" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Friday, December 9, 2011

ဒေါ်အောင်ဆန်းစုကြည်ပြောပြသည့် ရာမယဏဇာတ်အကြောင်း

ကျွန်မတို့အရှေ့တိုင်းယဉ်ကျေးမှုနဲ့ဒီမိုကရေစီနဲ့မထိုက်တန်ဘူးတို့၊ အရှေ့တိုင်းယဉ်ကျေးမှုအရ ပြည်သူလူထုဟာမိမိတို့ ကိုယ်မိမိတို့ အုပ်ချုပ်နိုင်တဲ့အရည်အချင်းမရှိဘူးတို့၊ ဒီလိုပြောတာတွေ ရှိခဲ့ပါတယ်။ အရင်အပတ်ကဆိုရင်အိန္ဒိယနိုင်ငံကဇာတ်ကြီးနှစ်ခုဖြစ်တဲ့ မဟာဘာရတ နဲ့ ရာမယဏ ကိုအခြေခံပြီးတော့ အရှေ့တိုင်းယဉ်ကျေးမှုဟာလူထုရဲ့ အခွင့်အရေးတွေ၊ လူထုရဲ့လုပ်ပိုင် ခွင့်တွေ၊ လူထုရဲ့အင်အားတေ...ွကို ဘယ်လောက်အလေးထားတယ်ဆိုတာကို ဖော်ပြသွားချင်တယ် လို့ကျွန်မ ပြောခဲ့ပါတယ်။ အရင်အပတ်ကတော့ မဟာဘာရတ ဇာတ်တော်ကြီး အကြောင်းကျွန်မ ပြောခဲ့ပါတယ်။ ဒီအပတ်မှာတော့ ရာမယဏဇာတ်တော်ကြီး အကြောင်းပြောပါ့မယ်။ ရာမယဏ ဇာတ်တော်ကြီးဆိုတော့ ကျွန်မတို့ရဲ့ ရာမဇာတ်ပေါ့လေ။ ရာမဇာတ်ဆိုတာဟာ သူတို့အိန္ဒိယမှာ ရာမယဏ လို့ ခေါ်ပါတယ်။ ရာမဇာတ်တော်ကြီးဟာ မြန်မာနိုင်ငံတင်မကပါဘူး။ အင်ဒိုနီးရှားနိုင်ငံ တို့၊ ထိုင်းနိုင်ငံတို့အထိပျံ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံယဉ်ကျေးမှုတွေအပေါ်မှာ အင်မတန် မှသြဇာလွှမ်းမိုးမှု ရှိတဲ့ဇာတ်ကြီးတစ်ခုဖြစ်ပါတယ်။ ဒီတော့ ဒီဇာတ်ကြီးဟာ ဘာဖြစ်လို့အရှေ့တိုင်း နိုင်ငံတွေအပေါ်မှာသြဇာလွှမ်းမိုးမှုရှိသလဲဆိုတာစဉ်းစားဖို့လိုတယ်။ အဓိက ကတော့ ရာမ ဇာတ် တော်ကြီးဆိုတာ မင်းကောင်းတွေအကြောင်းပဲလို့ ဒီလိုပဲ ကျွန်မမြင်တယ်။ ကောင်းတဲ့မင်းများ၊ မြင့်မြတ်တဲ့မင်းများဟာဘယ်လိုလုပ်တယ်၊ ဘယ်လိုကိုင်တယ်၊ ဘယ်လိုဆက်ဆံတယ်၊ ဒါ နိုင်ငံရေးဘက်ကကြည့်ရင် ဒါတွေ အများကြီးမြင်ပါတယ်။

