ကျမ်းစာဖတ်နည်း နိဿရည်း
၁။ မိမိနှင့် သင့်တော်သော ကျမ်းစာကိုရလျှင် နေ့စဉ်မှန်မှန် ကြည့်ရှု့ကာ နိဒါန်းမှ စ၍ နိဂုံးတိုင်အောင် ကြည့်ရှု့သင့်ပါသည်။ (နိဒါန်း၌ ကျမ်းစာ၏ ရည်ရွယ်ချက်များ ပါရှိတတ်၍ နိဂုံး၌ ကျမ်းဆရာ၏ အကြောင်း အတ္ထုပ္ပတ္တိ ဖြစ်စေ၊ အရေးကြီးသော အကြောင်းအရာ ဖြစ်စေ ပါရှိတတ်သည်)။
၂။ ထိုကျမ်းစာ၌ ကြည့်ရှု့ရင်းပင် မိမိ နှစ်သက်ဖွယ် အချက်များကို သို့မဟုတ် မိမိသဘောအားဖြင့် မသင့်ဟု မှတ်ထင်ရသော အချက်များကို သို့မဟုတ် မိမိချည်း မဆုံးဖြတ်နိုင်၍ ပညာရှိထံ မေးဖွယ်အချက်များကို အောက်ခြေက မင်သား၍သော်လည်း ထားပါ။ သို့မဟုတ် စာမျက်နှာနံပါတ်ကိုသော်လည်း မှတ်သားထားပါ။
၃။ အားလပ်ခွင့်ရသောအခါ ထိုမှတ်သားထားသော အချက်များကို သဘောကျလျှင် ထပ်ကာထပ်ကာ ကြည့် သို့မဟုတ် ကျက်ထားပါ။ သဘောမကျလျှင် ပညာရှိနှင့်တွေ့က (နားလည်သူနှင့်တွေ့က) မေးမြန်းပါ။
ဤကဲ့သို့လေ့လာကြမှသာ မိမိမှာ အကြားအမြင် ဗဟုသုတတိုးပွားသူဖြစ်၍ အရာရာ စဉ်းစားနှိုင်းချိန် လေ့ရှိကာ ကျမ်းစာကြည့်ရှု့ရကျိုး နပ်ပါလိမ့်မည်။
(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)။
ဟိတောပဒေသ။ ။ အကြင်သူမှာ မိမိကိုယ်ပိုင် ဥာဏ်မရှိ။ ထိုသူ့မှာ ကျမ်းစာသည် အသုံးမဝင်၊ မျက်စိမမြင်သူမှာ အဖိုးထိုက် အဖိုးတန် ကိုယ်လုံးပေါ် မှန်ကြီးကို ဘယ်လို အသုံးချမည်နည်း။ ။
ဖတ်ဖူးအုပ်ရေ နည်းသော်လည်း
တစ်သက်လုံး စာအုပ်အစိတ်၊ သုံးဆယ်သာ ဖတ်ဖူးသော်လည်း စာအုပ်ပေါင်း ငါးရာလောက် ဖတ်ဖူးသူထက် ပိုတော်သည့် ပုဂ္ဂိုလ်တွေကို တွေ့ဖူးသည်။ သူတို့က ဖတ်ရသလောက် သဘောပေါက်နားလည်အောင် စေ့စေ့စပ်စပ် ဖတ်ကြသူများ ဖြစ်ကြသည်။ ။ (ဆွိဒ်မာဒင်)။
စာကိုဘယ်လိုဖတ်ရမည်နည်း
စာကို ကလေးများဖတ်သလို စိတ်ပျော်ချင်လို့တော့ မဖတ်ပါနှင့်။ ကြီးမြင့်သူများကဲ့သို့ သူတစ်ပါးကို ဆရာလုပ်ရန် မဖတ်ပါနှင့်။ ကိုယ့်ဘဝတွင် လိုက်နာကျင့်ကြံနေထိုင်သွားရန်အတွက်သာ ဖတ်ပါ။ (ဂတ်စတေ့ဖလောဗတ်)။ ။
