" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Monday, December 31, 2012

စမ္ပာမြို့နှင့် သောဏဒဏ္ဍပုဏ္ဏား



သင်တန်းအမှတ်စဉ်(၇)

စမ္ပာမြို့နှင့် သောဏဒဏ္ဍပုဏ္ဏား

မြတ်ဗုဒ္ဓလက်ထက်အခါက စမ္ပာမြို့တော်သည် များစွာသောလူ၊ မျက် ထင်းရေ ကောက်ပဲသီးနှံပေါများပြီး မင်းအဖြစ်သုံးဆောင်ရန် ယင်းစမ္ပာမြို့တော်ကို ဗိမ္ဗိသာရမင်းကြီး မြှောက်စားပေးသနားအပ်သော ဒဏ္ဍမြို့စား သောဏဒဏ္ဍပုဏ္ဏားကြီး အုပ်ချုပ်ကြောင်းကို ဒီဃနိကာယ် သီလက္ခန်ပါဠိတော် သောဏဒဏ္ဍသုတ်(page- 241), ကို ထောက်ဆ၍ သိနိုင်၏။ ။

ယင်း သောဏဒဏ္ဍသုတ်၌ ဧကံ သမယံ ဘဂဝါ အင်္ဂေသု စာရိကံ စရမာနော မဟတာ ဘိက္ခုသံဃေန ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ ယေန စမ္ပာ တဒဝသရိ၊ တတြ သုဒံ ဘဂဝါ စမ္ပာယံ ဝိဟရတိ ဂဂ္ဂရာယ ပေါက္ခရဏီယာ တီရေ။ တေန ခေါ ပန သမယေန သောဏဒဏ္ဍော ဗြဟ္မဏော စမ္ပံ အဇ္ဈာဝသတိ။ သတ္တုဿာဒ သတိဏကဌောဒက သဓညံ ရာဇဘောဂ္ဂံ ရညာ မာဂဓေန သေနိယေန ဗိမ္ဗိသာရေန ဒိန္နံ ရာဇဒေယျံ ဗြဟ္မဒေယျံ။ စသည်ဖြင့် လာရှိ၏။ ။

အခါတပါး မြတ်ဗုဒ္ဓ အင်္ဂတိုင်းမှာ နောက်ပါ ရဟန်းငါးရာဖြင့် ဒေသစာရီလှည့်လည်စဉ် တိုင်းအသီးသီး ဒေသအသီးသီးတို့မှ ဝေဒပညာရှိပုဏ္ဏားတို့သည်လည်း သောဏဒဏ္ဍပုဏ္ဏားကြီးနှင့် ဝေဒပညာနှီးနှောဖလှယ်ရန် ရောက်ရှိလာကြကုန်၏။ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်များက မဆန့်ဘဝဂ် ပျံ့နှံ့ကျော်ကြားနေသောကြောင့်  စမ္ပာမြို့သား ပုဏ္ဏားသူကြွယ်များ၊ တိုင်းသားပြည်သူများ မြတ်ဗုဒ္ဓသီတင်းသုံးတော်မူရာ စမ္ပာမြို့နား ဂဂ္ဂရာရေကန်သို့ သွားကြကုန်၏။ မြတ်စွာဘုရားထံသွားသော လူထုကြီးကို မြင်သော သောဏဒဏ္ဍပုဏ္ဏားကြီးက ခတ္တအမတ်ကို တိုင်ပင်ပြီး ဘုရားရှင်ထံသွားရန် ပြောကြား၏ ။

သို့သော် သောဏဒဏ္ဍပုဏ္ဏားကြီးအား ဘုရားရှင်ထံ မသွားရန် တိုင်းတစ်ပါးက လာရောက်ကြကုန်သော ပုဏ္ဏားများက အကြောင်းပြချက် ၁၂ ခုတို့ကို တင်ပြလာ တားမြစ်သော်လည်း ပုဏ္ဏားကြီးက မြတ်ဗုဒ္ဓ၏ ၂၉ ပါးသော ဂုဏ်တော်တို့ကို ချီးကျူးထောက်ပြလျက် မြတ်ဗုဒ္ဓထံချဉ်းကပ်ခဲ့၏။ ။

ဘုရားရှင်နှင့် နှတ်ခွန်းဆက် သာရဏီယစကား ပြောကြားပြီး
ကတီဟိ ပန ဗြဟ္မဏအင်္ဂေဟိ သမန္နာဂတံ ဗြဟ္မဏာ ဗြဟ္မဏံ ပညာပေန္တိ…စသည်ဖြင့် အစချီကာ မြတ်ဗုဒ္ဓက ပုဏ္ဏားကြီးအား မေးတော်မူ၏
ပုဏ္ဏားကြီး အဘယ်မျှသော အင်္ဂါတို့နှင့် ပြည့်စုံသူကို ပုဏ္ဏားတို့သည် ဗြဟ္မဏ(စစ်မှန်တဲ့ပုဏ္ဏား) ဟု သတ်မှတ်ပညတ်ခေါ်ဝေါ်ကြပါသနည်း။ ။
အရှင်ဂေါတမ အင်္ဂါငါးပါးနှင့်ပြည့်စုံသူကို ပုဏ္ဏားတို့သည် ဗြဟ္မဏ(စစ်မှန်တဲ့ပုဏ္ဏား) ဟု သတ်မှတ်ပညတ်ခေါ်ဝေါ်ကြပါသည်။ ။

