" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Wednesday, December 21, 2011

မဟော်သဓာ ပြောသော ဥစ္စာမဲ့ ပညာရှင် နှင့် ပညာမဲ့ ဥစ္စာရှင်

မဟော်သဓာ ဇာတ်တော်သည် ပါရမီ ဆယ်ပါး အနက် ပညာပါရမီကို အကြောင်းပြု၍ ဟောကြားတော်မူသော မဟာနိပါတဇာတ်တော်ကြီး ဖြစ်သည်မှာ အထင်းရှားပင်ဖြစ်ပါသည်။ မဟောသဓာဇာတ်တော်ကို ဖတ်ခြင်းအားဖြင့် ဘုရားလောင်း မဟော်သဓာ၏ ပညာဂုဏ်ကို ကြည်ညိုလေးစားစရာ အားကျ အတုယူစရာ များစွာတွေ့ရပေလိမ့်မည်။ စာဖတ်သူတို့သည် ပညာဂုဏ်ရှိသောသူ ပညာရှိသောသူ ဟူသော စကားကို ကြားရလျှင် ကျမ်းဂန်စာပေ မြောက်မြားစွာ တတ်မြောက်ပြီး ထိုကျမ်းဂန်စာပေတွေထဲမှ စကားတို့ကို ကောက်ကာငင်ကာ ပြောဟောနိုင်သူဖြစ်ရမည်ဟု တွေးရိုးတွေးစဉ်အတိုင်း မဆုတ်မဆိုင်း ပြေး၍ တွေးမိတတ် မြင်မိတတ်ကြပါသည်။ ။

မဟော်သဓာဇာတ်တော်ကို သေချာစွာလေ့လာကြည့်ပါလျှင် ပတ်ဝန်းကျင် သက်ရှိသက်မဲ့တို့၌ ကွယ်ဝှက်ကိန်းအောင်းနေကြသော သဘောသဘာဝတို့ကို မျက်စိဖွင့် နားစွင့်ကာ လေ့လာမှတ်သားတတ်သော သဘောကိုလည်းကောင်း၊ ထိုသဘာဝတို့ကို အကျိုးဖြစ်အောင် အသုံးပြုတတ်သော သဘောကိုလည်းကောင်း၊ အသုံးပြုရာတွင်လည်း သူတော်ကောင်းစိတ်ဓာတ် နှလုံးသွင်းကာ ပြုမူဆက်ဆံတတ်သော သဘောကို လည်းကောင်း၊ အမှုကိစ္စတို့ကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်တတ်သော သဘောတို့ကိုလည်းကောင်း၊ မဟော်သဓာဇာတ်တော်၌ အများဆုံးတွေ့ရပါလိမ့်မည်။ ထို့ကြောင့် မဟောသဓာ၏ ပညာဂုဏ်သည် အထက်ပါ သဘောတရားများက ခြယ်သထားပါသည်။

ယင်းသဘောတရားများအနက် နမူနာ တစ်ခု ထုတ်ကြည့်ရလျှင် မဟော်သဓာသတို့သားသည် သူ့ရွာ သူ့ဇရပ်အနီးတွင် ဖွားဖက်တော် ရွှေဖော်တို့နှင့် အတူရှိနေစဉ် ကောင်းကင်ပျံသွားသော စွန်ရဲ၏လက်၌ အမဲသားတစ်ကို မြင်၏။ ထိုအခါ အမဲသားတစ်ကို မိမိ၏လက်သို့ ရောက်အောင် မဟော်သဓာသည် သူ့ဥာဏ်စွမ်းဖြင့် စွမ်းဆောင်နိုင်ခဲ့၏။ ဤစာပုဒ်ကို ဖတ်ကြည့်ပါက ပိုမိုသိသာပါသည်။

