မြတ်စွာဘုရားသည် သူ၏ မြောက်မြားစွာသော နေ့စဉ် လုပ်ငန်းစဉ် တို့တွင် သတ္တ လောကကြီး၏ အခြေအနေကို တစ်နေ့နှင့် တစ်ညဥ့်လျှင် ခြောက်ကြိမ်မျှ ကြည့်ရှုတော် မူခြင်းသည် အလွန် အရေးပါသော လုပ်ငန်းကြီး တစ်ရပ် အဖြစ် ပါဝင်ပါသည်။ သတ္တလောကကြီး၏ အခြေအနေသည် သို့မဟုတ် ဒေသတစ်ခု၊ သတ္တဝါ တစ်စုစု၏ အခြေအနေသည် ကာမရာဂ လွန်ကဲ သောင်းကြမ်းသည်ဟု မြင်တော်မူလျှင် ထိုကာမရာဂကို ငြိမ်းအောင် ထိန်းသိမ်းဖို့ သမာဓိ ကျင့်စဉ်ကို ညွှန်ပြတော်မူသည်။ ရံခါ ဒေသတစ်ခု သတ္တဝါတစ်စုစုမှာ သို့မဟုတ် မင်းစိုးရာဇာတို့လောကမှာ အာဏာ မက်မောမှုတည်းဟူသော အကြောင်းကြောင့် သတ်ဖြတ်နှိပ်စက်ခြင်းများသည်ကို မြင်တော် မူလျှင် ဒေါသကိုနှိမ်နှင်းဖို့ မေတ္တာလမ်းစဉ်ကို ညွှန်ကြားတော်မူသည်။ ရသေ့ ရဟန်း ယောဂီ သမဏဗြဟ္မဏ တို့လောက၌ ဓမ္မနှင့်အဓမ္မအငြင်းပွား၍ ငြင်းခုံ ကွဲပြားကြသည်ကို မြင်တော်မူလျှင် ထိုသမဏ ဗြဟ္မဏတို့အား ပညာလမ်းစဉ်ကို လိုက်နာ ကျင့်သုံးကြဖို့ ဟောကြားတော်မူပါသည်။ ဤသို့မြတ်စွာဘုရားသည် သတ္တဝါလော ကကြီး၏ အခြေအနေကို ရှုမြင်သုံးသပ်၍ အခြေအနေအားလျော်စွာ ကျင့်သုံးပုံနည်းစနစ်များကို ဟောကြားညွှန်ပြတော်မူသည်ကို ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ အတုယူလိုက်နာဆောင်ရွက်ဖို့ ကောင်းပါသည်။ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များသည် မျက်စိနှင့်နားကို ကျယ်ကျယ်ဖွင့်၍ လောကကြီး၏အခြေအနေကို အစဉ်မပြတ် ကြည့်ရှုသုံးသပ် နေသင့်ပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်အရ အစဉ်မပြတ် ကြည့်ရှု ဖြည့်စွက်ပေးဖို့ရန်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ၏ တာဝန်တစ်ရပ် ဖြစ်ပါသည်။ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ ဓမ္မကို ဖြန့်ချိခြင်းသည် လူ့လောကကြီး၏ လိုအပ်ချက်နှင့် ကိုက်ညီဖို့ အရေးကြီးပါသည်။ ဓမ္မနှင့်လူသား တခြားစီ မဖြစ်ရလေအောင် ဓမ္မနှင့်လူသား တစ်ထပ် တည်းကျအောင် ဖြန့်ချိနိုင်ပါမှ လူ့လောကကြီး၏ လိုအပ်ချက် ပြည့်စုံမည် ဖြစ်ပါသည်။ သို့မှသာ လူသားအများစုတို့က ဘာသာရေး ခေါင်းဆောင်တို့သည် လူ့လောကကြီး အတွက် မရှိမဖြစ် လိုအပ်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်ဟု ယုံကြည်စိတ်ချ ကျေးဇူးတင်လာကြမည် ဖြစ်ပါသည်။ သိပ္ပံနှင့်နည်းပညာ တစ်ဟုန်ထိုး တိုးတက်ထွန်းကားလာသော ယနေ့ခေတ်၌ လူ့လောကကြီး၏ လိုအပ်ချက်ကို မဖြည့်စွက်နိုင်သော လောကနှင့်ဓမ္မကို တစ်သားတည်း ကျအောင် ဦးမဆောင်နိုင်သော