" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Saturday, May 7, 2011

မျှော်လင့်ခြင်းမိုး

ဓါတ်ကြိုးပေါ်မှာ ...
ငါ့ကို ...
ငှက်ကလေးတွေကြည့်နေပုံက
ငါ့အလွမ်းကို ဓါတ်ကြိုးထဲ
ဆွဲခေါ် သွား ...။

ငှက်ကလေးရဲ့
ငါ မလွမ်းချင်ပါဘူး ...
အဲဒီ ဓါတ်ကြိုးတွေကတဆင့်
ငါ့စိတ်တွေကိုတွန်းကန်
ငါ့အလွမ်းငါ ငြင်းဆန်သလိုနဲ့
ငါ့ဘ၀ငါ...နောက်ပြန်စီးမိပေါ့ ...။

မတုန်လှုပ်လိုက်ပါနဲ့
ငါလည်းပဲ...
ကြိုးတချောင်းထဲက
ဖိုဓါတ်လျှပ်စစ်တခုရယ်ပါ...
တကိုယ်ရေအထီးကျန်ဆန်လို့မို့
ကိုယ့်ဒုက္ခနဲ့ ကိုယ်ပူလောင်
စီးဆင်းလာတဲ့ကောင်ပါ...။

မလွမ်းချင်ပါဘူး ... ငှက်ကလေးရဲ့
အမေက...ရိုးတယ်၊ လှတယ်
နောက်ပြီး ...အ တယ်
မိရိုးဖလာ တောင်သူအတတ်နဲ့
သူ့ဘ၀သူ စာလုံးပေါင်းဖတ်နိုင်လည်း
မိုးကိုတော့ အမြဲသူမျှော်
သြော် ...ငါဟာမိုးရေလား ...
သူ့သားငါဟာ ...
မိုးရေဖြစ်မယ့်တိမ်တိုက်လား...
အငွေ့ပျံလို့ကောင်းဆဲ
အမေမျှော်လှရော့မယ် ...။

ငယ်ငယ်က
ထွန်ရေးဖြောင့်အောင် မထွန်တတ်ခဲ့
ဒါကြောင့်များ ငါ့ဘဝ
ရုပ်ဆိုးကောက်ကွေ့နေထင်ရဲ့ ...
ငယ်ငယ်က
ထယ်ရေးညက်အောင် မထွန်ယက်ခဲ့
ဒါကြောင့်များ ငါ့ဘဝ
မာကြောရွတ်တွနေထင်ရဲ့ ...
အမေမျှော်လှရော့မယ် ...။

မလွမ်းချင်ပါဘူး ငှက်ကလေးရဲ့ ...
ရုတ်တရက်ကားဟွန်းသံ
လယ်ကန်သင်းပေါ်ဖြတ်ပျံသွား
ငါ့ခြေထောက်ငါ ငုံ့ကြည့်မိတယ်
အမေ၀ယ်ပေးတဲ့ ဖိနပ်ကလေး
ဟိုး ...အဝေးမှာ ကျန်ခဲ့ပြီ ...
ဖြစ်ကိုဖြစ်ရမယ် ဆိုတဲ့
ငါ့ခြေရာတွေလည်း ကျန်ခဲ့ပြီ ...
ဘာမှ မဟုတ်သေးပါလား
ဒါကိုပဲ မကြာခဏ ထွေးထုတ်နေမိတော့
မှတ်ပုံတင်ထဲက
ငါ့ဓါတ်ပုံမှိန်ဖျဖျလည်း ကျန်ခဲ့ပြီ ...။

တကယ်တော့ ...ငါဟာ
မြို့ကြီးရဲ့ ပလက်ဖောင်းတွေပေါ်
တိတ်တဆိတ် စာသင်ခဲ့တာပါ ...။

ပလက်ဖောင်းတွေဟာ မျှော်လင့်ခြင်းလား ...
မျှော်လင့်ခြင်းဟာ ပလက်ဖောင်းတွေလား ...
လူတိုင်း လူတိုင်း ဖြတ်နင်းသွားကြ...
ငါလည်း ... ငါ့လောဘငါ ကျောပိုးရင်းပေါ့ ...။

