သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ
အဂ္ဂမဟာပဏ္ဍိတ
မဟာဓမ္မကထိကဗဟုဇနဟိတဓရ
အဖွဲ့ကြီး၏ပြည်ပသြဝါဒစရိယဆရာတော်
Ph.D, D.Litt ,
ဒေါက်တာအရှင်ဥာဏိဿရ
၏
သြဝါဒကထာ
ကိံသု ယာဝ ဇရာ သာဓု ၊ ကိံသု သာဓု ပတိဋ္ဌိတံ ။
ကိံသု နရာနံ ရတနံ ၊ ကိံသုစောရေဟိ ဒူဟရံ ။
ငါ့ရှင်တို့ အဲဒီစာ ဘယ်နားမှာပါသလဲ ? ( သဂါထာဝဂ္ဂပါဠိ ၊ ဂါထာ - ၅၁ ) ။ ကိံသု ယာဝ ဇရာ သာဓု - အိုတဲ့တိုင်အောင်ဘာကောင်းလဲ ? ကိံသု သာဓု ပတိဋ္ဌိတံ - ဘယ်မှာရပ်တည်နေမှ ကောင်းမလဲ ? ကိံသု နရာနံ ရတနံ - လူတို့ရဲ့ ရတနာဟာဘာလဲ ။ ကိံသု စောရေဟိ ဒူဟရံ - သူခိုးမခိုးနိုင်တာ မပျောက်ပျက်နိုင်တာ ဘာရှိလဲ ? ဒါဟာ ( Question ) ။ စာအုပ်တွေထဲမှာလည်း Question တွေ ၊ Answer တွေရှိတယ် ။ ဒီတော့ ဒေသနာမှာဟောတဲ့ နည်းတွေဟာ တောက်လျှောက် ဓမ္မဓိဋ္ဌာန်နဲ့ ဟောတာတွေ ပုဂ္ဂလဓိဋ္ဌာန်နဲ့ ဟောတာတွေ ရှိတယ် ။ ပုဂ္ဂိုလ်ကို ရည်ညွှန်းပေမဲ့ ဓမ္မအတိုင်း ဟောသွားတာတွေ ၊ ဓမ္မကို ရည်ညွှန်းပေမဲ့ ပုဂ္ဂိုလ်ကို ပြောပြောသွားတာတွေ ၊ ပုဂ္ဂိုလ်ပဲ ရည်ညွှန်းပြီး ပုဂ္ဂိုလ်ကိုပဲ သရုပ်သွင်းသွားတာတွေ ဟောနည်းပြောနည်း တွေရှိတယ် ။ ဒီမှာတော့ Question and Answer အမေးနဲ့အဖြေ ။ ဒီနေ့ ကမ္ဘာအရပ်ရပ်မှာ Dialouge တွေ တော်တော်ခေတ်စားတယ် ။ နိုင်ငံရေးမှာဆိုရင် သိပ်ပြောများတာ . . . . အပြန်လှန် မေးမြန်းဆွေးနွေးတာ ။
အဲဒီတော့ Research။ မင်းတို့ M.A နှင့် Ph.D တန်းမှာ သိပ်အရေးကြီးတာ ၊ ပါဠိစာပေမှာ လည်းရှိတယ် ။ သုတေသန ဆိုတာ - သုတကို ရှာဖွေတာ ။ သုတဆိုတဲ့သဒ္ဒါဟာ ဘာသာပြန်တော့ Knowledge ပဲ၊ Wisdom အဆင့်ကိုမရောက်ဘူး ။ အဲဒါလေးတော့ သိဖို့လိုတယ် ။ Knowledge နှင့် Wisdom ကလည်း နဲနဲကွာတယ် ။ Research ဆိုတာ မင်းတို့ M.A, Ph.D တွေရေးကြတယ် ။ သူများပြောတာတွေ လျှောက်စုပြီး တော့မှ အဲဒါ ရေးသွားတာပဲ ။ ကိုယ်တိုင်တွေ့ ကိုယ်တိုင်သိ ကိုယ်တိုင်နားလည်းတဲ့အရာ အဲဒီထဲမှာ မပါသလောက်ပဲ ။ ဘယ်သူက ဘာပြောတယ် ၊ ဘယ်စာအုပ်မှာဘယ်လိုရှိတယ် ။ အဲဒါတွေ လျှောက်စီကုံးသွားတာ။ မင်းတို့မှာ အဲဒါနဲ့ Thesis တစ်ဆောင်ဖြစ်သွားတာပဲ ။ ဒါဟာ ဘာလဲဆိုတော့ ဗဟုသုတရဖို့ ဘယ်စာအုပ်ထဲမှာ ဘယ်လိုဖတ်ဖူးတယ် ၊ ဒီတော့ ဟို Thesis ပိုင်းက ဘာကြည့်ပေးတာလဲ ဆိုတော့ ဒီကျောင်းသားဟာ စာအုပ်ပေါင်း ဘယ်လောက် ဖတ်ခဲ့တယ် ၊ စာအုပ်ပေါင်းမြောက်များစွာကို ဘယ်လောက် ဖတ်ထားတယ် ၊ နောက်တစ်ခါ ဖတ်တာကို ဘယ်လို ဖတ်တယ် ၊ နောက်ပြီးတော့ ဘယ်လို စုစည်းတယ် ၊ စုစည်းတာကို Compilation လို့ခေါ်တယ် ။
နောက်တစ်ခါဘာလဲဆိုတော့ Criticize ဝေဖန်တယ် ၊ ဟိုကျမ်းက ဘယ်လိုဆိုတယ် ၊ ဒီကျမ်းက ဘယ်လိုဆိုတယ် ၊ ဒါတော့ ဖြစ်နိုင်တယ် ၊ ဒါမဖြစ်နိုင်ဘူး ဒီလိုပြောသွားတယ် ။ ဥပမာ တို့ ဗုဒ္ဓဂယာစေတီတော် ကြီး လေးထောင့် ကြီး။ ဗုဒ္ဓဘာသာ သမိုင်းမှာ အကုန်လုံး သံပုရာသီး တစ်ခြမ်း ခွဲထားတဲ့ အတိုင်းပဲရှိတာ ။ ဘာလို့ ဗုဒ္ဓဂယာစေတီတော်ကြီး လေးထောင့်ဖြစ်နေတာလဲ? အဲဒါ မင်းတို့ Research လုပ်ကြည့်ပါ ။ အဲဒါကြံပေါ့ ၊ အသောကမင်းကလည်း (Jain) ဂျိန်းကနေ ပြောင်းလာတာ မဟုတ်လား ? ဂျိန်းဘာသာကနေ Buddhism ဖြစ်လာတာ ။ ဂျိန်းဘုရားက လေးထောင့် ၊ အဲဒါကြောင့် မူလ ဂျိန်းအငွေ့ အသက်ကလေးဟာ လေးထောင့်လေး ဒီထဲမှာ ဝင်နေတယ် ။ နောက် သူတည်တဲ့ စေတီပေါင်း ရှစ်သောင်းလေးထောင်ကြတော့ ဒီလို လေးထောင့် စေတီတစ်ခုမှ မရှိဘူး ၊ အကုန်အလုံးကြီးတွေ ။ မြန်မာပြည်က စစ်ကိုင်းကောင်းမှုတော် စေတီလိုဘဲပေါ့ ။
