" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Sunday, March 18, 2012

သာသနသွေးသစ်များ


နိုင်ငံခြားကိုလုံးဝမရောက်ဘူးသူများ (သို့မဟုတ်) မရောက်သေးသူများ သည် နိုင်ငံခြားကို အထင်ကြီးကြသည်။ နိုင်ငံခြားဆိုတာရောက်သွားမှ ထင်သ လောက်မဟုတ်မှန်း သိသွားကြသည်။ အခက်အခဲအများကြီးရှိသည်။ မိတ်ဆွေ ရဟန်းတစ်ပါး ပြောသောစကားဖြင့် သာဓကပြုပရစေ။ နိုင်ငံခြားဆိုတာ ကိုယ့်နိုင်ငံလို မှတ်သလား၊ ဖြစ်သလို နေလို့ရမည်ထင်သလား.. ဆိုသော စကားပါ။ နိုင်ငံခြားတွင်တွေ့ခဲ့သော လူတစ်ယောက်၏ အဖြစ်အပျက်ကိုလည်း အထောက်အထားပြုပရစေ၊ ခုနှစ်အားဖြင့် ၁၉၉၇-ခုနှစ်ပါ။ နိုင်ငံကား အမေရိက ဖြစ်ပါသည်။ အမေရိကတွင် အစ်မရှိ၍ အစ်မထံစပွန်ဆာတောင်းကာ အထင်ကြီး ဖြင့်လာခဲ့ခြင်းဖြစ်သည်။ စာရေးသူနှင့်တွေ့တော့ အမေရိကသို့ရောက်တာ လပိုင်းမျှရှိသေးသည်။ မြန်မာပြည်၌ ဇနီးနှင့်သားသမီးများကျန်ခဲ့သည်။ စာရေးသူက မြန်မာနိုင်ငံသို့ပြန်တော့မည်ဟု နှုတ်ဆက်သောအခါ သူလည်း ပြန်လိုက်ချင်ကြောင်း၊ စရိတ်မကျေသေး၍ ပြန်မလိုက်နိုင်သေးကြောင်း၊ အမေရိကသို့ လာရာတွင် ကုန်ကျခဲ့သော ငွေကြေးများရပါက မြန်မာနိုင်ငံသို့ ပြန်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကိုလွမ်းကြောင်း၊ သတိရကြောင်း ငို၍ ပြောပါသည်။

စာရေးသူပြောလိုသည်မှာ နိုင်ငံခြား၌နေသူများသည် ပညာသင်သူဖြစ်စေ၊ စီးပွားရှာသူဖြစ်စေ၊ မည်သူဖြစ်ဖြစ် ပျော်၍နေသူများမဟုတ်ကြောင်း ပြောလိုရင်း ဖြစ်သည်။ နိုင်ငံခြားဆိုတာ နေဘူးမှနေအပ်သော အရပ်မဟုတ်ကြောင်း သိရ သည်။ ပညာသင်ချိန် စီးပွားရှာချိန်၌ကား နေကိုနေရမည်မှာ သေချာပါသည်။ အခြားအချိန်များ၌ကား နိုင်ငံခြားသည် မိမိနှင့်ဥတုအားဖြင့်လည်းကောင်း၊ အစားအစာအာဖြင့်လည်းကောင်း ဓလေ့ထုံးတမ်း စရိုက်လက္ခဏာအားဖြင့် လည်းကောင်း သဟဇာတမဖြစ်ပေ။ နိုင်ငံခြားဆိုသည်မှာ ထိုကဲ့သို့ နေရာမျိုး ဖြစ်ပါသည်။

