" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Monday, December 31, 2012

စမ္ပာမြို့နှင့် သောဏဒဏ္ဍပုဏ္ဏား



သင်တန်းအမှတ်စဉ်(၇)

စမ္ပာမြို့နှင့် သောဏဒဏ္ဍပုဏ္ဏား

မြတ်ဗုဒ္ဓလက်ထက်အခါက စမ္ပာမြို့တော်သည် များစွာသောလူ၊ မျက် ထင်းရေ ကောက်ပဲသီးနှံပေါများပြီး မင်းအဖြစ်သုံးဆောင်ရန် ယင်းစမ္ပာမြို့တော်ကို ဗိမ္ဗိသာရမင်းကြီး မြှောက်စားပေးသနားအပ်သော ဒဏ္ဍမြို့စား သောဏဒဏ္ဍပုဏ္ဏားကြီး အုပ်ချုပ်ကြောင်းကို ဒီဃနိကာယ် သီလက္ခန်ပါဠိတော် သောဏဒဏ္ဍသုတ်(page- 241), ကို ထောက်ဆ၍ သိနိုင်၏။ ။

ယင်း သောဏဒဏ္ဍသုတ်၌ ဧကံ သမယံ ဘဂဝါ အင်္ဂေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ ယေန စမ္ပာ တဒဝသရိ၊ တတြ သုဒံ ဘဂဝါ စမ္ပာယံ ဝိဟရတိ ဂဂ္ဂရာယ ပေါက္ခရဏီယာ တီရေ။ တေန ခေါ ပန သမယေန သောဏဒဏ္ဍော ဗြဟ္မဏော စမ္ပံ အဇ္ဈာဝသတိ။ သတ္တုဿာဒ သတိဏကဌောဒက သဓညံ ရာဇဘောဂ္ဂံ ရညာ မာဂဓေန သေနိယေန ဗိမ္ဗိသာရေန ဒိန္နံ ရာဇဒေယျံ ဗြဟ္မဒေယျံ။ စသည်ဖြင့် လာရှိ၏။ ။

အခါတပါး မြတ်ဗုဒ္ဓ အင်္ဂတိုင်းမှာ နောက်ပါ ရဟန်းငါးရာဖြင့် ဒေသစာရီလှည့်လည်စဉ် တိုင်းအသီးသီး ဒေသအသီးသီးတို့မှ ဝေဒပညာရှိပုဏ္ဏားတို့သည်လည်း သောဏဒဏ္ဍပုဏ္ဏားကြီးနှင့် ဝေဒပညာနှီးနှောဖလှယ်ရန် ရောက်ရှိလာကြကုန်၏။ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်များက မဆန့်ဘဝဂ် ပျံ့နှံ့ကျော်ကြားနေသောကြောင့်  စမ္ပာမြို့သား ပုဏ္ဏားသူကြွယ်များ၊ တိုင်းသားပြည်သူများ မြတ်ဗုဒ္ဓသီတင်းသုံးတော်မူရာ စမ္ပာမြို့နား ဂဂ္ဂရာရေကန်သို့ သွားကြကုန်၏။ မြတ်စွာဘုရားထံသွားသော လူထုကြီးကို မြင်သော သောဏဒဏ္ဍပုဏ္ဏားကြီးက ခတ္တအမတ်ကို တိုင်ပင်ပြီး ဘုရားရှင်ထံသွားရန် ပြောကြား၏ ။

သို့သော် သောဏဒဏ္ဍပုဏ္ဏားကြီးအား ဘုရားရှင်ထံ မသွားရန် တိုင်းတစ်ပါးက လာရောက်ကြကုန်သော ပုဏ္ဏားများက အကြောင်းပြချက် ၁၂ ခုတို့ကို တင်ပြလာ တားမြစ်သော်လည်း ပုဏ္ဏားကြီးက မြတ်ဗုဒ္ဓ၏ ၂၉ ပါးသော ဂုဏ်တော်တို့ကို ချီးကျူးထောက်ပြလျက် မြတ်ဗုဒ္ဓထံချဉ်းကပ်ခဲ့၏။ ။

ဘုရားရှင်နှင့် နှတ်ခွန်းဆက် သာရဏီယစကား ပြောကြားပြီး
ကတီဟိ ပန ဗြဟ္မဏအင်္ဂေဟိ သမန္နာဂတံ ဗြဟ္မဏာ ဗြဟ္မဏံ ပညာပေန္တိ…စသည်ဖြင့် အစချီကာ မြတ်ဗုဒ္ဓက ပုဏ္ဏားကြီးအား မေးတော်မူ၏
ပုဏ္ဏားကြီး အဘယ်မျှသော အင်္ဂါတို့နှင့် ပြည့်စုံသူကို ပုဏ္ဏားတို့သည် ဗြဟ္မဏ(စစ်မှန်တဲ့ပုဏ္ဏား) ဟု သတ်မှတ်ပညတ်ခေါ်ဝေါ်ကြပါသနည်း။ ။
အရှင်ဂေါတမ အင်္ဂါငါးပါးနှင့်ပြည့်စုံသူကို ပုဏ္ဏားတို့သည် ဗြဟ္မဏ(စစ်မှန်တဲ့ပုဏ္ဏား) ဟု သတ်မှတ်ပညတ်ခေါ်ဝေါ်ကြပါသည်။ ။