စာတွေ ဘယ်လောက်ဖတ်ထားသလဲ ? စာအုပ်ပေါင်း ဘယ်လောက်ကြည့်ထားလဲ References တွေ များများပြနိုင်လေ စာအုပ်များလေလေ ကောင်းလေပဲ ။ စေ့စေ့ စပ်စပ် ဘယ်လောက် ဖတ်လဲ ? ဝေဖန်ဆန်းစစ်ချက် ဘယ်လိုပါလဲ ? တကယ်တော့ ဒါ သုတေသနနော် ။ မြန်မာလိုကတော့ သုတေသန ၊ အင်္ဂလိပ်လိုက Research ။ ဒါပေမဲ့ Already research ပါပဲကွာ ။ သူများတွေရှာပြီးသားကို မင်းတို့ ဘာလုပ်တာလဲ ? ပြန်ရှာတာ ၊ အဲဒီတော့ အခု ငါရှာပြတယ်လေ ။
ကိံသု ယာဝ ဇရာ သာဓု ၊ ကိံသု သာဓု ပတိဋ္ဌိတံ ။
ကိံသု နရာနံ ရတနံ ၊ ကိံသု စောရေဟိ ဒူဟရံ ။
ငါက Search အဲဒါကို မင်းတို့က Research ပြန်လုပ်ကြ ။ ( သဂါထာဝဂ္ဂပါဠိ ၊ ဂါထာ - ၅၁ ) ။ အဲဒါဟာ မင်းတို့ကို ဒါလေး မေးလိုက်တာဟာ ဘာအဓိပ္ပါယ်လဲဆိုတော့ ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်လက်ခံတဲ့ ထေရဝါဒကျောင်းသားတွေအနေနဲ့ မဟာဗောဓိစေတီတော်ကြီးရဲ့ အနီးမှာ ထေရဝါဒ ပိဋကတ်ကို ရွတ်ဖတ်ကြတော့ ကိုယ်ရွတ်ဖတ်တဲ့စာလေးတွေ ဘယ်နားမှာ ဘာရှိတယ်ဆိုတာကို သိအောင် ရွတ်ဖတ်သွားကြ ။ မှတ်မိအောင် ရွတ်ဖတ်သွားကြ ။ အိမ်မက်ကောင်းကောင်း မက်လိုက်တဲ့ လူ “အ’’ ပြန်မပြော နိုင်သလို မဖြစ်စေနှင့်ပေါ့နော် ။ အိမ်မက်ကတော့ သိပ်လှတာပဲ ပြန်ပြောချင်တယ် “အ’’ နေတယ် ။ အဲဒီတော့ ပြန်မပြောနိင်ဘူး ။ “မူဂေါဝ သုပိနံ ပဿံ ကထေတုမ္ပိ န ဥဿဟေ’’ ဒါဟာ လောကနီတိထဲပါတယ် ။ (ပဏ္ဍိတကဏ္ဍ၊ လောကနီတိ ဂါထာ - ၃၈) ။ အဲဒီလို မဖြစ်စေနဲ့ ဒါလေးနဲ့စပ်ပြီး ငါ့ညီတော်တွေအားလုံးကို ဘာတိုက်တွန်းချင်သလဲဆိုရင် ပိဋကတ်ကို မရပ်မနား ဖတ်ကြကွာ။ ဒို့ရဲ့ရပ်တည်ရာဟာ ဒါဟာထေရဝါဒ ပိဋကတ်သုံးပုံဘဲ ။ ရွတ်ဖတ်တာများတော့ ဒါအရှိန် အဟုန်ကောင်းလာပြီး ဖတ်ချင် ကြည့်ရှုချင်တဲ့ အရှိန်အဟုန်ကိုကောင်းစေတယ် ။ အဲဒီတော့ ဒီစကားရပ်မှာ ကိံသု သာဓု - ဘာကောင်းလဲ ? ယာဝဇရာ သာဓု - အိုတဲ့အထိကောင်းတယ် ။
မြတ်စွားဘုရား ပါဝါပြည် ကုသိနာရုံသို့ ကိုးမိုင်ခရီးကို ကဆုန်လပြည့်နေ့ ကြွသွားတယ် ။ ( ၂၄ ) ခါနားတယ်။ “ကိလန္တောသ္မိ အာနန္ဒ’’ လို့ တည့်တည့်ကြီးပြောတယ် ။ ငါပင်ပန်းပြီ အာနန္ဒာ ၊ ငါဘုရားနားဦးမယ်တဲ့ ။ ပါနိယံ ဟရ - သောက်ရေးပေးပါတဲ့ ဒါပဲပြောတယ် ။ အဲဒီတော့ အရှင်အာနန္ဒာက သောက်ရေဘာညာ ကပ်လို့လည်းပြီးရော ယပ်တောင်လေးနှင့် ခပ်ပြီးနေနေတုန်း ယင်တစ်ကောင်းနားတော့ နောက်ကျောကို လက်ကလေးနှင့်ပွတ်ကာ အရေတွေတွန့်တာ သွားတွေ့တယ် ။ ဒီတော့ အာနန္ဒာက မြတ်စွားဘုရား အိုပြီဘဲ ။ အဲဒီတော့ မြတ်စွားဘုရားက ပြောတယ် ။
“သေယျထာပိ အာနန္ဒာ ဇဇ္ဇရ သာကဋံ ဝေဓမိဿကေန ယာပေတိ ဧဝမေဝခေါ အာနန္ဒ ဝေဓမိဿကေန မညေန တထာဂတဿ ကာယော ယာပေတိ’’ လှည်းအိုကြီး ကျွဲနှင့်နွားနှင့် ဆွဲမောင်းသလို မောင်းနေတာဟာ ဇရာနော် ။ အိုတယ်ဆိုတာ ဘာဖြစ်တာလဲဆိုရင် အဋ္ဌကထာ နှင့် အဖွင့်မပြောဘဲ ပါဠိတော်ကို ပါဠိတော်နှင့်ဖွင့်တဲ့ အဖွင့်ကလေးတစ်လုံးလောက် ဘယ်ကနေရွတ်မလဲ ၊ ဓမ္မစက္ကပဝတ္တန သုတ်မှာရွတ်ရင် ဇရာပိဒုက္ခာ ပဲရတယ် ။ ဗျာဒိပိ ဒုက္ခော မရဏံပိ ဒုက္ခံ ရှိတယ် ။
