" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Wednesday, December 26, 2012

သင်တန်းအမှတ်စဉ်(၄)



တိုင်းကြီး ၁၆ တိုင်းမှာ ဖြစ်ပျက်ခဲ့သည့် သမိုင်းဝင် မှတ်တမ်းများ

၁။ အင်္ဂတိုင်း … စမ္ပါမြို့တော်

အင်္ဂတိုင်းကို မြတ်ဗုဒ္ဓမပွင့်မီက မဟာဂေါဝိန္ဒပုဏ္ဏားပညာရှိကြီးက တည်ထောင်ခဲ့သည်။ ဇာတ်နိပါတ်တို့၌ ထင်ရှားကျော်ကြားသည့် တိုင်း တစ်တိုင်း ဖြစ်သော်လည်း မြတ်ဗုဒ္ဓလက်ထက်တော်အခါ၌ အင်္ဂတိုင်းသည် မဂဓတိုင်း၏ လက်အောက်သို့ ရောက်ရပြီး ယင်းမဂဓတိုင်း၏ အအုပ်ချုပ်ခံ တိုင်းနယ်ပယ် တစ်ခုသာလျှင် ဖြစ်၏။

ဘုရားမပွင့်မီ ရှေးအခါကလည်း အင်္ဂတိုင်းနှင့် မဂဓတိုင်းတို့ နယ်နိမိတ်ချင်း နီးစပ်နေကြသဖြင့် မကြာခဏ စစ်မက်ဖြစ်ပွားကြ၏။ တခါတရံ မဂဓတိုင်းက စစ်ရှုံးပြီး အင်္ဂတိုင်း၏ လက်အောက်သို့ကျရောက်ကာ တစ်ခါတရံမှာတော့ အင်္ဂတိုင်းက မဂဓတိုင်း၏ လက်အောက်သို့ ရောက်ခဲ့ဘူးကြောင်းကို ဝီသတိနိပါတ် စမ္ပေယျဇာတ် အဌကထာ၌ ဖွင့်ဆိုထားမှုကို ထောက်ဆ၍ သိနိုင်၏။

စမ္ပေယျဇာတ် အကျဉ်း
အတီတေ အင်္ဂရဌေ အင်္ဂရာဇေ ရဇ္ဇံ ကာရေန္တေ အင်္ဂမဂဓ ရဌာနံ အန္တရေ စမ္ပါနာမ နဒီ အတ္ထိ၊ တတ္ထ နာဂဘဝနံ အဟောသိ၊ စမ္ပေယျော နာမ နာဂရာဇာ ရဇ္ဇံ ကာရေသိ။ စသည် ဖြင့် ဖွင့်ဆိုထား၏။
ရှေးအခါက အင်္ဂတိုင်း၌ အင်္ဂမင်းကြီး အုပ်ချုပ်နေစဉ် အင်္ဂတိုင်းနှင့် မဂဓတိုင်းတို့၏ အကြားမှာ စမ္ပါမြစ်ရှိ၏။ ထိုမြစ်၌ စမ္ပေယျ မည်သော နဂါးမင်း ပိုင်စိုးအုပ်ချုပ်၏ ထိုအချိန်က အင်္ဂမင်းနှင့် မဂဓမင်းတို့သည် မကြာခဏ စစ်မက်ဖြစ်ပွားတတ်ကြ၏။ တစ်ခါတရံ မဂဓမင်းက စစ်နိုင်ပြီး၊ တစ်ခါတရံ အင်္ဂမင်းက စစ်နိုင်တတ်၏။ စစ်နိုင်လျှင် စစ်ရှုံးသည့်နိုင်ငံကို လက်အောက်ခံ နိုင်ငံအဖြစ်ထားကာ အုပ်ချုပ်ကြ၏။ တစ်ရံရောအခါက အင်္ဂတိုင်းသည် မဂဓတိုင်း၏ လက်ရောက်သို့ရောက်ခဲ့ရပုံကို ဝီသတိနိပါတ် စမ္ပေယျဇာတ် အဌကထာ၌ အထက်ပါအတိုင်း ဖွင့်ဆိုထားသည်ကို ထောက်ဆ၍ သိနိုင်၏။

တစ်ရံရောအခါတုန်းက ထိုအင်္ဂမင်းနှင့်မဂဓမင်းတို့ စစ်ဖြစ်ကြရာတွင် မဂဓမင်းက စစ်ရေးသာသဖြင့် အင်္ဂမင်းသည် နောက်လိုက်ဗိုလ်ခြေ မပါတော့ဘဲ မြင်းစီးကာ တစ်ယောက်တည်း လွတ်ရာ ထွက်ပြေးခဲ့၏။ မဂဓမင်း၏ စစ်သည်တို့က နောက်က ထပ်ကြပ်မကွာ လိုက်လာကြသဖြင့် ရန်သူလက်ထဲ အသက်ဆုံးရှုံး အရေးနိမ့်ရသည်ထက် စမ္ပါမြစ်ထဲ ခုန်ချသေဆုံးရခြင်းက မြတ်သေး၏ဟု ရဲစိတ် ရဲမာန် မင်းစိတ် မင်းမာန်အပြည့်ဖြင့် ဆုံးဖြတ်ကာ စစ်ဝတ်တန်းဆာများနှင့်တကွ မြစ်အတွင်းခုန်ချခဲ့၏။ သို့သော် ထိုမြစ်ကို အပိုင်စီးအုပ်ချုပ်နေသော စမ္ပေယျနဂါးမင်းက ကယ်ဆယ်ဖေးမကူညီခဲ့သဖြင့် အင်္ဂမင်း အသက်ချမ်းသာရခဲ့ဖူးကြောင်းကို စမ္ပေယျဇာတ်တော်အရ လေ့လာသိရှိရ၏။ ။