ဗြဟ္မဏအင်္ဂါ ငါးပါး
၁။ မိဘနှစ်ပါးမှ စင်ကြယ်သော အမျိုးဇာတ်ရှိရမည်၊
၂။ ဝေဒကျမ်းဂန်တို့၌ တဖက်ကမ်းခတ် ပါရဂူမြောက် တတ်မြောက်ရမည်၊
၃။ ရုပ်အဆင်းသဏ္ဍာန် ကြန်အင်လက္ခဏာ ပြည့်စုံရမည်၊
၎။ ကိုယ်ကျင့်သီလပြည့်စုံ၍ ကြီးပွားတိုးတက်သော သီလရှိရမည်၊
၅။ ပညာရှိ၍ အမြှော်အမြင်ပြည့်စုံကာ မြတ်သောယဇ်ကို ခံထိုက်ရမည်။

မှတ်ချက်။ ဗြဟ္မဏအင်္ဂါ လေးပါးဖြစ်လျှင် (၃- ရုပ်ရည်အဆင်း အင်္ဂါနှတ်၊ သုံးပါးဆိုလျှင် (၂-ဗေဒင်မန္တာန်နှတ်)၊ နှစ်ပါးဖြစ်လျှင် (၁-မျိုးရိုးဇာတ်အင်္ဂါကို နှတ်ပါ)။

သောဏဒဏ္ဍပုဏ္ဏားကြီးက ဗြဟ္မဏအင်္ဂါနှစ်ပါးကို လျှောက်ထားသည့်အခါ အခြားတိုင်းတပါး ပုဏ္ဏားတို့က " အရှင်ပုဏ္ဏားကြီးသည် အဆင်း၊ မန္တာန်၊ ဇာတ်တို့ကို ကဲ့ရဲ့နေရုံသာမက ရဟန်းဂေါတမ၏ ဝါဒသို့ပင် သက်ဝင်၍ နေပေသည်ဟု"ပြစ်တင်ပြောဆိုလာကြကုန်၏။ ။

သောဏဒဏ္ဍပုဏ္ဏားကြီးက ငါသည် အဆင်း၊ မန္တာန်၊ ဇာတ်တို့ကိုလည်း မကဲ့ရဲ့ပါ၊ အမှန်စစ်စ်၊ ဤ ပရိတ်ကြီးထဲမှာ ရဟန်းဂေါတကို ချန်ထား အခြားသူအားလုံးထက် အကျွန်ုပ်၏တူတော် အင်္ဂက ပုဏ္ဏားသည် ရုပ်အဆင်းအလှဆုံးလည်းဖြစ်၏။ ဝေဒမန္တန်တဖက်ကမ်းခတ် တတ်မြောက်၏။ မိဘနှစ်ပါး ဇာတ်အားဖြင့်လည်း မြင့်မြတ်ပါ၏။ အကယ်၍ အင်္ဂကသည် ကံငါးကို လွန်ကျူးသူဖြစ်ပါက သူ၏ ရုပ်ရည်အဆင်း၊ မန္တာန်၊ အမျိုးဇာတ်တို့သည် အဘယ်မှာလျှင် အခရာကျ အသုံးကျတော့မည်နည်း။ ဟု တိုင်းတပါး ပုဏ္ဏားတို့အား ပြန်လည် ဖြေကြားခဲ့၏။ ။

ထို့နောက်မြတ်စွာဘုရားက ၎င်း ဗြဟ္မဏအင်္ဂါ နှစ်ပါးတို့တွင် တပါးကိုထား၍ တပါးဖြင့် ပညတ်နိုင်ပါသလော ဟု မေးတော်မူလျှင်…
မြတ်စွာဘုရား…မပညတ်နိုင်ပါ၊ သီလသည် ပညာဖြင့်၊ ပညာသည် သီလဖြင့် အချင်းချင်း ဆေးကြောသုတ်သင်ရပါသည်၊ သီလနှင့်ပညာသည် လောက၌ အမြတ်ဆုံးတရားနှစ်ပါး ဖြစ်ပါသည်ဘုရား-ဟု လျှောက်ထားလေ၏။

ထိုအခါ မြတ်စွာဘုရားက…ပုဏ္ဏားကြီးအား သီလနှင့်ပညာတို့ကို လောကီလောကုတ္တရာ ပညာဝိမုတ္တိအရသာနှင့်တကွ ဟောကြားတော်မူသောအခါ ပုဏ္ဏားကြီး အလွန်သဘောကျသဖြင့် ရာသက်ပန် သရဏဂုံတည် ဥပါသကာအဖြစ် လျှောက်ထားခဲ့လေ၏။ ။

သီလပရိဓောတာ ဟိ ဗြဟ္မဏ ပညာ၊ ပညာပရိဓောတံ သီလံ၊ ယတ္ထ သီလံ တတ္ထ ပညာ၊ ယတ္ထ ပညာ တတ္ထ သီလံ၊ သီလဝတော ပညာ၊ ပညဝတော သီလံ၊ သီလပညာဏဉ္စ လောကသ္မိံ အဂ္ဂမက္ခာယတိ။ (သီလက္ခန် ပါဠိ- ၁၁၇)။

မှတ်ချက်။ ။ ဤဇာတ်ကြောင်းကို ထောက်လျှင် ဘုရားရှင်လက်ထက်က အင်္ဂတိုင်း၏မြို့တော် စမ္ပာမြို့တော်ကို သောဏဒဏ္ဍပုဏ္ဏားကြီးအား (ရာဇဒေယျံ) အုပ်ချုပ်ဖို့ ဘုရင်ဗိမ္ဗိသာရမင်းကြီးက မြို့စားအဖြစ်ပေးထားကြောင်း၊ ဗြဟ္မဒေယျံဟု ဆိုထားသဖြင့် မင်းကြီးက အမြတ်တနိုး ပုဏ္ဏားကြီး၏ ဂုဏ်ကို ပူဇော်ချီးမြှောက်သောအားဖြင့် ပေးထားကြောင်း လေ့လာသိရှိနိုင်ပါသည်။


ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)

