" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Friday, December 30, 2011

ကမ္ဘာကျော် နာလန္ဒာတက္ကသိုလ်ကြီး၏ ရွှေရောင်အတိတ်ပုံရိပ်နှင့် လွမ်းမောဖွယ်ရာ




မြန်မာနိုင်ငံမှ မဇ္ဈိမဒေသသို့ လာရောက်ကြသည့် ဘုရားဖူးသူတော်စင်တို့သည် သံဝေဇနိယလေးဌာနသို့ ဘုရားဖူးလာခိုက်တွင် ရှေးဟောင်း ကမ္ဘာကျော် နာလန္ဒာတက္ကသိုလ်ကြီးသို့ မဖြစ်မနေ သွားရောက်လေ့လာကြ၏။ နာလန္ဒာတက္ကသိုလ်အသစ်ရောက်ခိုက် မြန်မာပြည်မှ ပညာသင် မြန်မာနွယ်ဖွား စာသင်သားရဟန်းတော်တို့ (ယခုနှစ် ၉၅ ပါး)အား တွေ့ဆုံးဖူးမြင်ရသောကြောင့် ပျော်ရွှင်ကြည်နူးကြရမည်ဖြစ်သော်လည်း ရှေးဟောင်း နာလန္ဒာတက္ကသိုလ်ကြီးသို့ ရောက်လျှင် သံဝေဇနိယလေးဌာနကဲ့သို့ သံဝေဂယူဖွယ်၊ လွမ်းဆွတ်ကြေကွဲဖွယ် အတိတ်က ပုံရိပ်လွှာများ တရိပ်ရိပ်မြင်ယောင်လာကြပေမည်။

မှန်ပါသည်။ အတိတ်ပုံရိပ်တို့သည် ဝမ်းမြောက်ဖွယ်၊ လွမ်းဆွတ်ဖွယ်ကောင်းသလို ကြေကွဲဖွယ် ခါးသီးလှသည့် ပုံရိပ်လွှာများလည်း ရောပြွမ်းနေတတ်ပါသည်။ လူသားအားလုံးသည် ခါးသီးဖွယ် ပုံရိပ်လွှာများကို မကြိုဆိုကြချင်သော်လည်း လက်တွေ့ဘဝတွင် ခါးသက်သက်၊ ရွံမုန်းစရာကောင်းလှသည့် ပုံရိပ်လွှာများကိုလည်း ထွေးပိုက်ထားတတ်ကြပါသည်။ တချို့သောအတိတ်ပုံရိပ် သမိုင်းကြောင်းတို့သည် တူးဆွလို့ မကုန်နိုင်အောင် များပြားကျယ်ဝန်းလှပါသည်။ ထိုမျှကျယ်ဝန်းများပြားလှသော အတိတ်သမိုင်းအထုပ်ကြီးထဲမှ စာရေးသူ လက်လှမ်းမှီသည့် ရှေးဟောင်း နာလန္ဒာတက္ကသိုလ်ကြီး၏ လွမ်းမောဖွယ်၊ ရင်ခုန်ဖွယ်၊ နှမျောတသဖွယ် နှင့် ကြေကွဲဝမ်းနည်းဖွယ်ရာများကို တင်ပြချင်ပါသည်။ စာရေးသူကိုယ်တိုင် နာလန္ဒတက္ကသိုလ်(အသစ်)မှာ ၂၀၀၈-၂၀၀၉ ခုနှစ်မှ စ၍ ယနေ့အချိန်အထိ ပါရဂူ ဒေါက်တာတန်းအတွက် သုတေသနကျမ်းစာ ရေးနေရသောကြောင့် နာလန္ဒတက္ကသိုလ်အဟောင်းရော၊ နာလန္ဒာတက္ကသိုလ်အသစ်အကြောင်းကိုပါ တစေ့တစောင်းလေ့လာဖြစ်ပါသည်။ မိမိလေ့လာမိသမျှကို ဗဟုသုတအဖြစ် ပြောဖြစ်၊ ဟောဖြစ်၊ ရေးသားဖြစ်ပါသည်။ ထို့ကြောင့် နာလန္ဒာတက္ကသိုလ်ကျောင်းသားတစ်ယောက်အနေနဲ့ နာလန္ဒာတက္ကသိုလ်ပုံရိပ်လွှာများကို ပြန်လည်ပြီး စာဖတ်သူများအား မျှဝေခံစားခြင်းပင်ဖြစ်ပါသည်။