"ဘုရားလောင်းသည် ကောင်းကင်သို့ မကြည့်ဘဲ၊ လေ၏ လျင်ခြင်းဖြင့် လျင်စွာ ပြေးလတ်ပြီးလျှင် စွန်၏ အရိပ်ကို နင်းလျက် လက်ခုပ်တီး၍ ပြင်းစွာသောအသံဖြင့် ဟစ်၏။ ထို ဟစ်သောအသံသည် ဘုရားလောင်း၏ အာနုဘော်ကြောင့် စွန်၏ရင်တွင်း၌ နေ၍ ဟစ်သကဲ့သို့ တစ်တစ်ချင်ချင် ကောင်းကင်သို့ ဝှန်တက်လျက် စွန်ငှက်၏ နားပွင့်အံ သကဲ့သို့ ဖြစ်၏။ စွန်သည် ဘုရားလောင်း၏ အသံဖြင့် ရွံ့ကြောက်ခြင်းဖြစ်၍ သားတစ်ကို လွှတ်၏။ ဘုရားလောင်းသည် ကောင်းကင်သို့ မမျှော် မကြည့်ဘဲသာလျှင် သားတစ်ကျလာသော အဖြစ်ကို သိ၍ မြေသို့မကျစေရ၊ လက်ဖြင့် သားတစ်ကို ခံလင့်၏ "ဟု ဖြစ်ပေသည်။ ထိုစာပိုဒ်၏ ရည်ရွယ်ချက်ကား အမဲသားတစ်ကို မဟော်သဓာသည် ဥာဏ်သုံး၍ သက်သက်သာသာ ယူပြလိုက်ခြင်းပင် ဖြစ်သည်။

မဟော်သဓာဝတ္ထုမှာပင် စိတ်ဝင်စားဖွယ်ရာ ဥစ္စာမဲ့သော ပညာရှင်နှင့် ပညာမဲ့သော ဥစ္စာရှင်တို့ အကြောင်းကို မည်သူက မြတ်သနည်း ဟူသည့် စကားစစ်ထိုးပွဲကို ဝိဒေဟရာဇ်မင်းကြီးက မဟော်သဓာနှင့် သေနကအမတ်တို့ကို တစ်လှည့်စီ မေးသောအားဖြင့် ပြုလုပ်စေခဲ့၏။ ပညာရှိသော လူဆင်းရဲထက် ဥစ္စာရှိသော လူမိုက်က မြတ်သည်ဟု သေနကအမတ်က မင်းကြီးအား လျှောက်တင်ခဲ့၏။ ယနေ့ခေတ် ဓနရှင်များသည် ပညာရှင်များအား ငွေပေးလျှင် အရာအားလုံး ဖြစ်ပါသည် ဟူသော သဘောမျိုးဖြင့် အသုံးချကောင်း ချနိုင်ပါသော်လည်း တကယ်တန်း ပညာရှင်များက ဂုဏ်သိက္ခာရှိစွာ မိမိပညာကို တန်ဘိုးထား၍ ပြုမူကျင့်သုံးပါလျှင် ထိုကဲ့သို့ ဓနရှင်များထင်တိုင်း မဆုပ်ကိုင်နိုင်ပါ။

ဘုရားလောင်းမဟော်သဓာက သေနက အမတ်အား ပြန်ပြောလိုက်သည်မှာ ဥစ္စာလောဘကြောင့် ဥာဏ်မျက်စိမရှိ၍ အန္တရာယ်ကို မမြင်တတ်သော လူမိုက်ကို "လေးမြားညွတ်ကျော့ကွင်းကို မမြင်၊ စားချင်သော အာသာနှိပ်နင်း၍ ထမင်းလုံးကြဲရာ ဝင်လာ၊ နားလာ၊ စားလာသော ကျီးကဲ့သို့ လည်းကောင်း၊ ဦးခေါင်း ပေါ်၌ လက်ရိုက်ဆောက်ပုတ် လှံတံကို မမျှော်မှန်း၊ နို့ဓမ်းအိုး၌ ဝင်၍ စားသော အိမ်ခွေးကဲ့သို့လည်းကောင်း၊" နှိုင်းဆိုလိုက်ပေသည်။