မြတ်ဗုဒ္ဓလက်ထက်တော်က စမ္ပာမြို့တော်



သင်တန်းအမှတ်စဉ်(၆)

မြတ်ဗုဒ္ဓလက်ထက်တော်က စမ္ပာမြို့တော်
မြတ်ဗုဒ္ဓလက်ထက်တော်အခါ၌လည်း စမ္ပာမြို့တော်သည် ပိဋကစာပေ၌ အလွန်ထင်ရှား၏။ မြတ်ဗုဒ္ဓသည် ဝိနယပိဋက မဟာဝါပါဠိတော် စမ္ပေယျက္ခန္ဓက၌ ဝိနည်းပညတ်တော် မြောက်များစွာ ပညာတော်မူခဲ့သဖြင့် ဤစမ္ပာမြို့သည် အလွန်ထင်ရှားသော မြို့ဖြစ်ကြောင်း သိနိုင်၏။

စမ္ပာမြို့က ဂဂ္ဂရာရေကန်
ယင်း စမ္ပေယျက္ခန္ဓက၌ တေနခေါ ပန သမယေန ဗုဒ္ဓေါ ဘဂဝါ စမ္ပာယံ ဝိဟရတိ ဂဂ္ဂရာယ ပေါက္ခရဏိယာ တီရေ၊ တေန ခေါ ပန သမယေန ကာသီသု ဇနပဒေသု ဝါသဘ-ဂါမော ဟောတိ စသည်ဖြင့် ပါဠိတော်လာရှိ၏။
စမ္ပာမြို့ ဂဂ္ဂရာရေကန်မှာ မြတ်ဗုဒ္ဓသီတင်းသုံးတော်မူစဉ် ကာသိတိုင်း ဝါသဘရွာ၌ သီတင်းသုံးတော်မူသော ကျောင်းအမြဲနေ အာဝါသိကရဟန်းဖြစ်သည့် ကဿပဂေါတ္တ မထေရ်ကို အာဂန္တုက ရဟန်းတော်များက တရားနှင့်မလျှော်ညီသော အဓမ္မကံ ဥက္ခေပနိယကံ(ကျောင်းမှနှင်ထုတ်သည့်ကံ) ဖြင့် ပြုကြသည်ကို သံသယ ရှိ၍ မြတ်ဗုဒ္ဓသီတင်းသုံးတော်မူရာ စမ္ပာမြို့က ဂဂ္ဂရာရေကန်သို့ လာရောက်ပြီး မြတ်ဗုဒ္ဓအား အကြောင်းစုံလျှောက်ထားကြောင်း၊ ယင်းအကြောင်းအရာနှင့်စပ်လျဉ်း၍ ဝိနည်းကံများစွာကို ဤစမ္ပာမြို့တော်မှာ မြတ်ဗုဒ္ဓသီတင်းသုံးတော်မူစဉ် ပညတ်တော်မူခဲ့ကြောင်းကို ဝိနည်း မဟာဝါပါဠိတော် စမ္ပေယျက္ခန္ဒကို လေ့လာက သိရှိနိုင်ပါသည်။ ။

စမ္ပာမြို့သား ကောဠိဝိသ အရှင်သောဏမထေရ်အကြောင်း တစေ့တစောင်း

ထို့ပြင် ဤစမ္ပာမြို့တော်၌ ကောဠိဝိသ သောဏသူဌေးသား အကြောင်းကလည်း အလွန်စိတ်ဝင်စားစရာကောင်းလှ၏။ ထိုသူဌေသားလေးအကြောင်းကို ဝိနည်းမဟာဝါပါဠိတော် စမ္မက္ခန္ဓက၌ မှတ်တမ်းတင်ထား၏။ ယင်းပါဠိတော်မှာ တေန ခေါ ပန သမယေန ဗုဒ္ဓေါ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေ။ တေနခေါ ပန သမယေန ရာဇာ မာဂဓော သေနိယော ဗိမ္ဗိသာရော အသီတိယာ ဂါမသဟေဿသု ဣဿရိယာဓိပစ္စံ ရဇ္ဇံ ကာရေတိ။
တေနခေါ ပန သမယေန စမ္ပာယံ သောဏောနာမ ကောဠိဝိသော သေဌိပုတ္တော သုခုမာလော ဟောတိ၊ တဿ ပါဒတလေသု လောမာနိ ဇာတာနိ ဟောန္တိ။ စသည်ဖြင့် လာရှိ၏ ။

