ပြည်တန်လှည့်လည်း၊ သုံးမည့်သူက၊ သုံးမကျလျှင်၊ မြေမှထင်စွာ၊ ကြက်ယက်ရာ၌၊ ရတနာပတ္တမြား၊ ပေါ်သောလားသို့၊ သုံးစားမဝင်၊ ဖိုးမထင်ဘူး။ (မဃဒေဝ-၂၆၄)။
ထို့အတူ တောထဲ၌ အစာရှာထွက်လာသော သမင်သည် အဖိုးတန် ပတ္တမြားရတနာ တွေ့မြင်ပါသော်လည်း သူစိတ်မဝင်စား၊ သူ၏ အစာဖြစ်သည့် မြက်ကိုသာစားကာ တန်ဖိုးရှိသည့် ပတ္တမြားရတနာကို ကျော်သွား ပေသည်။ ပညာမဲ့သည့် လောကီလူသားအများစုသည် မိမိရရှိလာသည့် တန်ဖိုးအရှိဆုံးအချိန်များကို ဖြုန်း တီး လျက် ဘဝတန်ဘိုးအတွက် ဗုဒ္ဓုပ္ပါဒနဝမခေတ် သာသနာနှင့်ကြုံ ဤလူ့ဘုံမှာ အချိန်ကောင်း အခွင့်ကောင်း အခါ ကောင်းများ ရရှိကြပါသော်လည်း မိမိရရ မဆုပ်ကိုင်နိုင်ကြပဲ ကာမဂုဏ်အာရုံ စိတ်ကြိုက်ခံစား သွားနေ ကြရင်း ဘဝသံသရာကျက်လည် နေကြရပေသည်။ လွတ်လမ်းမမြင်။

မဏိံ မိဂေါ ပဿန္တောပိ၊ တိဏံ ခါဒံဝ ဂစ္ဆတိ။
လဒ္ဓကာလော ဒုပ္ပညောပိ၊ ကာမံ ဘုဉ္ဇံဝ ဂစ္ဆတိ။
မိဂေါ၊ တောသမင်သည်၊ မဏိံ၊ အလလျှံတောက်ကြွား တောထဲက ကျောက်သံပတ္တမြား ရတနာကို၊ ပဿန္တောပိ၊ မိမိရှေ့မှာ ထင်ထင်ရှားရှားတွေ့မြင်ရပါလျက်၊ တိဏံ၊ အရေးမထား စိတ်မဝင်စား မိမိစားနေကျ တောမြက်ကိုသာလျှင်၊ ခါဒံဝ၊ စားလျက်သာလျှင်၊ ဂစ္ဆတိ၊ သွားလေ၏။ ဒုပ္ပညောပိ၊ ပညာနည်းပါး ပုထုဇဉ်အများသည်လည်း၊ လဒ္ဓကာလော၊ အလွန်တရာ ကောင်းမြတ်လှသည့် ဘုရားပွင့်တော်မူရာ ဗုဒ္ဓုပ္ပါဒ နဝမခေတ်တည်းဟူသော အခွင့်ကောင်း အခါကောင်းကြီးကို တွေ့ကြုံရနေပါလျက်၊ ကာမံ၊ အဖိုးမတန်လှသည့် ငါးဖြာအာရုံ ကာမဂုဏ်ကိုသာလျှင်၊ ဘုဉ္ဇံ-ဘုဉ္ဇန္တောဝ၊ အကြိမ်ကြိမ်ခံစား စံစားလျက်သာလျှင်၊ ဂစ္ဆတိ၊ တသွားတည်း သွား၍ နေကြလေ၏။ ။

