" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Wednesday, February 1, 2012

ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးအမြင် အကျဉ်းချုပ်


မင်းရေးသဖွယ် တိမ်တောင်ကျယ် ဆိုသကဲ့သို့ နိုင်ငံရေးသည် အလွန်ကျယ်ပျံ့လှသည်မှာတော့ သေချာ၏။ သို့သော် နိုင်ငံသားတိုင်း နိုင်ငံရေးကို သိသိသာသာတမျိုး မသိမသာ တဖုံ လျှောက်လှမ်းဖြတ်သန်းနေကြပါသည်။ အများသူငါ ခေါ်ဝေါ်ပညတ် သတ်မှတ်ထားသည့် နိုင်ငံရေးဟူသော ခေါင်းစဉ်အောက်က အားလုံး ပါဝင်လှုပ်ရှားနေကြသည်တော့ ဟုတ်ချင်မှ ဟုတ်မှာပါ။ နိုင်ငံရေးရာအတွက် မိမိတို့စိတ်ထက်သန်ရာဘက်မှ တနည်းတဖုံ ပါဝင်လှုပ်ရှားနေကြတာတော့ သေချာပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ နိုင်ငံသားအားလုံးတို့ နေ့စဉ်နှင့် တွေ့ကြုံနေရသော အရေးကိစ္စပင် ဖြစ်သောကြောင့်ပေတည်း။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အိမ်မှုကိစ္စအဝဝ နှင့် မီးဖိုချောင်ကိစ္စ နေ့စဉ်ဆောင်ရွက်နေသော အိမ်ရှင်မသည်ပင် နိုင်ငံသားဖြစ်နေသောကြောင့် တနည်းတဖုံ နိုင်ငံရေး ဆောင်ရွက်နေသည်ဟု ပြောဆိုဖူးသည်ကို ကြားရ မှတ်သားရဖူးပါသည်။ စစ်မှန်သော နိုင်ငံရေးကို ထဲထဲဝင်ဝင် ကိုယ့်ကျိုးမဖက် နိုင်ငံအတွက်လုပ်ဆောင်နေကြသူများကို အားပေးထောက်ခံနေကြသော ပြည်သူလူထုတရပ်လုံးလည်း နိုင်ငံရေးဆောင်ရွက်နေကြသည်ဟုဆိုနိုင်ပါသည်။ ဤနေရာမှာ လူရော ရှင်ရော ရဟန်းပါမကျန် လူမျိုးမရွေးဘာသာမရွေး နိုင်ငံသားအားလုံး တို့က ချစ်ခင်လေးစားရသည့် နိုင်ငံ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးအပေါ် ရှု့မြင်သုံးသပ်ပုံကို စာဖတ်သူတို့ ဗဟုသုတဖြစ်စေရန် ကောက်နှုတ်ဖော်ပြလိုပါသည်။

၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့မှ စတင်၍ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးကို ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ အထွဋ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အလယ်ပစ္စယံ၌ ကျင်းပခဲ့ရာ ဇန်နဝါရီ(၂၀) ရက်နေ့၌ (ဖဆပလ) အဖွဲ့ချုပ်၏ ဥက္ကဌအဖြစ် ဗိုလ်ချုပ်အောင်ဆန်းသည် မိန့်ခွန်းပြောကြားခဲ့ပါသည်။ ယင်းမိန့်ခွန်းမှ ဗိုလ်ချုပ်အောင်ဆန်း ရှု့မြင်သော နိုင်ငံရေးအဓိပ္ပါယ်ကို ကောက်နှတ်တင်ပြခြင်းဖြစ်ပါသည်။

" နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည် မဟုတ်၊ နိုင်ငံရေးကို ညစ်ထေးအောင် လုပ်သူတို့သာလျှင် ယုတ်မာခြင်းဖြစ်၏။ နိုင်ငံရေးသဘော အမှန်မှာ ကျွန်ုပ်တို့ လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်လည်း မဟုတ်၊ နိမ့်ကျလွန်းသည်လည်း မဟုတ်၊ မျက်လှည့်ဗေဒင်လည်း မဟုတ်၊ အဂ္ဂိရတ်လည်း မဟုတ်၊ ကြောက်မက်ဖွယ်ကောင်းသော ကန္တာရခရီးလည်း မဟုတ်၊ ဘယ်သူသေသေ ငတေမာရင် ပြီးရော စိတ်ဇောနှင့်လုပ်သော အရေးကိစ္စလည်း မဟုတ်၊ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ ပေါ်ပေါက်ဖြစ်ပွားလျက်ရှိသော အခြေအနေပေါ်တွင် မျှော်ခေါ်၍ ဆောင်ရွက်ရမည်ဖြစ်သော အရေးကိစ္စသာလျှင် ဖြစ်ပေ၏။

နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြရသော ကိစ္စပင်ဖြစ်ပေသည်။ တနည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စ ဟု ဆိုရပေမည်။ ကျွန်ုပ်တို့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု၊ အစုစုသည်သည် နိုင်ငံရေးပင် ဖြစ်သည်။ ကျွန်ုပ်တို့ နိုင်ငံရေးကို မဆင်မခြင် မတွေးတောမိစေကာမူ ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက်သွယ်၍ နေ၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို ရှောင်ရှားစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့၏ အိမ်၊ ရုံး၊ အလုပ်ရုံ စသည်တို့၌ ပေါ်ပေါက်လျှက်ရှိ၏။ ဤဌာနများ၌ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးကို လုပ်နေကြရပေသည်။

လူတိုင်းလူတိုင်း မိမိတို့၏ အခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံရေးပင် ဖြစ်၏။ လွတ်လပ်မှု ရလိုမှုသည်ပင်လျှင် နိုင်ငံရေးဖြစ်၏။ နိုင်ငံရေးကို ဘာသာတရားဖြစ်သကဲ့သို့ ပြောဆိုနေကြသော သူများမှာ ယုတ်မာညစ်ထေးသော နိုင်ငံရေးသမားများပင်လျှင် ဖြစ်၏။ ထိုသူတို့၏ ရည်ရွယ်ချက်မှာ ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လီဆယ်၍ ပြောခြင်းအားဖြင့် ပြည်သူတို့၏ စိတ်ကို ရှုပ်ထွေးစေ၍ အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ခြင်းငှါ မစွမ်းနိုင်အောင် လုပ်ခြင်းမျှသာ ဖြစ်၏။ အမှန်မှာ ထိုသူတို့၏ ပြုလုပ်မှုသည် နိုင်ငံရေး မဟုတ်၊ မိမိတို့ အကောက်ဥာဏ်ကို သုံး၍ မိမိတို့ကြီးပွားရေး တစ်နပ်စာ နိုင်ငံရေးပင် ဖြစ်ပေ၏။ "

အထက်ပါ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကို ဖတ်ရှု့ကြည့်လျှင် နိုင်ငံသားအားလုံး နိုင်ငံရေးနှင့် ပတ်သက်နေသူချည်းသာ ဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးအမြင်သည် တက္ကသိုလ်ကြီးများမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်များကို သီးသန့် မသင်ယူမလေ့လာနိုင်သည့်သူများ အတွက် တနည်းဆိုရလျှင် ပြည်သူလူထုတရပ်လုံးနှင့် အံဝင်ခွင်ကျ သင့်တော်မှန်ကန်လှသည့် လူထုနိုင်ငံရေးပင် ဖြစ်မည်ထင်ပါသည်။ ထို့ကြောင့် ပြည်သူတရပ်လုံးလည်း နိုင်ငံရေးနှင့် ပတ်သက်လာလျှင် ဘာမှမပြောတာ ကောင်းပါတယ်၊ စကားနည်း ရန်စဲ ဟု သဘောမထားဘဲ ဆိုရေးရှိက ဆိုအပ်စွ ဟူသည့်အတိုင်း မိမိတို့ ပြောသင့်ပြောထိုက်သော နိုင်ငံအတွက်အကျိုးရှိသော စကားများကို ရဲဝံ့စွာ ပြောကြားနိုင်ပါစေ ဟု ဆန္ဒပြုရင်း။ ။

ရည်ညွှန်း။

ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝ၊စာပေနှင့် သမိုင်းဝင် အဆိုအမိန့်များ။ (သုတေသီ မြင့်ထွန်း)။

ဗိုလ်ချုပ်အောင်ဆန်း၏ လွပ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်း (တက္ကသိုလ် နေဝင်း)။

မေ့သားလှ(ဇလဂ္ဂ)

၁-၂-၂၀၁၂

No comments:

Post a Comment