" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Sunday, March 20, 2011

ဘဝကတ္တားခြားသော်လည်း

အချိန်ကား စာရေးသူတို့ ဂေါတမဘုရားရှင် မပွင့်တော်မူသေးခင် နှစ်ပေါင်း ၇၀၀ ခန့် ပစ္စေကဗုဒ္ဓါအရှင်မြတ်များသာ ပွင့်တော်မူသည့် အချိန်ဖြစ်သည်။ ထိုစဉ်အခါက မမျှော်လင့်ဘဲ ချစ်သူနှစ်ဦး ဘဝကတ္တားခြားခဲ့ဖူးလေသည်။ အဖြစ်အပျက်ဇာတ်လမ်းလေးကတော့ ဝမ်းနည်းကျေကွဲစရာပင်။ တဖက်မှာလည်း ဝမ်းသာရမည် လိုလိုပင်။ ဆက်လက်ဖတ်ရှူ့ကြပါ။
သာဝတ္ထိမြို့အနီး မထင်မရှားရွာငယ်လေးမှာ လုလင်ပျိုတစ်ယောက်သည် နေ့စဉ်နဲ့အမျှ ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးအား ကိုးကွယ်ဆည်းကပ်လျက် စွမ်းနိုင်သမျှ ဝတ်ကြီးဝတ်ငယ်များပြုလေ့ရှိသည်။ လုလင်ပျိုအရွယ်ရောက်တော့ ကျေးဇူးရှင်မိခင်ကြီးက အိမ်ထောင်ရက်သားချထားပေးဘို့ စီမံလေသည်။ မိမိတို့နှင့် အမျိုးတူ ဇာတ်တူ အင်မတန်ချောမောလှပသည့် လုံမပျိုမလေးတစ်ဦးနှင့် အိမ်ထောင်ပြုပေးဘို့ နောက်ဆုံးတော့ စီမံခဲ့ကြလေသည်။ သို့သော်လည်း ကံမကောင်းအကြာင်းမလှစွာ ဝမ်းနည်းကျေကွဲစရာ ကျုံခဲ့ရရှာလေသည်။ မင်္ဂလာပွဲသဘင် ဆင်ယင်ကျင်းပမည့်နေ့မှာပင် လုလင်ပျိုသည် သူ၏သူငယ်ချင်းအပေါင်းသင်းတို့နှင့်အတူ ပျော်ပျော်ပါးပါး ရေချိုးဆိပ်မှာ ရေချိုးသွားစဉ် အဆိပ်ပြင်းသည့်မြွေကိုက်ခံလိုက်သောကြောင့် ရုတ်တရက် အဆိပ်တက် မင်္ဂလာပွဲမကျင်းပမှီ ကွယ်လွန်ရရှာလေသည်။
ချစ်ဇနီးလောင်း သတိုးသမီး လုံမပျိုလေးကတော့ တရားဝင်လက်ထပ်မည့် မင်္ဂလာပွဲလေးကို ရင်ခုံစွာမျှော်လင့်စောင့်စားရှာလေသည်။ လုလင်ပျိုလေးသည် မင်္ဂလာမဆောင်ခင် ချစ်သူအပေါ်မှာထားတဲ့ သံယောဇဉ်နဲ့ စားလည်းဒီစိတ် သွားလည်းဒီစိတ် သူ့ချစ်သူအပေါ်စွဲလမ်းသည့် စိတ်ကလေးနှင့် ဆုံးပါးခဲ့ရသည့်အတွက် ဘုံဗိမာန်ပိုင်ရှင် ပြိတ္တာအမျိုးစားဝင်ပင် ဖြစ်ခဲ့ရသည်။ သို့သော် ပစ္စေကဗုဒ္ဓါအရှင်မြတ်အား လုပ်ကျွေးပြုစုခဲ့ဘူးသည့် ကောင်းမှုကံကြောင့် ထိုဘုံဗိမာန်၌ နတ်စည်းစိမ် အမျိုးမျိုးကို သုံးဆောင်ခံစားရပြီး တန်ခိုးလည်း အင်မတန်ကြီးလှပေသည်။