ဇရာကို ဒုက္ခဟု ဒီလောက်ဘဲပြောတယ် ။ အဲဒါဟာ ဘာလဲဆိုတာကို သိချင်ရင် သတိပဋ္ဌာန်လေးပါးထဲက နောက်ဆုံး ဓမ္မာနုပဿနာမှာကြည့်။ မဟာသတိပဋ္ဌာန်သုတ်မှာ အခန်း( ၅ ) ခန်းပါတယ် ။ နောက်ဆုံးအခန်းက သစ္စပဗ္ဗ - သစ္စာခန်း ။ ဒုက္ခသစ္စာအခန်းမှာ ကတာမာစ ဘိက္ခဝေ ဇရာ ? ယာတေသံ တေသံ သတ္ထာနံ တမှိ တမှိ သတ္တနိကာယေ ဇရာ ဇီရဏတာ ခဏ္ဍိစ္စံ ပါလိစ္စံ ဝလိတ္တစတာ အာယုနော သံဟာနိ ဣန္ဒြိယာနံ ပါကော အယံ ဝုစ္စတိ ဘိက္ခဝေ ဇရာ ။ ( မဟာဝဂ္ဂပါဠိ- (ဒီနိ-၂ ၊နှာ ၃၀၅ ၊ မူလပဏ္ဏာသပါဠိ ၊ ဒုက္ခနိဒ္ဒေသ ၊ နှာ ၈၂ ) ဒါလေးမှတ်ခဲ့ ။ ဇီရဏတာ ဆွေးသွားတယ် ဟုတ်လား? ဇရာဆိုတာ ဆွေးသွားတယ် ။ Decay of the material body.။ ရုပ်သဏ္ဍာန်ကြီးဘာဖြစ်လဲ? ဆွေးသွားတယ်။ The sign of decy က ဘာတွေပြလဲဆိုတော့ ခဏ္ဍိစ္စံ ပါလိစ္စံ ဝလိတ္တစတာ ကိုပြတယ် ။ အားလုံးအတွက် သံဝေဂ ပေးသွားတာလေးက နောက်နားကစာလုံး အာယုနော သံဟာနိ အဲဒါက မင်းတို့ငါတို့ကို သံဝေဂပေးတာ ။ အာယုနော- ကို ဘာသာပြန်တော့ အသက် ရုပ်ဇီဝိတ နာမ်ဇီဝိတ နှစ်ပါးကို အသက်ခေါ်တယ်မဟုတ်လား ။ အဲဒီအသက်ဘာဖြစ်သွားလဲ သံဟာနိ - ယုတ်သွားတယ် ၊ လျှော့သွားပြီ ။ ဒီတော့မကောင်းဘူး သက်တန်းတိုသွားပြီ ။ နေရမည့်အချိန် နည်းသွားပြီ ။ လူဘဝနေရဖို့ အချိန်လေးနည်းသွားပြီ ။ အဲဒီတော့ ဒါ သံဝေဂဘဲ ။ ငါ အခု (၇၄) နှစ်ရှိသွားပြီ ။ နှစ်တစ်ရာနေရမယ်ဆိုရင် နေဖို့အချိန်က နောက် (၂၅ , ၂၆ )ဘဲ ကျန်တော့တယ် ။ မင်းတို့တွက်ကြည့် ကိုယ့်အသက်ကို ငါလူ့ပြည်နေဖို့ ဘယ်လောက်အချိန်ရှိသေးလဲ? ဒါပြောတာ ။
အဲဒီတော့ Research ဆိုတာ ဒါပဲကွာနော် ။ တို့ပိဋကတ်မှာ Research အများကြီးရှိတယ်။ ငါ အခုမင်းတို့ကို စာသုံးခုပြောနေတယ် ။ ကိံသု ယာဝ ဇရာ သာဓု ပုဒ်ဟာ သဂါထာဝဂ္ဂ သံယုတ်မှာပါတယ်။ ဇရာဆိုတဲ့ပုဒ်ကို ပထမဆုံးပုဒ်ကို ပထမဆုံးဘုရားမိန့်တဲ့ စကားကိုရှာချင်ရင် ဘယ်သွားရှာမှာလဲ ၊ ဓမ္မစကြာသုတ်မှာ ရှာမယ် ။ အဲဒါ အဖွင့်ကြည့်ချင်ရင် ဘယ်သွားကြည့်မှာလဲ မဟာသတိပဋ္ဌာန် သုတ်ကြည့် ။ အဲဒါကိုဘဲ Research လို့ဘဲ ခေါ်တာဘဲ ။ ဒီတော့ သုတေသနပြုနည်းဟာ တို့ဗုဒ္ဓပိဋကတ်မှာ ရှိတယ် ။ ရှိပြီးသာတွေကို တို့ကမကြည့်မိကြဘူး ။ အဲဒီတော့ မင်းတို့တစ်တွေ ထေရဝါဒ ဗုဒ္ဓဘာသာထွန်းကား တဲ့ ပိဋကတ်သုံးပုံကို စနစ်တကျသင်ကြားပို့ချနေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကလာပြီးတော့ အိန္ဒိယပြည်ကြီးမှာ ထေရဝါဒ ပိဋကတ်ကိုစွဲစွဲမြဲမြဲကြည့်ဖြစ်ဖို့ မမေ့ကြနဲ့ ။ မင်းတို့တစ်တွေအားလုံးဟာ ကုလားဆရာတွေရဲ့ လက်အောက်မှာ စာသင်နေကြရတယ် ။ ကုလားဆရာတွေ ဒီပိဋကတ် ဘယ်လို မှ မတတ်ဘူး ။ မှန်းချေနှင့် ရမ်းပြီးတော့ ဖြီးနေတဲ့ သူတွေများပါတယ် ။ တို့ပွဲတစ်ပွဲမှာ ( Closing speech ) ပြောခဲ့တယ် ။ လူတစ်ယောက် တောထဲသွားရင်းနဲ့ ရင်ဝမှာမြှားမှန်တယ်။ ဘယ်ကပစ်မှန်းမသိဘူး ဆွေမျိုးတွေ ဝိုင်းလာပြီးတော့ မြှားဆွဲနှုတ်ပြီး အနာဆေးသိပ်မယ်လို့လုပ်တော့ အဲဒိမြှားစူးခံရတဲ့လူက ဘာပြောလဲဆိုတော့ ဟေး ခဏနေကြဦး ။ အဲဒိမြှားပစ်တဲ့လူဟာ ဘာလူမျိုးလဲ ၊ အသားရောင်ကဘာလဲ ၊ အရပ်တိုသလား ၊ ရှည်သလား ၊ အဲဒီပစ်တဲ့လူကို Research လုပ်ပါဦး ။ မြှားမနှုတ်နှင့်ဦး ပစ်လိုက်တဲ့လေးက ဘာလေးမျိုးလဲ ၊ လေးကို သုတေသန လုပ်ပါဦး ။ စူးနေတဲ့ မြှားက ဘာအမျိုးစားလဲ မြှားကို Research လုပ်ပါဦး ၊ မြှားအရွက်က ဘာရွက်လဲ ၊ အသွားက ဘာအသွားလဲ ၊ အဆိပ်က ဘာအဆိပ်လဲ ၊ မြှားပစ်တဲ့လူရယ်၊ လေးရယ် ၊ မြှားရယ်၊ အဲဒိဟာတွေကို Research လုပ်ပြီးမှ မောင်ရင်တို့ မြှားနှုတ်ပြီးတော့ ဆေးထည့်ကြပါ ။ အဲလိုနဲ့ လုပ်ရင်း လုပ်ရင်းနဲ့ မြှားက မနှုတ်လိုက်ရဘူး ။ ဆေးလည်းမထည့်လိုက်ရဘူး ။ သေရော ။ အဲဒါ စူဠမာလုကျပုတ္တ သုတ်မှာ ပါတယ် ။