တန်ဖိုးသူ မသိသူ(ဂုဏ်သိ- မသိသူ)
လောက၌ တန်ဖိုးထားတတ်သူ တန်ဖိုးသိသူ၊ တန်ဖိုးမထားတတ် တန်ဖိုးမသိသူ၊ ဂုဏ်သိသူ မသိသူများ ရှိတတ်ကြလေ၏။ တန်ဖိုးထားရမည့် ဂုဏ်ရှိကြသည့် ရတနာသုံးပါး မိဘဆရာသမားတို့၏ တန်ဖိုး ဂုဏ်ကျေးဇူးတရားတို့သည် တန်ဖိုးထားတတ်သူ ဂုဏ်ကျေးဇူးကို သိနားလည်သူတို့၌သာလျှင် တန်ဖိုးရှိသောအရာ ဂုဏ်ကျေးဇူးတရားတို့သည် တကယ့်တန်ဖိုးကြီး ဂုဏ်ရောင်တက်ကာ အသရေ တက်လှပေ၏။ တကယ့်မြတ်နိုး တန်ဖိုးထားဖွယ် ဂုဏ်တွေပင် ဖြစ်၏။ တန်ဖိုးသိသူအဖို့ ဂုဏ်ရောင်တက်နေသော တန်ဖိုးတရား ဂုဏ်ကျေးဇူးများသည် တစ်စုံတရာ တန်ဖိုးနားမလည်သူ ဂုဏ်ကျေးဇူးကို နားမလည်သူတို့ဆီသို့ ရောက်သွားလျှင် အပြစ်ပင် ဖြစ်သွားတတ်၏။
ဥပမာ၊ လောက၌ မြစ်ရေတို့သည် ချိုမြိန်အေးမြ သာယာပြီး တသွင်သွင်စီးနေကြ၏။ ထိုမြစ်ရေတို့သည် ဆားငံရေ ရှိသည့် ပင်လယ်သမုဒ္ဒရာသို့ စီးဝင်ရောက်သွားသောအခါ သောက်မကောင်း၊ မချိုမြ၊ ရေငံဖြစ်သွားသကဲ့သို့ တန်ဖိုးရှိသောအရာ ရတနာ၊ ကောင်းဂုဏ်တို့သည် ဂုဏ်သိသူ တန်ဖိုးသိသူတို့အဖို့မှာသာ တန်ဖိုးပြည့်ဝ ကောင်းဂုဏ်ရှိလှသော်လည်း ဂုဏ်မသိသူ တန်ဖိုးနားမလည်သူတို့အဖို့မှာမူ မကောင်းဂုဏ် အပြစ်တစုံတရာပင် ဖြစ်သွားတတ်ပေသည်။

ဂုဏာ ဂုဏညူသု ဂုဏဘဝန္တိ၊ တေ နိဂ္ဂုဏံ ပါပျ ဘဝန္တိ ဒေါသာ။
အဿာဒတောယာ ပသဝန္တိ နဇ္ဇာ၊ သမုဒ္ဒမာသဇ္ဇ ဘဝန္တျပေယျာ။ (နီတိ)။
ဂုဏာ၊ဂုဏ်တို့သည်၊ ဂုဏညူသု၊ ဂုဏ်ကိုသိနားလည်သူတို့၌၊ ဂုဏဘဝန္တိ၊စစ်မှန်သည့် ဂုဏ်တို့ပင် ဖြစ်၍ နေကြကုန်၏။ တေ၊ ဂုဏ်ကိုနားလည်သူတို့က ဂုဏ်ဟုခေါ်ဆိုအပ်သော ဂုဏ်တို့သည်၊ နိဂ္ဂုဏံ၊ ဂုဏ်ကျေးဇူး တန်ဖိုးတစ်စုံတရာ နားမလည်သူ ဂုဏ်မရှိသူသို့၊ ပါပျ၊ ရောက်သွားကြသည်ရှိသော်၊ ဒေါသာ၊ အပြစ်တို့သည်(ဝါ) ဂုဏ် မဟုတ်သော သဘောတရားတို့သည်၊ ဘဝန္တိ၊ ဖြစ်တတ်ကြကုန်၏။
နဇ္ဇာ၊ မြစ်တို့သည်၊ အဿာဒတောယာ၊ ချိုမြိန်သော ရေရှိကြကုန်သည် ဖြစ်၍၊ ပသဝန္တိ၊ တသွင်သွင် စီးဆင်းလျက် ရှိကြကုန်၏။ တာ၊ ချိုမြိန်သော ရေဖြင့် စီးဆင်းလျက်ရှိကြကုန်သော ထိုမြစ်(ရေ)တို့သည်၊ သမုဒ္ဒံ၊ ဆားငန်ရေ အတိပြီးသည့် သမုဒ္ဒရာသို့၊ အာသဇ္ဇ၊ ဆိုက်ရောက်ကြ ကုန်သည်ရှိသော်၊ အပေယျာ၊ သောက်၍ မကောင်းကုန်သည်၊ (ဝါ) ငန်သွား၍ သောက်မဖြစ်ကုန်သည်၊ ဘဝန္တိ၊ မုချမသွေ ဖြစ်ကြပေကုန်၏။ ။