အရင်အပတ်ကပြောခဲ့တဲ့အတိုင်းပဲလောကီအမြင်နဲ့ပြောမှာ ဖြစ်ပါတယ်။
ပထမစပြီးတော့ ဇာတ်ကြောင်းဆင်လိုက်တဲ့အခါကျတော့ ရာမမင်းသားဟာ ရာမမင်းသားရဲ့ ခမည်းတော်အပြစ်ကြောင့်ပဲဆိုပါတော့ တောထွက်သွားရတာ ဖြစ်တယ်။ ဒါကတော့ ကျွန်မတို့ ဗုဒ္ဓဘာသာအမြင်နဲ့ကြည့်ရင်ဝဋ်လိုက်တာ ပေါ့လေ။ ကံ ကံ၏အကျိုး၊ ကိုယ်လုပ်သလိုကိုယ်ဖြစ်တာ ဝဋ်လိုက်တဲ့ အကျိုး ပေါ့။ ဒီ ရာမမင်းသားရဲ့ခမည်းတော်ကြီးဟာ မင်းသားဘဝတုန်းက ( ဒါ ဟိန္ဒူ ဇာတ်တော်ကြီးထဲကကျွန်မပြောတာနော်။ ဟိန္ဒူဇာတ်တော်ကြီးထဲကဆိုတော့ မြန်မာများ သိတဲ့ရာမဇာတ်ထက်ပိုပြီးတော့ အသေးစိတ်ပါတယ်ပေါ့လေ။ အကြောင်းအရာအသေးစိတ်ပါ ပါတယ် )။ သူ အရင်မင်းသားဘဝတုန်းက တစ်ခါကျတော့ သူတောလိုက်ထွက်တယ်တဲ့။ တော လိုက်ထွက်တဲ့အခါမှာ သူကတောတိရစ္ဆာန်တစ်ကောင်ထင်ပြီးတော့ ချိန်ပြီးတော့ပစ်လိုက်တာပါ။ ပစ်လိုက်တော့ တကယ်တမ်းသွားကြည်တဲ့အခါကျတော့ တိရစ္ဆာန်မဟုတ်ပဲနဲ့ လူဖြစ်နေတယ်။ အဲဒီလူဟာလည်းရသေ့လေးပေါ့လေ။ ရသေ့လေးက (ကျွန်မတို့ သုဝဏ္ဏသာမဇာတ်နဲ့နဲနဲဆင် တယ် ) ရသေ့ငယ်လေးဟာ သူ့ရဲ့ မျက်မမြင်တဲ့မိဘအိုကြီးနှစ်ပါးကို လုပ်ကျွေးနေတဲ့ရသေ့လေး ဖြစ်တယ်။ ရသေ့လေးကသူ့ရဲ့မိဘနှစ်ပါးထံခေါ်သွားပါဆိုပြီးတော့ကွယ်လွန်သွားတယ်။ ကွယ်လွန်သွားတော့မင်းသားက ရသေ့လေးရဲ့မိဘနှစ်ပါးထံသွားပြီးတော့ ဒီလိုပဲသူဟာ မှားပြီးတော့မျှားနဲ့ပစ်လိုက်တာမို့ သူတို့သားဟာကွယ်လွန်သွားပြီ လို့ပြောတော့ မိဘများက သူ့ကိုကျိန်ဆဲလိုက်တယ်တဲ့။ " သူတို့မှာအားကိုးစရာ ဆိုလို့ဒီသားပဲရှိတယ်။ ဒါကြောင့်မို့လို့ ဒီလိုလုပ်ခဲ့တဲ့လူဟာ အသက်ကြီးလာတဲ့ အခါကျရင် အားကိုးစရာသားမရှိပဲနဲ့စိတ်ဆင်းဆင်းရဲရဲ နဲ့သေပါစေသောဝ် " လို့ကျိန်ဆဲလိုက်တယ်လို့ ဒီလိုအပြောရှိတယ်။

နောက်ကျတော့ ဘုရင်ဖြစ် လာပြီး ရာမမင်းသားနဲ့တကွသားတော်သုံးပါးဖွားမြင်တော်မူတယ်။ ဖွားမြင်တော်မူပြီး ရာမ မင်းသားဟာ အဘက်ဘက်ကတော်တယ်။ မင်းကျင့်တရားဆယ်ပါးနဲ့အုပ်ချုပ်မဲ့မင်းသားဆိုတဲ့ လက္ခဏာဟာ အားလုံးရှိပြီးသားဖြစ်တယ်။ ရာမမင်းသားကိုပြည်သူလူထုကလည်း သိပ်ပြီးတော့ ချစ်တယ်။ မိမိတို့ကိုတစ်နေ့ကျရင်ကောင်းကောင်းမွန်မွန်အုပ်စိုးသွားမဲ့ ဘုရင်ကောင်းတစ်ပါးဖြစ် လာမယ်ဆိုတာလက်ခံထားပြီးသားဖြစ်တယ်။ ဒါပေမဲ့ ဒီလိုအားလုံးကလက်ခံထားသော်လည်း ရာမမင်းသားရဲ့ညီတော် ဘာရတရဲ့ မိခင်ဖြစ်တဲ့မိဖုရားဟာသူ့ရဲ့သားကိုဘုရင်ဖြစ်စေချင်လို့ ခမည်းတော်ကြီးကို ပြောတယ်ပေါ့လေ။ " အရင်တုန်းကပေးထားတဲ့ကတိအတိုင်း၊ သူတောင်း ထားတဲ့ကတိနှစ်ခုကိုပေးမယ်ဆိုတဲ့ကတိအတိုင်း၊ သူ့သားကိုဘုရင်မြှောက် ပြီးတော့ ရာမမင်း သားကို ၁၄ နှစ်တိုင်တိုင်တောထွက်သွားပါစေ " ဆိုပြီးတော့ သူဒီလိုတောင်းဆိုတယ်။ တောင်းဆို တော့ဘုရင်ကြီးကနေပြီးတော့ ဒါကတော့ သူမလုပ်သင့်တဲ့ကိစ္စဆိုပြီးတော့သူမလုပ်ဘူးဆိုပြီးငြင်း တယ်။ ငြင်းပေမဲ့လည်း သူကတိမတည်ရာရောက်တာပေါ့။ အစတုန်းကတော့ဆုနှစ်ခုတောင်းနိုင် တယ်၊ တောင်းတာပေးမယ်လို့ပြောထားပြီးမှအခုတော့မပေးတော့ဘူးဆိုတော့ သူဟာ ကတိပျက်တဲ့မင်း၊ ကတိပျက်တဲ့ဘုရင်ဆိုတာအင်မတန်ရှက်စရာကောင်းတဲ့မင်း ပဲ။

