" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Sunday, December 11, 2011

ရန်ကုန်တက္ကသိုလ်ရောက် သမိုင်းဝင် ပထမဆုံး ရဟန်းပျို

ယနေ့ခေတ်တွင် တက္ကသိုလ်ပညာသင် မြန်မာပြည်ဖွား စာသင်သား ရဟန်းပျို မြောက်များစွာ ရှိနေပါပြီ။ "ငသိုင်းများဟင်းဟုန်" ဆိုသလို ယနေ့ခေတ်အနေဖြင့် တက္ကသိုလ်ပညာသင် စာသင်များ ရဟန်းတော်များကို မြင်ရတွေ့ရသူတိုင်း အထူးဆန်းတော့ ဖြစ်မည်မဟုတ်တော့ ပေ။ ယခု ဤစာတမ်းငယ်လေးမှာတော့ ရှေးအခါက ဘယ်တုန်းကမှ မပေါ်ပေါက်သေးသော ထူးထူးကဲကဲ တက္ကသိုလ်သမိုင်းဝင် ရဟန်းပျိုတစ်ပါးအကြောင်းကို ပြန်လည် မျှဝေချင်ပါသည်။

အချိန်က ၁၉၃၉ခုနှစ် ကျောင်းအုပ်ဆရာကြီး ဦးဖေမောင်တင် လက်ထက်တွင် ရန်ကုန်တက္ကသိုလ်သမိုင်းတစ်လျှောက်မှာ မကြုံစဖူး ရဟန်းပျိုတစ်ပါးအနေနဲ့ နေ့ကျောင်းသား အဖြစ်ဖြင့်လက်ခံကာ တက္ကသိုလ်စာပေများကို ဆက်လက် သင်ကြားခွင့်ရသည်မှာ ကြုံတောင့်ကြုံခဲ့ပင်ဖြစ်ပါသည်။ ။ လောကီတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ စသည်တို့ကို ကျောင်းသားအဖြစ်ဖြင့် မှတ်ပုံမတင်ဘဲ ပြင်ပမှ အလွတ်ဖြေဆို အောင်မြင်တော်မူကြသော ရဟန်းပျိုများကား ရှိခဲ့ဖူးသည်ဟူ၏။ ။ သို့သော် ရဟန်းဝတ်ဖြင့် အခြားလူပုဂ္ဂိုလ် ကျောင်းသူကျောင်းသားများနည်းတူ နေ့ကျောင်းတက်ကာ ဝိဇ္ဖာတန်းကို တက်လှမ်း၍ အောင်ပန်းဆူးခူးခဲ့သည့် ပထမဆုံးသော ရဟန်းပျိုမှာ အရှင်ကေလာသ ပင်ဖြစ်ပါသည်။ ။

အရှင်ကေလာသ၏ ဖခင်မှာ ရခိုင်သံတွဲသားဖြစ်သည်။ သူ၏ဖခင်မှာ သံတွဲမြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဆရာဒိုင်ဖြစ်ပေသည်။ မိခင်မှာ ထားဝယ်သူ ဒေါ်မေခင်ဖြစ်သည်။ ။ မိခင်မှာပစ္စည်းဥစ္စာ ပြည့်စုံကြွယ်ဝသည်ဟု ဆိုပါသည်။ ထိုကြောင့် အရှင်ကေလာသမှာ ရခိုင် ထားဝယ်ကပြားဖြစ်သည်ဟု ဆိုနိုင်ပါသည်။ တောင်သူလယ်သမား အရေးတော်ပုံ မတိုင်မီက မန္တလေးမြို့၊ ကယ်လီဟိုက်စကူးကျောင်း (၉) တန်းအထိ အရှင်ကေလာသ ငယ်စဉ်အခါက ပညာသင်ခဲ့သည်။ ထိုသို့ ကျောင်းနေစဉ် သာယာဝတီ တောင်သူလယ်သမား အရေးတော်ပုံကြီး ဖြစ်ပွားလာသောအခါ အရေးတော်ပုံ ခေါင်းဆောင် ဆရာစံနှင့် ရင်နှီးသောမိတ်ဆွေဖြစ်သည်ဟုဆိုကာ အရှင်ကေလာသ၏ဖခင်ကြီး ဆရာဒိုင်အား ဖမ်းဆီးခေါ်ဆောင်လျှက် သာယာဝတီထောင်တွင် ထိမ်းသိမ်းထားသည်။ တစ်နှစ်ခန့်ကြာမှ ဝတ်လုံတော်ရ သခင်မြက ဆရာဒိုင်ဘက်မှ အယူခံပေးသောကြောင့် ထောင်မှ လွတ်မြောက်လာလေတော့သည်။ ။