ရတနာရှာပုံတော်
ဤနေရာ၌ ရတနာရှာပုံတော်ကို ဝေဠုဝန်ကျောင်းဒကာ ရာဇဂြိုဟ်ပြည့်ရှင် သောတာပန် ဘုရင်ဗိမ္ဗိသာရမင်းကြီး နှင့် တက္ကသိုလ်ပြည့်ရှင် ပုက္ကုသာတိမင်းတို့အကြောင်း သိထားသင့်၏။ ထိုဘုရင်နှစ်ပါးတို့သည် တစ်ဦးနှင့်တစ်ဦး တစ်ကြိမ်တစ်ခါမျှ မတွေ့မြင်ဖူးကြသည့် အဒိဌ-သဟာယက များဖြစ်ကြ၏။ နှစ်နိုင်ငံချစ်ကြည်ရေး အရ အကောက်ခွန်လွတ်(duty free) ဖွင့်လှစ်ထားသည့် စီးပွားရေးဈေးကွက်များကြောင့် နှစ်နိုင်ငံ ကုန်သည်များ ဝင်ထွက်သွားလာကြရင်း သဝဏ်လွှာ သတင်းစကားနှင့်ပင် ရင်းနှီးနေကြပေ၏။ မင်းနှစ်ပါးတို့သည် ဤဘဝသာမက ရှေး ကဿပဘုရားရှင် သာသနာနောက်ပိုင်းအခါတုန်းက တောင်ပေါ်မှာ ရဟန်းတရား အတူတကွ အားထုတ်ခဲ့ကြဖူးသည့် မိတ်ဆွေများဖြစ်ခဲ့ကြ၏။ ယခုဘဝနှင့် ရှေးအတိတ်ဘဝက ရေစက်ပါလာမှုကြောင့် မမြင်ဖူးကြသော်လည်း အချင်းချင်း အလွန်ချစ်ချင် ရင်နှီးကြသည့် အကြည်တော်မင်းများ ဖြစ်ကြ၏။
ပုဗ္ဗေဝ သန္နိဝါသေန၊ ပစ္စုပ္ပန္န ဟိတေန ဝါ၊
ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။(ဓမ္မပဒ)
ယခုဝတ္တမာန်၊ ပစ္စုပ္ပန်ဒိဌ၊ ဤဘဝ၌၊ ဟိတအထူး၊ ကျေးဇူးပြုထွေ၊ ပုဗ္ဗေဘဝ၊ သိနေဟဖြင့်၊ တကွမကင်း၊ ချစ်ရင်းပါကြ၊ ကြောင်းနှစ်ဝကြောင့်၊ ပိယသဟာ၊ ရေနှင့်ကြာသို့၊ မေတ္တာနူးဆွတ်၊ ချစ်ကြတတ်ဟု၊ မြတ်သမ္ဗုဒ္ဓ၊ ဟောဖော်ပြ၏။ (မဃဒေဝ-၃၁၇)။

တစ်နေ့ ဘုရင်ပုက္ကုသာတိအထံတော်မှ တန်ဖိုးများစွာ ထိုက်တန်သည့် ကမ္ဗလာအဝတ် ရှစ်ထည်ကို သူ၏အကြည်တော် မာဂဓဘုရင် ဗိမ္ဗိသာရမင်းထံ လက်ဆောင်ပို့လိုက်လေ၏။ ဗိမ္ဗိသာရ မင်းက အကြည်တော် ပုက္ကုသာတိမင်းထံ ရွှေပြားပုရပိုက်တွင် ယခုအခါ မြတ်စွာ ဘုရားပွင့်တော်မူပြီ ဖြစ်ကြာင်း၊ ထိုဘုရားရှင်၏ ဂုဏ်တော်များအကြာင်း၊ တရားတော်များ၏ ဂုဏ်တော်များအကြာင်း၊ တပည့်သာဝကတို့၏ ဂုဏ်တော်များအကြောင်း စသည်တို့ကို အပြည့်အစုံရေးသား၍ ပေးပို့လိုက်၏။ ယင်းတန်ဖိုးမဖြတ်နိုင်သည့် အမြတ်ဆုံးရတနာလက်ဆောင်တော်ကို ပုက္ကုသာတိမင်းသည် ရွှေနန်း ပြသာဒ် အထက်ဘုံအဆင့်သို့ ယူဆောင်သွား၍ တစ်ပါးတည်း ရိုသေလေးမြတ်စွာ ဖတ်ရှု့ရာ ပါရမီ ဓာတ်ခံ ရင့်သန်သည့်အလျောက် ယင်းရွှေပုရပိုက်လွှာကို ဖတ်ရင်းပင်လျှင် ပီတိအဟုန်ပြင်းစွာဖြစ်၍ စတုတ္ထဈာန် ပဉ္စမဈာန်တို့ကို ဖြစ်စေကာ ဈာန်ချမ်းသာဖြင့်သာလျှင် ရက်ပေါင်းများစွာ နန်းပြသာဒ် အထက်၌ တစ်ဦးတည်း နေထိုင်ခဲ့သေး၏။