ဒီတော့ သူ သိပ်ပြီးရှက်တော့သူမျက်နှာမသာဘူး။ မျက်နှာမသာတော့ သူ့သားတော်လာတဲ့အခါကျတော့ မေးတယ်တဲ့။ ဘာဖြစ်လို့ဒီလောက်တောင်မှ မျက်နှာမသာသလဲဆိုတော့ သူ့ကိုဘုရင်ကြီးက ဘာမှမပြောခင် ဟိုမိဖုရားက ဝင်ပြီးတော့ပြောလိုက်တယ်။ " သူ့ကိုဒီလိုကတိပေးခဲ့တယ်။ အခု ဒီလိုတောင်းတဲ့ အခါကျတော့ ဒီကတိကိုမတည်ပါဘူး " ဆိုပြီးဝင်ပြောတော့ ရာမမင်းသားက
(သားကောင်းများဆိုတာဖခင်များရဲ့ကတိတည်ရေးအတွက်ဦးတည်ပြီးတော့လုပ်ဆောင်ရမယ်) ဒါကြောင့်မို့ခမည်းတော်ပေးခဲ့တဲ့ကတိကိုတည်ပါစေ၊ သားတော် တောထွက်ပါ့မယ် လို့ဒီလိုဝန်ခံ ပြီးတော့တောထွက်ခဲ့တယ်။ ဒီဇာတ်ဟာဘာလို့ လူအများကြိုက်ခဲ့သလဲဆိုတော့ ဒီဇာတ်ထဲမှာ ပါတဲ့မင်းညီမင်းသားတော်တော် များများဟာမင်းကောင်းပီသတယ်။ ရာမမင်းသားဟာလည်း မင်းကောင်းဖြစ်မယ့် မင်းသားတစ်ပါးပီသတယ်။ ရှင်ဘုရင်ကြီးကလည်း သူ့အပြစ်တော့သူရှိတာ ပေါ့လေ။ ဒါပေမဲ့သူတတ်နိုင်သမျှ (သူ့တိုင်းပြည်ကိုတတ်နိုင်သမျှ) သူ့ တိုင်းပြည်ကို ကောင်းကောင်းမွန်မွန်အုပ်ချုပ်တယ်။ သူ့တိုင်းပြည်ဟာ သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာအင်မတန်မှ အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်ရှိတယ် လို့ဆိုတယ်။ ရာမမင်းသားရဲ့ညီတော်ကလည်း သူ့ကို နန်းပေးမယ်ဆိုတော့ သူက လက်မခံဘူး။ သူ့ရဲ့နောင်တော်သာလျှင်ဘုရင်ဖြစ်ထိုက်တယ်။ သူဟာ သူ့နောင်တော်လောက်လည်းအရည်အချင်းမရှိပါဘူး ဆိုပြီးတော့ သူကလက်မခံ ဘူး။ ဟာ - ငါရရင်တော့ယူလိုက်မယ်ဆိုတဲ့စိတ်လုံးလုံးမရှိဘူးနော်။ ဒါတောင် တရားဝင်ပေးတာ။ လုပြီးတော့ မခွဲနိုင်၊ မခွာနိုင်တွယ်တာနေတာမဟုတ်ဘူး။