ရှေးဟောင်း နာလန္ဒာဆိုသည့်အတိုင်း အတိတ်သမိုင်းကြောင်းတို့က တော်တော်လေးကို ဆွေးမြေ့ဟောင်းနွမ်းနေပါပြီ။ မြန်မာ့ အနုပညာရှင်တို့သည်ပင် ရှေးဟောင်း ကမ္ဘာကျော်တက္ကသိုလ်ကြီး နှင့်ပတ်သက်၍ "ရာဇဂြိုဟ် ပြည်ဌာန၊ နာလန္ဒတက္ကသိုလ်" ဟု ဗုံတောက်သံများပင် သီကုံးရွတ်ဆိုခဲ့ကြဖူးသည်ကို မှတ်သားဖူးပါသည်။ အနောက် ဥရောပတွင် ရှေးအကျဆုံးဖြစ်သည့် အီတလီနိုင်ငံမှ ဘိုလော့နာ တက္ကသိုလ်ထက်ပင် ဤနာလန္ဒာတက္ကသိုလ်ကြီးက ပိုမိုရှေးကျကြောင်း မှတ်သားရပါသည်။ နာလန္ဒာတက္ကသိုလ်ကြီး၏ အတိတ်သမိုင်းစာမျက်နှာများကို လှမ်းကြည့်ရသော် နာလန္ဒာတက္ကသိုလ်ကြီး ဖြစ်လာဖို့ အစပျိုးခဲ့သူမှာ မောရိယအင်ပါယာ၊ အသောကအင်ပါယာ တို့ကို တည်ထောင်ခဲ့သူ သီရိဓမ္မာသောက မင်းကြီးဟု ဆိုလျှင် မှားမည် မဟုတ်ပေ။ ဘုရင် အသောကသည် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပြီး နှစ်ပေါင်း ၂၀၉ နှစ်လောက်တွင်(သုံးရာခန့်လောက်တွင်) ပညာအရာမှာ အသာလွန်ဆုံး အထူးချွန်ဆုံး ဧတဒဂ်ရ လကျာင်္တော်ရံ ဓမ္မသေနာပတိ တရားစစ်သူကြီး အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးအား အောက်မေ့သတိရသောအားဖြင့် အရှင်သာရိပုတ္တရာမထေရ်မြတ်၏ မွေးရပ်မြေ ဖွားတော်မူရာနှင့် ပရိနိဗ္ဗာန်စံတော်မူရာ နောက်ဆုံး မိခင် သာရီပုဏ္ဏေးမကြီးကို မှားယွင်းသောမိစ္ဆာအယူမှ သမ္မာဒိဌိအယူနှင့် အရိယာနွယ်စခန်းသို့ တက်လှမ်းစေရာ တိုက်ခန်းမှာပင် အမှတ်တရ လွမ်းစေတီတစ်ဆူနှင့် ကျောင်းတစ်ဆောင်ကို (ဤရှေးဟောင်းတက္ကသိုလ်ကြီး မတိုင်မီကပင် ယခု ရှေးဟောင်းတက္ကသိုလ်ကြီးအတွင်းမှာ) ဆောက်လုပ်လှူဒါန်းထားခဲ့သည်ဟု တိဘက်သမိုင်းဆရာ တာရာနာထ(Taranatha- a Tibetan Historian) က မှတ်တမ်းတင်ခဲ့ပေသည်။ တရုတ်ခရီးသွား ဖာဟီယန် (Fa-hien) လည်း ရာဇဂြိုဟ် ခရီးသွားစဉ် နာလန္ဒာရောက်ခိုက် အရှင်သာရိပုတ္တရာအထိမ်းအမှတ်စေတီမြတ်ကို ဖူးမျှောခဲ့သည်ဟု ဆိုပါသည်။

ယင်း အရှင်သာရိပုတ္တရာအထိမ်းမှတ် ကျောင်းတော်လေးနေရာမှာပင် အေဒီ (၁) ရာစုအလွန် အေဒီ(၂) ရာစုလောက်မှာ မဟာယာန ဖီလိုဆိုဖာ ရဟန်းတော် နာဂဇုန(နာဂအဇ္ဇုန) က (Madhayamika School of Mahayana Philosophy) မဓျာမိက ဖီလိုဆိုဖီ သင်တန်းကျောင်းလေးကို စတင်ဖွင့်လှစ်ခဲ့သည်ဟု ဆိုပါသည်။ ယင်းသတင်တန်းကျောင်းလေးသည် မကြာမီ တိုးတက်ကြီးပွားလာပြီး စာသင်သားရဟန်းတော်ပေါင်း ထောင်ပေါင်းများစွာတိုးတက်များပြားလာသည့် နာလန္ဒာတက္ကသိုလ်ကြီး ဖြစ်လာသည်ဟုဆိုပါသည်။ စာသင်သားများနှင့် ဆရာများအတွက် နေထိုင်စားသောက်စရိတ်ကို တက္ကသိုလ်က တာဝန်ယူသည်။ ကုန်ကျစရိတ်အားလုံးကို ဘုရင်များနှင့် နယ်စား ရွာစားများက လှူဒါန်းကြပါသည်။ စာသင်ဆောင်များ၊ တက္ကသိုလ်လူနေ အဆောင်များ လိုလိုသေးမရှိ၊ စာကြည့်တိုက်သည်ပင် ၉ ထပ်အထိ ရှိသည်ဟု ဆိုပါသည်။

တရုတ်ဘုန်းတော်ကြီး ဟူယင်ဆန်မှတ်တမ်းအလို ပထမ ကုမာရ ဂုပ္ပတ(အေဒီ ၄၁၄-၄၅၅) မင်းသည် ပညာရေးကို အထူးအားပေးချီးမြှောက်သော သာသနာပြုမင်းတပါးပင် ဖြစ်သည်။ တက္ကသိုလ်ကြီး၏ မြေနေရာကိုလည်း မိမိ၏နန်းတော် မြေနေရာအပါဝင် အနီးပတ်ဝန်းကျင် လယ်ဧကပေါင်း များစွာကိုလည်း တက္ကသိုလ်ကျောင်းမြေအဖြစ် သတ်မှတ်လှူဒါန်းခဲ့သည်။ ယနေ့ခေတ် ရှေးဟောင်းယဉ်ကျေးမှုနှင့် သုတေသနဌာန၏ တွေ့ရှိချက်အရ (၃၄"၅၉၄) ဧက ကျယ်ဝန်းသည်ဟု သိရ၏။ တစ်ချို့က မြေဧကအကျယ် (၄၁၉) ဧက ရှိသည်ဟု ဆိုကြ၏။