တစ်ဖန် သေနကအမတ်က "ဂင်္ဂါမြစ်ရေသည် သမုဒ္ဒရာကို ဝင်သောအခါ ဂင်္ဂါအမည်ပျောက်သကဲ့သို့၊ ပညာရှိသည် နောက်ဆုံး၌ ဥစ္စာရှင် ဓနရှင်သို့ ဝင်၍ အစေအစားခံရသူသာ ဖြစ်ကြောင်း" ဆိုပြန်လာသည်။ ထိုအခါ မဟော်သဓာက ပြဿနာပေါ်လာလျှင် ဥစ္စာဂုဏ်သည် ပညာရှင်ရှေ့တွင် ပျောက်လွင့်ရပုံကို "သမုဒ္ဒရာ ရေလှိုင်းတို့သည် မည်သို့ပင် ထန်စေကာမူ ကမ်းနားသို့ရောက်လျှင် ကျေပျက်ပျောက်ကွယ်သကဲ့သို့ နှိုင်း၍" ချေပပါသည်။ သေနကအမတ်၏ ဥပမာစကားထက် မဟော်သဓာ၏ ဥပမာက ပို၍ပင် စိတ်ဝင်စားဖွယ်ကောင်းလှ၏။ စကားစစ်ထိုး စကားအချေအတင်ပြောရာရာ၌ မဟော်သဓာသည် သေနကအမတ်၏ စကားအကျကို ဖမ်း၍ သေနကအမတ်၏ ဥပမာကို ရုတ်ခြည်း ချေပလိုက်နိုင်ပေသည်။ ထိုသည်မှာ မဟော်သဓာ၏ တင်္ခဏုပ္ပတ္တိဥာဏ်သည်လည်း ပိုမိုထင်ရှားလှပေသည်။ ထိုပြင် သေနကအမတ်က လူကြီး မဟော်သဓာက ကလေးအရွယ်ပင် ဖြစ်သော်လည်း သေနကအမတ်၏ အမေးမှန်သမျှကို ပိုင်နိုင်စွာ ဖြေကြားနိုင်ခဲ့သည်မှာ အလွန်ပညာကြီးမားကြောင်းကို ပြသခဲ့ပေသည်။

ဥစ္စာမဲ့သော ပညာရှင်နှင့် ပညာမဲ့သော ဥစ္စာရှင် တို့တွင် မည်သူက မြတ်သနည်းဟု ဝိဒေဟရာဇ်မင်းကြီး မေးသောအခါ မဟောသဓာ၏ အဖြေကိုလည်း ဖတ်ကြည့်ပါ။ ဤသို့ ဖြစ်သည်။ "အရှင်မင်းကြီး… ကောင်းမှု မကောင်းမှု၌ အကျိုးအပြစ်ကို မမြင်ကုန်သော ပညာမဲ့သူ လူအပေါင်းတို့သည် စည်းစိမ်ဥစ္စာကိုသာ အမြတ်တနိုး တိုးပွားစေခြင်းငှာ၊ ရမ္မက်ကြောင့် သူ့အသက်၊ သူ့ ဥစ္စာ၊ သူ့ အိမ်ရာ မရှောင်ရှား၊ စကားမှန်မဆို၊ ယစ်မျိုးကိုသောက် စားခြင်းစသော အကုသိုလ် ဆယ်ဖြာကို မလိမ္မာသည့် အလျှောက် ပြုကျင့်ကုန်၏။ ထိုသူ မလိမ္မာသူသည် ဥစ္စာရှင်ခံရ တုံသော်လည်း ဤပစ္စုပ္ပန်၌ ဂုဏ်အသရေ ညှိုးနွမ်း၍ ချီးမွမ်းဖွယ်မရှိ၊ နောက်ပြီး တဖန် သေလွန်ပြန်လည်း လေးတန်အပါယ်တို့၌ ကိုးကွယ်ရာမရ၊ ခံရ၍ တစ်ဖန်လူဖြစ်ပြန်လည်း ဆိုးညစ်ယုတ်မာ ညံ့သော အမျိုးတို့၌ ဖြစ်လတ္တံ့ မှန်သဖြင့် နှစ်တန်စလုံး အရှုံးကိုသာ ယူရ၏။ ထိုသို့ သူမိုက်တို့၌ အပြစ်ကို မြင်သောကြောင့် ဥစ္စာမရှိသော်လည်း ပညာရှိသောသူသည်သာလျှင် ဥစ္စာရှိသော သူမိုက်ထက် မြတ်၏ ဟု ကျွန်ုပ် ဆိုပါ၏ "ဟု လျှောက်၏။


(ပညာရှိမူ၊ ဥစ္စာနည်းပါး၊ ဆင်းရဲငြားလည်း၊ စကားမမှောင့် တရားစောင့်၏။)

စာဖတ်သူအားလုံး ပညာလည်းရှိ ဥစ္စာလည်း ပေါများနိုင်ကြပါစေ။


မေတ္တာဖြင့်

အရှင်သုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)

ခေတ္တ နာလန္ဒာတက္ကသိုလ်(အိန္ဒိယနိုင်ငံ)

၂၁-၁၂-၂၀၁၁

No comments:

Post a Comment