အဲဒီအချိန်မှာရာမမင်းသားဟာတောထွက်သွားရှာ ပြီ။တောထွက်သွားတော့သူ့ရဲ့ ညီတော် ဘာရတ က " နောင်တော်ပြန်လာပါ၊ ညီတော့်အနေနဲ့ဒီလိုအုပ်ချုပ် နိုင်တဲ့ အရည်အချင်းမရှိဘူး၊ အုပ်ချုပ်သင့်တာလည်းမဟုတ်ဘူး၊ ဒါကြောင့်မို့လို့ ပြန်ပြီးတော့ကြွလာတော်မူပါ " ဆိုတော့ ဟိုကငြင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ' သားကောင်း များဟာဖခင်များကတိတည်ရေးအတွက်လုပ်ပေးရမယ်။ ဖခင်များဟာ အထူးသဖြင့် မင်းဆိုလို့ ရှိရင်ကတိတည်ရတယ်။ ဒါကြောင့်မို့ ၁၄ နှစ်တိုင်တိုင်တော့သူပြန်မလာဘူး ' ဆိုပြီးတော့ နေတဲ့ အခါကျတော့ အဲဒီ အချိန်မှာညီတော်က " သူဟာ ဘုရင်မဟုတ်ပါဘူး၊ ဒီနိုင်ငံရဲ့ စစ်မှန်တဲ့ တကယ် တရားဝင်စစ်မှန်တဲ့ဘုရင်ဟာ ရာမမင်းသားဖြစ်ပါတယ် " ဆိုပြီးတော့ ပလ္လင် ပေါ်မှာ ဘယ်တော့မှမထိုင်ဘူးလို့ဒီလိုပဲပြောတယ်။ ပလ္လင်ပေါ်မှာရာမမင်းသားရဲ့ ဖိနပ်တစ်ရံကိုတင်ထား ပြီးတော့ဒီမင်းသားဟာပလ္လင်အောက်ကနေထိုင်ပြီးတော့ တိုင်းရေးပြည်ရေးကိုစီရင်တော်မူတယ် လို့ဒီလိုပဲအဆိုရှိတယ်။ အဲဒီလောက် သူကလည်းမင်းသားကောင်းများရဲ့အရည်အချင်းနဲ့ပြည့်စုံ တယ်။ သူ့ခမည်းတော်ကြီးခမျာတော့နတ်ရွာစံသွားရှာတယ်။ စိတ်မကောင်းဖြစ်ပြီးတော့ ဟိုတုန်းကသူကျိန်ဆဲခံထားရတဲ့အတိုင်းပဲပေါ့။ သူ့သားတော်ဟာ သူ့အတွက် ကြောင့် တောထွက်သွားရတယ်ဆိုတဲ့စိတ်နဲ့ဝမ်းနည်းပက်လက်နဲ့ပဲနတ်ရွာစံ သွားတယ်။

နောက်ပိုင်းဇာတ်လမ်းကိုမြန်မာနိုင်ငံသူ၊ နိုင်ငံသားများသိကြပါတယ်။ တောထွက်သွားတဲ့အချိန် မှာရာမမင်းသားနဲ့ပါသွားတာက သီတာမင်းသမီးနဲ့ ညီတော်လက္ခဏ။ ညီတော်လက္ခဏဆိုတာ လည်းမင်းသားကောင်းများရဲ့ အရည်အချင်းနဲ့အင်မတန်မှပြည့်ဝတယ်။ သူ့ရဲ့နောင်တော် နဲ့ နောင်တော်ရဲ့ ကြင်ယာကို သူဟာဘယ်လောက်ကျိုးကျိုးနွံနွံ၊ ကြည်ကြည်ညိုညို၊ လေးလေး စားစားနဲ့ပြုစုစောင့်ရှောက်တယ်ဆိုတာမှတ်တမ်းတင်လောက်တယ်။ ဒါကြောင့် တစ်ချို့ဆိုရင် လက္ခဏမင်းသားလိုဖြစ်သင့်တယ်လို့ ဒီလိုပဲပြောတယ်။ နောက်လိုက်ကောင်းဆိုရင် ကိုယ့်ရဲ့ ခေါင်းဆောင်အပေါ်မှာအင်မတန်မှသစ္စာ ရှိတယ်။ ရဲရဲရင့်ရင့်နဲ့ကိုယ့်ရဲ့ခေါင်းဆောင်ကိုအကာ အကွယ်ပေးတယ်။ သူ့ရဲ့ နောင်တော်ကိုချစ်သလိုပဲ၊ သူ့ရဲ့မရီးကိုလည်းအင်မတန်မှလေးစား တယ်။ အမေတစ်ယောက်လိုသူဆက်ဆံတယ်။ ဒီလိုပြုစုဆက်ဆံပြီးတော့အရာရာမှာ ညာလက်ရုံး သဖွယ်နေခဲ့ပြီးတော့ ရာမမင်းသားနဲ့ခေါင်းဆယ်လုံးဘီလူးနဲ့ စစ်တွေဘာတွေဖြစ်တဲ့အခါမှာလည်း ရာမမင်းသားရဲ့ဘေးကနေပြီးတော့ တစ်ချိန်လုံးတိုက်ခဲ့တယ်။ ဒဿဂီရိဘီလူးနဲ့ ရာမမင်းသားတို့ စစ်ဖြစ်ရတဲ့ အကြောင်းကလည်းအများသိပြီးသားဖြစ်ပါတယ်။