အေဒီ ၆ရာစု(အေဒီ ၆၀၆ မှ အေဒီ ၆၄၇ အထိ )တွင် ပါလမင်းဆက် ဟရသျှမင်း (harsha) လက်ထက်တွင် ကျောင်းမြေနေရာများကို ထပ်ဆင့်တိုးချဲ့ကာ ကျောင်းသားနေအဆောင်ပေါင်း (၁၈၀) နှင့် ကျယ်ပြန့်သော စာသင်ခန်းများ၊ တရားဟော၊ တရားထိုင်ခန်းမကြီးများကိုလည်း တင့်တယ်ခန်းနားစွာ ဆောက်လုပ်ပေးခဲ့သလို မြေပေါက်စေတီ ပေါင်း(၁၀ )ကိုလည်း တည်ထားကိုးကွယ် ခဲ့သေးသည်။ အဆောက်အဦးများကို တည်ဆောက်ရာတွင် အောက်ခြေဖောင်ဒေးရှင်းအား ကျောက်တုန်းများဖြင့် စီထားကာ ထုထည် ကောင်းမွန်အောင် အခိုင်အမာ ပြုလုပ်ပေးထားလေသည်။ ကျောင်းသားနေအခန်းများကိုလည်း တစ်ယောက်အိပ်ခန်း နှစ်ယောက်အိပ်ခန်းများနှင့် တရားထိုင်ဖို့ ကမ္မဌာန်းကျောင်းလေးများကိုလည်း စီမံထားပေသည်။ ကျောင်းဆောင်တိုင်း၏ အလယ်ထပ်(floor)တွင် အခန်းပေါင်း လေးဆယ်အထိ ပါဝင်သည်ဟု သိရပါသည်။ ရေချိုးခန်း များကိုလည်း စာသင်ခန်း၊ တရားဟောခန်း၊ တရားထိုင်ခန်းမကြီး များဖြင့် တွဲလျှက်တည်ဆောက် ပေးထားလေသည်။ ကျောင်းဆောင်တိုင်း ကျောင်းဆောင်တိုင်း၏ အလည်တွင် (၁၂) ပေပတ်လည် ကျယ်ဝန်းသော အုတ်ရေတွင်းကြီး တစ်တွင်းကျစီ ဘေးတစ်ဘက်စီတွင် တူးထားသည်။ ကျောင်းဆောင်များ၏ ဘေးပတ်လည်တွင်လည်း အရောင်အသွေးစုံ အမျိုးအမည်စုံလင်သော ပန်းဥယာဉ်များ ၊ကြာမျိုးစုံဖူးပွင့်နေသော ရေကန်ကြီးများကိုလည်း ဖန်တီးပေးထားလေသည်။

အေဒီ ၇-ရာစုတွင် တရုတ်ဘုန်းတော်ကြီး (Xuanzang)ဟူယင်စန်၏ မှတ်တမ်းများ၌ နာလန္ဒာတက္ကသိုလ်ကြီးအကြောင်းကို အထူးတလည် ချီးမွမ်းထောမနာထားပါသည်။ သူကိုယ်တိုင် ခုနစ်နှစ်ကြာ နေထိုင်ကျောင်းတက်ခဲ့ပြီး ဟေတုဝိဇ္ဇာ(လောဂျစ်)၊ သဒ္ဒဝိဇ္ဇာ၊စိကိစ္ဆာဝိဇ္ဇာနှင့် ဝေဒကျမ်းများကို ပါရဂူမြောက် သင်ယူလေ့လာခဲ့သော တက္ကသိုလ်ကြီးဖြစ်သည်။ ပညာများသင်ယူပြီးဆုံးပြီးနောက် ဟူယင်ဆန်မထေရ်သည် အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘာသာဝင်များ အားလုံးနှင့် သက်ဆိုင်သည့် သံဝေဇနိယလေးဌာန အပါအဝင် အထင်ကရ နေရာ တော်တော်များများ ကို အသေးစိတ်လေ့လာကာ မှတ်တမ်းများ ရေးသားခဲ့လေသည်။ ယင်းမှတ်တမ်းများသည် ကမ္ဘာ့သမိုင်းတွင် တန်ဘိုးမဖြတ်နိုင်လောက်အောင် ကျေးဇူးကြီးမားသလို ယနေ့မိမိတို့အပါအဝင် ဗုဒ္ဓဘာသာဝင်များအားလုံး ဖူးမျှော်နေရသော (ဖွား၊ပွင့်၊ဟော၊စံ)ဟူသည့် သံဝေဇနိယလေးဌာနအပါအဝင် အထင်ကရနေရာ တော်တော်များများကို ဟူယင်ဆန်၏ဂုဏ်ကျေးဇူးတွေကြောင့် ဖူးမျှော်နေရခြင်းဖြစ်လေသည်။