မြတ်ဗုဒ္ဓ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးတော်မူစဉ် စစ်တပ်ကြီးမားစွာရှိသော မဂဓဘုရင် ဗိမ္ဗိသာရမင်းကြီးသည် သူ၏အင်္ဂတိုင်းနှင့်မဂဓ တိုင်း၌အတွင်းရှိ ရွာပေါင်း ရှစ်သောင်းတို့ကို အစိုးရ၏ ။ ထိုအချိန်ခါတုန်းက စမ္ပာမြို့တော်၌ ကောဠိဝိသမျိုးနွယ် သောဏမည်သော သူဌေးသားလေးသည် အလွန်နုညံ့သိမ်မွေ့လှ၏။ သူ၏ ခြေဖဝါးအပြင်တို့၌ မွှေးညှင်းတို့သည်ပင် ပေါက်ရောက်နေ၏။
ဗိမ္ဗိသာရမင်းကြီးသည် အင်္ဂတိုင်း မဂဓတိုင်းမှ ရွာပေါင်း ရှစ်သောင်းတို့ကို အသီးသီး ရွာသူကြီးခန့်အပ်အုပ်ချုပ်၏။ မင်းကြီးသည် ထိုရွာသူကြီး ရှစ်သောင်းတို့ကို တစ်စုံတစ်ခုသောကိစ္စဖြင့် စည်းဝေးစေကာ သောဏသူဌေးသားလေးကိုလည်း သူ၏ နန်းတော် ရှေ့မှောက်သို့ လာရောက်ခစားစေလိုကြောင်း တမန်တော်စေလွတ်ခဲ့၏။ သောဏသူဌေးသားလေး မင်းကြီးရှေ့မှောက်ရောက်လာ၍ မင်းကြီးရှေ့တွင် တင်ပလ္လင်ခွေထိုင်လျှင် မင်းကြီးသည် သောဏသူဌေးသားလေး၏ ခြေဖဝါး၌ ပေါက်ရောက်နေကုန်သော မွှေးညှင်းလေးများကို ကိုယ်တိုင်မြင်ပြီးနောက် ယင်း ရွာသူကြီး ရှစ်သောင်းတို့၏ ညီလာခံသဘင် အစည်းအဝေး၌ မင်းကြီးသည် ပစ္စုပ္ပန်အကျိုးတရားနှင့် စပ်သော လမ်းညွှန်ဆုံးမချက်များကို မိန့်ကြားပြီး တမလွန်ဘဝအကျိုးနှင့်စပ်သော ဆုံးမစကားများကို မြတ်ဗုဒ္ဓက သင်တို့အား ဟောလိမ့်မည်ဟု ဆိုကာ ရာဇဂြိုဟ်မြို့က ဂိဇ္ဈကုဋ်တောင်မှာ သီတင်းသုံးတော်မူသည့် မတ်ဗုဒ္ဓထံတော်သို့ စေလွှတ်လိုက်၏ ။

ထိုအချိန်တုန်းက ဘုရားရှင်အား အနီးနေ ဥပဌာကအဖြစ် အရှင်သာဂတမထေရ်က ပြုစုလုပ်ကျွေးနေ၏။ မှန်၏။ မြတ်ဗုဒ္ဓသည် ပထမဗောဓိ ဝါတော် (၂၀) အတွင်းမှာ အလုပ်အကျွေးရဟန်း အမြဲအတည်တကျ မရှိခဲ့ပေ။ (၈၀) သော မထေရ်ကြီးတွေထဲမှာ မြတ်ဗုဒ္ဓ၏ အလုပ်အကျွေး ဖြစ်ခဲ့ဖူးသူလည်း တပါးမျှ မရှိခဲ့ပေ။ (ယနေ့ခေတ်တွင် ရာထူးအဆင့်အတန်းအသီးသီး ရှိသော်လည်း သက်ဆိုင်ရာ ဆရာရှင်တို့အား လူတိုင်း လုပ်ကျွေးပြုစုတတ်သည့် အရည်ချင်းမျိုးတော့ မရှိတတ်ကြသည်ကို သတိပြုသင့်၏)။

ဝါတော်(၂၀) အတွင်းမှာ မြတ်ဗုဒ္ဓအား နာဂသမာလမထေရ်၊ နာဂိတမထေရ်၊ ဥပဝါဏမထေရ်၊ သုနက္ခတ္တမထေရ်၊ စုန္ဒမထေရ်၊ သာဂတမထေရ်၊ ရာဓမထေရ်၊ ဗောဓိမထေရ်၊ မေဃိယမထေရ်တို့က အဆင်သင့်သလို လုပ်ကျွေးပြုစုကြကြောင်းကိုလည်းကောင်း၊ အရှင်အာနန္ဒာမထေရ်သည် ပယ်ဆုလေးပါးနှင့် တောင်းဆုလေးပါးကို တောင်းပြီးမှ အမြဲတမ်း အလုပ်အကျွေး ဖြစ်သွားကြောင်းကို ပါဠိစာပေမှာ တွေ့ရ၏။ (အံ-ဌ၊ ပ၊ ၂၂၈-၂၃၀။ သဂါထာဝဂ္ဂသံယုတ် ဌ- ၂၃၇)။
ယခု ဗိမ္ဗိသာရမင်းကြီး၏ ရွာသူကြီး ရှစ်သောင်းတို့ ဘုရားရှင်ထံ သွားရောက်စဉ်က အရှင်သာဂတ မထေရ်သည် ဘုရားရှင်အား လုပ်ကျွေးနေခိုက် ဖြစ်၏။ ပရိတ်သတ်က မြတ်စွာဘုရားရှင်အား ဖူးတွေ့ချင်ကြောင်း လျှောက်ထားသောအခါ အရှင်သာဂတမထေရ်သည် မိမိတန်ခိုးဖြင့် ပရိတ်သတ်များ ကြည့်နေစဉ်အတွင်း စောင်းတန်းလှေခါးရင်းမှ ငုတ်လျှိုးပြီး ဘုရားရှင် သီတင်းသုံးတော်မူရာ သွားရောက်လျှောက်ထားလေ၏။ ယင်းအချင်းအရာကို မြင်သော ပရိတ်သတ်များသည် အရှင်သာဂတမထေရ်အား ပိုမိုကြည်ညိုသွားတော့၏။ ။