အဲဒီတော့ သုတေသနဆိုတဲ့အရာဟာ ထပ်ပြီးတော့ ဝေဖန်စီစစ်နေတာလောက်ပဲ ။ Practice လက်တွေ့ ကျင့်သုံးဖို့မပါတဲ့အတွက်ကြောင့် ရှာရင်းဖွေရင်းစီစစ်ရင်းနဲ့ ဘဝတွေဟာ အချိန်ကုန်သွားတယ်။ အာယုနော သံဟာနိ ကို သတိပြုနော် ။ တစ်ရက် တစ်လ တစ်နှစ်ကုန်ရင် လူ့ဘဝနေဖို့ရန် အချိန်က ရော့ရော့သွားတယ် လူ့ဘဝနေဖို့အချိန်ကလေးကနည်းနည်းလေးရှိတယ်။ အဲဒီတော့ ဒီလို Research နှင့်ပဲ အချိန်ကုန်နေတယ်ဆိုရင် ကိလေသာရင်ဝမှာ စူးနေတဲ့ မြှားဟာ ဘယ်လူ ဘယ်လို နှုတ်လိုက်မှန်းမသိဘူး ။ ဆေးလည်းမပေးလိုက်ရဘူးနော် ။ အဲဒါကြောင့် အချိန်ကို တန်ဖိုးထား၊ ဘဝကိုတန်ဖိုးထား ၊ ကိလေသာမြှားကို ဆွဲထုတ်နိုင်ဖို့နှင့် ဒဏ်ရာကိုဆေးထည့်ဖို့က အဓိကနော် မင်းတို့ စာသင်ရင်းနဲ့ အချိန်မကုန်ကြစေနဲ့ ၊ ထေရဝါဒ ပိဋကတ်ကိုလည်း လက်မလွှတ်ကြနဲ့ ။ ဒါကိုလည်း စွဲမြဲစွာကိုင်ထား ။
ခုနက စကားလေး ပြန်ကောက်လိုက်ရင် ကိံသု ယာဝ ဇရာ သာဓု - အိုတဲ့အထိဘာကောင်းလဲ လို့ မေးတယ် ။ အဲဒီတော့ ဖြေထားတယ်။ သီလံ ယာဝ ဇရာ သာဓု ။ အကျင့်ကောင်းရင် အိုလေကောင်းလေပဲ။ အားလုံးတို့ညီအစ်ကိုတွေ အသက်တွေကြီးပြီဆိုတော့ အိုလာရင် သီလကောင်းမှ ကောင်းတယ်နော်။ သီလမကောင်းရင် မကောင်းဘူးပေါ့ ။ လူ့လောကမှာ သားသမီး ဘယ်လောက်ကောင်းလဲ ။ ရဟန်းလောက ဆိုရင် တပည့်တွေ ဘယ်လောက်ကောင်းလဲ ၊ အိုလာရင် ကောင်းချင်မှ ကောင်းကြမှာ ။ ကိုယ်တိုင်က တကယ်ကောင်းအောင်နေရင်တော့ ဘယ်သူမှအရေး သိပ်လုပ်စရာမလိုဘူး။ အိုလေအိုလေ ကောင်းလေပဲနော်။ သီလဟာ အိုတယ်လို့ မရှိဘူး ။ သီလဆိုတဲ့ ကိစ္စမှာ မများဘူးကွာ ။ ၂၂၇ - သွယ် သိက္ခာပုဒ်တွေ၊သိက္ခာပုဒ် ကုဋေကိုးထောင်တွေ ခဏဖယ်ထားလိုက်။ နှစ်လုံးထဲပြောမယ်။ “Not to do any evils and not to speech any evil’’. ဒါဟာ သီလပဲ ။ အဲဒါကို အကျယ်ပွားလိုက်တော့ ကုဋေကိုးထောင်ဖြစ်တာပဲ ။
မကောင်းမှု မပြုနှင့် မကောင်းသောစကား မပြောနှင့် သို့သော်လည်း အရေးကြီးတာဘာလဲ ဆိုတော့ to understand which is good and which is evil. အဲဒါ သိဖို့လိုတယ်။ Good and Evil မသိလို့ ရှိရင် ဒီဘဝဟာ အကျနာ အထိနာပြီကွနော်။ အဲဒီနှစ်ခုတော့ နားလည်ဖို့လိုတယ် ။ evail ကို Good, Good ကို evil ပြောင်းပြန်လုပ်ရင်တော့ အဲဒါ မိစ္ဆာဒိဋ္ဌိပဲ ။ starting point of Sammaditthi ကဘာလဲ။ To understsnd good and evils. ပါပဲ ။
အဲဒါကြောင့် ဒို့တစ်တွေ သမ္မာဒိဋ္ဌိ ဘယ်ကစသလဲလို့မေးရင် ကောင်းမှုနှင့် မကောင်းမှုကို စနှစ်တကျ သိခြင်းဟာ သမ္မာဒိဋ္ဌိပဲ။ ပုညံ ပါပံ မနတိ ဇာနာတိ - ပေါ့ ။ မကောင်းမှု ဘာကြောင့်မကောင်းလဲ? မကောင်းမှုကို “ပြု’’ ဆိုတဲ့နေရာမှာ စေတနာအဓိကပဲ ။ အဲဒီစေတနာနောက်နားမှာ Behind the volitional deeds ဘာရှိလဲ Evil mental deeds greed hatred and delusion အဲဒါတွေက Drive လုပ်လိုက်တဲ့အခါမှာ အဲဒီ forces ဟိုဘက်က ပြုလိုက်တဲ့ Action ဟာ Evil ဖြစ်သွားတယ် ။ အဲဒါဆို ဟေတုပစ္စယော နှင့် ကမ္မပစ္စယော မင်းတို့ ရွတ်လို့ရပြီ ။ အဲဒါဆို ပေါ်လာတဲ့ဝိပါက်ဟာ ဒုက္ခဝိပါက်ပဲနေမယ် ။ ဝိပါကပစ္စယော ရွတ်လို့ရပြီ ။ အဲဒီတော့ ဒို့ဆရာ ဒို့ဘုရား ဟောတဲ့ဥစ္စာကို ဒို့ဘယ်လိုလေးစားမလဲ ဒို့ဘဝကိုဘယ်လို အသုံးချမလဲ? အဲဒီတော့ ဒီမှာ အိုအောင်ကောင်းတာဘာတဲ့လဲလို့ဆိုရင် မကောင်းမှုကိုမပြုဘဲနေရင် အိုလေကောင်းလေပဲ ။