ဆရာဒိုင်သည် ထောင်မှလွတ်လာပြီး ဇနီးသည်ရှိရာ ထားဝယ်မြို့သို့သွား၍ ကံဇာတာ ညှိုးမှိန်ခြင်းကို ဖြေဖျောက်ရန် စိတ်သန့်ရှင်းစေရန် ရည်ရွယ်ချက်ဖြင့် မန္တလေးမြို့တွင် စာသင်နေသော သားတော် ရှင်ကေလာသကိုခေါ်ကာ သားနှင့် အတူ ရဟန်းဝတ်လေသည်။ ရဟန်းဝတ်ဖြင့် ဆရာဒိုင်သည် သာသနာဘောင်ပျော်ပိုက်စွာ သီတင်းသုံးနေစဉ် တစ်နှစ်ခန့်ကြာသော် ဆရာဒိုင်သည် ဘဝနတ်ထံပျံလွန်တော်မူသွားရှာသည်။ ထို့နောက် မိခင်ကြီးလည်း သားဖြစ်သူ အရှင်ကေလာသနှင့်အတူ သီလရှင်ဝတ်လေသည်။ နောက်ပိုင်းတွင် အရှင်ကေလာသသည် သီလရှင်ဝတ်နေသော မိခင်ကြီးထံခွင့်ပန်၍ မိခင်ကြီးထံမှ ရသမျှသော ဝတ္ထုငွေများဖြင့် ဆက်လက်ပညာသင်ရန် ဗုဒ္ဓမြတ်စွယ်တော်ရှိရာ သီရိလင်္ကာနိုင်ငံ(သီဟိုလ်ကျွန်း) သို့ သဘောင်္ခရီးဖြင့် ကြွမြန်းတော်မူခဲ့သည်။ ။

သီရိလင်္ကာနိုင်ငံတွင် တစ်နှစ်ကျော်မျှ သီတင်းသုံးပြီးနောက် နိုင်ငံရေးအခြေအနေအရ ခေတ်သိပ်မကောင်းလှသေးသောကြောင့် သီရိလင်္ကာနိုင်ငံတွင် စာပေ ကောင်းမွန်စွာ မသင်နိုင်ယူရပေ။ ပညာသင်ကြားရန် စိတ်ဆန္ဒပြင်းပြတော်မူသော အရှင်ကေလာသငည် သီရိလင်္ကာရှိ ရဟန်းတော်များနှင့် တိုင်ပင်နှီးနှောကာ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ သွားရောက်ကာ ရဟန်းဝတ်ဖြင့်ပင် ကာလကတ္တား တက္ကသိုလ်က ကျင်းပပြုလုပ်သော မက်ထရစ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုတော်မူရာ ထူးထူးကဲကဲ "လက်တားစ်" လေးခုဖြင့် အောင်မြင်တော်မူခဲ့သည်။ ။ (လက်တားစ် ဟူသည်မှာ ဂုဏ်ထူးအဆင့် အမှတ်နှင့် ညီမျှသည် ဟူ၏)။ ။

အနောက်နိုင်ငံများသို့ သွားရောက်ကာ သာသနာပြုရန် စိတ်ဆန္ဒပြင်းပြလှသော အရှင်ကေလာသသည် ရဟန်းဝတ်နှင့်ပင် ကာလကတ္တား တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို ဆွတ်ခူးရန်လည်း စိတ်အားသန်လျှက်ရှိပေသည်။ ထိုအချိန်တွင် အရှင်ကေလာသအတွက် မမျှော်လင့်သည့် စိတ်ပျက်ဖွယ်ရာ ကြုံတွေ့ရလေတော့သည်။ အကြောင်းမှာ မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်လိုက်သဖြင့် အပိုဘာသာကို (မိခင်ဘာသာ) မြန်မာဘာသာဖြင့် ရယူခြင်း ခွင့်မပြုတော့သောကြောင့် အခက်တွေ့နေရခြင်းဖြစ်သည်။ မြန်မာဘာသာအစား ဟိန္ဒီဘာသာဖြစ်စေ၊ အူရဒူဘာသာဖြစ်စေ၊ ဘင်္ဂါလီဘာသာကို ဖြစ်စေ တစ်ခုခုယူပြီးမှ ကျောင်းတက်ခွင့်နှင့် စာမေးပွဲဆက်လက် ဖြေဆိုခွင့်စသည်တို့ကို ခွင့်ပြုနိုင်သည်ဟူသော ဥပဒေအသစ်နှင့် ကြုံရပေသည်။ ကာလကတ္တားတက္ကသိုလ်မှာလည်း ဆက်လက် ပညာသင်ကြားရန်ခက်ခဲလှသောအခြေအနေတွေကြောင့် အရှင်ကေလာသသည် စိတ်ပျက်လက်ပျက်နှင့် ပြည်တော်ပြန်ခဲ့ရလေသည်။ ။

အရှင်ကေလာသ မြန်မာပြည်ပြန်ရောက်တော့ မြန်မာပြည်မှာလည်း ၁၉၃၈ ခုနှစ်က ဗိုလ်အောင်ကျော် အရေးအခင်းကြီးဖြစ်ပြီး ကျောင်းသားများ သပိတ်မှောက်လျှက် ရှိပေသည်။ သည်အထဲ ရွှေဖီအရေးအခင်းကြောင့် မဖြစ်သင့်သော လူမျိုးရေး ပဋိပက္ခလှိုင်းလုံးကြီးများကလည်း ကြီးထွားလျှက်ရှိသည် ဟူ၏။ တက္ကသိုလ်များ၌လည်း အပြောင်းအလဲ မြောက်များစွာ ဖြစ်ပေါ်လျှက်ရှိသည်။ ထိုအပြောင်းအလဲများထဲတွင် ဆရာကြီး ဦးဖေမောင်တင်ကို တက္ကသိုလ်သမိုင်းတွင် ကျောင်းအုပ်ကြီးအဖြစ်ဖြင့် ပထမဆုံး ခန့်အပ်ခဲ့လေသည်။ ထိုအချိန်က နိုင်ငံခြားသားပါမောက္ခများကလည်း မြန်မာလူမျိုး ကျောင်းအုပ်ကြီး ဖြစ်လာသည်ကို မလိုမုန်းထားကြကာ အမျိုးမျိုး ဒုက္ခပေးခဲ့ကြသည်ဟု ဆို၏။