မြတ်စွာဘုရားကြွတော်မူလာပြီး ကျောင်းရိပ် သစ်ပင်အောက်မှာ ခင်းထားအပ်သော နေရာလေးမှာ သီတင်းသုံးတော်မူပြီး ပရိတ်သတ် ရွာသူကြီး ရှစ်သောင်းတို့အား တရားဟောစဉ် ပရိတ်သတ်များက မြတ်ဗုဒ္ဓတရားတော်၌ စိတ်အာရုံမရောက်ဘဲ အရှင်သာဂတမထေရ် တန်ခိုးဖြင့် မြတ်စွာဘုရားထံလာရောက်လျှောက်ထားသည့် အသွင်အပြင်ကိုပင် စိတ်အာရုံရောက်နေကြကြောင်း သိတော်မူသဖြင့် မြတ်ဗုဒ္ဓက အရှင်သာဂတမထေရ်အား ဆက်လက်ပြီး ပရိတ်ကြီးအား တန်ခိုးပြရန် အမိန့်ရှိသောအခါ အရှင်သာဂတမထေရ် တန်ခိုးအမျိုးမျိုးပြပြီးသည့်အဆုံး၌ အရှင်သာဂတမထေရ်က… တပည့်တော် သာဝကပါဘုရား---ဟု ဖြေကြားလျှောက်ထားမှ ရှစ်သောင်းသော ရွာသူကြီးများက "သာဝကသည်ပင် ဤမျှလောက်တန်ခိုးကြီးပါပေ၏။ ဆရာဘုရင်းဆိုလျှင် ပြောဖွယ်ပင်မရှိတော့ဟု" နှလုံးမူကာ  မြတ်စွာဘုရားအား ပိုမိုကြည်ညိုသွားကြ၏ ။

ထိုရှစ်သောင်းသော ပရိတ်သတ်များလည်း တရားနာကြားရသဖြင့် တရားထူး ရကြကုန်၏။ ထိုစဉ် ကောဠိဝိသ သူဌေးသားလေးလည်း မြတ်ဗုဒ္ဓ၏ တရားတော်ကို နာကြားရဖြင့် ဘုရားရှင်ထံမှ အခြားသော ပရိတ်သတ်ထပြန်သွားကြသောအခါ ဘုရားရှင်ထံချဉ်းကပ်ပြီး ရဟန်းအဖြစ်ကို လျှောက်ထားတောင်းပန်ခဲ့၏။

အရှင်သောဏသည် ရဟန်းဖြစ်ပြီး စင်္ကြံလျှောက် တရားအားထုတ်တော်မူသောအခါ အလွန်နုညံ့သော ခြေဖဝါးပိုင်ရှင် အရှင်သောဏ၏ ခြေဖဝါးများ ပေါက်ပြဲကာ သွေးတို့ဖြင့် စင်္ကြံတစ်ခုလုံး သွေးအလိမ်းအလိမ်းကပ်လျက် သွားသတ်ရုံပမာဖြစ်နေသည့် အကြောင်းကို မြတ်ဗုဒ္ဓအား လျှောက်ထားသဖြင့် ဘုရားရှင်က အရှင်သောဏမထေရ်အား သနားတော်မူသောကြောင့် တစ်ထပ်လွှာ(ဧကပလာသိက) ဘိနပ်ကို ခွင့်ပြုတော်မူသောအခါ

အခြားရဟန်းတော်များက မြတ်စွာဘုရား…သောဏသည် လှည်းအစီး (၈၀) တိုက်မျှ ပစ္စည်းဥစ္စာတို့ကို စွန့်လွှတ်ကာ ရဟန်းဘဝရောက်မှ အလွှာဘိနပ်တို့၌ တပ်မက်နေသေးသည်ဟု စွပ်စွဲပြောဆိုကြသောကြောင့်
အရှင်သောဏမထေရ်က မြတ်စွာဘုရား သံဃာအားလုံးအား ခွင့်ပြုသည်ဖြစ်အံ့…တပည့်တော် သုံးဆောင်ပါအံ့၊ အကယ်၍ သံဃာအား ခွင့်မပြုတော်မူအံ့…တပည့်တော်လည်း မသုံးဆောင်ပါဟု လျှောက်ထားသဖြင့် မြတ်စွာဘုရားက အကြောင်းအားလျှော်စွာ သံဃာအား လွှာဖိနပ်ခွင့်ပြုတော်မူခဲ့။ ။

မှတ်ချက်။ ။ ဤသောဏမထေရ်အကြောင်းကို လေ့လာပါက အင်္ဂတိုင်း စမ္ပာမြို့တော်သည် မဂဓဘုရင် ဗိမ္ဗိသာရမင်းကြီး၏ လက်အောက်ခံနိုင်ငံဖြစ်၍ ယင်းအင်္ဂတိုင်း၏ ကျေးရွာများသည်လည်း မဂဓဘုရင်ဗိမ္ဗိသာရမင်းကြီးက ရွာအိမ်မှူးများကို အသီးသီးခန့်အပ်ကာ အုပ်ချုပ်ကြောင်း သိနိုင်၏။ ။

ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)

Wednesday, December 26, 2012

သင်တန်းအမှတ်စဉ်(၅)



 စမ္ပာမြို့အကြောင်း
မဟာနိပါတ် ဝိဓူဇာတ်မှ အင်္ဂတိုင်းအကြောင်း အဖြစ်အပျက်

ကုရုတိုင်းမှာ ဓနဉ္စယ ကောရဗျမင်းကြီး၌ အတ္ထဓမ္မာနုသာသက-တရားနည်းလမ်းတကျ လမ်းညွှန်ပြသနိုင်သော ဝိဓူရပညာရှိအမတ်ကြီး ရှိ၏။ ပိဋကစာပေ၌ ကုရုတိုင်းသားတို့သည် ပညာအလွန်ထက်မြက်ကြောင်း၊ ထို့ကြောင့်ပင် သာသနာတော်မှာ ခက်ခဲနက်နဲသည့် မဟာသတိပဌာန်ကဲ့သို့ သုတ်ဒေသနာတော်များ မြတ်စွာဘုရားဟောတော်မူရကြောင်း လေ့လာမှတ်သားရ၏။ ဤ ပညာရှိဝိဒူရအမတ်ကြီးသည်လည်း ကုရုတိုင်းသားပင် ဖြစ်၏။ မဟာနိပါတ် ဝိဓူဇာတ်တော်၌