မကောင်းသောစကားကိုမပြောဘဲနေကြရင် အိုလေကောင်းလေပဲ ။ ဒီတော့ ကောင်းတဲ့သူဟာ အိုလေကောင်းလေပဲ ။ ဒီတော့ အသက်ရှည်ချင်ရင် သီလကောင်းအောင်နေကြ ။သီလကောင်းရင် အကျိုးကျေးဇူးငါးပါးရတယ် ။ အဲဒါမရွတ်တော့ဘူး ။ ရှာယူကြနော် ။ပြောချင်တာက တစ်လုံးပဲ ။ “အသမ္မုဠော ကာလံ ကရောတိ’’ ဘဝမှာ ကြည်ကြည်လင်လင်ပဲနေရမယ် ။ကြည်ကြည်လင်လင်ပဲသေရမယ် ။ အဲဒါကြောင့် အားလုံးအပြစ်ကင်းအောင်နေကြ ။ အိုလာတဲ့အခါ အပြစ်ကင်းမှ သီလပြည့်စုံမှ ဘဝကောင်းတယ် ။ ကိုယ့်ဘဝကို ယုံကြည်ရတယ်။ စိတ်ချရတယ်။ self confidence ပေါ့ကွာ။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချရတယ် ။ နေလည်းကောင်းတယ်။ သေလည်းကောင်းတယ်။
နောက်တစ်ချက်ကတော့ ကိံသု သာဓု ပတိဋ္ဌိတံ -ဘယ်မှာရပ်တည်ရင် ကောင်းမလဲ? သာဓု သဒ္ဓါ ပတိဋ္ဌိတာ - သဒ္ဓါတရားမှာ ရပ်တည်ရမယ် ။ ကိုယ့်ဘဝရပ်တည်ချက်ဟာ သဒ္ဓါပဲ ။ Believe in the Buddha, Dhamma and Sangha. အဲဒါတွေထက် အဆင့်မြင့်ချင်သေးရင် Believe in the Kamma, Believe in the Samsara,Believe in the Nibbana. ပေါ့ အများကြီးပေါ့ အဲဒီသဒ္ဓါတရားက ခိုင်နေလို့ရှိရင် အိုလေအိုလေ ကောင်းလေလေ ။ သဒ္ဓါမခိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ အိုလေအိုလေ ကြောက်စရာကောင်းလေပဲ ။ အဲဒီတော့ ဟိုအသက်ရှစ်ဆယ်ကျော် တို့ပြည်ထောင်စု မြန်မာနိုင်ငံသမိုင်းတွေကို ထုံးလိုမွှေ, ရေလိုနှောက်အောင်တတ်တဲ့ ဒကာကြီးတစ်ယောက် ရွှေဆံတော်ဘုရားသမိုင်းလေ့လာလိုက်တာ ရွှေဆံတော် ပြည်ရွှေဆံတော်၊ တွံတေးရွှေဆံတော် ၊ တောင်ငူရွှေဆံတော် ရှိတယ်။ အဲဒီမှာ ဘုရားကြွလာပြီး ဆံပင်တွေပေးသွားတယ်ပေါ့ ။ ငါဘုရား ရောက်တယ်ပေါ့ ။ မြတ်စွာဘုရား ကြွတယ်ပေါ့ ။ အဲဒီတော့ သမိုင်းဆရာကြီးက ဘာပြောလဲ။ ကုလားလေး ဗမာပြည် မလာပါဘူးတဲ့ ။ မြတ်စွာဘုရား ဗမာပြည်ကြွတယ်ဆိုတာ ယုတ္တိမရှိလောက်ပါဘူးဆိုရင် တော်တော်လေး သက်သာရာရမယ်ပေါ့ ။ ကုလားလေး ဗမာပြည် မလာဘူးဆိုတော့ သူ့နှလုံးသားထဲမှာ ဘုရားကို ယုံကြည်မှုလုံးဝ မရှိဘူးဆိုတဲ့အဓိပ္ပါယ်က အဲဒီစကားလုံးက ပြောသွားတယ် ။
အာစာရော ကုလမာချာတိ၊ ဒေသမာချာတိ ဘာသိတံ ။ အဲဒါနီတိမှာရှိတယ်။ ( ဣတ္ထိကထာ - မဟာရဟနီတိ ၊ နှာ - ၉၇ ) သူ့စကားလုံးကဘာဖြစ်လဲ? သူ့နှလုံးသားကိုဖော်ပြသွားတယ် ။ အဲဒီတော့ မင်းတို့ ငါတို့တစ်တွေ တက္ကသိုလ်တွေမှာ သုတေသနလုပ်ကြတယ်။ စာတမ်းတွေရေားကြတယ်။ Research လုပ်ကြတယ်ဆိုတာ ဝေဖန်စိစစ်ခြင်း မြောက်များစွာလုပ်ကြတယ် ။ အဲဒါတွေဟာ သဒ္ဓါတရားတွေ ပျက်စီးတတ်တယ်။ သဒ္ဓါပျက်စီးရင် ဘဝဟာ အိုလေ,အိုလေ မကောင်းလေလေပဲ။ ဗုဒ္ဓရဲ့ သားတော်တစ်ယောက်သည် ဗုဒ္ဓရဲ့ အပေါ်မှာယုံကြည်ချက်လျော့ပြီဆိုရင်တော့ ဒါသိပ်ကိုမကောင်းတော့ဘူး ဒါကြောင့် သဒ္ဓါ၌ရပ်တည်နေရင် အိုလေ ကောင်းလေပဲ ။ စကြာမင်းကြီးမှာ ပတ္တမြားရတနာရှိတယ်တဲ့ ။ နွေခေါင်ခေါင်ခရီးသွားရင်း ရေငတ်လို့ ချောင်းထဲက ရေတစ်အိုးခပ် ၊ မြောင်းထဲက ရေတစ်အိုးခပ် ၊ ရွှံ့ညွန်တွေနှင့် အပေါ်ကလည်း လှည်းလမ်းကြောင်းက ဖုံတွေနှင့် ပတ္တမြားရတနာ ပစ်လည်းထည့်လိုက်ရော (၁) အနည်ထိုင်သွားတယ်။ (၂) အပေါ်ယံက မြူတွေရှင်းလို့ ရေကြည်သွားတယ်။ (၃) ပူတဲ့ရေက အေးသွားတယ်။