မြန်မာပြည်မှာ ဒေါက်တာ ဘမော်အစိုးရအပေါ် အယုံအကြည်မရှိ အဆိုကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကြရာ၌ ဒေါက်တာဘမော် အစိုးရပြုတ်ကျပြီး နန်းရင်းဝန် ဦးပု အစိုးရတက်လာကာ ကျောင်းသားသပိတ်များက တောင်းဆိုသော လိုလားချက်များကို ရက်ရက်ရောရော ပေးလိုက်သဖြင့် ကျောင်းသားသပိတ်လည်း ၁၉၃၈ ခု၊ ဒီဇင်ဘာလကုန်လောက်တွင် လှန်လိုက်ပြီး ကျောင်းများပြန်ဖွင့်၍ အေးငြိမ်းစွာ ပညာသင်ကြားလျှက်ရှိကြပေသည်။ ၁၉၃၉ ခု၊ မတ်လတွင် စာမေးပွဲပြုလုပ်ပြီး အောင်စာရင်း ထုတ်ပြန်ခဲ့ပြီးနောက် ၁၉၃၉ ခု၊ နှစ်ဇွန်လ ကုန်လောက်တွင် အိန္ဒိယမှ ပြန်လာခဲ့သော အရှင်ကေလာသသည် ကျောင်းအုပ်ကြီး ဦးဖေမောင်တင်ထံ လာရောက်တွေ့ဆုံပြီး မိမိပညာရှာမှီးလိုသည့်ကိစ္စကို သေချာစွာရှင်းလင်းပြောပြသဖြင့် ကျောင်းအုပ်ကြီး ဦးဖေမောင်တင်သည် အလွန်ပညာကို ဆက်လက်သင်ကြားရန် ဆန္ဒပြင်းပြနေသော ရဟန်းပျိုအရှင်ကေလာသအား အတတ်နိုင်ဆုံး အကူညီပေးရန် ဆုံးဖြတ်လိုက်ပြီး အရှင်ကေလာသအား လျှောက်လွှာတင်သွင်းရန်နှင့် အုပ်ချုပ်ရေးအဖွဲ့ကို ထောက်ခံတင်ပြပေးပါမည့်အကြောင်းကို ကတိပေးလိုက်လေသည်။ ။

ဤနေရာ၌ ထူးခြားသည်မှာ အရှင်ကေလာသအား တက္ကသိုလ်တက်ခွင့်ရရန် ထောက်ခံအကူညီပေးသည့် ကျောင်းအုပ်ဆရာကြီး ဦးဖေမောင်တင်သည် ခရစ်ယာန်ဘာသာဝင် အရင့်အမာကြီးဖြစ်ပေသည်။ ဆရာကြီး ဦးဖေမောင်တင်၏ အဖိုးသည်လည်း သာယာဝတီမြို့က ဗမာမင်းများလက်ထက်မှာ ခရစ်ယာန်သာသနာပိုင်တစ်ဦးဖြစ်ခဲ့သည် ဟူ၏။ ။ သို့သော် ဆရာကြီးသည် ပါဠိဘာသာဖြင့် ဘီအေ၊ အမ်အေ အောင်မြင်ပြီး အောက်စဖို့ဒ်တက္ကသိုလ်မှ ဘီလစ်(B.Litt) နဲ့ ဘွဲ့လွန်ယူပြီး ရန်ကုန်တက္ကသိုလ်ပြန်လာသောအခါ ပါဠိပါမောက္ခ အဖြစ်ခန့်အပ်ခံရသည်။ ထို့ကြောင့် ဆရာကြီးသည် ဗုဒ္ဓဘာသာတရားကို ကိုယ်တိုင် တတ်သိနားလည်ရုံသာမက အဌသာလိနီကျမ်း၊ ဓမ္မစကြာ အနတ္တလက္ခဏသုတ်နှင့် ပဋိစ္စသမုပ္ပါဒ်တို့ကို ပညာရှင်များ လက်ဖျားခါလောက်အောင် ဘာသာပြန်ဆိုခဲ့သည့် ပညာရှင်ကြီးဖြစ်ပေသည်။ ။ ထို့ပြင် ဆရာကြီး အမေရိကန်ရှိ ကားဂိုးတက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် ဗုဒ္ဓစာပေများကို (၂) နှစ်ခန့် ပို့ချပေးခဲ့ရုံသာမက အင်္ဂလန်နိုင်ငံမှ ပါဠိဒေဝီအမည်ရ လန်ဒန်ပါဠိစာပေအသင်းကြီး၏ ဥက္ကဌဖြစ်ဖူးသူ ပါမောက္ခ မစ္စစ် ရိုက်ဒေးဗစ်နှင့် ပါဠိနှင့် ဗုဒ္ဓစာပေများကို အကြေအလည် ဆွေးနွေးခဲ့သည့် ပညာရှင်ကြီးဖြစ်ပေသည်။ ။