ပါလမင်းဆက် ဟရသျှမင်း၏ လက်ထက်တွင်တက္ကသိုလ်၏ ပညာရေး၊ စာပေသင်ကြားရေး၊ နေထိုင်ရေးတို့တွင် အဆင့်မြင့်ဆုံးဖြစ်ခဲ့သလို လက်အောက်ခံတက္ကသိုလ်များအဖြစ် ဝိက္ကမသီလာတက္ကသိုလ်၊ (University of Vikamasila) သြဒန္တပူရီ တက္ကသိုလ် (University of Odantapuri) ဇာဂလန္ဒတက္ကသိုလ် (university of Jagaddala) များကိုဖွင့်လှစ်ခဲ့လေသည်၊ ထိုတက္ကသိုလ်အားလုံးတို့ကို ပင်မ နာလန္ဒာတက္ကသိုလ်ကြီးကပင် တိုက်ရိုက်အုပ်ချုပ်ရလေသည်။ ယင်း ဟာရသျှမင်းသည် ဗုဒ္ဓဘာသာဝင်ဖြစ်၍ နာလန္ဒာတက္ကသိုလ်ကြီးကို အစွမ်းကုန် ချီးမြှောက်ထောက်ပံ့ခဲ့လေသည်။ အိမ်ခြေ (၂၀၀) ရှိ ရွာပေါင်း (၁၀၀)ကို တက္ကသိုလ်ကျောင်းတော်ကြီးသို့ လှူဒါန်းထားသည်။

အေဒီ(၈၁၅-၈၅၄) ဒေဝပါလမင်း၏ ကြေးပြား၌ ဆုမတြာဘုရင်က ရာဇဂြိုဟ်မြို့အနီးရှိ ရွာပေါင်း(၅၀၀)ကို နာလန္ဒာတက္ကသိုလ်ကျောင်းတော်ကြီးသို့ လှူဒါန်းခဲ့ကြောင်း ဖော်ပြထားသည်။ တက္ကသိုလ်အနီးရွာများမှ အမျိုးသမီး ၂၀၀ ခန့်ကို သီလရှင် ယောဂီဝတ်ပေးပြီး တက္ကသိုလ်ဝေယျာဝေစ္စအလုပ်အကျွေး ပြုစေသည်။ အကျဉ်းထောင်များမှ ထောင်သားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ ကပ္ပိယအလုပ်ကျွေးထားသည်။ တက္ကသိုလ်အနီးရှိရွာများမှ ထွက်ရှိသော ကောက်ပဲသီးနှံများကို မင်းအခွန်ငွေအဖြစ် သိမ်းယူခြင်းမပြုပဲ တက္ကသိုလ်ကြီးအား လှူဒါန်းစေခဲ့လေသည်။ ထိုကြောင့်နာလန္ဒာတက္ကသိုလ်ကြီး၏ ဂုဏ်သတင်းသည် ဂင်္ဂါမြစ်မှသည် ဘော်လဂါမြစ်ဝှမ်းသို့တိုင၊် မြောက်ဘက်၌ ဆစ်ကင်း၊ဘူတန်၊ တိဗက်၊ မွန်ဂိုလီးယား၊ ရုရှား၊ ဆိုက်ဗေးရီးယား။အရှေ့ဘက်၌ မြန်မာ၊ ထိုင်း၊လာအို၊ အင်ဒိုနီးရှား၊ကမ္ဘောဒီးယား၊ဗီယက်နမ်၊ တရုတ်၊ ကိုးရီးယား၊ ဂျပန်တိုအထိ ပြန့်နှံ့ခဲ့လေသည်။ ယနေ့အထိ အချိုနိုင်ငံများသည် ဗုဒ္ဓဘာသာနိုင်ငံများအဖြစ် ဆက်လက်တည်ရှိနေသေးသည်။ ကမ္ဘာသမိုင်းတွင် တရုပ်ခရီးသွား ရဟန်းတော်များအဖြစ် ထင်ရှားသည့် ဖာဟီယာန်( Fa Hien )သည်(5 th A.D )ရာစုတွင် ရောက်ရှိလာကာ အရှင်နာဂဇုန မထေရ်၏အထံ၌ တပည့်အဖြစ် ခံယူသွားဖူးသည်ဟု သိရလေသည်။ သို့သော် ဖာဟီယာန်သည် ဟူယင်ဆန် ရဟန်းတော်လောက် ကြာကြာနေထိုင် သွားခဲ.ခြင်း မရှိခဲ့ပေ။

ဤကဲ့သို့ကမ္ဘာတစ်လွှားတွင် နာလန္ဒာတက္ကသိုလ်ကြီး၏ ဂုဏ်သတင်း ကျော်ဇော်ကြီးမြတ်ရခြင်း အဓိကအကြောင်းအရင်းသည် တက္ကသိုလ်မှ ချမှတ်ပေးလိုက်သောစည်းမျဉ်းများ၊သင်ကြားပို့ချပေးသော ဘာသာရပ်များနှင့် တာဝန်ယူမူ့များကြောင့်ဖြစ်သလို တက္ကသိုလ်တခု၏ အသက်ဖြစ်သော တက္ကသိုလ်စာ ကြည့်တိုက်(Library) ၏ ဂုဏ်သတင်းကြောင့်လည်း ပါဝင်လေသည်။ စာကြည့်တိုက်တွင် ထားရှိသော ကျမ်းစာအုပ်များ၊ အတွေးအခေါ်ဆိုင်ရာကျမ်းများ၊ နည်းပညာဆိုင်ရာကျမ်းများ၊ ဆေးကျမ်းများ၊ ဝေဒကျမ်းများ၊မဟာယာန (ထေရဝါဒဆိုင်ရာ) ကျမ်းများ၊ ဟိန္ဒူကျမ်းများ၊ ဗေဒင်နက္ခတ်ကျမ်းများစသည်ဖြင့် ကျမ်းပေါင်းသိန်းသောင်းချီ၍ ရှိသည်ဟုသိရလေသည်။ ယနေ့ခေတ် ကမ္ဘာကျော် ပါဏိနီသဒ္ဒါကျမ်းကြီးသည်ပင် နာလန္ဒာတက္ကသိုလ်မှ ပေါ်ထွက်လာသည့် တန်ဘိုးမဖြတ်နိုင်သည့် ကျမ်းစာကြီးပင် ဖြစ်ပေသည်။ နာလန္ဒာတက္ကသိုလ်စာကြည့်တိုက်ကြီးကို ကမ္ဘာတစ်လွှားကနေ နာမည်ပေးကြတာကတော့ သစ္စာတရားတို့စုဝေးရာတောင်ကြီး DharGunj(Mountain of Truth)၊ ပြီးတော့ Dhamaganja (Treasury of Truth) သစ္စာတရားတို့စုဝေးရာ သိမ်းဆည်းထားရာ ဘဏ္ဍာတိုက်ကြီးဟု နာမည်အမျိုးမျိုးဖြင့် အမွှန်းတင်ခေါ်ဝေါ်ကြလေသည်။ မြေအကျယ် ၄၁၉ ဧကရှိသော နာလန္ဒာတက္ကသိုလ်ကြီး ဖျက်ဆီးခံရစဉ်က တက္ကသိုလ်စာကြည့်တိုက်ရှိ စာအုပ်များ နှင့် ကျောင်းပေါင်း ၁၈၀ တို့ မီးလောင်ရာတွင် ()လခန့် ကြာမြင့်သည်ဟု သမိုင်းကြောင်းအရ လေ့လာ သိရသည်။