ထိုအထဲတွင် အိန္ဒိယသည် တိုးတက်နေသည်ဟုဆိုသော်လည်း နိုင်ငံ အနေဖြင့်လည်းကောင်း၊ လူအများစုအနေဖြင့်လည်းကောင်း ဆင်းရဲမွဲတေ စုတ်ဖြတ်သတ်နေသည်ကများသည်။ သူတို့၏ယဉ်ကျေးမှုကို အပြစ်မဆိုလို သော်လည်း ဘုန်းကြီးများမျက်စိဖြင့်ကြည့်သော် ရိုင်းစိုင်းလှသည်။ ဥပမာတစ်ခု ပေးပါမည်။ အိန္ဒိယနိုင်ငံက ရထားများသည် အိပ်စင်သုံးထပ်ဖြစ်သည်။ အိပ်သော အခါ ပြဿနာမကြုံရသော်လည်း နံနက်လင်းသောအခါ ထိုင်ကြရသည်။ အလယ်ထပ်ကလူက ခြေထောက်ကို တွဲလဲချ၍ထားသည်။ ထိုအခါ အောက်က ဘုန်းကြီးမျက်နှာနှင့် အံကျဖြစ်နေသည်။ လူ့ခြေထောက်နှင့်ဘုန်းကြီးနဖူးတို့ ဒေါက်ကနဲ ဒေါက်ကနဲ တိုက်မိသည်။ ညစ်ပတ်သည်မှာလည်း တစ်နိုင်ငံလုံး ချေး (ချီး)နိုင်ငံကြီးလိုဖြစ်နေသည်။ ဗာရာဏသီလို ကာလကတ္တားလိုမြို့ကြီးများရှိ ဘူတာကြီးများ၌ပင် မိုးကဆေးမပေးပါက မစင်တွေကိုရှောင်သွားဖို့ ခဲယဉ်းလှ သည်။

အနီးစခန်းဆရာတော်ကြီး မိန့်ဘူးသော စကားတစ်ခွန်းကို သွားသတိရ သည်။ ဘုရားကိုကြည်ညိုလျှင် အဝေး(မြန်မာနိုင်ငံ)က ကြည်ညိုကြပါ၊ အိန္ဒိယ သွားပြီးမှ ဘုရားကို အကြည်အညိုပျက်ကုန်ပါအုံးမည်။ ဘာကြောင့်လဲဆိုလျှင် နေရာတွေကညစ်ပတ်လွန်းလို့ပါ.. ဆိုသောစကားဖြစ်ပါ သည်။

အိန္ဒိယ၌ယနေ့ခေတ်အထိ အိမ်သာစနစ်ခေတ်မစားသေးပေ။ မနက်လင်း လျှင် ရွာအပြင်ထွက်ကာ လမ်းဘေး၌ရှင်းကြသည်။ ရထားလာလို့လည်းမထ၊ ကားလာလို့လည်း မထကြပါ။ ယိုသူမရှက် မြင်သူမရှက်ဆိုသည့်အတိုင်း ရထား ပေါ် ကားပေါ်ကလူများသည် ရထားလမ်းဘေး ကားလမ်းဘေးကို မကြည့်ရုံသာ။ ဤကိစ္စနှင့်ပတ်သက်၍ အိန္ဒိယ၌လူပြောများသော ပုံပြင်တစ်ခုရှိသည်။ တစ်ခါက ဆိုဗီယက်သမ္မတခရူးရှက် အိန္ဒိယရောက်လာသည်။ နေရူးက ဆိုဗီယက် သမ္မတအား မြို့တော်အနှံ့လိုက်ပြသည်။ တနေရာအရောက်တွင် ဆိုဗီယက် သမ္မတကြီးက လူမြင်ကွင်းတွင် နောက်ဖေးထိုင်နေသော လူတစ်ယောက်ကို တွေ့သွားသည်။ ဆိုဗီယက်သမ္မတက ဝန်ကြီးချုပ်နေရူးအား ခေါ်ပြသည်။ နေရူးက ထိုသူအားခေါ်ပြီး ဆူလွှတ်လိုက်သည်။ တစ်ဖန်ဝန်ကြီးနေရူး မော်စကိုမြို့သို့ရောက်သွားသည်။ ခရူးရှက်က မြို့တော်မော်စကိုအနှံ့ နေရူးအား လိုက်လံပြသသည်။ ထိုအခါတစ်နေရာအရောက်တွင် လူတစ်ယောက် နောက် ဖေးထိုင်နေသည်ကို တွေ့ပြန်သည်။ အိန္ဒိယဝန်ကြီးနေရူးက အချက်တွေ့ ပြီမှတ်ကာ ခရူးရှက်အား ခေါ်ပြသည်။ ခရူးရှက်သည် လူမြင်ကွင်းတွင် နောက်ဖေးထိုင်နေသောသူကို အခေါ်ခိုင်းသည်။ ရောက်လာ၍ ကြည့်လိုက်သော အခါ ဆိုဗီယက်ဆိုင်ရာ အိန္ဒိယသံမှူးဖြစ်နေကြောင်းတွေ့ရသည် ဟူသော ပုံပြင်လေး ဖြစ်ပါသည်။