မင်းတို့ငါတို့ နှလုံးသားထဲမှာ သဒ္ဓါတရားဝင်နေရင် မှတ်ထား ။ ကိလေသေ သံနိ သီဒါပေတိ - ကိလေသာတွေ အနည်ထိုင်သွားတယ်။ အဲဒါကိုမပိုင်နိုင်သေးတောင်မှာ အနည်ထိုင်နေရင် မထကြွ မသောင်းကျန်းရင် ဘဝမှာ အတော်ကောင်းတယ် ။ နောက်တစ်ချက်က နီဝရဏေ ဝိက္ခမ္ဘေတိ - နီဝရဏတရားတွေ ပယ်နိုင်တယ်။ သဒ္ဓါတရားကောင်းတဲ့ပိုဂ္ဂိုလ်ဟာ အမြဲတမ်းစိတ်ကြည်လင်နေတယ်။ ရေပြင်မှာ မြူရှင်းသလိုပဲ ။ ရေမှော်တွေကင်းသလိုပဲ။ စိတ်လေးကြည်နေရင် နေလို့ထိုင်လို့ကောင်းတာပေါ့ ။မဂ်, ဖိုလ် မဆိုက်သေးတောင် ဒီလောက်ဆိုရင် ကောင်းတာပေါ့ ။
နောက် တတိယအချက်ကတော့ သန္တတ္တံ စိတ္တံ ဝူပသမေတိ ၊ စိတ္တံပသာဒေတိ၊ အနာဝိလံ ကရောတိ ။ (အဋ္ဌသာလိနီ၊ နှာ -၁၆၂) စာချတန်းတတ်ဖူးတဲ့ တပည့်တွေအားလုံး အဋ္ဌသာလိနီမှာ သဒ္ဓါ၏ လက္ခဏာဒိစတုက္ကမှာ ပါတယ်ဆိုတာ အားလုံးသိကြတယ်။ ငါအခု အသက်( ၇၄) နှစ်နော် စာချတန်းဖြေတော့ အသက်(၂၄)နှစ်ရှိပြီ။ ဒီကနေနောက်ပြန်ကြည့်ရင် နှစ်ပေါင်းဘယ်လောက်လောက်ကြာသွားပြီလဲ? အဲဒါပဲနော် မင်းတို့ခေါင်းတွေထဲမှာ အားမနာတမ်းပြောရရင် ကွန်ပျူတာ လိုဖြစ်သွားပြီ။ ကွန်ပျူတာမှာ Virus ကြောင့် memory တွေအကုန်ပျေက်သွားတယ်။ အဲ အိန္ဒိယလာပြီးတော့ Virus ခေါင်းထဲဝင်နေပုံရတယ်။ အဲဒါလေး ရှိတယ်ကွနော် ။ အဲဒါကြောင့် ဘဝရဲ့တန်ဖိုးဟာ သဒ္ဓါတရားတည်နေမှ အိုလေ နာလေ သေလေ ကောင်းလေကွာ။ သဒ္ဓါမရှိရင် အနည်းဆုံးဘာဖြစ်လဲ ကိလေသာလည်း သောင်းကျန်းလွယ်တယ်။ နီဝရဏလည်း ဖုံးလွှမ်းလွယ်တယ်။ ပြီးတော့ ဘာဖြစ်လဲ စိတ်ကလည်းပူပန်တယ်။ အဲဒီသုံးခုကို သဒ္ဓါတရားတိုးပွား ကြိုးစားကြပါ ။
နောက်တစ်ခုက ကိံသု နရာနံ ရတနံ။ ရတနံ - ရတနာဟာ ၊ နရာနံ -လူတို့ရဲ့ ၊ ကိံ -ဘယ်ဟာပါလဲဘုရား။ ရတိံ ပေမံ ဇနေတီတိ ရတနံ -ချစ်ခင်မြတ်နိုးဖွယ်ကောင်းတဲ့အရာဝတ္ထုကို ရတနာလို့ခေါ်တယ်။ စိတ္တီကတံ -ဆန်းကြယ်သော သဘောရှိသော၊ မဟဂ္ဃံ - တန်ဖိုးရှိတဲ့ရတနာ၊ အတုလံ -လိုက်တုလို့မရဘူး။ ဒုလ္လဘဒဿနံ - ရခဲတယ် ။ မနောမသတ္တပရိဘောဂံ - အထက်တန်းကျတဲ့ပုဂ္ဂိုလ်တွေမှ ဒီရတနာကိုသုံးတာ ။ ဒါကြောင့် ငါ့ရှင်တို့ ပညာဟာ ရတနာနော်။ ပညာဟာ နေရာတကာအသုံးတည့်တယ်။ ပညာ နရာနံ ရတနံ။ အဲဒီတော့ ပကာရေန ဇာနာတီတိ ပညာ ပေါ့ကွာ။ မင်းတို့ Understand details အသေးစိပ်လေးသိအောင်လုပ်။ အခုငါဂါထာတစ်ပုဒ်ကို ရွတ်ပြီးတော့ ကျမ်းစာအုပ်ပေါင်းမြောက်များစွား ပါဠိ အဋ္ဌကထာ ဋီကာ မြောက်များစွာ စာတွေဖြန့်ပြီးတော့ အဲဒီထဲမှာ တန်ဆာဆင်ပြနေတယ် ။ မင်းတို့ကို ပြောပြနေတယ်။ အဲဒါယူတတ်ရင် ယူရော့ပဲ ။ စာဘယ်လိုဖတ်မယ်၊စာဘယ်လိုစုမယ်၊စာဘယ်လိုညှိမယ်။ အဲဒီလိုလုပ်တတ်ရင် ဒါဟာ Research ပါပဲ။ တက္ကသိုလ် တတ်နေတဲ့ လူတွေကတော့ Research အဓိပ္ပါယ်ကတော့ အနောက်တိုင်းကလာမှာပေါ့။ ဟို အရှေ့တိုင်းမှာ Research မရှိဘူးလား? ရှိတာပေါ့ကွာ။
ဓမ္မော သဘာဝေ ပရိယတ္တိပညာ၊ ဥာယျေသု သစ္စာပကတီသု ပုညေ။ ညေယျေ ဂုဏာစာရ သမာဓိသုပိ၊ နိဿတ္တာ ပတ္တီသု ကာရဏဒေါ။ ဓမ္မသဒ္ဒါ သဘာဝအနက်ဟောတယ်။ သဘာဝအနက် ဟောကြောင်းကို ဟို ဒီဃနိကာယ်တစ်ခုက သာဓကတစ်ခုထည့်ပြထားတယ်။ ဓမ္မောသဘာဝေ ပရိယတ္တိ ပညာ - ပရိယတ္တိဘယ်နားမှာ ဟောသွားတယ်ဆိုတာ သူထည့်ထားတယ်။ စသည်ဖြင့်ပေါ့ ။ သုတ်အနက်ကို အဋ္ဌကထာ ကဖွင့်တဲ့အခါ သုတ်ကိုဖွင့်ပြီးသုတ္တံကတော့ ဒီနေရာပဲ အကုန်လုံးယူပစ်သွားတယ်။ Research အဲဒါကြောင့် ပညာနံ ရတနံ နော် ၊ အသေးစိပ်ကလေးနားလည်နိင်တဲ့ အလေ့အကျင့်ကို ကျမ်းစုံညှိပြီးတော့ ၊ ကျမ်းစုံကြည့်ပြီးတော့ မိမိပြောချင်တဲ့စကားလုံးတစ်လုံးကို ကျမ်းပေါင်းများစွာတွေ တန်ဆာဆင်တဲ့ အလေ့အကျင့်ကိုရအောင်လုပ်ကြ ။ အဲဒါလုပ်နိုင်ရင် ပညာတတ်တယ်။ အဲဒီပညာဟာ မင်းတို့ငါတို့ရဲ့ ဘဝကို အလှဆင်တဲ့ရတနာ။ ဒါဟာပညာပဲ ။ ဒါကြောင့် အားလုံးဘဝကို ပညာရတနာနှင့် အလှဆင်ကြ။