ထိုကဲ့သို့ကမ္ဘာပေါ်တွင် ပထမဆုံးပေါ်ပေါက်လာသော တက္ကသိုလ်ကြီးအဖြစ် လူသားတို့အတွက်အမြင့်ဆုံးအတတ်ပညာရပ်တို့အား ရက်ရောစွာ (အေဒီ၅-ရာစုမှ ၁၂-ရာစုအထိ) နှစ်ပေါင်း (၇၀၀)ကျော် ပေးဆောင်ခဲ့သော ကမ္ဘာ့ဂန္ထဝင်နာလန္ဒာတက္ကသိုလ်ကြီးသည် အေဒီ ၁၂-ရာစုအကုန်တွင် တူရကီနွယ်ဖွား မူဆလင်စစ်ဗိုလ်မိုဟာမက် ဘက်ခီးယာခီးဂျီး (MuhammadBakhtiyanKhaLji)၏ စစ်သည်အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ တက္ကသိုလ်ပိုင် ရွှေ၊ငွေ၊ကျောက်သံပတ္တမြားတို့ကို အတင်းအဓမ္မသိမ်းယူခြင်း၊ ကျောင်းဆောင်များ၊ စေတီပုထိုးများကို၊ မီးရှို့ဖျက်ဆီးခြင်း၊ ကျောင်းသားရဟန်းတော်ပေါင်း (၁၀၀၀၀)ကျော်နှင့် ဆရာပေါင်း (၃၀၀၀) ကျော်ကို အားလုံးတစ်ယောက်မကျန် ကျောင်းတံခါးပိတ်ပြီး မီးရှို့သတ်ခဲ့ကြသည်။ တက္ကသိုလ်မှပြင်ပ ဗုဒ္ဓဘာသာရဟန်းတော်မှန်သမျှကိုလည်း အရှင်လတ်လတ်ဦးခေါင်းပေါ်ရုံမြေမြုပ်ကာ ဓားသွားစက်တတ်သည့်ထွန်သွားဖြင့် နွားကမောင်းစေခြင်းများကို ရက်ရက်စက်စက်ပြုလုပ်ခဲ့လေသည်။ မည်မျှရက်စက်သည်ဆိုလျှင် ရဟန်းတော်တပါး၏ဦးခေါင်းတစ်လုံးကို ဖြတ်ယူကာဆက်သနိုင်လျှင် ငွေကြေးမည်မျှပေးမည်ဟု ကြေငြာချက်ထုတ်ထားသည်အထိ လူသားမဆန်စွာ ပြုလုပ်ခဲ့ကြောင်းကို တူရကီ ရာဇဝင်ဆရာ မိန်ဟဇဒ်(Minhazad) ရေးသားထားသော (Tavakata.1.nasiti) အမည်ရှိ စာအုပ်တွင် ဖတ်ရှု့လေ့လာရပေသည်။ အေဒီ ၁၂-ရာစု အကုန် ယခု ဗီဟာပြည်နယ်ကို မူစလင်များ သိမ်းဆည်း၍ ဗုဒ္ဓဘာသာရဟန်းတော်များ အပြောင်သုတ်သင်ရှင်းလင်းရာတွင် နာလန္ဒာတက္ကသိုလ်ကြီးမှ ရဟန်းသံဃာအများစု သတ်ခံရခြင်းဖြစ်သည်။

တစ်ချိန်က ကမ္ဘာကျော်ပြီး ဤမျှ ကြီးကျယ်ခမ်းနားသော နာလန္ဒာတက္ကသိုလ်ကြီးသည်လည်း အနိစ္စသဘောတရားကို မလွန်ဆန်နိုင်ခြေ။ ယနေ့ ခေတ်သစ်တန်ဖိုးနဲ့တိုင်းတာမယ်ဆိုရင်တော့လည်း ဘာသာတရားတစ်ခုကနေ အခြားဘာသာတရားတစ်ခုကိုကျုးကျော်စော်ကားခြင်းသည် လူ့ယဉ်ကျေးတို၏လုပ်ရပ်မဟုတ်သလို ဘာသာတရားတိုင်းရဲ့အဆုံးအမတွေမှာ သွေဖယ်နေတဲ့အနုတ်လက္ခဏာကိုသာတွေ့ရလိမ့်မည်။ ထို့ကြောင့် ဘာသာတိုင်း၏ စံနှုန်းတွေကို အထူးတန်ဖိုးထားသင့်ပေသည်။ ဗုဒ္ဓဘာသာတို့၏ ရှေးဟောင်းအမွေနှစ်ဖြစ်သည့် ရှေးဟောင်း နာလန္ဒာတက္ကသိုလ်ကြီးကို ယခုအခါ အိန္ဒိယ အစိုးရ ယဉ်ကျေးမှုဌာနက ထိမ်းသိမ်းစောင့်ရှောက်ထားပေသည်။