ဆရာကြီးကို အခြားသူများက …"ဆရာကြီးဟာ ဗုဒ္ဓဘာသာဝင်လား၊ ခရစ်ယာန်လား" ၍ မေးလျှင် ဘယ်တော့မှ အဖြေကို မပေးတဲ့။ ခင်ဗျားကော ကျုပ်ကို ဘယ်လိုထင်သလဲ ဟူ၍သာ ပြန်မေးတတ်သည်။ ။ မည်သို့ပင်ဆိုစေ ဆရာကြီးသည် ဗုဒ္ဓဘာသာတရားကို လေးစားနားလည်သော ခရစ်ယာန်ဘာသာဝင် ပညာရှင်ကြီးဖြစ်ပေသည်။ ။ တစ်ခုတော့ ရှိသည်။ ဆရာကြီးနှင့် နီးနီးကပ်ကပ် ရင်းနှီးစွာ နေထိုင်လာခဲ့ပြီး (၃) နှစ်ကြာအောင် ဆရာကြီး၏ နှတ်ပြောစကားများကို အသံသွင်းယူကာ သူ၏ အတ္ထုပ္ပတ္တိကို "ဖေမောင်တင် (သို့မဟုတ်) ဘသက်ရှည်" အမည်ဖြင့် ပြုစုထုတ်ဝေသော စာရေးဆရာမ မလေးလုံ၏ အတ္ထုပ္ပတ္တိ ဝတ္ထုအတွဲ (၂) စာမျက်နှာ (၄၅၈) တွင် မူ ဆရာကြီးက သူ့အား ပြောပြသည့်အတိုင်း အသံသွင်းမှတ်ထားသည့် အချက်တစ်ချက်ကား ရောဂါဖိစီး နှိပ်စက်ခံနေရစဉ်အခါက----

"ဘဘရဲ့ ယုံကြည်ခြင်း ရော့ရဲ့ပေါ့ဆမှုအတွက် ဘုရားသခင်က ကြိမ်လုံးနဲ့ ရိုက်သလားမသိဘူး။ ဒေါက်တာ ကာပင်ကာ က ဘဘကို ခရစ်ယာန်လားလို့ မေးတုန်းက မဟုတ်ဘူးလို့ ပြောခဲ့တာလည်း ပါမယ် ထင်တယ်။" တဲ့။ ။ (Burmese Scholar and Educator U Pe Maung Tin ) (Born- 1888, Died- 1973) ။ ။

ဆရာကြီးသည် သူ့ဘဝတစ်လျှောက်လုံး ပါဠိစာပေ ပညာရှင် ဖြစ်သည်ဆိုတာကလွဲလို့ ခရစ်ယာန်ဘာသာဝင် ဟူသည့်အချက်ကို ပေါ်ပေါ်ထင်ထင် မဖြစ်စေချင်ခဲ့ဖူးဟု ထင်ရပါသည်။ ထိုအချိန်က ဗုဒ္ဓဘာသာအများစု အသိုင်းဝိုင်းကလည်း ဆရာကြီးကို သံသယနဲ့သူကို အားမလိုအားမရ ဖြစ်ခဲ့သည်မှာ သိသာပေသည်။ ။ နာမည်ကြီး မင်းကြီးကတော် ဒေါ်မြမေက "မောင်တင်က ယေရှု့ ဖြစ်နေတာ ခက်တယ်" ဟု ညီတွားခဲ့သည် ဟူ၏ ဆရာကြီးသည် ဗုဒ္ဓဘာသာဝင်တို့၏ အဘိဓမ္မာစာမေးပွဲ၊ ဘုန်းတော်ကြီးများ၏ ပထမပြန် စာမေးပွဲတွေမှာလည်း ပုစ္ဆာထုတ်၊ အဖြေလွှာစစ်လည်း ပါသည်ဟုလည်း ဖတ်ရှု့ရဖူးပေသည်။ ထို့ကြောင့် ဆရာတော်ကြီးတွေကလည်း တော်တော်လေး စိတ်ကသိကသောက်ဖြစ်ခဲ့ဟန်တူပါသည်။ မည်သို့ပင်ဆိုစေ ဆရာကြီး ဦးဖေမောင်တင်သည် မြန်မာစာပေ သမိုင်း တက္ကသိုလ်သမိုင်းမှာတော့ အလွန်ကျေးဇူးကြီးမားလှသည့် ပညာရှင်ကြီး ဖြစ်ပေသည်။ ။