ဗြဟ္မဏအင်္ဂါ ငါးပါး
၁။ မိဘနှစ်ပါးမှ စင်ကြယ်သော အမျိုးဇာတ်ရှိရမည်၊
၂။ ဝေဒကျမ်းဂန်တို့၌ တဖက်ကမ်းခတ် ပါရဂူမြောက် တတ်မြောက်ရမည်၊
၃။ ရုပ်အဆင်းသဏ္ဍာန် ကြန်အင်လက္ခဏာ ပြည့်စုံရမည်၊
၎။ ကိုယ်ကျင့်သီလပြည့်စုံ၍ ကြီးပွားတိုးတက်သော သီလရှိရမည်၊
၅။ ပညာရှိ၍ အမြှော်အမြင်ပြည့်စုံကာ မြတ်သောယဇ်ကို ခံထိုက်ရမည်။

မှတ်ချက်။ ဗြဟ္မဏအင်္ဂါ လေးပါးဖြစ်လျှင် (၃- ရုပ်ရည်အဆင်း အင်္ဂါနှတ်၊ သုံးပါးဆိုလျှင် (၂-ဗေဒင်မန္တာန်နှတ်)၊ နှစ်ပါးဖြစ်လျှင် (၁-မျိုးရိုးဇာတ်အင်္ဂါကို နှတ်ပါ)။

သောဏဒဏ္ဍပုဏ္ဏားကြီးက ဗြဟ္မဏအင်္ဂါနှစ်ပါးကို လျှောက်ထားသည့်အခါ အခြားတိုင်းတပါး ပုဏ္ဏားတို့က " အရှင်ပုဏ္ဏားကြီးသည် အဆင်း၊ မန္တာန်၊ ဇာတ်တို့ကို ကဲ့ရဲ့နေရုံသာမက ရဟန်းဂေါတမ၏ ဝါဒသို့ပင် သက်ဝင်၍ နေပေသည်ဟု"ပြစ်တင်ပြောဆိုလာကြကုန်၏။ ။

သောဏဒဏ္ဍပုဏ္ဏားကြီးက ငါသည် အဆင်း၊ မန္တာန်၊ ဇာတ်တို့ကိုလည်း မကဲ့ရဲ့ပါ၊ အမှန်စစ်စ်၊ ဤ ပရိတ်ကြီးထဲမှာ ရဟန်းဂေါတကို ချန်ထား အခြားသူအားလုံးထက် အကျွန်ုပ်၏တူတော် အင်္ဂက ပုဏ္ဏားသည် ရုပ်အဆင်းအလှဆုံးလည်းဖြစ်၏။ ဝေဒမန္တန်တဖက်ကမ်းခတ် တတ်မြောက်၏။ မိဘနှစ်ပါး ဇာတ်အားဖြင့်လည်း မြင့်မြတ်ပါ၏။ အကယ်၍ အင်္ဂကသည် ကံငါးကို လွန်ကျူးသူဖြစ်ပါက သူ၏ ရုပ်ရည်အဆင်း၊ မန္တာန်၊ အမျိုးဇာတ်တို့သည် အဘယ်မှာလျှင် အခရာကျ အသုံးကျတော့မည်နည်း။ ဟု တိုင်းတပါး ပုဏ္ဏားတို့အား ပြန်လည် ဖြေကြားခဲ့၏။ ။

ထို့နောက်မြတ်စွာဘုရားက ၎င်း ဗြဟ္မဏအင်္ဂါ နှစ်ပါးတို့တွင် တပါးကိုထား၍ တပါးဖြင့် ပညတ်နိုင်ပါသလော ဟု မေးတော်မူလျှင်…
မြတ်စွာဘုရား…မပညတ်နိုင်ပါ၊ သီလသည် ပညာဖြင့်၊ ပညာသည် သီလဖြင့် အချင်းချင်း ဆေးကြောသုတ်သင်ရပါသည်၊ သီလနှင့်ပညာသည် လောက၌ အမြတ်ဆုံးတရားနှစ်ပါး ဖြစ်ပါသည်ဘုရား-ဟု လျှောက်ထားလေ၏။

ထိုအခါ မြတ်စွာဘုရားက…ပုဏ္ဏားကြီးအား သီလနှင့်ပညာတို့ကို လောကီလောကုတ္တရာ ပညာဝိမုတ္တိအရသာနှင့်တကွ ဟောကြားတော်မူသောအခါ ပုဏ္ဏားကြီး အလွန်သဘောကျသဖြင့် ရာသက်ပန် သရဏဂုံတည် ဥပါသကာအဖြစ် လျှောက်ထားခဲ့လေ၏။ ။

သီလပရိဓောတာ ဟိ ဗြဟ္မဏ ပညာ၊ ပညာပရိဓောတံ သီလံ၊ ယတ္ထ သီလံ တတ္ထ ပညာ၊ ယတ္ထ ပညာ တတ္ထ သီလံ၊ သီလဝတော ပညာ၊ ပညဝတော သီလံ၊ သီလပညာဏဉ္စ လောကသ္မိံ အဂ္ဂမက္ခာယတိ။ (သီလက္ခန် ပါဠိ- ၁၁၇)။

မှတ်ချက်။ ။ ဤဇာတ်ကြောင်းကို ထောက်လျှင် ဘုရားရှင်လက်ထက်က အင်္ဂတိုင်း၏မြို့တော် စမ္ပာမြို့တော်ကို သောဏဒဏ္ဍပုဏ္ဏားကြီးအား (ရာဇဒေယျံ) အုပ်ချုပ်ဖို့ ဘုရင်ဗိမ္ဗိသာရမင်းကြီးက မြို့စားအဖြစ်ပေးထားကြောင်း၊ ဗြဟ္မဒေယျံဟု ဆိုထားသဖြင့် မင်းကြီးက အမြတ်တနိုး ပုဏ္ဏားကြီး၏ ဂုဏ်ကို ပူဇော်ချီးမြှောက်သောအားဖြင့် ပေးထားကြောင်း လေ့လာသိရှိနိုင်ပါသည်။


ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)

No comments:

Post a Comment