ယခု ရှေးဟောင်း နာလန္ဒာတက္ကသိုလ်ကြီး အနေထားကို သွားရောက်လေ့လာကြည့်လျှင် ကျောက်လှေခါး ကျယ်ကြီးများ၊ ကျောက်လှေခါး အမြင့်ကြီးများကို တွေ့မြင်နိုင်ပေသည်။ တိုင်များ၏ အောက်ခံကိုလည်း အထူးသဖြင့် ကျောက်များကို အသုံးပြုထားပြီး ကျောက်ဆုံ ကျောက်ခွက်များကိုလည်း တွေ့မြင်နိုင်ပေမည်။

အောက်ထပ် အရှေ့ဖက်တွင် ပတ်လည် ကမ္မဌာန်းကျောင်းများ ဝိုင်းရံထားသော အထပ်ခန်းခပ်ကျယ်ကျယ် တွင် ဘုရားဆောင်အဖြစ် တွေ့ရသည်။ ထိုအဆောင်ရှေ့တွင် အုတ်ခုံအမြင့် တစ်ခုရှိသည်။ စာသင်ခန်းမဆောင်ဟုလည်း ယူဆရသည်။ တစ်ချို့ကတော့ လေးမြားအတတ်သင်ရာ ဟုလည်း ဆိုကြသေးသည်။ ရှေးဟောင်း နာလန္ဒာတက္ကသိုလ်ကြီးမှာ အဌာရသ(၁၈)ရပ်ကို သင်ကြောင်း လေ့လာသိရှိရ၍ မြားပစ်အတတ် သင်ကြားရာနေရာလည်း ဖြစ်နိုင်ပါသည်။ စာရေးသူ၏ ရှေးခေတ်တက္ကသိုလ်အကြောင်း သိကောင်းစရာ ဟူသော ဆောင်းပါးတွင်လည်း အဌာရသ(၁၈)ရပ်ကို အကြောင်းကို ရေးသားခဲ့ဖူးပါသည်။

မြန်မာနိုင်ငံမှ ဘုရားဖူးလာရောက်ကြသော ဗုဒ္ဓဘာသာဝင်တို့အား ရှေးဟောင်းနာလန္ဒာတက္ကသိုလ်ကြီးအကြောင်းကို နာလန္ဒာတက္ကသိုလ်မှာ ပညာသင်နေကြသည့် တာဝန်ကျဘုရားဖူးဂိုက် ဦးဇင်းတစ်ပါးက လိုက်လံရှင်းပြတတ်ပါသည်။ တစ်ခါတရံ နာလန္ဒာတက္ကသိုလ်အသစ်မှာ ပညာရင်နို့ သောက်စို့ အားဖြည့်ရန် ရောက်ရှိလာကြကုန်သော မြန်မာနွယ်ဖွား စာသင်သား ရဟန်းတော်တို့အား ပညာဒါနအဖြစ် လှူဒါန်းသည့် ဒါနကုသိုလ်ပွဲလေးမှာ တာဝန်ကျ ဓမ္မကထိကဆရာတော်ကလည်း ရှေးဟောင်း နာလန္ဒာတက္ကသိုလ်ကြီးအကြောင်း အချိန်ရရင် ရသလို တစေ့တစောင်း ရှင်းပြတော်မူကြပါသည်။ မြန်မာဘုရားဖူးတို့သည် ရှေးဟောင်း နာလန္ဒာတက္ကသိုလ်ကြီး အတွင်းရှိ ရှေးဟောင်းအဆောက်ဦးများကို လှည့်လည်ကြည့်ရှု့လေ့လာကြရင်း တစ်ချိန်က မီးရှို့သတ်ဖြတ်ခံရသည့် ရဟန်းတော်များအတွက် စိတ်မကောင်းဖြစ်ကြရပြီး ဘုရားဖူးခရီးစဉ်တစ်လျှောက် သူတို့ပြုလုပ်ဆည်းပူးအားထုတ်ခဲ့ရသော ကုသိုလ်ကောင်းမှု အစုစုတို့ကိုလည်း အမျှအတမ်းဝေကြပါသည်။