ထို့နောက်မှ ဤမျှလောက် ချမ်းသာမှုကို လူကိုယ်တိုင် မဖူးမြင်ရဘဲနှင့်ပင်လျှင် ပေး စွမ်းနိုင်သော ဘုရားရှင်၏ တရားတော်၌ အလွန်သက်ဝင် ယုံကြည်သဖြင့် နန်းစည်းစိမ်ကို စွန့်လွှတ် လူ့ဘောင်ခွာ၍ ရသေ့ရဟန်းအဝတ်ကို ဆင်မြန်းကာ တိုင်းသူပြည်သားများ ငိုကြွေးတားမြစ် တောင်းပန် လျှိုနေဆဲမှာပင် တစ်ဦးတည်း ထွက်ခွာခဲ့၍ ရာဇဂြိုဟ်ပြည်သို့ အရောက် ၁၉၂ ယူဇာ ခရီးရှည်ကြီးကို နှင်လာခဲ့ရလေ၏။ ရက်အတန်ကြာပြီး နောက်တစ်ညနေ နေဝင်ရီတရော အချိန်တွင် ဘဂ္ဂဝမည်သော အိုးထိမ်းသည်၏ တဲကုတ်လေးသို့ ရောက်ရှိ၍ အိုးထိမ်းသည်ထံမှ ခွင့်တောင်းကာ တစ်ညတာ နားနေခဲ့လေ၏။

မြတ်ဗုဒ္ဓသည် မိုးသောက်ယံတွင် သတ္တလောက တစ်လောကလုံးကို ဆင်ခြင်သုံးသပ်တော်မူမြဲအတိုင်း ထိုနေ့ နံနက်တွင်လည်း ကြည့်တော်မူသည်ရှိသော် ပုက္ကုသာတိကို မြင်တော်မူ၍ ဤသို့အကြံတော်ဖြစ်၏။ ပုက္ကုသာတိမင်းသည် သူ၏အကြည်တော်ဖြစ်သော ဗိမ္ဗိ သာရမင်းကြီးထံမှ ပေးပို့လိုက်သည့် ရွှေသဝဏ်လွှာ အမြတ်ဆုံးရတနာလက်ဆာင်ကို ဖတ်ရ၍ တိုင်းပြည်ကိုစွန့်လျက် ငါဘုရားကို ရည်၍ ရဟန်းပြုကာ ၁၉၂ ယူဇနာ ဝေးကွာသော ရာဇဂြိုဟ်သို့ ထွက်ခွာခဲ့လတံ့၊ ငါဘုရားသည် ပုက္ကုသာတိရှိရာ အရပ်သို့ ယနေ့ အရောက်မကြွသော် အောက်မက် အောက်ဖိုလ် သုံးပါးကို ထိုးထွင်း၍ မသိဘဲ တစ်ညလွန်လျှင် ကွယ်လွန်ပေလိမ့်မည်။ ငါဘုရား သွား သည်ရှိသော် ပုက္ကုသာတိသည် အောက်မက် အောက်ဖိုလ်သုံးပါးကို ထိုးထွင်း၍သိလတံ့၊ သတ္တဝါ များအား ကယ်တင်ရန် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီဖြည့်ခဲ့ရသော ငါဘုရားသည် ထိုပုက္ကုသာတိအား ကူညီချီးမြှင့်ပေအံ့ဟု နှလုံးသွင်းတော်မူခဲ့လေသည်။

ထိုနေ့ နံနက်ပိုင်းဆိုင်ရာ ဗုဒ္ဓကိစ္စအားလုံး ဆောင်ရွက်တော်မူပြီးသော မြတ်ဗုဒ္ဓသည် အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန စသော သာဝကကြီးများကိုပင် အသိမပေးဘဲ သပိတ် သင်္ကန်းတို့ကို ဆောင်ယူ၍ တစ်ပါးတည်းသာလျှင် ရာဇပြည်သို့ ရှေးရှု့ထွက်တော်မူခဲ့၏။ ခြလျင်ဖြင့်သာလျှင် မထင်မရှားသော ရဟန်းအသွင်ဖြင့် ကြွလာတော်မူခဲ့သော မြတ်စွာဘုရား သည်လည်း ဘဂ္ဂဝမည်သော အိုးထိမ်းသည်၏ တဲကုတ်လေးသို့ ပုက္ကုသာတိ ရဟန်းနှင့်ပင် မရှေးမနှောင်းပင် ဆိုက်ရောက်သွားတော်မူခဲ့လေသည်။(ဓာတုဝိဘင်္ဂသုတ်-အဌကထာ)