ဤမျှ အမျှော်အမြင်ကြီးမားလှသော ကျောင်းအုပ်ဆရာကြီး ဦးဖေမောင်တင်သည် အရှင်ကေလာသ ရန်ကုန်တက္ကသိုလ် ပညာသင်ရန် လျှောက်လွှာတင်သောအခါ စဉ်းစားမိလေသည်။ ရှေးအခါက မြန်မာပြည်တွင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်ကြသည့် မင်းညီမင်းသားမှစ၍ တိုင်းသားပြည်သူတို့၏ ပညာရေးသည် ဘုန်းကြီးကျောင်းများက စတင်အခြေခံကာ ဘုန်းတော်ကြီးများက ပညာသင်ပေးကြသည်။ ယခုတိုင်အောင်လည်း တောရွာများတွင် မြန်မာကလေးငယ်များသည် ဘုန်းတော်ကြီးကျောင်းများ၌သာ စာပေအခြေခံကို သင်ကြားနေရပေသေးသည်။ ရှေးအခါက လူပုဂ္ဂိုလ်များ တည်ထောင်ထားသည့် တက္ကသိုလ်ကျောင်းများဟူ၍ပင် မရှိခဲ့ပေ။ ကမ္ဘာတွင် ရှေးအကျဆုံး အိန္ဒိယနိုင်ငံတွင်ရှိသည့် နာလန္ဒာတက္ကသိုလ်ကြီးပင် နာဂဇုန ရဟန်းတော်ကြီးတည်ထောင်ခဲ့ပေသည်။ အနောက်နိုင်ငံများ၌လည်း ထို့အတူပင်၊ ရှေးအခါက အောက်စဖို့ဒ် တက္ကသိုလ်သည်ပင်လျှင် ဘုန်းတော်ကြီးများက စတင်၍ အခြေခံပညာကို သင်ကြားပေးလာခဲ့ရာမှ ယခုအခါ ကမ္ဘာကျော် တက္ကသိုလ်ကြီး ဖြစ်လာခဲ့သည်။ ရှေးအခါက ယင်းတက္ကသိုလ်က ဘုန်းတော်ကြီးများ ဝတ်ဆင်သည့် ဝတ်ရုံသည်ပင်လျှင် ယခုခေတ် ကမ္ဘာမှာ နိုင်ငံတကာ တက္ကသိုလ်ဘွဲ့နှင်းသဘင်များ၌ ဘုန်းတော်ကြီးများကို ဂုဏ်ပြုသည့်အနေဖြင့် ယင်းဘုန်းတော်ကြီးများ၏ အစဉ်အလာဝတ်ရုံကို ဘွဲ့နှင်းဝတ်ရုံ အဆောင်အယောင်အဖြစ်ဖြင့် အသုံးပြုနေကြခြင်းဖြစ်သည်။ ။

ဤမျှ ဘုန်းတော်ကြီးများက စတင်ပြီး အခြေခံပညာများကို သင်ကြားပေးလာခဲ့ပြီးမှ ယခုအခါ လူပုဂ္ဂိုလ်များက တည်ထောင်ထားသည့် တက္ကသိုလ်ကျောင်းများတွင် ပညာရှာမှီးလိုသော ရဟန်းတစ်ပါးကို ပညာသင်ခွင့် မပေးနိုင်ဟု ငြင်းဆိုလိုက်ပါက လွန်စွာ အမြင်ကျဉ်းမြောင်းရာ ရောက်မည့်အပြင် တွက်ကပ်ရာလည်း ရောက်လှသည်။ ထို့ကြောင့် ကျောင်းအုပ်ဆရာကြီး ဦးဖေမောင်တင်သည် အစွမ်းကုန်ကြိုးစား၍ ရဟန်းပျို အရှင်ကေလာသအား ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားနိုင်အောင် ကူညီဆောင်ရွက်ပေးခဲ့သည်။ ။

ဤသို့ဖြင့် အရှင်ကေလာသသည် ၁၉၃၉ ခု ဇူလိုင်လ (၁) ရက်နေ့မှ စ၍ အခြားလူပုဂ္ဂိုလ်ကျောင်းသူကျောင်းသားများနည်းတူ တက္ကသိုလ်တက်ခွင့်ရသော သမိုင်းဝင် ပထမဆုံးသော ရဟန်းပျိုပင်ဖြစ်လေတော့သည်။ ။ (ဤအကြောင်းအရာများကား စာရေးဆရာမ မလေးလုံ ရေးသားပြုစုသည့် ဖေမောင်တင် ခေါ် ဘသက်ရှည် အတ္ထုပ္ပတ္တိ ဒုတိယအုပ် စာမျက်နှင့် ၂၀၅ တွင် ရှင်ကေလာသက ဦးဖေမောင်တင်အား ပြောပြသည့် စကားရပ်များမှ ထုတ်နှတ်တင်ပြခြင်းဖြစ်သည်။ ။ သစ္စာစာပေတိုက်၊ ၁၉၇၉ ခုနှစ်ထုတ်၊ ၃၉ လမ်း၊ ရန်ကုန်)။ ။

ဆရာကြီး မြကေတု၏ နှောင်းခေတ်တက္ကသိုလ် ဘဝမှတ်တမ်းများ စာအုပ်တွင် (စာမျက်နှာ ၁၆၅-၁၆၆) ဆရာကြီးမြကေတုက ရဟန်းပျို အရှင်ကေလာသနှင့် ပတ်သက်၍ သူ၏ အတွေ့အကြုံ ဘဝမှတ်တမ်းကို ဤသို့ရေးထားခဲ့လေသည်။ ။ ၁၃၉၃ ခုနှစ်၊ ဇွန်လပိုင်းလောက်တွင် ကျောင်းအုပ်ကြီး ဦးဖေမောင်တင်သည် ကျွန်တော်အား သူ၏ရုံးခန်းသို့ခေါ်၍ ဇူလိုင်လ (၁) ရက်နေ့က အစပြုပြီး ရဟန်းပျိုတစ်ပါးသည် စာသင်ကြားလာမည်ဖြစ်ကြောင်း၊ ဘာသာတွဲများအဖြစ် မြန်မာဘာသာ၊ ပါဠိဘာသာနှင့် အရှေ့တိုင်းသမိုင်း ဘာသာရပ်များကို သင်ယူမည်ဖြစ်ကြောင်း၊ ယင်းရဟန်းပျိုအတွက် တစ်ယောက်ထိုင် စာသင်ခုံတစ်ခုံကို အခန်းတွင်းသို့ သင်ပြမည့်ဆရာ၏ စားပွဲခုံ လက်ယာဘက်က သီးသန့်ထားပြီး သင်ကြားပေးစေလိုကြောင်း၊ ကျောင်းခေါ် စာရင်းကို သီးခြားမှတ်သား၍ အတန်းတွင်း၌ နာမည်ဘွဲ့တော်ကို ထုတ်ဖော်မခေါ်စေလိုကြောင်း၊ စသည်တို့ကို မှာကြားသည် ဟု ဆိုပါသည်။ ။