ဒဿဂီရိ က သီတာ မင်းသမီးကို ခိုးသွားတယ်၊ ခိုးသွားတော့ ဟာနုမန်မင်း တို့နဲ့လိုက်ပြီးတော့ တိုက်ကြတယ်။ တိုက်ကြပြီးတော့ အများအားဖြင့်ကျွန်မတို့သိတဲ့ပုံပြင်တွေ မှာဆိုရင် ဒဿဂီရိအပေါ်မှာအနိုင်ယူပြီးတဲ့အခါကျတော့ ရာမမင်းသားတို့၊ သီတာမင်းသမီးတို့၊ လက္ခဏမင်းသားတို့ပြန်လာပြီး ရာမမင်းကနန်းပြန်ယူ ပြီးအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ပြီးဆုံးသွားတယ်ဆိုတဲ့သဘောမျိုးကျွန်မတို့ဒီလောက်ပဲသိကြရ တယ်။ ဒါပေမဲ့ ဟိန္ဒူဇာတ်တော်ကြီးမှာက အဲဒီလောက်နဲ့မပြီးသေး ဘူး။ ရာမမင်းသားဟာသူ့ရဲ့ နေပြည်တော်ကိုပြန်ရောက်သွားပြီး ပြန်ပြီး နန်းတက်တဲ့အခါကျတော့ (မင်းကောင်းများဆိုတာက ပြည်သူလူထုရဲ့ စိတ်ထားကဘယ်လိုရှိတယ်၊ ပြည်သူလူထုထဲမှာဘာတွေပြောနေတယ်ဆိုတာကို အမြဲနားစွင့်နားထောင်နေရတယ်)။ နားစွင့်နားထောင်နေတော့ ဘယ်လိုအသံတွေထွက်လာသလဲ ဆိုတော့ သီတာမိဖုရားဟာ ဒဿဂီရိခေါင်းဆယ်လုံး ဘီလူးရဲ့နန်းတော့မှာဘယ်လောက်ကြာကြာ နေခဲ့သလဲတဲ့။ ဒီလိုတစ်ခြားသူရဲ့ နန်းတော်မှာနေခဲ့တဲ့မိဖုရားဟာသန့်စင်တယ်လို့သူတို့မယူဆ နိုင်ဘူးလို့ ဒီလိုပြောလာတော့ မင်းကောင်းမင်းမြတ်များဆိုတာပြည်သူလူထု ပြောတာကိုလစ်လျူ မရှုထားရဘူး။ ဒီတော့ဘယ်လိုလုပ်ရသလဲဆိုတော့ ပထမတော့ သူက၊ မိဖုရားကလည်း သူဟာ အင်မတန်မှဖြူစင်သန့်ရှင်းပါတယ်။ သူမကြောက်ဘူး။ ဒါကိုပြရဲပါတယ်ဆိုပြီးတော့ မီးပုံထဲကို ဆင်းပြတယ်။

မီးပုံထဲကိုဆင်းပြီးတော့ပြသော်ငြားလည်းမီးကသူ့ကိုမလောင်ဘူးပေါ့လေ။ သူ့ရဲ့ ဖြူစင်သန့်ရှင်းမှုကြောင့်မီးကလည်းအန္တရာယ်မပြုနိုင်ဘူးလို့ပြလိုက်တဲ့ အခါကျတော့လည်း အားလုံးကောင်းသွားပြီလို့ဒီလိုပဲထင်ရတာပေါ့လေ။ ထင်ရပေမဲ့လည်း ဒီကောလဟာလတွေက မငြိမ်းသွားဘူး။ မငြိမ်းသွားတာတော့ မဟုတ်ပါဘူး။ ဒီလိုပေါ့လေ၊ သန့်ရှင်းရင်တောင်မှဒဿဂီရိ ရဲ့နန်းတော်ထဲမှာ နေမိတဲ့မိဖုရားကိုပြန်ပြီးတော့ကောက်သင့်သလား၊ မကောက်သင့်ဘူးလား။ အချီအချပြောတာဆိုတာတွေကဆက်ပြီးတော့ရှိနေတယ်။ ဆက်ပြီးတော့ ရှိနေတဲ့အခါကျတော့ ရာမမင်းသားက သီတာမိဖုရားကိုပြည်နှင်ဒဏ်ပေး လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ လူထုကသံသယရှိပြီဆိုမှဖြင့် သူဘယ်လိုပဲသူ့စိတ်ထဲမှာရှိရှိ ပြည်သူလူထုရဲ့အလိုကို မဆန့်ကျင် ရဘူးတဲ့။ ဒါ မင်းကျင့်တရားထဲမှာတစ်ခုပါတယ်မဟုတ်လား။ ပြည်သူလူထုရဲ့အလိုကို မဆန့်ကျင် ရဘူးဆိုပြီး သီတာမိဖုရားကိုပြည်နှင်ဒဏ်ပေးလိုက်တယ်။ ပြည်နှင်ဒဏ်ပေးလိုက်တော့ သီတာ မိဖုရားကြီးဟာတောထဲမှာနေရတယ်။ တောထဲမှာနေရစဉ်မှာပဲ သူ့ရဲ့အမွှာပူးသားတော်နှစ်ပါးကို ဖွားမြင်တော်မူတယ်။ နှစ်ပေါင်းအတော်ကြာတဲ့အခါကျတော့မှ (ကျွန်မသေသေချာချာ မမှတ်မိဘူး) တောလိုက်ရင်းနဲ့လား၊ ဘယ်လိုလားတော့မသိဘူး။