သဘာဝအခက်အခဲများ ရှိပါသေးသည်။ နွေအခါ ရာသီဥတုအလွန် ပြင်းထန်သည်။ အပူလှိုင်းမိလျှင် ခန္ဓာကိုယ်၌ ရေဓါတ်ခန်းခြောက်ကာ အသက်ပါဆုံးရှုံးနိုင်သည်။ ဆောင်းအခါတွင် ဗုဒ္ဓဂယာပတ်ဝန်းကျင်၌ ရေခဲအမှတ်အထက်(၄)ဒီဂရီအထိ အပူချိန်ကျသည်။ မြန်နိုင်ငံ၌ ချင်းပြည်နယ် အအေးနှင့်ညီမျှသည်။ စာရေးသူရှိစဉ်က ထိုအအေးမျိုးကြုံတွေ့ခဲ့ရဘူးသည်။

လူလုပ်အခက်အခဲများကလည်း တစ်ပုံတစ်ခေါင်းကြီး ရှိပါသေးသည်။ ဗီဇာအမျိုးမျိုးဖြင့်လည်း အနှောက်အရှက်ပေးသည်။ တစ်ချို့နိုင်ငံများ၌ အိုဗာစတေးဖြစ်ပြီး ဒုက္ခရောက်ရသည်ကလည်း တစ်မှောက်ဖြစ်သည်။ စတေး ရှောင်ရသည်ကလည်း တစ်ဒုက္ခဖြစ်သည်။ ဗီယက်နာမ်သီလရှင်တစ်ပါး ပြောသော စကားလေးကိုလည်း ဤနေရာ၌ ထည့်ပြောလိုသည်။ ph.D ဘွဲ့ရဖို့ အခါ(၂၀)ငိုရသည်ဟူ၏။ ပညာသင်ရာ၌လည်း အဆင့်တိုင်း ဒုက္ခတံတိုင်းက ရှိနေသည်။ ထိုတံတိုင်းကို ငွေလှေကားမရှိပါက မတတ်နိုင်ပါ။ အခက်တွေ့ မည်သာဖြစ်ပါ၏။

ထိုကဲ့သို့အခက်အခဲ ထောင်ချီရှိနေပါလျက် အဘယ့်ကြောင့် မြန်မာ ရဟန်းများ ရောက်ရှိနေရပါသနည်း။ အဖြေကား ရှင်းရှင်းလေးပင်ဖြစ်ပါ၏။ သွေးသစ်လောင်းရန်ဖြစ်ပါသည်။ အများနားလည်ပြီး စကားဖြင့်ပြောရလျှင် သာသနာပြုရန်အတွက် အားမွေးရန်ရောက်လာခြင်းဖြစ်ပါသည်။ တစ်နည်းပြောရ လျှင် သာသနာအတွက် ဓားသွေးနေကြခြင်းဖြစ်သည်။ ယနေ့အိန္ဒိယရှိ မြန်မာ ရဟန်းငယ်များအား အသင့်လျော်ဆုံးစကားဖြင့် ဂုဏ်ပြုရပါလျှင် သာသန ရှေ့ရေးအတွက် B.S.Aသို့ တက်ရောက်သင်ကြားနေသော သာသနသူရဲ လောင်းများဖြစ်ပါသည်ဟု ဆိုပရစေ။

ဒေါက်တာအရှင်ပဏ္ဍိတဝရာဘိဝံသ

ပါမောက္ခချုပ်၊ နပသ(မန်း),

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(မော်ကွန်းထိမ်း)

From Myanmar Monk Students Welfare of India, the Eleventh Annual Periodical of MMWAI.

No comments:

Post a Comment