မောင်တို့ ကြားကုန်လော့
မယ်တို့ ကြားကုန်လော့
ရှေးဖျား ပုဂံပြည်မှာဖြင့်
မြန်မာတတွေမှာ ရတနာရွှေငွေအပေါင်းငဲ့ပြင်
မင်းကောင်းအနော်ရထာတဲ့
မော်စရာ ဟိုတခောတ်ကိုဖြင့်
ဥာဏ်သစ်ကာ တရွှင်ရွှင်နဲ့
ဘဝင်မှာ အမြင်မှန်းကာပ
တမ်းတ၍ ကြည်ညိုပါ…။
သြော်… ပြေမြန်မာ့ခေတ်ထူး
ရာဇဝင်မှာ စာတင်လို့ ကြူးခဲ့ကြ
ငထွေးရူး ငလုံးလဖယ်
ညောင်ဦးနယ် ကိုရွှေဖီး
ရွှေထီးလောင်း မင်းကျန်စစ်
ထီမထင်အောင် ပြည်ဝန်ကိုချစ်ခဲ့ကြ။
ရဲစစ်တပ်ခြံအရံ
မြန်မာ့နယ်တရိုး
ရန်ထိုထိုကို ရန်လိုလျှင် ချိုးခဲ့၍
မြို့ရိုးမြင့် ပြည်ပုဂံ
ရဲစစ်တပ်အပြန်မှာ
အောင်လံတွေ ရောင်ပြန်မြူးကာပ
တပ်ဦးမှာ တချီချီနှင့်
အောင်ရွှေစည် အောင်သံညှင်းလိုက်တော့
ပြည်တွင်းမှာ ညံဆူဆူနဲ့
ကျန်ရစ်သူ ပုဂံသားတို့မှာလ
အားတက်ကြမှာ…။
လာစမ်းဟဲ့ မေ့သား
အမယ်မင်း …ထွားလိုက်တာ
စစ်သားကြီးလုံးလုံး ဗိုလ်မှုးကြီးရှုံးလောက်ကဲ့
ပခုံးနဲ့ လက်ပြဉ်
ကြောချဉ်က သံချောင်း
တနှစ်တွင်းမှာ
ချက်ချင်းဘဲ ပြောင်းရော့
ကောင်းလိုက်ပေ့ မေ့သား
ဒီဇမ္ဗူ တလူရှားလောက်ကဲ့
မယ်ဖွားမှာလေ
ပန်းသပြေနဲ့ ညောင်ရေသွန်းလောင်း
ပြည်ကြီးရှင် အနိုင်ရလို့
ငါ့သားလှ ပြန်လာကြောင်းကို
နေ့တိုင်းဘဲ တောင်းရတယ်…။
အမယ်…မမ
သားလှတွက်တာ
နောင်များဖြင့် ပူပါနဲ့
ပုဂံမှာမွေး ပုဂံသွေးမို့
အလေးမမူ
အသက်ပင် လှူခဲ့ပေါ့
ပြည်သူသက်စွန့်
လက်ရုန်းအင် သည်တအားနဲ့
ဘယ်တိုင်းခြား ဝံ့မတုန်း…
(ဆရာဇော်ဂျီ)
မှတ်ချက်။ စာရေးသူ "မေ့သားလှ " ဟု ကလောင် အဖြစ်ဖြင့် အသုံးပြုခြင်းသည် မိမိနှစ်သက်မိသည့် ဆရာဇော်ဂျီ၏ အထက်ပါ ကဗျာဖတ်ပြီး ရွှေးချယ်လိုက်မိပါသည်။ ဆရာ၏ ကဗျာထဲမှာ မေ့သား၊ ငါ့သားလှ ဟု သုံးနှုန်းထားသည်ကို မိမိက အနည်းငယ် ပြောင်းပြီး မေ့သားလှ ဟု ထပ်ဆင့်ပြောင်းလဲယူလိုက်ပါသည်။ အခြားမည်သည့် အဓိပ္ပါယ်မှ မိမိမဖွင့်ပါ။ ဇလဂ္ဂ ဆိုသည်မှာတော့ စာရေးသူ၏ ဇာတိ ရေဦးမြို့ကို ပါဠိဘာသာအားဖြင့် ဇလဂ္ဂ ဟု ယူငင်အသုံးပြုပါသည်။ ထို့ကြောင့် မေ့သားလှ(ဇလဂ္ဂ) ဟု မိမိစာရေးသည့်အခါ အသုံးပြုပါတော့သည်။
မေ့သားလှ (ဇလဂ္ဂ)
ကျေးဇူးတင်ပါသည်။
No comments:
Post a Comment