စာရေးသူ ယနေ့ဖတ်မိသော မဟော်သဓာဇာတ်ဝင်ခန်းထဲမှ ဘုရားလောင်မဟော်သဓာနှင့် တော်လေးဝ တစ်ဦးအပါဝင် ဖြစ်သည့် အမရာတို့၏ တွေ့ဆုံကြရာတွင် ဝင်္ကဝုတ္တိသဘောဆောင်သည့် နှစ်ဦးနှစ်ဝ သဘောပေါက်နားလည်သွားကြသော အကွက်ကလေးကို ဖတ်ရင်း ဖတ်ရင်း ခပ်ပြုံးပြုံးဖြစ်မိပါသည်။ ရဟန်းတစ်ပါးအနေနှင့် ဘာဆိုင်လို့လဲ ဟု စာဖတ်သူက မေးကောင်းမေးနိုင်ပါသည်။ မည်သည့်စာမဆို လူတိုင်းမိမိနှစ်သက်မိက ဤကဲ့သို့ဖြစ်တတ်မည်ထင်ပါသည်။ ယခု တင်ပြမည့် မဟော်သဓာဇာတ်တော်လာ ဤအကွက်လေးသည် ရိုးလည်းအလွန်ရိုး ယဉ်လည်း အလွန်ယဉ်ကျေးလှပါသည်။ စာဖတ်သူအားလုံး ကြားလည်း ကြားဖူး ဖတ်လည်း ဖတ်ဖူးကြပါလိမ့်မည်။ ဇာတ်ကွက်ကလေးက ဤလိုပါ။
ဘုရားလောင်းမဟော်သဓာနှင့် အမရာတို့ တောလမ်းခရီးတစ်ခု၌ အမှတ်မထင် တွေ့ကြသောအခါ ရှေးရေစက်ပါရမီ စုံဆည်းခဲ့သောကြောင့် ရှေးဦးစွာမျက်စိချင်း ကြိုက်သွားကြသည်ဟု ထင်ပါသည်။ ဘုရားလောင်းမဟော်သဓာက လက်သီးဆုပ်ပြ၏ ။ အမရာကလည်း လက်ဝါးဖြန့်ပြပြန်၏။ ယင်းသို့ ဝင်္ကဝုတ္တိနည်းတို့ဖြင့် ပြုမူကြပြီးနောက် အချင်းချင်း နှစ်ဦးနှစ်ဝ သဘောပေါက်နားလည်သွားကြ၏။ မှန်ပါသည်။ နေ့စဉ်ပြုလုပ်ပြောဆိုနေကြသည့် ကိုယ်အမူရာ နှတ်အမူရာအချို့တို့၌လည်းကောင်း၊ ကဗျာလင်္ကာ စကားပြေတို့၌လည်းကောင်း ဝင်္ကဝုတ္တိသဘောများပါတတ်ပါသည်။ ဥပမာ နာတာရှည်ရောဂါစွဲကပ်နေသူ မိတ်ဆွေတစ်ဦးထံသို့ မိတ်ဆွေတစ်ဦးရောက်လာ၍ ဝမ်းနည်းပမ်းနည်းဖြင့် သတင်းမေးသည် ဆိုပါအံ့။ ထိုအခါ လူနာကလည်း ဝမ်းနည်းစွာဖြင့် ငါ ဤတောင်ကို ကျော်နိုင်မယ် မထင်တော့ပါဘူးကွာဟု ညဉ်းတတ်သည့် စကားမျိုးသည် ဝင်္ကဝုတ္တိ အသွင်ဆောင်နေ၏။ တဘက်သားလည်း သူ၏ အပြောအဆိုအမူအရာကို ခန့်မှန်း နားလည်နိုင်ပါ၏။ ထိုသို့သော အဆိုမျိုးကို သတိပြုမိလျှင် များစွာတွေ့နိုင်ပါသည်။ ဆိုပါစို့။ မယ့်ကို ချစ်ခင်စုံမက်ခြင်းရှိလျှင် အချိန်မီ လာတောင်းလှည့်ပါဟု တိုက်ရိုက်မဆိုဘဲ "မိတ်သလင်နှင့် ချင်း(ဂျင်း)ကို မလို၊ နှမထွေး မယ့်ကိုလိုလျှင် တပေါင်းငယ်မှ တန်ခူး၊ ရွှေဖီဦးကို ခူးလှဲ့ပါရှင် " ဟူသော အဆိုအမိန့်များသည် သွယ်ဝိုက်၍ သိရသော နှတ်အမူအရာ ဝင်္ကဝုတ္တိပင် ဖြစ်ပါသည်။