အိုလာရင် ဆံပင်ကလည်းမလှတော့ဘူးလေကွာ ။ မျက်လုံးလည်းမှန်တွေကူမှမြင်တယ်။ နားကလည်း မကြား။ ခါးက မကောင်း ။ သွားကလည်းမကောင်း ။ အိပ်မကောင်း ထိုင်မကောင်း ထ မကောင်း အိုလာပြီ မကောင်းတော့ဘူး ။ ထိုင်တော့လည်း တကျွတ်ကျွတ်၊ ထတော့လည်း တကျွတ်ကျွတ် ညသန်းခေါင်လောက်နိုးပြီး ပြန်အိပ်မပျော်တော့ဘူး ။ လူအိုတွေနော် အိုလာရင် ဘာမှကို မကောင်းဘူး ။ ကောင်းတာတော့ ရှိပါတယ် ။ အေး (၁) က သီလ ရှိရင် (၂) ကသဒ္ဓါရှိရင် (၃) က ပညာတတ်ရင် အိုလေကောင်းလေပဲ ။ နောက်ဆုံးတော့ အကုန်လုံးချုပ်လိုက်ရင် ပုညံ ယာဝဇရာ သာဓု။ ယာဝဇရာ - အိုတဲ့တိုင်အောင် ၊ သာဓု - ကောင်းတယ်ဆိုတာက၊ ပုညံ - ကောင်းမှုရှိမှ ကောင်းတယ်။ ကောင်းမှုရှိရင် အိုလေအိုလေ ကောင်းလေလေဘဲ ။ အိုလာပြီ သင်္ချိုင်းခြေတစ်ဘက်လှမ်းပြီ၊ ငါကောင်းမှုဘယ် လောက်ပြုထားလဲ ကိုယ်ပြုတဲ့ ကောင်းမှု မကောင်းမှုတွေကို ချိန်ခွင်ထဲ နှစ်ခုထည့် ကြည့်ပေါ့ ။ မကောင်းမှု တွေထည့်ထားတဲ့ ချိန်ခွင်က အပေါ်တက်သွားရင် ဘဝသံသရာမှာ ထောက်တည်ရာမရနိုင်ဘူး ။ ပုညာနိ ပရလောကသ္မိံ ပတိဋ္ဌာ ဟောန္တိ ပါဏိနံ - ငါရွတ်လိုက်ပြန်ပြီ အဲဒီစာ ဘယ်မှာရိလဲ Research ပြန်ရှာကြ ။ (သဂါထာဝဂ္ဂ -ဒေဝတာသံယုတ်၊ နှာ ၁၈ နှင့် အပုတ္တသုတ် နှာ ၄၇ ) ။
ဘဝသံသရာ လူသားတွေရဲ့ ထောက်တည်ရာသည် ဘာလဲ ကောင်းမှုပဲ ။ အဲဒါကြောင့် အိုလာပြီ ကောင်းမှုနည်းတယ်ဆိုရင် စိတ်ပူစရာကြီးပဲ ၊ ကောင်းမှုကို များများကြီးစုဆောင်းထားရင် အိုတဲ့ပုဂ္ဂိုလ်က အိုလဲ အိုရဲတယ်၊ နာလဲ နာရဲတယ်၊သေလဲ သေရဲတယ်။ ဒုဋ္ဌဂါမဏိ မင်းကြီး တမီးလ်သူပုန်တွေထတော့ (၁၃)နှစ်ကြာ ပြေးလွှားပုန်းနေရတယ်။ နောက်တော့ သူပုန်တွေကို ပြန်တိုက်တယ်။ နိုင်တယ်။ ဒါပေမဲ့ မဟာစေတီကြီးတည်တော့ ဓာတ်တော်တွေစုဆောင်းပြီးတော့ သပိတ်တစ်လုံးထဲထည့်ပြီး ဌာပနာတယ်။ အပ်ယာ ညောင်စောင်းလဲလျှောင်းပြီး သေခါနီးရောဂါစွဲတော့ ဘုရင်ကြီးက သူ့ကိုထန်းစင်နဲ့ထမ်းခိုင်းပြီးတော့ မဟာစေတီတော်ရင်ပြင်မှာ ချပေးရတယ် ။ စေတီတော်ကြီးကြည့်ကြည့်ပြီးတော့ ဟဲ့ဘဏ္ဍာဝန်တွေ ငါတစ်သက်လုံးပြုတဲ့ကောင်းမှု စာရင်းဖတ်စမ်း၊ ကောင်းမှုစာရင်းဖတ်ခိုင်းတယ်။ အဲဒီတုန်းက ဒိုင်ယာယီတွေ ရှိမှာပေါ့ မင်းတို့လည်း ဒိုင်ယာယီ တွေရေးမှတ်ကြ၊ ဘာတွေရေးမှတ်မလဲ ကောင်းမှုတွေ မှတ်ထား၊ မကောင်းတာတွေ မမှတ်ထားနဲ့နော်။ဘယ်တုန်းက ဘယ်နေရာမှာ ဘယ်သူနဲ့ချိန်းတွေ့လိုက်တာ ဒါတွေ ရေးမထားနဲ့နော် ဟုတ်လား ။ ကောင်းတာလေးတွေ ရေးထားနော်၊ ကောင်းမှုစာရင်းဖတ်တော့ ဖတ်ရင်း ဖတ်ရင်းနဲ့ စာရင်းတွေ နာကြား၊ အလှူဒါန ဆိုတာ စာရင်းပြုရတယ်။ အဲဒါ ဘာအဓိပ္ပါယ်လဲဆိုတော့ အနုဿတိ (၁၀) ပါးမှာ စာဂါနုဿတိရှိတယ်မဟုတ်လား။ အဲတော့ စာက ကွင်းဆက်ရှိတယ်နော် ။ဒီတော့ မင်းတို့ စာဆက် တတ်တဲ့ အလေ့အကျင့်ကို မင်းတို့ကျင့်ရမယ်။ ဖတ်ပြီးတော့ မှတ်မိတဲ့အလေ့အကျင့်လုပ်ရမယ်။ တစ်ခုနဲ့တစ်ခု ကွင်းဆက်ရှိတာကို ဆက်ပေးလိုက်။ အဲဒါဆို မင်းတို့ရေးတဲ့စာတွေ လှပြီ ။အဲဒါ စာဂါနုဿတိဆိုတာ ဒါပဲ ၊ ကိုယ့်ကောင်းမှုကို ပြန်နှလုံးသွင်းတာ ။ ဝိပဿနာ မလုပ်နိုင်တာတောင် ဒီလောက်တော့ လုပ်ရမယ် ။