ဘာသာရေး ခေါင်းဆောင်တို့ကို လူသားတို့က တစ်နေ့တခြား လူ့လောကကြီး၏ အပိုအလျှံများသဖွယ် မြင်လာနေကြပြီဖြစ်သည်။ ယနေ့လူငယ်အချို့ကဆိုလျှင် ဘာသာရေးမှ ရုန်းထွက်ဖို့ပင် ကြိုးစားနေကြပြီး သိပ္ပံနှင့် နည်းပညာသည်သာလျှင် လောကကို ကောင်းကျိုးပြုသည်ဟု တစ်ဖက်သတ် မြင်လာနေကြပေပြီ။ သို့သော် ထိုသိပ္ပံနှင့် နည်းပညာသည် လောကကောင်းကျိုးကို ပြုပင်ပြုငြားသော်လည်း လူလောကကြီးကို လူညွန့်တုံးအောင် သတ်ဖြတ် နှိပ်စက်သည်မှာလည်း ယင်းတို့ပင် ဖြစ်ကြသည်ကို သတိပြုကြရန် လိုအပ်လှပါသည်။ တက်ထရာဆိုင်ကလင်း ဆေးသည် အဖျားပျောက်ဆေး တို့တွင် အကောင်းဆုံးပင် ဖြစ်သော်လည်း အစာအိမ်ကို လောင်ကျွမ်းစေကာ ရောဂါတစ်မျိုး ထပ်တိုးစေသည်မှာလည်း ဤဆေးပင် ဖြစ်ပါသည်။ (၅၊၈၊၁၉၄၇)ရက်တွင် ဂျပန်နိုင်ငံရှိ နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့တို့မှာ လူသိန်းပေါင်း များစွာကို သတ်ခဲ့သော အဏုမြူဗုံးသည် သိပ္ပံဆရာများ တီထွင်ခဲ့သော လက်နက်ပင် မဟုတ်ပါလော။ ဘာသာရေးတိုင်းသည် လူသားတို့၏ စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့် အသီးသီး ငြိမ်းချမ်းမှု ပေးနိုင်ကြပြီး လူသားတို့စိတ်နှလုံးကို ယဉ်ကျေးစေနိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်မျှော်လင့်ပါသည်။ ယနေ့ မျက်မှောက်ခေတ်၌ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆာင် အားလုံးသည် လူ့လောကကြီး၏ မရှိမဖြစ် လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်း လူသားအများစု နားလည်ခံယူလာအောင် ကျွန်ုပ်တို့ အားထုတ်ကြရမည် ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ လက်ထက်တော်ကာလက ကုရုတိုင်း၊ ထုလ္လကောဋ္ဌိကမြို့သို့ မြတ်စွာဘုရား ရောက်သွားသောအခါ မြတ်ဗုဒ္ဓ၏ဓမ္မကို နာကြားရသဖြင့် ဘီလျံနာသူဋ္ဌေး ရဋ္ဌပါလရဟန်း ပြုခဲ့သည်။ ဘီလျံပေါင်း များစွာသော ပစ္စည်းဥစ္စာတို့ကိုစွန့်၍ ရဟန်းပြုခဲ့သော အရှင်ရဋ္ဌပါလကို ကောရဗျမင်းကြီးက အောက်ပါအတိုင်း မေးလျှောက်ပါသည်။ ''အရှင်ဘုရားသည် ဤမျှကြီးကျယ်သော ပစ္စည်းဥစ္စာတွေကိုစွန့်ပြီး မည်သည့်ချမ်းသာ သုခကို မြင်၍ ရဟန်းပြုခဲ့ပါသနည်း'' အရှင်ရဌပါလက ပြန်လှန်၍ မေးခွန်းထုတ်ပါသည်။ ''ဒကာတော်မင်းကြီး ရသေ့ရဟန်းတို့ အပေါ်မှာ သင်သည် အဘယ်ကဲ့သို့ မြင်ပါသနည်း'' မင်းကြီးကဆိုပါသည်။ ''လူတွေဟာ စီးပွား ပျက်သောကြောင့် လည်းကောင်း၊ ဆွေမျိုး ပျက်သောကြောင့် လည်းကောင်း၊ အိုမင်းရင့်ရော်သောကြောင့် လည်းကောင်း၊ ကျန်းမာရေး