ဘဝကတ္တားခြားသော်လည်း လုလင်ပျို ဗိမာန်ပိုင်ရှင်လေးသည် လူ့ပြည်က ချစ်ဇနီးလောင်း လုံမပျိုလေးအပေါ်၌ သူ့မေတ္တာ အကြင်နာ သံယောဇဉ်ကတော့ ရှိစမြဲပင်။ သူ့ချစ်သူကိုခေါ်၍ နှစ်ကိုယ်တူကြည်ဖြူစွာ ဘုံဗိမာန်၌ ပျော်ပါး ခံစားလိုစိတ်မှာ ပြင်းပြလှပေသည်။ သို့အတွက် သူနည်းလမ်းရှာဖွေရတော့သည်။ သူ့ချစ်သူမှာက ခုချက်ချင်း ကုသိုလ်ပါရမီ မပြည့်စုံသေးသဖြင့် ချစ်သူကို မခေါ်နိုင်ရှာသေးပေ။ ဟော့နည်းလမ်းတွေ့ပြီ… သင်္ကန်းကို ကိုယ်တိုင်ချုပ်နေသည့် ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးကို မြင်တွေ့မိလေသည်။ ထိုအရှင်မြတ်မှာလည်း သင်္ကန်းချုပ်နေစဉ် အပ်ချည်ကုန်သွားပေသည်။ ဘုံဗိမာန်ရှင် လုလင်ပျိုသည် လူယောင်ဖန်ဆင်းကာ ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို လျှောက်ထားခဲ့လေသည်။ “အရှင်ဘုရား အပ်ချည်အလိုရှိပါက ဤမည်သောအိမ်သို့ ကြွရောက်အလှူခံတော်မူပါဘုရား” ဟု ချစ်ဇနီးလောင်အိမ်ကို လက်ညှိုးလျက် လျှောက်ထားခဲ့သည်။
အရှင်မြတ်လည်း လုလင်ညွှန်ပြသည့် အတိုင်း လုံမပျိုလေးအိမ်သို့ ကြွရောက်အလှူခံတော်မူရာ သဒ္ဓါတရားရှိသည့် လုံမပျိုလေးသည် အရှင်မြတ်ကို ကန်တော့ဦးချကာ အပ်ချည်လုံးလေးများ လှူဒါန်းလိုက်လေသည်။ ပစ္စေကဗုဒ္ဓါအရှင်မြတ်တည်းဟူသော မြတ်သောအလှူခံ ဒက္ခိဏေယျပုဂ္ဂိုလ်အား လှူဒါန်းလိုက်ရသဖြင့် ချက်ချင်းအကျိုးပေးမည့် ဒိဌဓမ္မဝေဒနိယ ကုသိုလ်ကံမျိုးကို ဆည်းပူးမိလေတော့သည်။ ထိုနောက် ဗိမာန်ပိုင်ရှင် လုလင်လေးသည် လူ့အသွင်ဖြင့် ချစ်ဇနီးလောင်းအိမ်သို့ရောက်လာပေတော့သည်။ ဇနီးလောင်းကို သူမမိခင်ထံ လက်ထပ်ဘို့ တောင်းခံလေသည်။ မိခင်ကြီးကလည်း ကြည်ဖြူစွာပင် ထိမ်းမြားလက်ထပ်ပေးလိုက်လေသည်။ လုလင်သည် အမေ့အိမ်၌ သူမအမေကျေနပ်လောက်အောင် ရက်အနည်းငယ်နေလိုက်သေးသည်။ ထိုနောက် မိခင်အိမ်၌ ရှိသည့် ပန်းကန် အိုးခွက်မှန်သမျှထဲ၌ ရတနာပစ္စည်းများ အပြည့်ထည့်ကာ “ ‘ဒီပစ္စည်းတွေဟာ နတ်ပေးတဲ့ ပစ္စည်းတွေ” ဘယ်သူမှ အန္တရာယ်မပြုလုပ်ရ မယူရ” ဟု စာတမ်းရေးထိုးကာ အိမ်သူသက်ထား ချစ်ဇနီးကို သူ၏ ဘုံဗိမာန်သို့ခေါ်ဆောင်သွားခဲ့လေသည်။