ဟောဒီမြို့ကြီးမှာက
ကားတွေခပ်များများ
အမှိုက်တွေခပ်များများ
ဒါတွေကိုရှောင်ရှားနိုင်ပေမယ့်
ငါ့ဘ၀ငါကျ ရှောင်ရှားလို့မရ ...
ဒီသင်ခန်းစာကတော့ ... ခက်ခဲလွန်းထင်ပါ့
အမေမျှော်လှရော့မယ် ...။

မလွမ်းချင်ပါဘူး ... ငှက်ကလေးရဲ့ ...
မွန်းတည့်နေရောင်ခြည်တွေက
ငါ့ကိုယ်ပေါ် တစူးတစိုက်
မေတ္တာဓါတ်ခိုက်နေပုံလေ ...
ငါ့မှာ ဦးထုပ်မရှိခဲ့ပါဘူး ...
ဦးထုပ်ရှိဖို့ကိုလည်း မစဉ်းစားခဲ့ပါဘူး ...
ငါ့ဦးခေါင်း ကိုငါ ...
ထမ်းထားရတာပဲ လေးလံလှပါပြီ ...
ဒါတောင် ... ဆံပင်တွေရှည်ရှည်လာခဲ့သေး
ငါ့မှာသာ တောင်ပံရှိရင်
အမေဆီ အပြေးပျံလိုက်ချင်သေး ...
ခုလို ... နွေခေါင်ခေါင်ပေမယ့်
အမေကတော့ ...
မိုးမျှော်နေမှာ သေချာတယ် ...။

ငါကြီးခဲ့တဲ့ရွာလေးမှာ
မိုးကနှစ်စဉ်ခေါင်လို့မို့
ငါလည်း ... မိုးကိုမျှော်ရင်း
ငါ့ရွာလေးငါ စွန့်ခွာလာခဲ့ ...
ငါဟာ ... မိုးရေလား ...
အမေ့သား ... ငါဟာ
မိုးရေဖြစ်မယ့် တိမ်တိုက်လား
အငွေ့ပျံလို့ကောင်းဆဲပေါ့ ...
အမေမျှော်လှရော့မယ် ...။

မလွမ်းချင်ပါဘူး ငှက်ကလေးရဲ့ ...
ပလက်ဖောင်းတွေကလည်း ရှည်လျားလွန်းလှချည့်
လူတွေကိုငါသိတာ ဘာကြာသေးလို့လဲ ...
သူတို့ကွမ်းစားကြသလို
ငါလည်း တစ်ယာပြီးတစ်ယာ ...
သူတို့ဆေးလိပ်သောက်ကြသလို
ငါလည်း တစ်လိပ်ပြီးတစ်လိပ် ...

ပလက်ဖောင်းတလျှောက်လုံး
ကွမ်းသွေးကွက်နဲ့ ဆေးလိပ်တို
အချည်းနှီးတွေချည်းပါပဲ ...
သေချာကြည့်မှ တအံ့တသြ
ငါထွေးလိုက်တဲ့ ကွမ်းသွေးဟာ ... ငါ
ငါပစ်လိုက်တဲ့ ဆေးလိပ်တိုဟာ ... ငါ
ငါကိုယ်တိုင်သာ ဖြစ်နေပါပကော ...။

ငှက်ကလေးရဲ့ ...
မလွမ်းချင်ပါဘူး
အမေသောက်တဲ့ ဆေးလိပ်တိုလောက်မှ
အမေ့အပေါ် ငါ
ခံတွင်းအချဉ် ပြေခဲ့ဖူးပါစ ....
အမေမျှော်လှရော့မယ် ...။

အခုတော့ ...
အမေမျှော်တဲ့ မိုးလို ...
မိုးကိုမျှော်တဲ့ ငါ့လို
ငါ့ကိုမျှော်နေမယ့် အမေ့ဆီ
သည်းသည်းမည်းမည်းသွန်းဖြိုးဖို့
အငွေ့ပျံနေတဲ့ခန္ဓာတွေဆီ
ပြန်ကျမိုးတွေရွာသွန်းဖို့ ...

ငှက်ကလေးရေ ...
ငါတို့မှာ ...
မိုးလိုရွာဖို့ ခွန်အားအပြည့်နဲ့
ဒီခွန်အားသာပဲ
ငါတို့မျှော်တဲ့ မိုးပါ ...။ ။

(မောင်နန္ဒ)

No comments:

Post a Comment