ရာမမင်းသားရဲ့ အမတ်ကြီးများ ဟာ ဒီသားတော်လေးနှစ်ပါးကိုအကြောင်းပြုပြီးတော့ ပြန်ခေါ်တာပေါ့လေ။ မိဖုရားကြီးကိုပြန်ပြီး တော့ခေါ်တယ်။ ပြန်ပြီးတော့ ခေါ်ပေမဲ့ မိဖုရားကြီးဟာအင်မတန်မှစိတ်နာတယ်လို့ပြောရမလား မသိဘူး။ သူဟာ ဒီလောက်တောင်မှဖြူစင်သန့်ရှင်းရဲ့နဲ့၊ မီးထဲဝင်ပြီးတော့ ဖြူစင်သန့်ရှင်း ပါတယ်ဆိုတာကိုပြနိုင်ခဲ့ရက်နဲ့ ရာမမင်းဟာသူ့ဘက်ကနေမရပ်တည်ခဲ့ဘူး။ ပြည်သူလူထု တစ်ချို့ကဝေဖန်တာကိုလက်ခံပြီးတော့သူ့အပေါ်မှာ ဆက်ဆံတာမတရားခဲ့ဘူးလို့သူမြင်တယ်။ အဲဒီတော့ သူဘယ်တော့မှမိဖုရား ပြန်မလုပ်ချင်တော့ဘူး။ အဲဒီတော့ သူဟာဒီလိုပဲဖြူစင်တယ် ဆိုတာမှန်ရင် သူ့ရဲ့ဖခင်ဖြစ်တဲ့မြေကြီးဟာသူ့ကိုပြန်ပြီးတော့သိမ်းပိုက်ပါဆိုပြီးတော့အဓိဋ္ဌာန် လုပ်တဲ့အခါကျတော့ (ကျွန်မတို့ကတော့မြေမြိုတယ်၊ မကောင်းဘူးလို့ ထင်တယ်နော်။

ဒီလို အဓိပ္ပာယ်နဲ့မဟုတ်ပါဘူး)။ မြေကြီးကနေပြန်ပြီးတော့ သိမ်းပိုက်တယ်ဆိုတာ နည်းနည်းပြန်ရှင်း ပြရမယ်ဆိုရင် ကျွန်မတို့က ဗမာဆိုတော့ သီတာ ဟာ ရေ။ ဒါကြောင့် ရေ နဲ့ဆက်နွယ်နေတယ်။ တကယ်တော့ သူတို့ (Sanskrit) စကားအရ Sita (သီတာ) ဆိုတာက ရေ ဆိုတဲ့ အဓိပ္ပာယ် မရောက်ပါဘူး။ သီတာ ဆိုတဲ့အဓိပ္ပာယ်ဟာ သီတာရဲ့ခမည်းတော်ကြီး ဖြစ်တဲ့ ဇနက္က မင်းကြီးဟာ လယ်ထွန်မင်္ဂလာလုပ်နေတုန်းမှာလယ်ထဲကနေ ဒီကလေးငယ်လေးဟာထွက်လာလို့၊ အဲဒါကြောင့်မို့လို့ လယ်ထွန်နေရင်းကနေ ထွက်လာတာမို့ ထွန်ကြောင်း ပေါ့လေ။ ထွန်ကြောင်း ဆိုတဲ့အဓိပ္ပာယ်ရှိတယ်။ Sita ဟာ " ပထဝီမြေကြီးနတ်ရဲ့သမီးတော် " လို့ ဒီလိုသူတို့အယူရှိ ပါတယ်။ ဒါကြောင့်မို့ သူ့ဖခင်ပထဝီမြေကြီးဟာ သူ့ကိုပြန်ပြီးတော့လက်ခံတော်မူပါ ဆိုတာ ကျွန်မတို့အမြင်နဲ့ ဆိုးလို့မြေမြိုတာမဟုတ်ပါဘူးဆိုတာနားလည်အောင် ကျွန်မရှင်းပြတာပါ။ အဲဒီတော့ ပထဝီမြေကြီးရဲ့မင်းဖြစ်တဲ့ သီတာမိဖုရားရဲ့ဖခင် အစစ်ကပြန်ပြီးတော့လက်ခံ ရယူတယ်။ လက်ခံရယူတော့ဇာတ်လမ်းက အဲသည်မှာပြီးသွားပြီ။
ဒီတော့ ဇာတ်လမ်းကကျွန်မတို့အများကြီးစဉ်းစားစရာရှိတယ်။ စဉ်းစားစရာ ရှိတယ်ဆိုတာ နိုင်ငံရေးအမြင်နဲ့အများကြီးစဉ်းစားစရာရှိတယ်။ ကျွန်မတို့ အရှေ့တိုင်းမှာ အင်မတန်မှသြဇာ အာဏာလွှမ်းမိုးတဲ့ဇာတ်လမ်းတစ်ခုဖြစ်တယ်။ ကျွန်မတို့အရှေ့တိုင်းသူ၊ အရှေ့တိုင်းသားများဟာ ဘယ်လောက်နိုင်ငံရေးအမြင် ရင့်ကျက်လဲဆိုတာပြတယ်လို့ကျွန်မကဒီလိုပဲမြင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ သူဟာအမည်းနဲ့အဖြူ၊ အကောင်းနဲ့အဆိုး၊ ဒီလိုချည်းပဲလည်းမဟုတ်ဘူး။ ရာမမင်းရဲ့ခမည်းတော်ဆိုရင်လည်းကောင်းတာရှိတယ်၊ ဆိုးတာရှိတယ်။ အင်မတန်မှကောင်းတဲ့ မင်းကြီးဖြစ်ခဲ့သော်လည်းသူ့အပြစ်ရှိခဲ့တာကြောင့်မို့ ဒီအပြစ်တွေရဲ့ဝဋ်ကြွေးကို သူဆပ်သွား ရတယ်။ ရာမမင်းဆိုလည်း မင်းတစ်ပါး အနေနဲ့အင်မတန်မှကောင်းတဲ့မင်းပဲ။