အလွန်လည်းရှားပါး၊ အချင်းချင်း နှစ်ဦးနှစ်ဝ သဘောပေါက်၊ ရိုးပုံ ယဉ်ပုံလေးများကို ဤမဟ်ာသဓာ ဇာတ်တွင် ထပ်မံတွေ့ရပြန်သေးသည်။ အမရာက သူ့ဖခင်ရှိရာ လယ်တောသို့ ယာဂုထမင်းအပို့သွားရန် ခရီးဆက်စရာ ရှိသေးသဖြင့် မဟာသဓာနှင့် လမ်းခွဲရတော့မည့်အချိန်လေးမှာ အမရာက " အရှင်၊ ကျွန်ုပ်တွင် ပါသော ဤယာဂုကို အရှင့်အား ဆက်လျှင် သုံးဆောင်တော်မူပါမည် မသိ " ဟု မဝံ့မရဲ ဆိုပါသည်။ ဤအမေးစကားတွင် အမရာသည် မိမိ၏ နှလုံးသား၌ ကိန်းအောင်လာသော မေတ္တာညွန့်ငယ်ကို အမျိုးကောင်းသမီးပီပီ ရှက်သွေးနှောလျှက် မဟော်သဓာကို စစ်ဆေးမေးမြန်း သွေးတိုးစမ်းခြင်းပင် ဖြစ်ပါသည်။ ဤစကားလေးသည် အလွန်ရိုးလည်းရိုး ယဉ်လည်း ယဉ်လှပါသည်။
ထိုအခါ ဘုရားလောင်း မဟော်သဓာကလည်း ပညာသားပါပါ ဝက္ကဝုတ္တိနည်းလေးဖြင့် ပြန်လည်ပြောလေသည်။ "အဘယ် ယုတ်မြတ်ဆိုးကောင်း ဟူသည့် စားဖွယ်ဝတ်ဖွယ်တို့၌ ပမာဏမဟုတ်၊ ယုတ်ညံ့သော အဝတ်အစားဖြစ်စေကာမူ ချစ်ကြင်နာသူပေးက လေးမြတ်ထိုက်လှပေသည်။ သို့ဖြစ်လျက် အသက်ကို နှင်းရမည့်သူ သင်သို့စဉ်လျှင် ကြင်နာမြတ်လေးဤ ပေးကျွေးပေသည်ကို အဘယ်ကြောင့် မသုံးဆောင်ချင်ဘဲ ရှိအံ့နည်း " ဟု ရဲရဲဝံ့ဝံ့ ပြန်ပြောလိုက်လေသည်။ ဤတွင် ဘုရားလောင်း မဟော်သဓာသည် အမရာ၏ ရဲဆေးတင် စကားကြောင့် ပညာပါသော လောကဝတ်စကားမျိုးကို အမျိုးကောင်းသားပီပီ မေတ္တာအတုန့်အပြန် သဘောရိုးနှောလျှက် ပြတ်ပြတ်သားသား ရိုးရိုယဉ်ယဉ်လေးဖြင့် အဖြေပေးလိုက်နိုင်သည် ဟု ဆိုနိုင်ပါသည်။
ယခုခေတ်စကားနှင့် ပြောရလျှင် ဘုရားလောင်း မဟော်သဓာနှင့် အမရာတို့ မေတ္တာစစ် မေတ္တာမှန် အချစ်စစ်အချစ်မှန်ကို မှန်ကန်စွာ တွေ့ကြသည်ဟု ဆိုရပါမည်။ မေတ္တာစစ်မှန်ရင် တုန့်ပြန်သည်ဟု ဆိုကြသည်။ ထို့ကြောင့် အချို့က အချစ်ကို လိုက်ရှာလို့ မရဘူး။ အလိုလို ဆုံဆည်းမှုသည်သာ မေတ္တာစစ်ဖြစ်တယ်။ လိုက်မရှာသော်လည်း မေတ္တာစစ်မှန်ရင် တွေ့မယ်၊ တုန့်ပြန်မယ်၊ ဒါဟာ အချစ်စစ် မေတ္တာစစ်ပဲ ဟု နာမည်ပေးကြသည်။