ဝမ်းနည်းဖွယ်တွေကို ထွေးပိုက်ရင်း စိတ်ကြည်နူးစရာအဖြစ်တော့ ပညာအရာမှာ ဧတဒဂ်ရတော်မူသော အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး၏ ဖွေးဖွားရာနှင့် ပရိနိဗ္ဗာန်စံတော်မူရာ အထိမ်းအမှတ်စေတီမြတ်ကြီးကို ဖူးမျှော်ကြရပေသည်။ ထို စေတီတော်ကြီးသည် သမရိုးကျ ပုံစံမဟုတ် တမူထူခြားစွာ အဆင့်ဆင့်တည်ဆောက်ထားသည်ကို တွေ့ရပါသည်။ လက်ရှိအနေထားမှာတော့ အပေါ်အမိုး ထီးတော်မရှိသော်လည်း ဆောက်ထားပုံမှာ ခမ်းခမ်းနားနားရှိပါသည်။ လှေခါးထစ်များဖြင့် အထပ်ထပ်သို့ တက်နိုင်ပါသည်။ အပေါ်ထပ်ရောက်လျှင် တက္ကသိုလ်၏ ရှု့ခင်းအလှအပကို အပေါ်စီးမှ မြင်နိုင်အောင် စီမံထားဟန်တူပါသည်။ ရှေးယခင်က တက်ခွင့်ရကြသော်လည်း ယခုအခါ တက်ခွင့်မရကြတော့၍ ဘုရားဖူးများ အောက်မှပင် ဖူးမျှော် ပူဇော်ကြရပေသည်။

အရှင်သာရိပုတ္တာမထေရ်မြတ်ကြီးသည့် မွေးကျေးဇူးဆပ်ရန် ပရိနိဗ္ဗာန်စံတော်မူခါနီးမှ သူ၏မွေးဖွားရာ တိုက်ခန်းသို့ပြန်လာတော်မူသည်။ နတ်ဗြဟ္မာများက ညအခါလာရောက်ကန်တော့ကြသည်ကို တွေ့ရသော မိစ္ဆာအယူရှိသည့် မယ်တော်ကြီးသည် ထိုအချိန်မှာ သားတော်ကို အထင်ကြီးစိတ်ဖြစ်ခဲ့ရသည်။ ထိုအခါမှ တရားဟောတော်မူခြင်းဖြင့် မယ်တော်ကြီးသည် သောတာပန်တည်သွားသည်။ အရှင်သာရိပုတ္တာမထေရ်သည် မိခင်ကြီးအား အပါယ်တံခါးပိတ်စေပြီးမှ သူမွေးဖွားခဲ့ရာ တိုက်ခန်းမှာပင် ပရိနိဗ္ဗာန်စံတော်မူလေသည်။ နောင် နှစ်ပေါင်း ၃၀၀ လောက်အကြာတွင် (ဘီစီ ၃ ရာစုတွင်) အသောကမင်းတရားကြီးက အရှင်သာရိပုတ္တရာမထေရ်အတွက် အထိမ်းအမှတ်ပြုထားသည့် လွမ်းစေတီတော်မြတ်ကို ယခုခေတ် ဘုရားဖူးလာရောက်ကြသော ဘုရားဖူးသူတော်စင်တို့သည် ရှိခိုးဦးချကာ လိုရာခရီးဆက်ကြလေတော့သည်။

မေတ္တာဖြင့်

(မေ့သားလှ-ဇလဂ္ဂ)

၃၀-၁၂-၂၀၁၁

Tuesday, December 27, 2011

ကနေဒါပညာရေးစနစ် အတွေ့ကြုံ အကျဉ်းချုပ်

ဒေသတွင်း ပညာရေးစနစ်နှင့် အမျိုးသားပညာရေး စနစ်ဟု နှစ်မျိုးရှိသည်။ သူတို့သည် ဆရာတွေ၏လစာနှင့် သင်ရိုးညွှန်းတမ်းများကို ဆုံးဖြတ်သည်။ မူလတန်းပညာရေး စနစ်သည် ၁ တန်း မှ ၆ တန်းအထိဖြစ်၏။ အလယ်တန်းပညာရေးစနစ်မှာမူ ၇ တန်းမှ ၉ တန်းအထိဖြစ်၏။ ကနေဒါပညာရေးစနစ်ကို အများအားဖြင့် ပုဂ္ဂလိက အင်စတီကျူးရှင်းတွေမှ ဖွင့်လှစ်ကြ၏။ မူလတန်း ပညာရေးစနစ်၏ အဓိကသင်ကြားမှုသည် အရေး၊အဖတ်၊အခြေခံဂဏန်းသင်္ချာနှင့် လူမှုရေး သိပ္ပံတို့ဖြစ်သည်။ ထိုအရာများသည် ဝေဖန်ပိုင်းခြားမှုအတွက် မဟုတ်၊ မှတ်ဥာဏ်အတွက်သာ ဖြစ်သည်။ အလယ်တန်းအဆင့်မှာ အတော်လေး လွပ်လပ်မှု ရှိ၏။ တစ်သီးပုဂ္ဂလတွေ နှစ်သက်ရာ ဘာသာရပ်ကို လွပ်လပ်စွာရွေးချယ်ခွင့်ရှိ၏။ တကယ်စိတ်ဝင်စားသည့်အရာတို့နှင့် လက်တွေ့ကွင်းဆင်းလေ့လာဖို့ အချိန်လုံလောက်စွာရှိ၏။

အမေရိကန်နိုင်ငံ၏ အထက်တန်းပညာရေးစနစ်ကတော့ ကွဲပြားခြားနားသည့် နိုင်ငံရေးအတွေးခေါ်များကိုလည်း ဖော်ထုတ်ကြ၏။ ကနေဒါမှာ အမျိုးသားနှင့် အမျိုးသမီး တန်းတူညီမျှ လုပ်ပိုင်ခွင့်ရှိ၏။ ကနေဒါနိုင်ငံ၏ နောက်ထပ်ပညာရေး ကောင်းကွက်တစ်ခုကတော့ ပတ်ဝန်ကျင်ဆိုင်ရာ သိမြင်သဘောပေါက်မှုပင်ဖြစ်၏။ ကနေဒါနိုင်ငံ တက္ကသိုလ်ပညာရေးကိုတော့ ပုဂ္ဂလိကနှင့် လူထုအင်စတီကျူးရှင်း ၂ ရပ်လုံးက ဖွင့်လှစ်ကြ၏။ တက္ကသိုလ်ဝင်ခွင့်စနစ်ကို အမှတ်စာရင်း၊ အပြိုင်အဆိုင်နှင့် အလွန်အမင်း ဈေးကြီးမြင့်မှုတို့အပေါ်မှာ အခြေခံ၏။