ပျက်သောကြောင့် လည်းကောင်း၊ စားဝတ်နေရေး အခက်တွေ့တဲ့ လူတွေဟာ ဘာသာရေး ခေါင်းဆောင် ဝင်လုပ်ပြီး စားစရာ၊ ဝတ်စရာ၊ နေစရာ တွေကို ရှာကြတာပဲ''။ တိုင်းပြည်နှင့် လူသားတွေ အတွက် ဘာအကျိုးကျေးဇူးမှ မပြုသည့် အဓိပ္ပာယ်ကို မင်းကြီးက ဆိုလာသည်။ ဘာသာရေး ခေါင်းဆောင်တွေဟာ လူပိုတွေ အချောင်သမား တွေလို့မြင်တဲ့ အမြင်ရှိ သူအချို့ ဗုဒ္ဓရှင်တော် လက်ထက်တော် အခါကပင်လျှင် ရှိဖူးပါသည်။ ပညာမဲ့သော လူသားတို့ ဤသို့မြင်သည်မှာ အလွန်အရေးမကြီး လှသော်လည်း ကောရဗျ မင်းကဲ့သို့ မင်းစိုးရာဇာတို့က ဤအမြင်မျိုး ရှိသည်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ သတိပြုစရာပင် ဖြစ်ပါသည်။ အရှင်ရဌပါလ၏အဖြေမှာ--- ၁။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံး တလှုပ်လှုပ်ဖြစ်နေသည်။ သတ္တဝါလောကကြီး တစ်ခုလုံးမှာ တည်ငြိမ်မှုမရှိဘူး။ ငါသည် ဗုဒ္ဓသာသနာတော်၌ ဘဝ၏ တည်ငြိမ်မှုကို တည်ဆောက်ဖို့ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဖြေပါသည်။ အရှင်ဘုရား၏ ဘဝတည်ငြိမ်မှုကို ဘာနှင့်တည်ဆောက်သလဲဟု မင်းကြီးကမေးလျှင် အရှင်ရဌပါလက ငါ့ဘဝရဲ့ တည်ငြိမ်မှုကို ဓမ္မဖြင့် တည်ဆောက် နိုင်ခဲ့သည်ဟု ဖြေကြားလိုက်သည်။ ၂။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီး တစ်ခုလုံးမှာ မီးဟုန်းဟုန်း တောက်လောင် နေပါသည်။ ငါသည် မြတ်ဗုဒ္ဓ၏ သာသနာတော်၌ တဟုန်းဟုန်း တောက်လောင်နေသော မီးကို ငြိမ်းအေးစေဖို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ ဘဝမီးတောက်မီးလျှံများကို ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။ ၃။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံး အိုနာသေ သုံးမျိုးတို့ နှိပ်စက်သောအခါ ဘယ်တန်ခိုးရှင်မှ ထိန်းချုပ်လို့မရဘူး။ ထို့ကြောင့် ထိုဒုက္ခသုံးမျိုးတို့ကို ထိန်းချုပ်ဖို့ ငါသည် သာသနာတော်သို့ ဝင်ရောက်လာခဲ့သည်။ ထိုဒုက္ခသုံးမျိုးတို့ကို ငါသည် ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။ ၄။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီး တစ်ခုလုံးမှာ ပစ္စည်းဥစ္စာ ရာထူးအာဏာ တွေဆိုတာ တကယ်စင်စစ် ကိုယ်ပိုင်ဥစ္စာ အဖြစ် ဘာကိုမှ မပိုင်ဆိုင်ကြဘူး။ ငါ့ဥစ္စာဟု ပြောနေကြသော်လည်း နှစ်ပေါင်းတစ်ရာထက် ပို၍ ပြောဆိုပိုင်ဆိုင်ခွင့် မရှိကြဘူး။ နှစ်တစ်ရာ မပြည့်မီမှာ ထိုပိုင်ဆိုင်မှု အားလုံးတို့ကို စွန့်လွှတ်ကြရစမြဲ ဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓသာသနာတော်၌ ငါသည် ကိုယ်ပိုင်ဥစ္စာရှာဖို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ငါကျင့်ထားသော ဓမ္မအားလုံးတို့ကို ငါပိုင်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။ ၅။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီး တစ်ခုလုံးသည် မည်သည့်ပစ္စည်းဥစ္စာ မည်သည့် ရာထူးအာဏာတို့ မည်မျှပင် ရထားကြစေကာမူ အလိုမပြည့်နိုင်အောင် ဖြစ်နေကြသည်။ အလိုရှိနေသမျှ မည်သို့ပင် ဖြည့်ကြသော်လည်း အလိုကား မပြည့်ကြပေ။ အလိုမပြည့်မီမှာပင် လူသားအားလုံးတို့ သေကြရမည်ဖြစ်သည်။ ထို့ကြောင့် ငါသည် မြတ်ဗုဒ္ဓသာသနာ၌ ငါ၏ အလိုဆန္ဒတို့ကို ပစ္စည်းဥစ္စာ ရာထူးအာဏာတို့ဖြင့် မဖြည့်ဘဲ ဓမ္မဖြင့် ဖြည့်ခဲ့လေပြီ။ လိုသည်ဆိုသည့် လောဘ၏ နေရာ၌ ဓမ္မဖြင့် အစားထိုးနိုင်ခဲ့သဖြင့် ကျွန်ုပ် အလိုပြည့်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။ ၆။ ဒကာတော်မင်းကြီး လူသားတို့သည် ''လိုသည် လိုသည်''ဆိုသည့် လိုအပ်ချက် ကို ရှာဖွေ ဖြည့်စွက်ကြရာ၌ လိုအပ်ချက်တို့ကို အဆုံးမသတ် နိုင်ခဲ့ကြသည့် အတွက်ကြောင့် တဏှာလောဘ၏ ကျေးကျွန်များအဖြစ်သာ ဖြစ်ခဲ့ကြရလေသည်။ ငါသည် တဏှာ၏ ကျေးကျွန်အဖြစ်က လွတ်ဖို့ရန် အတွက် ရဟန်းဝတ်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။ ဤသို့လျှင် အရှင်ရဌပါလ၏ မွန်မြတ်သော မှန်ကန်သော ရဟန်းပြုခြင်း၏ ရည်ရွယ်ချက်တို့ကို မင်းကြီး ကြားသောအခါ အလွန်ပင် ကျေနပ် နှစ်သက်ခဲ့လေသည်။ ကျေနပ် နှစ်သက်ခြင်းကြောင့် သူစွပ်စွဲခဲ့မိသော အပြစ်တို့ကို တောင်းပန်ဝန်ချ ကန်တော့ခဲ့သည်။ ဤနေ့မှစ၍ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ဟု လျှောက်ထားခဲ့လေသည်။ သို့ဖြစ်ခြင်းကြောင့် ယနေ့နိုင်ငံအသီးသီး လူမျိုးအသီးသီး စီးပွားရေး အကြပ်အတည်းတို့နှင့် ရင်ဆိုင်ကြုံတွေ့ နေကြရသော ကာလ၌ နိုင်ငံအသီးသီးရှိ လူသားတော်တော်များများ အလုပ်လက်မဲ့ဖြစ်၍ စားဝတ်နေရေး အခက်အခဲ တွေ့နေကြရသည်ကို ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ အားလုံး မြင်တွေ့နေကြရပြီး ဖြစ်ပါသည်။ စီးပွားရေး အကြပ်အတည်း နိုင်ငံရေး အကြပ်အတည်း ဘာသာရေး အကြပ်အတည်း ဤသုံးခုတို့သည် တခြားစီ မနေကြဘဲ အပြန်အလှန် မှီတွယ်၍ နေတတ်ကြပေသည်။ နိုင်ငံရေးစီးပွားရေး အကြပ်အတည်းကြောင့် လူအများစု အလုပ်လက်မဲ့ ဖြစ်နေကြရသည်ကို ကြည့်၍ ကျွန်ုပ်တို့ခေါင်းဆောင်များ ဘာသာရေး အလုပ်လက်မဲ့ မဖြစ်ရလေအောင် အထူး သတိပြုကြရမည် ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မိမိတို့လုပ်ဆောင်ကြရမည့် လူမှုရေး အကျိုးပြုလုပ်ငန်းများ၊ ပိဋကတ် သင်ကြားပို့ချရေး လုပ်ငန်းများ၊ ကမ္မဋ္ဌာန်း ကျင့်ကြံ အားထုတ်ရေး လုပ်ငန်းများကို ယနေ့ခေတ်၌ နှစ်ဆတိုး ကြိုးစား၍ လုပ်ဆောင်ကြရမည် ဖြစ်သည်။ အရှင်ရဌပါကကို ကောရဗျမင်းကြီး စွပ်စွဲသလို အစွပ်စွဲ မခံကြရလေအောင် ကြိုးစားကြရမည် ဖြစ်ပေသည်။ ကောရဗျ မင်းကြီးကဲ့သို့ ဘာသာရေးခေါင်းဆောင်တို့ အပေါ် အထင်အမြင် သေးကြသည့် လူတို့၏ စိတ်နှလုံးကို ကျေနပ်နှစ်သိမ့်မှု ရအောင် အရှင်ရဌပါလကဲ့သို့ အားထုတ်ကြရမည် ဖြစ်သည်။ ထို့ပြင် လှုပ်ရှားနေသော ကမ္ဘာကို တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့မှာ ကျွန်ုပ်တို့၏ တာဝန် ဖြစ်ပေသည်။ ကမ္ဘာကို တုန်လှုပ်စေသော လူတွေထဲမှာ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ မပါဝင်ဖို့ အရေးကြီးပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်တို့ကို ကျွန်ုပ်တို့ ဝိုင်းဝန်းဖြည့်စွက် ပေးနိုင်ကြဖို့ အားထုတ်ကြရမည် ဖြစ်ပါသည်။ လိုအပ်ချက်ဆိုသည်မှာ စိတ်ဓာတ်ရေးရာ လိုအပ်ချက်ကို ဆိုလိုပါသည်။ သို့မှသာ ကမ္ဘာ့လူသားအများစုက ဘာသာရေးခေါင်းဆောင် တို့သည် ကမ္ဘာ့လူသားအားလုံး တို့အတွက် ကျေးဇူးပြုတတ်သော အထူး အားကိုးထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု သိမြင်လာကြမည် ဖြစ်ပါသည်။ ဤ သည်ကား ကျွန်ုပ်၏ တောင်းဆိုမှုပင် ဖြစ်ပါသတည်း။ ပူလောင်နေသော ကမ္ဘာမှာ ကျွန်ုပ်တို့သည် မီးသတ်သမားများသဖွယ် ကိလေသာမီး သောကမီး စစ်မီးတို့ကို ငြိမ်းသတ်နိုင်သော ပုဂ္ဂိုလ်များအဖြစ် ကမ္ဘာ့ရေးရာမှာ ပါဝင်ကြရမည်ဖြစ်ပါသည်။ ကမ္ဘာ့လောကကို မီးဝိုင်းရှို့သော လူတွေထဲမှာ ကျွန်ုပ်တို့ မပါဝင်နိုင်ပေ။ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များသည် လူသားတို့ထံမှ ဘာကိုမျှ မတောင်းဆိုကြပါ။ သို့သော် '' Jealousy ကို Joy ပြောင်းကြပါ။ Evil ကို Good သို့ပြောင်းကြပါ။ Ignorance ကို Enlightenment သို့ ပြောင်းကြပါ။ အဝိဇ္ဇာမှ ဝိဇ္ဇာသို့ ပြောင်းကြပါ'' ဟူသော Change ကို တကယ်ပဲ တောင်းဆိုလိုပါသည်။ သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ။ ဒေါက်တာအရှင်ဉာဏိဿရ အဂ္ဂမဟာပဏ္ဍိတ၊ Ph.D., Litt. သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း။
REF: သီတဂူဆရာတော်၏ဆောင်းပါးကောင်းလေးတစ်ပုဒ်
Posted by ခမ်းမင်းဦး to FOREVER FRIENDS ထာဝရသူငယ်ချင်းများ on မတ် 24, 2012 at 9:24pm