၂၀၁၂ ခုနှစ်၊ ဇန္နဝါရီလဆန်းပိုင်းလောက်က သီတဂူဆရာတော်ကြီးနှင့်အတူ အိန္ဒိယနိုင်ငံသို့ နိုဘယ်ဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား ဦးစီးကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာင်္ညလာခံကို တက်ရောက်ရင်း ကြွရောက်တော်မူလာသည့် ယခုလက်ရှိ ရွှေကျင်သာသနာပိုင်ဆရာတော် မဟာဝိသုဒ္ဓါရုံဆရာတော်ကြီးက အိန္ဒိယနိုင်ငံရောက် ပညာသင် မြန်မာကျောင်းသား ရဟန်းတော်တို့အား ဗုဒ္ဓဂယာရှိ မြန်မာကျောင်းသား ရဟန်းတော်များ၏ အဖွဲ့ပိုင်ကျောင်းတော်ကြီးတွင် သြဝါဒပေးသည့်အထဲမှ စာရေးသူ၏ ဤစာတမ်းနှင့် ဆက်စပ်နေသဖြင့် သက်ဆိုင်သည့် စကားလေးများကို ပြန်လည် ကိုးကားချင်ပါသည်။
ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးက ဦးဇင်းတို့ ပညာတတ်အောင်လည်းသင်၊ ဘာသာစကားကျွမ်းကျင်အောင်လည်း သင်ကြ။ မည်သည့်ဘာသာစကားနှင့် ပိဋကတ်ကို သင်သင် ပရိယတ္တိစာပေကို သင်နေတာဘဲ။ သာသနာမှာ နေသေးသမျှ ပရိယတ် ပဋိပတ် မပြတ်လုပ်နေရမှာ။ လူထွက်သွားရင်တော့ တမျိုးပေါ့။ သာသနာဘောင်မှာနေရင်း အချိန်ကုန်တဲ့ ရည်စားတွေထားတာမျိုး မလုပ်ကြနှင့်။ သာသနဘောင်မှာ ဆက်လက် မနေနိုင်ရင်တောင် ဗိုလ်ချုပ်အောင်ဆန်းကို အတုယူ၊ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ဇနီးဒေါ်ခင်ကြည်ကို ဘာမှ ရည်စားလည်း မထားခဲ့ဖူး၊ ရည်စားထားနေခြင်းဖြင့် ဗိုလ်ချုပ်ဟာ အချိန်တွေ အလဟဿ အကုန်မခံဖူး။ ပါရမီဖြည့်ဖက်ဟာ ရေစက်ဆုံရင် သူဟာသူ ဖြစ်သွားမယ်၊ တွေ့သွားလိမ့်မယ်။ ဦးဇင်းတို့ ဘာပဲဖြစ်ဖြစ် သာသနဘောင်မှာ နေသမျှ အချိန်ကုန်ခံပြီး ရည်းစားတွေလည်း ထားမနေကြနှင့်။ သာသနဘောင်နေသမျှ ပရိယတ် ပဋိပတ် အမြဲပြုလုပ်ကြရမယ် ဟု ဆုံးမသြဝါဒ ပေးခဲ့သည်ကို မဟော်သဓာဇတ်လမ်းလေး ဖတ်ရင်း ဤစာလေး ရေးရင်း ပြန်လည် ကြားယောင်မိသေးပါတော့သည်။
မေတ္တာဖြင့်
မေ့သားလှ(ဇလဂ္ဂ)
၁၈-၂-၂၀၁၂
No comments:
Post a Comment