ထိုအခါက ဆရာကြီးမြကေတုသည် မဟာဝိဇ္ဇာတန်းကို အောင်မြင်ပြီး မြန်မာစာဌာန၌ပင် အမှုထမ်းကာ သင်တန်းများကို ပို့ချပေးနေပါသည်။ ဥပစာ အထက်တန်းမှ ဝိဇ္ဇာအထက်တန်းအထိ တာဝန်ယူသင်ပေးနေရသည်။ ။ ဆရာကြီး မြကေတုသည် မြန်မာဘာသာ သင်တန်းများကို သင်ကြားပို့ချနေသော အခန်းနံပါတ် (၂၁) တွင် သင်ကြားရသည်ဖြစ်ပြီး ရဟန်းပျိုအတွက် စာသင်ခုံကို ထိုနေ့ နံနက်စောစောကပင် သူကိုယ်တိုင် သယ်ချလာပြီး ကုလားထိုင်တစ်လုံးကိုလည်း ယူချထားသည်။ ။ ထိုစဉ်အခါက ဆရာကြီးမြကေတု သင်ပေးရသည့် ကျောင်းသူကျောင်းသားများမှာ ကျောင်းသား (၄၀) ခန့် နှင့် ကျောင်းသူ (၂၀) ခန့် ရှိသည် ဟု ဆိုပါသည်။ ။ ဆရာမြကေတု သည် စောစောရောက်နှင့်လျှက် ခပ်တိုးတိုးပင် သူ၏ ကျောင်းသူကျောင်းများအား သြဝါဒပြောကြားထားလေသည်။ ယနေ့ ရဟန်းတော်တစ်ပါး စတင် ကျောင်းတက်မည်ဖြစ်၍ ငြိမ်သက်စွာ နေကြရန် အတန်းထဲ၌ နေထိုင်သွားလာမှု ဆင်ခြင်ရန်၊ ဗုဒ္ဓဘာသာဝင်များပီသပြီး လိမ္မာစွာနေထိုင်ကြရန်၊ ဟားတိုက်၍ မရယ်ကြရန် စသည်တို့ကို ပြောကြားနေရင်းပင် ကျောင်းသူကျောင်းသားများ ဝင်လာကြသည်။ သူတို့၏ ဒေါက်ချာ ဆံထုံးကြီးများက တစ်ပေကျော်ကျော်ရှိပြီး အတန်းထဲ ဝင်လာကြကာ ရှေ့ဆုံးခုံတန်းတွင် ထိုင်ကြသည်။ တစ်ယောက်ထိုင် စားပွဲခုံကို ကြည့်ပြီး စဉ်းစားမရအောင် ရှိနေကြဟန်တူပါသည်။ ဒုတိယ ကျောင်းတက်ခေါင်းလောင်းထိုးသည်နှင့် တစ်ပြိုက်နက် ပဉ္စင်းပျိုသည် ထီးချိုင်းကြား၌ညှပ်ကာ စာအုပ်များကို ပိုက်၍ အေးဆေးစွာ ဣနြေ္ဒအပြည့်အဝဖြင့် ကြွာလာပေသည်။ ။

အခန်းရှေ့မှာ ရပ်နေသော ရဟန်းပျိုအား ဆရာမြကေတုသည် နေရာထိုင်ခင်းပေးကာ အရှင်ကေလာသသည်လည်း သတ်မှတ်ပေးထားသည့် နေရာတွင် ထိုင်လျှက် ဦးခေါင်းကို အနည်းငယ်ငုံ့ထားကာ စာအုပ်ပေါ်၌သာ အာရုံစူးစိုက်လျှက် ရှိပေသည်။ ဆရာမြကေတုက ထိုအချိန်က သူသည် တော်တော်လေး ရင်တုန်ခဲ့သည်ဟု ဆိုပါသည်။ အကြောင်းကား ထိုနေ့က သူ (ဆရာမြကေတု) သင်ပေးနေသည့် စာအုပ်သည် စိန္တကျော်သူ ဦးသြ၏ ရတုများဖြစ်နေသည်။ ရတုပိုဒ်ကလည်း…"ချစ်၍ခေါ်သည်၊ လိုက်တော်မူခဲ့…" စသည့် ရတုစာပိုဒ်ဖြစ်နေ၍ ရဟန်းတော် အရှင်ကေလာသ၏ ရှေ့မှာ သင်ပေးရခြင်းသည် ဆရာ့အတွက် ရင်ခုန်စရာဖြစ်သွားတော့သည်။ ကျောင်းသူကျောင်းသားများကလည်း လိမ္မာကြသည်။ ဆရာကြိုတင်မေတ္တာရပ်ခံထားသည့်အတိုင်း ငြိမ်သက်တည်ကြည်စွာနေထိုင်ကြသည်။ ချစ်၍ခေါ်သည် လိုက်တော်မူခဲ့ အစရှိသည့် စာပိုဒ်သင်ပြီး ဆရာများနားနေခန်းသို့ရောက်လျှင် ဇောချွေးများကို သုတ်၍ ဆရာမြကေတုသည် သက်ပြင်းကြီးများ ချလိုက်မိတော့သည် ဟူ၏။ ။