မိခင်သည် နတ်ပေးသည့် ရတနာပစ္စည်းများကို မိမိလည်းသုံးစွဲ အခြားဆင်းရဲနွမ်းပါးသူများကိုလည်း ကူညီထောက်ပံ့ယင်း ချစ်သမီးပြန်အလာကိုလည်း စောင့်မျှော်နေခဲ့သည်။ စောင့်ရင်း နှစ်ပရိစ္ဆေဒ အချိန်ကြာလာတာနှင့်အမျှ မိခင်ကြီးလည်း ကွယ်လွန်ခါနီးသို့ရောက်ခဲ့ရလေ၏။ မကွယ်လွန်ခင် ယုံကြည်စိတ်ချရသော ဆွေမျိုးများကို သမီးလေးပြန်လာပါက ရတနာပစ္စည်းများ ပြန်လည်ပေးကြဘို့ မှာကြားပြီး ဘဝတပါးပြောင်းသွားခဲ့ရှာသည်။ ဒီလိုနဲ့ အမျိုးသမီးလေး ချစ်သူဘုံဗိမာန်၌ ပျော်မွေ့နေသည်မှာ နှစ်ပေါင်း ၇၀၀ ပင် ကြာညောင်းခဲ့လေသည်။ ထိုအချိန်အတွင်း စာရေးသူတို့ ဂေါတမဗုဒ္ဓမြတ်စွာလည်း လောကမှာ အထင်အရှား လောကကြီးကောင်းစားဘို့ ပွင့်တော်မူခဲ့လေပြီ။
အမျိုးသမီးလေးသည် ဘဝကတ္တားခြားနေသည့် ဗိမာန်ပိုင်ရှင်ချစ်သခင်နှင့် နတ်စည်းစိမ်ကို လိုလိုသေးမရှိ နှစ်ပေါင်း ၇၀၀ တိုင်တိုင် မြူးတူးပျော်ပါး ခံစားစံစားရသော်လည်း ကြာတော့ နတ်ဗိမာန်၌ မပျော်မွေ့တော့ပေ။ အမေနှင့် ရွာကိုလွမ်းလာတော့သည်။ မှန်ပါသည်။ အမိနိုင်ငံမှ အခြအနေ အကြောင်းအမျိုးမျိုးကြောင့် တိုင်းတပါးသို့ စွန့်ခွာထွက်လာရသူများသည် အမိနိုင်ငံ အမိရင်ခွင်ကိုတော့ လွမ်းဆွတ်ကြပါလိမ့်မည်။ အမေနှင့် ရွာကို လွမ်းသောကြောင့် ချစ်သူကို ပန်ကြားလေတော့သည်။ “အမေ့နှင့်ရွာဆီကိုသာ ပြန်ပို့ပါတော့ အကိုရေ” ဟု မျက်ရည်လေး ကလည်ကလည်နှင့် တောင်းပန်ရှာလေသည်။ အမှန်တော့လည်း ချစ်ဇနီးလေးမှာက လူသက်တမ်း ကုန်နေပါပြီ။ နတ်၌ဖြစ်သော အာဟာရ ရာသီဥတု စသည်ထောက်ပံ့ပေးထားမှုကြောင့်သာ အသက်ဆက်လက်ရှင်သန်နေခြင်းဖြစ်ပါသည်။ သို့သော်ဒီအချင်းအရာကို အမျိုးသမီးလေး မသိရှာပါ။ ဘုံဗိမာန်ရှင် လုလင်လေးကသာ သိနေပါသည်။ အမျိုးသမီးလေးသည် နှစ်ပေါင်း ၇၀၀ ကြာညောင်းခဲ့သည်ကိုပင် ၇- နှစ်လောက်သာ ရှိသေးသည်ဟု ထင်နေမိသည်။