တဒါဟိ ဗာရာဏသီယံပိ ခေါ ဂိဟိ သဟာယကာ စတ္တာရေ ဗြဟ္မဏမဟာသာလာ မဟလ္လက ကာလေ ကာမေသု အာဒီနဝံ ဒိသွာ ဟိမဝန္တံ ပဝိသေတွာ ဣသိပဗ္ဗဇ္ဇံ ပဗ္ဗဇ္ဇိတွာ အဘိညာစ သမာပတ္တိယောစ နိဗ္ဗတ္တေတွာ ဝနမူလ ဖလာဟာရာ တတ္ထေဝ စိရံ ဝသိတွာ လောဏမ္ဗိလ သေဝနတ္ထာယ စာရိကံ စရမာနော အင်္ဂရဌေ ကာလစမ္ပာ နဂရံ ပတွာ ရာဇုယျာနေ ဝသိတွာ ပုနဒိဝသေ ဘိက္ခာယ နဂရံ ပဝိသိံသု။ စသည်ဖြင့် လာရှိ၏။

ဗာရာဏသီပြည်သား ဗြဟ္မဏမဟာသာလ လေးယောက်တို့သည် အိုမင်းမစွမ်းဖြစ်သောအခါ ကာမတရားတို့ကို အပြစ်မြင်၍ တောထွက်လာကြပြီး အစဉ်သဖြင့် ဈာန်သမာပတ် အဘိညာဉ်တို့ကို ရပြီးနောက် အချဉ်-ဆားအလို့ငှာ လှည့်လည်သွားလာကြသောအခါ အင်္ဂတိုင်း ကာလစမ္ပာမြို့တော်သို့ ရောက်၍ မင်းဥယျာဉ်တော်၌ သီတင်းသုံးတော်မူကြပြီး နောက်တစ်နေ့၌ စမ္ပာမြို့တော်တွင်းသို့ ဆွမ်းခံ ကြွတော်မူကြ၏။

ထိုရသေ့လေးပါး မြို့တွင်း ဆွမ်းခံဝင်ကြသောအခါ လူဖြစ်က စမ္ပာမြို့သား အဆွေခင်ပွန်းလေးယောက်တို့သည် မှတ်မိကြ၍ ရသေ့တို့အပေါ်မှာ ကြည်ညိုကြသဖြင့် အသီးသီးတပါးစီ ဆွမ်းစားပင့်ကြပြီး ထို့နောက် မင်းဥယျာဉ်တော်မှာ ခေတ္တပင့်ထားကာ ရသေ့များ ဆွမ်းစားခြင်းကိစ္စပြီးသောအခါ
တစ်ပါးသော ရသေ့က တာဝတိံသာသို့၊ တပါးကား နဂါးပြည်သို့၊ တပါးကား ဂဠုန်ပြည်သို့၊ တပါးက ကောရဗျမင်း၏ မိဂါဇိန် ဥယျာဉ်တော်သို့ နေ့သန့်စင်ရန် ကြွတော်မူကြ၏။ ရသေ့တို့၏ သူငယ်ချင်း 

ဥပါသကာသူကြွယ်တို့သည်လည်း ရာသက်ပန် ဆရာရသေ့တို့၏ အဆုံးအမစကားကို လိုက်နာလျက် ဒါနသီလ စသော ပါရမီကုသိုလ်တရားများ ပြုလုပ်ကြသဖြင့် နောက်တမလွန်ဘဝဝယ်
ဥပါသကာသူကြွယ်တယောက်က သိကြားမင်း၊ တယောက်က နဂါးမင်း၊ တယောက်က ဂဠုန်မင်း၊ တယောက်က ကောရဗျမင်း ဖြစ်ကြ၍ ဆရာရသေ့တို့သည်လည်း ဈာန်အဘိညာဉ်တို့ကြောင့် ဗြဟ္မာ့ပြည်သို့ လားရောက်ကြရကုန်၏။

ယင်းကောရဗျမင်း အရွယ်ရောက် မင်းဘိသိက်မြောက်ကာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေစဉ် အထက်၌ဆိုခဲ့ပြီး ပညာရှိဝိဓူရအမတ်ကြီး၏ တရားညွှန်ပြ ဆုံးမသည်ကို လိုက်နာလျက် ဥယျာဉ်တော်ထွက် သီလစောင့်ရှောက် တရားအားထုတ်သောအခါ အတိတ်ဘဝ မိတ်ဆွေဖြစ်ခဲ့ဘူးကြသော သိကြားမင်း၊ နဂါးမင်း၊ ဂဠုန်မင်း တို့သည်လည်း မင်းကြီး ဥယျာဉ်တော်သို့ လာရောက်တရားအားထုတ်ကြစဉ် ထိုသူတို့ သီလနှင့်စပ်သော အငြင်းပွားမှု ဖြစ်ကြရာတွင် ပညာရှိ သုခမိန် ဝိဓူရအမတ်ကြီး၏ အဆုံးအဖြတ်မှာ ခံယူကြကြောင်း ဤ ဝိဓူရဇာတ်တော်၌ လာရှိ၏။ ။

မှတ်ချက်။ ။ ဤဆိုအပ်ခဲ့ပြီးသော ဝိဓူရဇာတ်တော်၌လည်း အင်္ဂတိုင်း၏ မြို့တော်ကား ကာလစမ္ပာမြို့ဖြစ်ကြောင်း၊ ရသေ့တို့သည် မင်းကြီး၏ ဥယျာဉ်တော်၌ သီတင်းသုံးကြသည်ဟု ဆိုသဖြင့် ဤအင်္ဂတိုင်း၌ လွတ်လွတ်လပ်လပ် မင်းတပါး သီးခြားအုပ်ချုပ်ကြောင်း ထင်ရှားပြီး ကာလစမ္ပာဟူသောအမည်သည်လည်း စမ္ပာဟူသော မူရင်းနာမည်မှ အနည်းငယ်ခေတ်ကာလအလိုက် ပြောင်းလဲလာကြောင်း ကောက်ချက်ချနိုင်ပါ၏။ ။


ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-မေ့သားလှ-ဇလဂ္ဂ)

သင်တန်းအမှတ်စဉ်(၄)



တိုင်းကြီး ၁၆ တိုင်းမှာ ဖြစ်ပျက်ခဲ့သည့် သမိုင်းဝင် မှတ်တမ်းများ

၁။ အင်္ဂတိုင်း … စမ္ပါမြို့တော်

အင်္ဂတိုင်းကို မြတ်ဗုဒ္ဓမပွင့်မီက မဟာဂေါဝိန္ဒပုဏ္ဏားပညာရှိကြီးက တည်ထောင်ခဲ့သည်။ ဇာတ်နိပါတ်တို့၌ ထင်ရှားကျော်ကြားသည့် တိုင်း တစ်တိုင်း ဖြစ်သော်လည်း မြတ်ဗုဒ္ဓလက်ထက်တော်အခါ၌ အင်္ဂတိုင်းသည် မဂဓတိုင်း၏ လက်အောက်သို့ ရောက်ရပြီး ယင်းမဂဓတိုင်း၏ အအုပ်ချုပ်ခံ တိုင်းနယ်ပယ် တစ်ခုသာလျှင် ဖြစ်၏။

ဘုရားမပွင့်မီ ရှေးအခါကလည်း အင်္ဂတိုင်းနှင့် မဂဓတိုင်းတို့ နယ်နိမိတ်ချင်း နီးစပ်နေကြသဖြင့် မကြာခဏ စစ်မက်ဖြစ်ပွားကြ၏။ တခါတရံ မဂဓတိုင်းက စစ်ရှုံးပြီး အင်္ဂတိုင်း၏ လက်အောက်သို့ကျရောက်ကာ တစ်ခါတရံမှာတော့ အင်္ဂတိုင်းက မဂဓတိုင်း၏ လက်အောက်သို့ ရောက်ခဲ့ဘူးကြောင်းကို ဝီသတိနိပါတ် စမ္ပေယျဇာတ် အဌကထာ၌ ဖွင့်ဆိုထားမှုကို ထောက်ဆ၍ သိနိုင်၏။

စမ္ပေယျဇာတ် အကျဉ်း
အတီတေ အင်္ဂရဌေ အင်္ဂရာဇေ ရဇ္ဇံ ကာရေန္တေ အင်္ဂမဂဓ ရဌာနံ အန္တရေ စမ္ပါနာမ နဒီ အတ္ထိ၊ တတ္ထ နာဂဘဝနံ အဟောသိ၊ စမ္ပေယျော နာမ နာဂရာဇာ ရဇ္ဇံ ကာရေသိ။ စသည် ဖြင့် ဖွင့်ဆိုထား၏။
ရှေးအခါက အင်္ဂတိုင်း၌ အင်္ဂမင်းကြီး အုပ်ချုပ်နေစဉ် အင်္ဂတိုင်းနှင့် မဂဓတိုင်းတို့၏ အကြားမှာ စမ္ပါမြစ်ရှိ၏။ ထိုမြစ်၌ စမ္ပေယျ မည်သော နဂါးမင်း ပိုင်စိုးအုပ်ချုပ်၏ ထိုအချိန်က အင်္ဂမင်းနှင့် မဂဓမင်းတို့သည် မကြာခဏ စစ်မက်ဖြစ်ပွားတတ်ကြ၏။ တစ်ခါတရံ မဂဓမင်းက စစ်နိုင်ပြီး၊ တစ်ခါတရံ အင်္ဂမင်းက စစ်နိုင်တတ်၏။ စစ်နိုင်လျှင် စစ်ရှုံးသည့်နိုင်ငံကို လက်အောက်ခံ နိုင်ငံအဖြစ်ထားကာ အုပ်ချုပ်ကြ၏။ တစ်ရံရောအခါက အင်္ဂတိုင်းသည် မဂဓတိုင်း၏ လက်ရောက်သို့ရောက်ခဲ့ရပုံကို ဝီသတိနိပါတ် စမ္ပေယျဇာတ် အဌကထာ၌ အထက်ပါအတိုင်း ဖွင့်ဆိုထားသည်ကို ထောက်ဆ၍ သိနိုင်၏။

တစ်ရံရောအခါတုန်းက ထိုအင်္ဂမင်းနှင့်မဂဓမင်းတို့ စစ်ဖြစ်ကြရာတွင် မဂဓမင်းက စစ်ရေးသာသဖြင့် အင်္ဂမင်းသည် နောက်လိုက်ဗိုလ်ခြေ မပါတော့ဘဲ မြင်းစီးကာ တစ်ယောက်တည်း လွတ်ရာ ထွက်ပြေးခဲ့၏။ မဂဓမင်း၏ စစ်သည်တို့က နောက်က ထပ်ကြပ်မကွာ လိုက်လာကြသဖြင့် ရန်သူလက်ထဲ အသက်ဆုံးရှုံး အရေးနိမ့်ရသည်ထက် စမ္ပါမြစ်ထဲ ခုန်ချသေဆုံးရခြင်းက မြတ်သေး၏ဟု ရဲစိတ် ရဲမာန် မင်းစိတ် မင်းမာန်အပြည့်ဖြင့် ဆုံးဖြတ်ကာ စစ်ဝတ်တန်းဆာများနှင့်တကွ မြစ်အတွင်းခုန်ချခဲ့၏။ သို့သော် ထိုမြစ်ကို အပိုင်စီးအုပ်ချုပ်နေသော စမ္ပေယျနဂါးမင်းက ကယ်ဆယ်ဖေးမကူညီခဲ့သဖြင့် အင်္ဂမင်း အသက်ချမ်းသာရခဲ့ဖူးကြောင်းကို စမ္ပေယျဇာတ်တော်အရ လေ့လာသိရှိရ၏။ ။