ဒါပေမဲ့လည်း တကယ်ကြည့်လိုက်တဲ့အခါ ကျတော့ သူ့ရဲ့မိဖုရားကြီးအပေါ်မှာ မျှမျှတတမဆက်ဆံခဲ့ဘူး။ သီတာမိဖုရား ပြောချင်တာက သူဖြူစင်သန့်ရှင်းမှန်းသိရဲ့သားနဲ့ သူများပြောတာဘာဖြစ်လို့ နားထောင်ရလဲဆိုတာကိုပြောတာ။ ဒီတော့ ဒါ ကျွန်မတို့အတွက် အများကြီး စဉ်းစားစရာ ဖြစ်တယ်။ ကျွန်မတို့ပြောတယ်မဟုတ်လား။ ဒီမိုကရေစီ ဆိုတာ အကောင်းချည်းပဲမဟုတ်ဘူး။ သူ့ရဲ့အားနည်းချက်တွေရှိတယ်ဆိုတော့ ဒီကိစ္စဟာ ဒီမိုကရေစီရဲ့ အားနည်းချက်တစ်ခုကို ထောက်ပြတယ်လို့ကျွန်မ ပြောချင်တယ်။ အများကနေ အလကားသက်သက်သွားပုတ်လေလွင့်၊အားအားယားယားပြောနေတဲ့ကိစ္စတွေဟာတစ်ခါတလေဒီမိုကရေစီမှာလည်းလွှမ်းမိုးတတ်တယ်။ အဲဒီဟာတွေကိုကျွန်မတို့အများကြီးသတိထားရမယ်။ ကျွန်မကတော့ထင်တယ်။ အခုခေတ်လို အခြေအနေဆိုရင် သတင်းစာတွေဘာတွေရှိပြီးတော့ သတင်းစာလွတ်လပ်ခွင့်ရှိတယ်ဆိုရင်သီတာမိဖုရားကြီးဘက်ကနေပြီးတော့ရေးပေးမဲ့သတင်းစာတွေအများကြီးရှိမှာပဲလို့။ အဲဒီလိုသာ ရှိခဲ့ရင်သက်သက်၊ အားအားယားယားအတင်းပြောနေတဲ့လူတွေကြောင့် ဒီမိဖုရားကြီးဟာ ပြည်နှင်ဒဏ်အပေးခံရမှာမဟုတ်ဘူးလို့ ကျွန်မက ဒီလိုမြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သီတာ မိဖုရားဘက်ကရပ်တည်တဲ့သတင်းစာတွေကရေးကြမှာကိုး။

ဘယ့်နှယ့် မီးထဲဝင်တာတောင်မှ မလောင်တဲ့မိဖုရားဟာ မဖြူစင်ဘဲရှိနိုင်ပါ့မလား။ မင်းတို့မှန်ရင်၊ မင်းတို့ရဲရင်၊ စွပ်စွဲနေတဲ့လူတွေ မီးထဲဝင်ကြလို့ပြောမှာပေါ့။ စွပ်စွဲနေတဲ့လူတွေကရောမီးထဲကိုဝင်ပြရဲမလား။ ဝင်ရင်ရော သူတို့ဟာ မလောင်ပဲနေမလား။ ဒါတွေဟာအများကြီးစဉ်းစားစရာဖြစ်တယ်။ အဲဒါကြောင့် ရာမဇာတ်တော်ကြီးဟာ နိုင်ငံရေးပညာ အများကြီးပဲပါပါတယ်။ အဲဒီိလို အဖက်ဖက်ကပေါ့လေ၊ နိုင်ငံရေးအမြင်နဲ့စဉ်းစားတဲ့ဇာတ်တွေဟာ ကမ္ဘာမှာနည်းပါတယ်။ အများအားဖြင့် ပုံပြင်တွေ၊ ဒဏ္ဍာရီတွေဆိုရင် နောက်ဆုံးမှာပျော်ပျော်ရွှင်ရွှင်နဲ့ပြီးသွားတာတို့၊ ဒါမှမဟုတ်ရင်လည်း သိပ်ပြီးတော့စိတ်ညစ်စရာကောင်းတဲ့ဟာတွေဆိုရင်လည်း တစ်ယောက်မှ မကျန်အောင်အားလုံး သုတ်သင်ရှင်းလင်းပစ်လိုက်တာတို့ ဒါတွေရှိတတ်တယ်။ ဒီလို အဖြူ နဲ့ အမဲ တင်မဟုတ်ပဲနဲ့ အဖြူနဲ့အမဲကြားမှာမီးခိုးရောင်အမျိုးမျိုးရှိတဲ့ဇာတ်မျိုးဆိုတာဟာ သိပ်ခေတ်မီတယ်လို့ကျွန်မတို့ ပြောနိုင်တယ်။ ဘယ်တော့မှ ခေတ်မရှိဘူးရယ်လို့မဖြစ်သွားနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားဟာ ခေတ်မရှိဘူးလို့ဘယ်တော့မှမဖြစ်ဘူး။