ခုချိန်ထိ ကျေးဇူးရှင် မိခင်နှင့် ဆွေမျိုးများ ရှိနေလိမ့်မည်ဟု ထင်နေမိတုန်းပင်။ နောက်ဆုံးအနေနဲ့ ချစ်သူလုလင်လေးကို ပန်ကြားလေသည်။ “ မောင်ရေ… မောင့်ကို မချစ်လို့တော့ မဟုတ်ပါဘူး၊ အထူးသဖြင့် မောင်နှင့် ပြန်လည် ဆုံဆည်းဘိုနှင့် ကျွန်မသံသရာအတွက် ကုသိုလ်ကောင်းမှူတွေ ပြုလုပ်ချင်သေးတယ်၊ မောင် ကျွန်မကို တကယ်ချစ်လျှင် အမေနှင့် ရွာဆီကိုသာ ပြန်ပို့ပေးပါတော့” ဟု မျက်ရည်လေး တွေတွေကျ ဝမ်းနည်းစွာဖြင့် သူမချစ်သူ ဘုံဗိမာန်ရှင် လုလင်လေးကို ပန်ကြားလေပြန်သည်။ မှန်ပါသည်။ ဘုံဗိမာန်၌ နတ်စည်းစိမ် အာရုံ ကာမဂုဏ် အပြည့်ရှိအဝ ခံစားနေရသဖြင့် ကုသိုလ်ပြုဘို့ရန် လူ့ပြည်လောက် မလွယ်ကူလှပါ။ ဒီလိုနဲ့ ချစ်သူနှစ်ဦး “ချစ်လိုလျက်နဲ့ ဝေးရပါတော့မည်”။ သွားခါနီး အကို မှာလိုက်ပါရစေ ညီမရေ။ “ချစ်သောနှမ လူ့ပြည်ရောက်ရင်လေ မေမေ့ကို ဟိုအရင် မောင်ဖြည့်ပေးထားခဲ့တဲ့ ရတနာပစ္စည်းတွေ ရောင်းချပြီး ရဟန်းသံဃာတွေကို ကုသိုလ်ပြုနော်” ဟု ကြေကွဲဝမ်းနည်းစွာ နောက်ဆုံးအနေနဲ့ မှာကြားလေသည်။
ထိုသို့နှတ်ဆက်စကား မှာကြားပြီးနောက် ချစ်ဇနီးလေး လက်မောင်းကို ဆွဲကာ တန်ခိုးဖြင့် ခေါ်လျက် ရွာလယ်မှာ ချထားခဲ့ပြီး ဝမ်းနည်းစွာဖြင့် သူ့ဌာန ဘုံဗိမာန်သို့ တယောက်တည်း ပြန်သွားခဲ့ရှာလေသည်။ နှစ်ပေါင်း ၇၀၀ ကြာညောင်းခဲ့လေပြီ ဖြစ်သောကြောင့် မိခင်ကြီးလည်း အသက်ထင်ရှားမရှိတော့ပေ။ သို့သော် သူမရွာနှင့် ဆွေစဉ်မျိုးဆက်တော့ ကျန်ရစ်သေးသည်ဟု ဆိုရမည်ပင်။ ဆွေစဉ်မျိုးဆက် သစ္စာမပျက် ထိမ်းသိမ်းစောင့်ရှောက်ခဲ့သော တချိန်က ချစ်သူဗိမာန်ရှင်လေး ပေးအပ်ခဲ့သည့် မိခင်ကြီးဆုံးပါးခါနီး သမီးလေးပြန်ရောက်လျှင် ပေးလိုက်ပါဟု မှာကြားခဲ့သော ရတနာပစ္စည်းများဖြင့် အမျိုးသမီးလေးသည် ၇-ရက်တိုင်တိုင် အလှူဒါနကြီး ပေးလေတော့သည်။
ဒီတစ်ခါတော့ အမျိုးသမီးလေးသည် မိမိပြုလုပ်သည့် ကုသိုလ်ကောင်းမှူကြောင့် ဗိမာန်ပိုင်ရှင် သူချစ်သူထံ ပြန်ရောက်ဘို့တော့ ဆုမတောင်းခဲ့တော့ပေ။ သစ္စာဖောက်ရာ ကြမလားမသိ၊ ခွင့်လွှတ်ပါတော့ မောင်ရေ” ဟုပင် စိတ်ထဲမှာ တောင်းပန်နေမည် မလွဲပေ။ သူမ၏ အလှူဒါနကြီးကို ရွာသားများသာမက သာဝတ္ထိမြို့သူ မြို့သားများကပါ ကြွရောက်အားပေးကြလေသည်။ အလှူရှင် အမျိုးသမီးလေးက ကြွရောက်လာသည့် ဧည့်သည်တော် ပရိတ်သတ်များကို အောက်ပါ ဂါထာစကားဖြင့် နှတ်ခွန်းဆက် ဧည့်ခံနေလေသည်။