ဆရာမြကေတုသည် ဗုဒ္ဓဟူးနေ့မှာ ဟတ္ထိပါလပျို့ကို သင်ကြားပေးသည်။ ထိုနေ့ နံနက်ရောက်ပြန်တော့လည်း ရဟန်းပျိုမရောက်သေးခင် ကျောင်းသူကျောင်းသားများအား ကြိုတင်၍ သြဝါဒ ချွေထားရသည်ဟူ၏။ ယနေ့ ကျောင်းတက်နေသော ရဟန်းပျိုသည် စာတတ်ပုဂ္ဂိုလ်ဖြစ်သည်။ စာမတတ်၍ ကျောင်းလာတက်နေသည်မဟုတ်။ ယခု ဆရာတို့ သင်နေသော ဟတ္ထိပါလပျို့ကို ထိုရဟန်းတော်သည် ထုံးလိုချေ ရေလိုနှောက်နိုင်သည့် ပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် အဘယ့်ကြောင့် ကျောင်းတက်ရပါသနည်း ဟူမူ ကျောင်းတက်ကြိမ် ၇၅ ရာခိုင်နှုန်းပြည့်မှသာ စာမေးပွဲဖြေဆိုခွင့် ရနိုင်မည်ဖြစ်၍ ကြိုးစားကာ ကျောင်းတက်ရခြင်းဖြစ်သည်။ ထို့ကြောင့် ကျောင်းသားများသည် မိသားဘသားပီပီ ဦးပဉ္စင်းရှေ့မှာ ဣနြေ္ဒရရ ဗုဒ္ဓဘာသာဖြစ်သည့်အားလျှော်စွာ ယဉ်ကျေးသိမ်မွေ့စွာ နေထိုင်ကြရန် သြဝါဒ ပေးထားရသည် ဟူ၏။ ။

ယနေ့ခေတ်တွင်လည်း သီတဂူဗုဒ္ဓတက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြုတက္ကသိုလ် စသည်များမှာ ကျောင်းတက်နေသော ရဟန်းသံဃာတော်တို့သည် ယင်းတက္ကသိုလ်ကျောင်းများ၌ တက်ရောက်ပညာသင်နေကြသည့် လူပုဂ္ဂိုလ်ကျောင်းသူ ကျောင်းသားများအား နောက်ပြောင်ခြင်းမရှိ ဣနြေ္ဒရရ ယဉ်ကျေးစွာပင် ပညာသင်ကြားနေကြပေသည်။ ။ ဤသို့နှင့်ပင် ပထမနှစ်ဝက်ကုန်ပြီးနောက် ကျောင်းအုပ်ဆရာကြီး ဦးဖေမောင်တင်က ဆရာမြကေတုအား အတန်းထဲမှာ စာသင်ရတာ အဆင်ပြေသလား ဟု မေးသည်ဟူ၏။ အမှန်အတိုင်း ကျူတာပေါက်စ ဆရာမြကေတုကလည်း စာသင်ရသည်မှာ (ရဟန်းပျို အရှင်ကေလာသ အတန်းထဲမှာ ရှိနေသောကြာင့်) ကျီးလန့်စာစားဖြစ်သကဲ့သို့ ဖြစ်ရပါကြောင်းကို ပြောပြအစီရင်ခံခဲ့သည်ဟူ၏။ ။

ဆရာမြကေတုသည် တနေ့သောအခါ ကော်ရစ်ဒါမှာ ရဟန်းပျို အရှင်ကေလာသနှင့် အမှတ်မထင်ဆုံမိရာ ဆရာမြကေတုက လက်ယှက်ရှိခိုးလိုက်သည်ကို အားတုံ့အားနာနှင့် ရဟန်းပျိုက "ဆရာကို ကျုပ်အားနာတယ်၊ ကျုပ်ကျောင်းသားတွေနှင့်လည်း အဆင်ပြေပါတယ်၊ ဆရာစိတ်မပူပါနှင့်၊ ကျောင်းသားများဟာ လိမ္မာကြပါတယ်" ဟု ပြောပြသဖြင့် ဆရာမြကေတု အလွန်ဝမ်းသာသွားသည်ဟူ၏။ ။