မဟာနိပါတ် -မဟာဇနကဇတ်မှ သဲလွန်စ

ယင်းမဟာဇနကဇာတ်တော်၌ ဘုရားလောင်း မဟာဇနကမင်း၏ မယ်တော်ကြီးသည် သူမ၏ အိမ်ဦးသခင် အရိဌဇနကမင်းကြီးမှာထားခဲ့သည့်အတိုင်း စိန်ရွှေငွေရတနာများကို ချင်းတောင်းထဲထည့်ကာ မထင်မရှား အညတရအသွင်ဖြင့် သူမနေရာ မိထိလာမြို့တော်မှ ထွက်လာခဲ့၏။ ယင်းသို့ထွက်လာစဉ် ဘုရားလောင်း မဟာဇနကမင်းသား၏ တန်ခိုးတော်ကြောင့် သိကြားမင်းသည် လှည်းကုန်သည်ယောင်ဆောင် ဖန်ဆင်းကာ လမ်းပြခေါ်ဆောင်လာရာ မိထိလာမြို့နှင့် ကာလစမ္ပါမြို့တို့အကြား ယူဇနာ (၃၀) ခန့် အရောက်တွင် မြစ်တစ်စင်းတွေ့၏။ 

ယင်းမြစ်၌ ကိုယ်လက်သုတ်သင် ရေချိုးသန့်စင်ကာ ဆက်လက်ထွက်ခွာရာ ညချမ်းကာလမှာ ကာလစမ္ပါမြို့အဝင်သို့ ရောက်သောအခါ
မိဖုရားကြီးက သိကြားယောင်ဆောင်ထားသည့် လှည်းကုန်သည်ကို မေး၏။
အမောင် ဤမြို့က အဘယ်မြို့နည်း၊ ကာလစမ္ပါမည်သော မြို့ဖြစ်ပါသည် အမိ၊ အဘယ်သို့ပြောပါသနည်း ငါတို့ မိထိလာမြို့မှ ကာလစမ္ပါမြို့သည် ယူဇနာ ခြောက်ဆယ်အထက် ကွာဝေးပါသလော့၊ မှန်ပါ၏၊ ယူဇနာခြောက်လောက်ဝေးပါ၏။ သို့သော် အကျွန်ုပ်သည်ကား လမ်းဖြောင့်(ဖြတ်လမ်း)ကို သိပါ၏။ ဟု လှည်းကုန်သည်ယောင်ဆောင် သိကြားမင်းက ဖြေကြား၏။

တာတ ကိံနာမ နဂရမေတံ၊ ကာလစမ္ပါ နဂရံ အမ္မ။ ကိံ ဝဒေသိ တာတ နနု အမှာကံ နဂရတော ကာလစမ္ပါ နဂရံ သဌိယောဇနမတ္ထကေ ဟောတိ။ ဧဝံ အမ္မ။ အဟံ ပန ဥဇုမဂ္ဂံ ဇာနာမိ။ ။


မှတ်ချက်။ ။ ဤ မဟာဇနကဇာတ်တော်လာ မိထိလာမြို့နှင့် ကာလစမ္ပါမြို့တို့အကြား ယူဇနာ ခြောက်ဆယ်အကွားအဝေး ရှိကြောင်း၊ လမ်းခရီးအကြား ယူဇနာ သုံးဆယ်ခန့်လောက်မှာ မြစ်တစ်စင်း တွေ့ရကြောင်း၊ ယင်းမြစ်မှာ ဂင်္ဂါမြစ်လည်း ဖြစ်နိုင်ကြောင်း၊ မှန်းဆသိနိုင်၏။ ဂင်္ဂါမြစ်တဘက်ကမ်းမှာ မိထိလာမြို့တော်ရှိပြီး အခြားတဖက်ကမ်းမှာ ကာလစမ္ပာမြို့တည်ရှိပုံရ၏။ ဤဂင်္ဂါမြစ်ကို ဖြတ်ကူးမည်ဖြစ်သော်လည်း ဤနေရာ၌ အဓိကအားဖြင့် ကာလစမ္ပာမြို့သို့ ရောက်ပုံကိုသာ ပြလိုရင်းဖြစ်ရကား ဂင်္ဂါမြစ် သို့မဟုတ် လမ်းခရီးအကြား၌ တွေ့ရှိခဲ့ရသည့် မြစ်အကြောင်း နာမည်ကို အတိအကျ မပြောထားခြင်းသာ ဖြစ်သည်ဟု မှန်းဆသိရမည်။ ထို့အပြင် ဤကာလစမ္ပာမြို့မှာလည်း အင်္ဂတိုင်း၏ မြို့တော် စမ္ပာမြို့တော်ပင် ဖြစ်သည်။ မဟာဂေါဝိန္ဒပညာရှိကြီးလက်ထက်တုန်းက စမ္ပာမြို့ဟုပင် ခေါ်ဆိုခဲ့သော်လည်း ကာလရွေ့လျားသွားသောအခါ ကာလသဒ္ဒါနှင့် တွဲဘက်၍ ကာလစမ္ပာမြို့ဟု တွင်လာကြောင်း မှန်းဆ လေ့လာ သိရှိရမည်။ ။


ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-မေ့သားလှ-ဇလဂ္ဂ)