“ ဒိဌာ မယာ အကတေန အသာဓုနာ၊
ပေတာ ဝိဟညန္တိ တထေဝ မနုဿာ၊
ကမ္မဉ္စ ကတွာ သုခဝေဒနီယံ၊
ဒေဝါ မနုဿာစ သုခေ ဌိတာ ပဇာ။
အိုမိတ်ဆွေတို့… ကုသိုလ်မပြု မကောင်းမှူဖြင့်သာ အချိန်ဖြုန်းကြသော သူတို့သည် သေလျှင် ပြိတ္တာ အပါယ်ငရဲ ရောက်ကြရပြီး ဒုက္ခမျိုးစုံ ကြုံရရှာ၏။ ကုသိုလ်ရှင်များကတော့ လူ နတ်ဘဝတို့၌ ကောင်းကျိုးခံစား သုခပွားလျက် ရှိကြကုန်၏” ဤသို့ဖြင့် ကြွရောက်လာသော ဧည့်သည်တော်များကို အကုသိုလ် ရှောင်ရန် ကုသိုလ်ပြုကြရန် ဘဝကိုယ်စီ အဆင်ပြေချောမွေ့စွာ လျှောက်လှမ်းနိုင်ကြပါစေလို့ ကျွန်မ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်” စသည်ဖြင့်ပေါ့ ဝမ်းသာစကား ပြောကြားနေလေသည်။
သမဏဗြဟ္မဏသူတော်စင် တို့အား ၇-ရက်တိုင်တိုင် ချိမ့်ချိမ့်သဲ အလှူဒါနကြီးပေးပြီး ၇-ရက်မြောက်နေ့မှာပင် အလှူအမလေးသည် တစုံတခုသောရောဂါ ဝေဒနာမခံစားရဘဲ သက်တမ်းကုန်၍ ကွယ်လွန်သွားရှာလေတော့သည်။ သူမပြုလုပ်ခဲ့သော ကုသိုလ်ကံက သူ့ချစ်သူ ဘုံဗိမာန်ရှင် လေးထံ မပို့ဆောင်တော့ဘဲ တာဝတိံသာနတ်ပြည်၌ သိကြားမင်း၏ မိဖုရားငယ်တပါးဖြစ်စေတော့သည်။ ရဟန်းတော်များက အလှူရှင်မလေး အကြောင်းကို မြတ်ဗုဒ္ဓအား လျှောက်ထားသဖြင့် ဘုရားရှင်က အလှူရှင်မလေးနှင့် ဘုံဗိမာန်ရှင်လုလင်လေးတို့ ဘဝကတ္တားခြားသော်လည်း နှစ်ကိုယ်တူ ဘုံဗိမာန်၌ နတ်စည်းစိမ်ခံစားကြရပုံ နှစ်ပေါင်း ၇၀၀ ကြာလာတော့ ငြီးငွေ့လာပုံ လူ့ပြည်ရောက်တော့ အလှူဒါနကြီး ချိမ့်ချိမ့်သဲ ကျင်းပပုံတို့ကို ပြန်လည်ဟောပြလေသည်။ ကြွရောက်လာသော ဓမ္မမိတ်ဆွေ တရားနာပရိတ်များ ဤလုံမလေး၏ ဝတ္ထုဇာတ်လမ်းကို နာကြားရသဖြင့် ပရိတ်သတ်တိုင်း နှမြောတွန့်တိုမှုကင်းလျက် အလှူဒါနများ၌မွေ့လျှော်ကြလေတော့သည်။

မှတ်ချက်။ ပေတဝတ္ထု အဌကထာ -သုတ္တပေတဝတ္ထု ဝဏ္ဏနာ စာမျက်နှာ ၁၃၅ မှ ၁၄၀ အထိ ကိုးကားရေးသားပါသည်။
မေ့သားလှ-ဇလဂ္ဂ
ကုသိုလ်ဟူက ကိုယ့်ဘဝ မုချမြင့်အောင်မြှင့်လိမ်မည်။ ဟူသော မြတ်ဗုဒ္ဓ၏ အဆုံးအမအတိုင်း တတ်နိင်သမျှ အလှူဒါနများပြုလုပ်နိုင်ကြပါစေ။
မေတ္တာဖြင့်
မေ့သားလှ-ဇလဂ္ဂ
၂၀-၀၃-၂၀၁၁

No comments:

Post a Comment