ဒီစနစ်ဟာ ပြည်သူကိုအကာအကွယ်ပေးတဲ့စနစ်လည်းဖြစ်တယ်။ တကယ်တော့ အစိုးရများကို ကာကွယ်ပေးတဲ့စနစ်လည်းဖြစ်တယ်။ တစ်ချို့က ဒီလိုဒီမိုကရေစီစနစ်ကို မနှစ်သက်ဘူး။ ပြည်သူ လူထုကိုသာအကာအကွယ်ပေးတဲ့စနစ်လို့ ဒီလိုထင်တယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ဟာ လူတိုင်းလူတိုင်းကို အကာအကွယ်ပေးတဲ့စနစ်ပါ။ အခုပြောချင်တာက
" အရှေ့တိုင်းဒီမိုကရေစီ၊ အရှေ့တိုင်းဒီမိုကရေစီ " ဆိုတာဟာ တကယ်ကျတော့ ဒီမိုကရေစီ အခွင့်အရေးပြည့်ဝတဲ့ ဒီမိုကရေစီကိုဆိုလိုချင်တာ။

ကျွန်မတို့အနေနဲ့ကတော့ အရှေ့တိုင်း ဒီမိုကရေစီဆိုတာ အနောက်တိုင်းဒီမိုကရေစီများထက်ပိုပြီးတော့ မေတ္တာဂရုဏာတရားနဲ့ ပြည့်ဝတဲ့ဒီမိုကရေစီ လို့ ဒီလိုကျွန်မတို့မြင်ချင်တယ်။ ဒါကြောင့် အားလုံးအတွက်ကောင်းတဲ့စနစ် ဖြစ်ရမယ်။ တစ်ချို့ကဆိုရင်ဒီမိုကရေစီရဲ့အဓိပ္ပာယ်ကို နားမလည်ဘူး။ ဒီမိုကရေစီရဲ့အနှစ်သာရ ကိုနားမလည်ဘူး။ အတိုက်အခံများဟာ တိုက်တယ်၊ ခိုက်တယ်ဆိုတာဟာ အာဃာတတရားနဲ့ ဖျက်ဆီးချင်လို့တိုက်တယ်လို့ထင်တယ်။ ဒါပေမဲ့ ဒါဟာ လုံးလုံးမဟုတ်ဘူး။ အတိုက်အခံများရဲ့ အလုပ်ကိုကအစိုးရမမှားအောင်လုပ်ဖို့ပဲ။ အစိုးရမမှားအောင်ဆိုတော့ အစိုးရမှားနေတာတွေကို ထောက်ပြရမယ်။ ထောက်ပြမှသာလျှင် မမှားအောင်လုပ်နိုင်မှာပေါ့။ ဒီမိုကရေစီနိုင်ငံတွေကို ကြည့်ရင် ဒါ သိနိုင်တယ်။ ရွေးကောက်ပွဲမတိုင်ခင် နောင်ဂျိန်နောင်ဂျိန်ချနေတဲ့သူများဟာ ရွေးကောက်ပွဲပြီးတော့ လက်ဆွဲနှုတ်ဆက်ပြီးတော့ယဉ်ကျေးသိမ်မွေ့တဲ့သူမျာပီပီ ဆက်ဆံကြ တာပဲ။ ဒါ ဒီမိုကရေစီစိတ်ဓာတ်ပါပဲ။ ကျွန်မတို့အရှေ့တိုင်းယဉ်ကျေးမှုအရ ဒီလို လူပီပီနေတဲ့ စနစ်ကို အင်မတန်မှလိုလားပါတယ်။ လူတွေကို လူလိုဆက်ဆံတဲ့စနစ်ကို အင်မတန်မှလိုလား ပါတယ်။ ပြည်သူလူထုကိုတန်ဖိုးထားတဲ့စနစ်ကို ကျွန်မတို့အရှေ့တိုင်းက အင်မတန်မှ လိုလားပါတယ်။


From Gawna facebook

No comments:

Post a Comment