အဲဒီတော့ မင်းကြီးဟာ လှူဒါန်းတဲ့ အလှူလေးနှလုံးသွင်းပြီး ပြုံးလို့ ……………. မဟာဝိဟာရ ကျောင်းတိုက်ကြီး တည်တဲ့ကောင်းမှုကို အမှတ်ရပြီးပြုံးတာတော့မဟုတ်ဘူးတဲ့၊ ( ၁၃ )နှစ်တောထဲမှာ ပြေးပုန်းနေတုန်းက ဒမ္ဘူလ ဆိုတဲ့နေရာဟာ ဘုရင်ကြီးပုန်းတဲ့နေရာ။ ပြေးပုန်းတုန်းက စာခါနီးပွဲတော်တစ်ခုကို ပြင်ထားတုန်းမှာ ကောင်းကင်ထက်က ရဟန္တာတစ်ပါးက ကြွလာပြီး သူ့ရှေ့နားဖြတ်လျှောက်သွားတော့ အဲဒီမှာ ဆွမ်းတစ်နပ် လောက်းလိုက်ရတယ်။ ပြေးရင်းပုန်းရင်းနဲ့ လောင်းရတဲ့ ဆွမ်းနော်။ အဲဒါမျိုးကို ဒုက္ကရဒါန လို့ခေါ်တယ်။ ဒုက္ကရဒါနအကြောင်းက အင်္ဂုတ္ထိုတိကနိပါတ်မှာ ပါတယ်နော်။ အဲဒီတော့ မဟာစေတီကြီးကို တည်တာဟာ အာဏာစက်သုံးပြီးတော့ တည်တာ မဟုတ်လား ? ၊အခုနက ဘာအာဏာစက်မှမပါဘဲနဲ့ ပြေးရင်းပုန်းရင်းစားခါနီး ထမင်းအိုးထဲက နှိုက်ပြီးတော့ ရဟန္တာကြီး ကောင်းကင်က ဆင်းသက်တာကို လှူရတဲ့ကောင်းမှုဝမ်းမြောက်ခြင်း မတူဘူးလေ ၊ အဲဒီဆွမ်းပွဲလေး အမှတ်ရတဲ့အခါမှာ ပြုံးပြီးတော့ ဘုရင်းကြီး တပည့်တည့်ပြောရင် သေတယ်ပေါ့ကွာ။ ဒါပေမဲ့ ပြုံးပြုံးလေးသေတဲ့ ဘုရင်ဟာ အပါယ်လေးပါးမသွားဘူးပေါ့ ၊ နတ်ပြည်သွားမှာ မဟုတ်လား ၊ အဲဒီတော့ နတ်ရွာစံတော်မူတယ်။ ဘုရင်ကိုကွနော်။ နောက်တစ်ခု ဝိသာခါတို့လဲ နတ်ပြည်သွားတာပဲ မဟုတ်လား ။ ဒါပေမဲ့ စာက နတ်ရွာစံတယ်လို့မရေးရဘူး ။ ဘာလို့မရေးရတာလဲ ၊ အရင်က ဒီစာလုံး မသုံးဘူးလား ဒါက Research ပဲနော် ။ နတ်ပြည်တကယ်သွားတဲ့သူဟာ နတ်ရွာစံတယ်လို့ ပြောမှာပေါ့နော်၊ ငရဲပြည်သွားတဲ့ ဘုရင်ကြီးကြတော့လည်း အားနာပါးနာနဲ့ ဘုရင်မို့လို့ ဘာပြောလဲ နတ်ရွာစံတော်မူတယ်တဲ့ ။
နတ်ပြည်မသွားဘူး တချို့ဘုရင်က အဝီစိဆင်းတာ အဲဒါ Research ပဲ ။အဲဒါကြောင့် အားလုံး အိုတဲ့အထိ ကောင်းတဲ့ သီလ သဒ္ဓါ ပညာ နှင့် နောက်ဆုံးကတော့ ကောင်းမှုရှိမှ ။ အဲဒါကြောင့် တို့တစ်တွေ ကောင်းမှုလည်းရှိရမယ်၊ ပညာလည်းစုံရမယ်။ ဗုဒ္ဓရဲ့ သားတော်တွေဖြစ်သည့်အားလျော်စွာ (I believe in the Buddha, Dhamma and Sangha) မျက်နှာဖုံးထား တစ်ပြားမှ မလျှော့စေနဲ့။ ပညာတတ်လေလေ နိုင်ငံခြားတိုင်ပြည်ရောက်လေလေ သဒ္ဓါတရား ခိုင်မြဲလေလေဖြစ်သင့်တယ်။ အဲဒီတော့ ယနေ့ခေတ်သဒ္ဓါတရား တွေခေါင်းပါးသွားကြတဲ့ လူ ရှင် ရဟန်းတွေ တော်တော်များလာတယ်။
သာသနာကွယ်တယ်ဆိုတာကတော့ အမှန်တော့ အဲဒီကစတာဘဲ ။ နှလုံးသားထဲ သဒ္ဓါတရား ပျက်တာကစပြီး အဲဒါဘာဖြစ်တာလဲ သာသနာကွယ်တာဘဲ။ အဲဒါကြောင့် …………..
(၁) အိုအောင်ကောင်းတာ သီလ၊
(၂) ကတော့အိုအောင်ကောင်းတာ သဒ္ဓါ၊
(၃) ကတော့အိုအောင်ကောင်းတာ ပညာပဲ၊
အိုလေအိုလေ ကောင်းလေ နာလေနာလေကောင်းလေ သေခါနီးလေကောင်းလေ။ သေပြီးတဲ့ နောက်ဘဝ ဘယ်ရောက်ရောက် နိဗ္ဗာန်တံခါးဝခေါက်သည့်တိုင်အောင် ကောင်းနေမှာကတော့ ဘာတဲ့လဲ၊ ပုည - ကောင်းမှုရှိမှ သံသရာကောင်းတယ်၊ အားလုံးညီအစ်ကိုတတွေ ဘဝတစ်လျှောက်လုံး လက်တွဲပြီးအိုတဲ့အထိ နာတဲ့အထိ သေတဲ့အထိ ဘဝသံသရာတစ်လျှောက် နိဗ္ဗာန်တံခါးပေါက် ခေါက်သည့်တိုင်အောင် အကောင်းတရားလေးပါးလက်ကိုင်ထား ဘဝဆုံးအောင် ကောင်းကြပါစေလို့ အားလုံးကို ဆုတောင်းပါတယ်။
သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ ……
အားလုံးကိုကျေးဇူးတင်ပါတယ်။
မှတ်ချက်။ အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင် မြန်မာကျောင်းသား ရဟန်းတော်များ သာယာဖွင့်ဖြိုးရေး အဖွဲ့ကြီး၏ ၂၀၁၁ ခုနှစ်၊ ဧကာဒသမနှစ်ပတ်လည် အထိမ်းအမှတ်စာစောင် မှ ပြန်လည်ဖော်ပြပါသည်။
အရှင်သုတာစာရာလင်္ကာရ (မေ့သားလှ-ဇလဂ္ဂ)
နာလန္ဒာတက္ကသိုလ်
အိန္ဒိယနိုင်ငံ
No comments:
Post a Comment