မဟာနိပါတ် -မဟာဇနကဇတ်မှ သဲလွန်စ

ယင်းမဟာဇနကဇာတ်တော်၌ ဘုရားလောင်း မဟာဇနကမင်း၏ မယ်တော်ကြီးသည် သူမ၏ အိမ်ဦးသခင် အရိဌဇနကမင်းကြီးမှာထားခဲ့သည့်အတိုင်း စိန်ရွှေငွေရတနာများကို ချင်းတောင်းထဲထည့်ကာ မထင်မရှား အညတရအသွင်ဖြင့် သူမနေရာ မိထိလာမြို့တော်မှ ထွက်လာခဲ့၏။ ယင်းသို့ထွက်လာစဉ် ဘုရားလောင်း မဟာဇနကမင်းသား၏ တန်ခိုးတော်ကြောင့် သိကြားမင်းသည် လှည်းကုန်သည်ယောင်ဆောင် ဖန်ဆင်းကာ လမ်းပြခေါ်ဆောင်လာရာ မိထိလာမြို့နှင့် ကာလစမ္ပါမြို့တို့အကြား ယူဇနာ (၃၀) ခန့် အရောက်တွင် မြစ်တစ်စင်းတွေ့၏။ 

ယင်းမြစ်၌ ကိုယ်လက်သုတ်သင် ရေချိုးသန့်စင်ကာ ဆက်လက်ထွက်ခွာရာ ညချမ်းကာလမှာ ကာလစမ္ပါမြို့အဝင်သို့ ရောက်သောအခါ
မိဖုရားကြီးက သိကြားယောင်ဆောင်ထားသည့် လှည်းကုန်သည်ကို မေး၏။
အမောင် ဤမြို့က အဘယ်မြို့နည်း၊ ကာလစမ္ပါမည်သော မြို့ဖြစ်ပါသည် အမိ၊ အဘယ်သို့ပြောပါသနည်း ငါတို့ မိထိလာမြို့မှ ကာလစမ္ပါမြို့သည် ယူဇနာ ခြောက်ဆယ်အထက် ကွာဝေးပါသလော့၊ မှန်ပါ၏၊ ယူဇနာခြောက်လောက်ဝေးပါ၏။ သို့သော် အကျွန်ုပ်သည်ကား လမ်းဖြောင့်(ဖြတ်လမ်း)ကို သိပါ၏။ ဟု လှည်းကုန်သည်ယောင်ဆောင် သိကြားမင်းက ဖြေကြား၏။

တာတ ကိံနာမ နဂရမေတံ၊ ကာလစမ္ပါ နဂရံ အမ္မ။ ကိံ ဝဒေသိ တာတ နနု အမှာကံ နဂရတော ကာလစမ္ပါ နဂရံ သဌိယောဇနမတ္ထကေ ဟောတိ။ ဧဝံ အမ္မ။ အဟံ ပန ဥဇုမဂ္ဂံ ဇာနာမိ။ ။


မှတ်ချက်။ ။ ဤ မဟာဇနကဇာတ်တော်လာ မိထိလာမြို့နှင့် ကာလစမ္ပါမြို့တို့အကြား ယူဇနာ ခြောက်ဆယ်အကွားအဝေး ရှိကြောင်း၊ လမ်းခရီးအကြား ယူဇနာ သုံးဆယ်ခန့်လောက်မှာ မြစ်တစ်စင်း တွေ့ရကြောင်း၊ ယင်းမြစ်မှာ ဂင်္ဂါမြစ်လည်း ဖြစ်နိုင်ကြောင်း၊ မှန်းဆသိနိုင်၏။ ဂင်္ဂါမြစ်တဘက်ကမ်းမှာ မိထိလာမြို့တော်ရှိပြီး အခြားတဖက်ကမ်းမှာ ကာလစမ္ပာမြို့တည်ရှိပုံရ၏။ ဤဂင်္ဂါမြစ်ကို ဖြတ်ကူးမည်ဖြစ်သော်လည်း ဤနေရာ၌ အဓိကအားဖြင့် ကာလစမ္ပာမြို့သို့ ရောက်ပုံကိုသာ ပြလိုရင်းဖြစ်ရကား ဂင်္ဂါမြစ် သို့မဟုတ် လမ်းခရီးအကြား၌ တွေ့ရှိခဲ့ရသည့် မြစ်အကြောင်း နာမည်ကို အတိအကျ မပြောထားခြင်းသာ ဖြစ်သည်ဟု မှန်းဆသိရမည်။ ထို့အပြင် ဤကာလစမ္ပာမြို့မှာလည်း အင်္ဂတိုင်း၏ မြို့တော် စမ္ပာမြို့တော်ပင် ဖြစ်သည်။ မဟာဂေါဝိန္ဒပညာရှိကြီးလက်ထက်တုန်းက စမ္ပာမြို့ဟုပင် ခေါ်ဆိုခဲ့သော်လည်း ကာလရွေ့လျားသွားသောအခါ ကာလသဒ္ဒါနှင့် တွဲဘက်၍ ကာလစမ္ပာမြို့ဟု တွင်လာကြောင်း မှန်းဆ လေ့လာ သိရှိရမည်။ ။


ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-မေ့သားလှ-ဇလဂ္ဂ)

No comments:

Post a Comment