စာကပေးသည့် အားသစ်ခွန်သစ်
စာကိုဖတ်ခြင်းဖြင့် အသိပညာ၏အာဟာရကို တွေ့ရှိရလေ၏။ စာဖတ်ပြီးသောအခါ စာကိုစဉ်းစားတတ်မှသာ အသိပညာ၏ အာဟာရကို ရပေလိမ့်မည်။ ကျွန်ုပ်တို့က အသိပညာ၏ အာဟာရကို တွေ့ရုံမျှသာ စာကိုမဖတ်ဘဲ ထိုအာဟာရကို ကျွန်ုတို့အတွက် အားသစ်ခွန်သစ် ဖြစ်အောင် စဉ်းစားရပေ၏။ (ဂျွန်လောက်)။ ။
စာအုပ်အားလုံးကို မဖတ်နိုင်
စာအုပ်ကောင်းများကို အရင်ဖတ်ပါ။ အဘယ့်ကြောင့်ဆိုသော် သင်သည် စာအုပ်အားလုံးကို ဖတ်ရန် အခွင့်အခါ သင့်မည် မဟုတ်ပေ။ (သိုရူး) ။
မေးမြန်းပါ
အကယ်၍ ကျွန်ုပ်တို့သည် တကယ့်ပညာရှင်တစ်ဦးနှင့် ဆုံးစည်းကြုံကြိုက်လျှင် ထိုပုဂ္ဂိုလ် မည်သည့်စာအုပ်များဖတ်သည်ကို မေးမြန်းသင့်ပေသည်။ (အီမာဆင်)။ ။
စကားပုံ။
စာတွေ့ကို ဥာဏ်ယှဉ်၍သုံး။ (အင်္ဂလိပ် စကားပုံ)။
တိုးတက်သောလူမျိုးသည် စာဖတ်ကြ၍ စာဖတ်သော လူမျိုးသည် တိုးတက်၏။ (တရုတ်စကားပုံ)။ ။
အဖိုးအနဂ္ဃ
သစ္စာတရား၊ ဥာဏ်ပညာ၊ အဆုံးမသြဝါဒ၊ အသိပညာတို့ကို ငွေကြေးအကုန်ကျခံ၍ လေ့လာဆည်းပူးလော့။ ယင်းတို့သည် အဖိုးအနဂ္ဃ ထိုက်သည်ဖြစ်၍ ငွေကြေးနှင့် မလဲနှင့်။ (ရှောလမုန်မင်းကြီး)
အသိနှင့် ကိုယ်ကျင့်
အသိသည် အသိသာ၊ ကိုယ်ကျင့်မဟုတ်၊ သိတိုင်း မကျင့် နိုင်လျှင် သိနေရုံဖြင့် အကျိုးမရ၊ ကျမ်းစာတို့သည် သိအောင်သာ ညွှန်ပြနိုင်၏။ ကျင့်၍မပေးနိုင်ကြ။ ယခုကာလ စာပေလိုက်စားသူများ၊ အဆုံးအမ များများ ခံရသူတို့သည် အသိမနည်းလှ။ သို့သော် ထိုသိသူများတွင် အထိုက်အလျောက် စောင့်စည်းသူ၊ သတိထားသူကား အလွန်နည်းပါးလှ၏။ ထိုကဲ့သို့ လူစားတွေ ပေါများနေသော ဤလောကကြီးဝယ် လူကောင်းသူကောင်းများပင် စိတ်ထားကောင်းဖို့ ခဲယဉ်းလေတော့သည်။
(တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)
စာပေလည်းသင် အကျင့်ပြင်
စာပေလည်း သင်၊ အကျင့်ပြင်၊ မြှင့်တင် သာသနာ၊
စာပေတတ်သိ၊ စိတ်ကောင်းရှိ၊ လို၏ သာသနာ။
(မဟာသုဗောဓာရုံ ဆရာတော်ကြီး)
မေ့သားလှ(ဇလဂ္ဂ)
စုစည်းတင်ပြသည်။
No comments:
Post a Comment