ဤသို့ဖြင့် ရဟန်းပျို အရှင်ကေလာသသည် ၁၉၄၀-မှ ၁၉၄၁ ပညာသင်နှစ်များတွင် ဝိဇ္ဇာတန်းများမှာ တက်ရောက်ပညာသင်ကြားခဲ့သည်။ ၁၉၄၂ ခု နှစ်ဦးပိုင်းတွင် စစ်ရိပ်စစ်ငွေ့များ သန်းလာသဖြင့် ရဟန်းပျို အရှင်ကေလာသမှာ ဝိဇ္ဇာအထက်တန်းသို့ ရောက်ရှိသင်ကြားနေရင်းမှ အခက်ခဲပေါင်းများစွာ ရင်ဆိုင်ရင်း အပြေးအလွှား ကျောင်းတက်ခဲ့ရပေသည်။ ။ ရဟန်းပျို အရှင်ကေလာသသည် စစ်မဖြစ်မှီ နောက်ဆုံးအကြိမ်ကျင်းပသည့် ဝိဇ္ဇာအထက်တန်းစာမေးပွဲကို အောင်မြင်ပြီးနောက် စစ်ကြီးပြီးဆုံးသည့် ကာလတွင် ပညာရှာမှီးလိုစိတ်ပြင်းပြလှ ပညာရှာမှီးလိုစိတ် မကုန်သေးသဖြင့် အိန္ဒိယနိုင်ငံ ကာလကတ္တာမြို့သို့ တစ်ကြိမ်ပြန်သွားပြီး ကာလကတ္တားယူနီဗာစတီမှာ ပညာဆက်လက်သင်ယူခဲ့ရာ မဟာဝိဇ္ဇာ တန်းကို ဂုဏ်ထူးဖြင့် အောင်မြင်တော်မူခဲ့သည်။ ။

စစ်ကြီးအပြီး နောက်ပိုင်းတွင် အရှင်ကေလာသသည် အနောက်နိုင်ငံများသို့ ခရီးလှည့်လည်ကာ ပညာရှာမှီးရင်း မြတ်ဗုဒ္ဓ၏တရားများကိုလည်း ဟောကြားလျှက် သာသနာပြုရင်း ပြင်သစ်နိုင်ငံ ပါရီမြို့သို့ရောက်ရှိခဲ့ပြန်သည်။ ယင်းပါရီမြို့ရှိ နာမည်ကျော် ဆော်ဗွန်းတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားရာ၌ (M.A.M.F) အမ်၊အေ၊အမ်၊အက်ဖ်၊ ဘွဲ့တို့ကို ဆွတ်ခူးရရှိတော်မူပြန်သည်။ ထိုနောက် ဆရာတော်အရှင်ကေလာသ သည် မြန်မာပြည်သို့ ပြန်လာသည့်အခါ ရန်ကုန် ကမ္ဘာအေးမှာ ဖွင့်လှစ်ထားသည့် ဗုဒ္ဓတက္ကသိုလ်တွင် ကျောင်းအုပ်ကြီးအဖြစ် ဆရာတော်အရှင်ကေလာသအား တာဝန်ပေးအပ် ခန့်ထားခြင်းခံရသည်ဟူ၏။ ။

တစ်ခါတစ်ရံ အတိတ်ကို နမ်းရှိုက်ရခြင်းသည် အလွန်လွမ်းမောဖွယ်ရာဖြစ်ပါသည်။ တစ်ခါတစ်ရံ အတိတ်တွေကို တူးဆွကြည့်၍ မကုန်နိုင်လောက်အောင် တန်ဘိုးရှိလှသော အရာများကို ပြန်လည်မြင်ယောင်မိတတ်ပါသည်။ အတိတ်တွေကို ခြေရာခံရင်း ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်း သာသနာ့သမိုင်းမှာ အကျွန်ုပ်တို့ ခရီးဆက်နေကြပေသည်။ အတိတ်အဖြစ်အပျက် များသည် အတုယူစရာ၊ အားကျစရာ၊ စံပြုစရာ၊ ရှောင်ရှားစရာ၊ လေ့လာစရာ၊ မြောက်မြားစွာ ရှိပါသည်။ ။ ယနေ့ခေတ် အကျွန်ုပ်တို့ တက္ကသိုလ်ပညာသင် မြန်မာရဟန်းတော်များသည် ရှေးဦးဆုံး သမိုင်းဝင် အဓိပတိလမ်းမပေါ်က ရဟန်းပျိုလေး အရှင်ကေလာသ၏ ဇွဲသတ္တိ၊ ခံယူချက်နှင့် ပညာလေ့လာ သင်ယူလိုက်စားခဲ့ပုံတို့ကို အားကျအတူယူသင့်လှပေသည်။ ။ ဤစာတမ်းလေးကား အတိတ်သမိုင်းအထုပ်ကြီးထဲက တက္ကသိုလ်ရောက် ပထမဆုံး သမိုင်းဝင် စာသင်သား ရဟန်းပျို အရှင်ကေလာသ၏ ပညာသင်ဘဝပုံရိပ်အကြောင်းတစ်စေ့တစ်စောင်းကို အတိတ်သမိုင်းစာမျက်များ တစ်ရွက်ချင်း စာရေးသူလေ့လာဖတ်ရှုမိသမျှ လှန်ကြည့်မိခြင်းဖြစ်ပါကြောင်း။ ။

အတိတ်၏ ကောင်းသောရနံ့များ နမ်းရှိုက်နိုင်ကြပါစေ။

စာရှု့သူအားလုံး ဗဟုသုတ အဖြာဖြာ တိုးပွားနိုင်ကြပါစေ။

မေတ္တာဖြင့်

အရှင်သုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)

ခေတ္တ

အိန္ဒိယနိုင်ငံ

နာလန္ဒာတက္ကသိုလ်

၁၃၇၃ ခု၊ နတ်တော်လပြည့်ကျော်(၁) ရက်

၁၁-၁၂-၂၀၁၁

ashinsutacara@gmail.com

maytharhla@gmail.com

No comments:

Post a Comment