ဥပရိပဏ္ဏာသ ဓာတုဝိဘင်္ဂသုတ်၌မူ အောက်ပါအတိုင်း သာမန်လောက်သာ တွေ့ရ၏။ မြတ်စွာဘုရားသည်၊ မာဂဓတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူရာမှ၊ ရာဇဂြိုဟ်သို့ ဆိုက် ရောက်တော်မူသည်။ အိုးထိမ်းသည် ဘဂ္ဂဝထံ သူ၏တင်းကုပ်၌ တစ်ညမျှနေရန် ခွင့်တောင်း၏။ ဘဂ္ဂဝ က "ရှေးဦးစွာ နေထိုင်ကပ်ရောက်နှင့်သော ရဟန်းတစ်ပါးရှိ၏။ ရှေးဦးနေနှင့်သော ရဟန်းက ခွင့်ပြုပါမူ ချမ်းသာစွာ နေတော်မူပါလော့" ဟု လျှောက်၏။
ထိုရဟန်းထံ မြတ်စွာဘုရားက တစ်ညတာမျှ နေလို၏ဟု ခွင့်တောင်း၏။ ချမ်းသာစွာနေပါဟု ရဟန်းက ခွင့်ပြု၏။ ထို့နောက် မြတ်စွာဘုရားနှင့် ထိုရဟန်းတို့သည် ညဥ့်နက်သည့်တိုင်အောင် ကမ္မဌာန်းတရားသို့ ရှေးရှုသတိဖြစ်စေ၍ နေထိုင်ကြ၏။ ထိုအခါ ရဟန်းက မြတ်စွာဘုရားအား "ဤအမျိုးကောင်းသားသည် ကြည်ညိုဖွယ်ကို ဆောင်နိုင်သော ဣရိယာပုတ်ကို ဖြစ်စေ၏။ ငါသည် အကယ်၍ မေးရမူ ကောင်းလေစွ" ဟု အကြံဖြစ်၏။ ဓာတုဝိဘင်္ဂသုတ်ကား အကျဉ်းမျှသာ ပြောဆို ထား၍ ပုက္ကုသာတိအကြောင်း စုံလင်စွာမသိနိုင်သော်လည်း ယင်းသုတ် အဖွင့်အဌကထာနှင့် တိုက်ဆိုင်ကြည့်မှသာလျှင် အသေးစိတ် သိနိုင်ပါသည်။ မြတ်စွာဘုရားက တရားဟောရာတွင် ရဟန်းတော်သည် သစ္စာတရားထိုးထွင်း သိမြင်ခဲ့လေသည်။ What the Buddha taught စာအုပ် ရေးသားတော်မူသည့် ဆရာတော် ရာဟုလာမထေရ်မြတ်က ဤ ဓာတုဝိဘင်္ဂသုတ်ကို သူ၏စာအုပ်မှာ ကိုးကားရေးသားရာတွင် "သစ္စာတရားကို ထိုးထွင်းသိရန်သာ အဓိကဖြစ်သည်၊ ပုက္ကုသာတိ ရဟန်းသည် ဓာတုဝိဘင်္ဂသုတ်လာ နက်နဲသော တရားတော်များကို မည်သူက သူ့အား ဟောကြား နေသည် (ဗုဒ္ဓ က ဟောကြားနေသည်)ဟု မသိဘဲနှင့်ပင်လျှင် အနာဂါမိဖိုလ်သို့ ဆိုက်ရောက်သွားကြောင်း တင်ပြထားပေသည်။
ဗိမ္ဗိသာရဟူသည့် ချစ်သောသူငယ်ချင်းက တန်ဖိုးအရှိဆုံး ရတနာလက်ဆောင်ကို ပေးပို့ခဲ့သောကြောင့် ပုက္ကုသာတိမင်းကြီးသည် ယင်းတန်ဖိုးအရှိဆုံးရတနာတို့ကို တန်ဖိုးသိလျက် တန်ဖိုးထားကာ ဘဝတန်ဖိုးကို အမိအရ ယူနိုင်ခဲ့ပေသည်။

လောကတွင် အမြတ်ဆုံးရတနာကို ရှာဖွေတွေ့ရှိ၍ အချစ်ဆုံးသူငယ်ချင်းအား အမြတ်ဆုံး ရတနာလက်ဆောင်များ ပေးပို့နိုင်ကြပါစေ။ ။
                                                                  

မေတ္တဖြင့်
ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)End of writing date (Wed, 3, July-2013)

No comments:

Post a Comment