ကနေဒါမှာလည်း ဌာနေတိုင်းရင်းသားများနှင့် ပတ်သက်ပြီး ကြေကွဲစရာသမိုင်းကြောင်းတွေရှိ၏။ အခြားဒေသအများအပြားမှာ လူများနှင့် ဌာနေတိုင်းရင်းသားတွေအဖို့ မြို့ကြီးပြကြီးတွေမှာ စာသင်ဖို့ဆိုတာ အလွန်ပင် ခက်ခဲလှ၏။ သူတို့သည် သူတို့၏ စားဝတ်နေရေးနှင့် ကျောင်းလခတွေအတွက် ကိုယ့်ဘာသာကိုယ် ဖြေရှင်းရ၏။ သို့သော် တစ်ချို့သောသူတွေ၊ ဌာနေတိုင်းရင်းသားလူမျိုးတွေအတွက် သီးသန့်ထားခြင်း (Reservation) စနစ်မျိုးတော့ ရှိ၏။

အစိုးရထံမှ ပညာရေးချေးငွေမျိုးရနိုင်ပြီး၊ ဘွဲ့ရပြီး ၁၅နှစ်မှ အနှစ်၂၀ အတွင်း ပြန်ဆပ်ကြရ၏။ ဒါဟာ အချို့သောသူများအတွက် အလွန်ခက်ခဲပြီး များပြားလှသည့် ကြွေးမြီတင်ရှိမှုကို ဖြစ်ပေါ်စေ၏။ ကနေဒါနိုင်ငံ၏ ပညာရေးသည် လတ်တလော မျက်မှောက်အခြေအနေတွေကို ဦးစားပေး၏။ ကနေဒါနိုင်ငံ၏ အဝေးသင်ပညာရေးစနစ်ကိုတော့ သူမအနေဖြင့် ကောင်းကောင်းမသိပါ ဟုဆို၏။ ရုပ်မြင်သံကြားတွေမှ တဆင့် ထုတ်လွှင့်ပို့ချကြသည် ဟူ၏။

ကနေဒါနိုင်ငံ၏ စာမေးပွဲစနစ်သည် အစဉ်ဆက်မပြတ် အကဲဖြတ်မှုစနစ်ပင်ဖြစ်၏။ သူတို့သည် မတူကွဲပြားသည့် လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ဒေသန္တရနောက်ခံတို့က လာသည့်သူတို့အတွက် သာတူညီမျှမှုကို အားပေးချီးမြှောက်၏။ ကနေဒါနိုင်ငံ၏ ကျောင်းသား သမဂ္ဂများသည် ကျောင်းဆောင်တည်ဆောက်ရေး၊ ပွဲသဘင်အခမ်းအနားနှင့် အချို့သော ဆန့်ကျင်ဆန္ဒပြပွဲတွေအတွက်ဖြစ်၏။

ဆရာနှင့်ကျောင်းသား အချိုးကတော့ ပုံမှန်အားဖြင့် အတန်းတတန်းလျှင် ၂၅ ယောက်ဖြစ်၏။ အတန်းတွင်းမှာ ရိုက်နှက်ဆုံးမခြင်းကို ဥပဒေဖြင့်တားမြစ်ပိတ်ပင်ထား၏။ ဆရာတွေများသည် စာမေးပွဲတွေကို ပြုလုပ်ပိုင်ခွင့်ရှိ၏။ တနိုင်ငံလုံးအတိုင်းတာနှင့် စံချိန်မီ စာမေးပွဲဆိုတာမရှိ။ ဘာသာရပ်ပေါ် အခြေခံပြီး စာမေးပွဲပုံစံ အမျိုးမျိုးရှိ၏။ ဥပမာအားဖြင့် အင်္ဂလိပ်ဘာသာ စာမေးပွဲသည် စာစီစာကုံးနှင့် အမေးအဖြတို့ပင် ဖြစ်၏။ စိတ်ပညာဘာသာရပ်သည် အဖြေမှန်ကို ရွေးချယ်ရသည့် (Objective Choice) မေးခွန်းပုံစံမျိုးပင်ဖြစ်၏။

ကျောင်းသားများသည် သူတို့၏ အမှတ်များနှင့် ပတ်သက်ပြီး မကျေနပ်ပါက ကျောင်းအုပ်ကြီးထံသို့ တိုင်တန်းနိုင်၏။ ကနေဒါနိုင်ငံမှ ဆရာတို့၏ဘဝသည် အလွန်ခက်ခဲလှ၏။ သူတို့၏ စာသင်ကြားမှု အလုပ်ဆိုသည့် အသက်မွေးဝမ်းကျောင်းပေါ်မှာ နှစ်သက်ကြပြီး ဆရာတို့၏ မကျေနပ်မှုဆိုတာ ထူးထူးခြားခြားဖြစ်သည့် အရာပင်ဖြစ်၏။ ကနေဒါမှာ အမျိုးသားစာမေးပွဲဘုတ်အဖွဲ့ဆိုတာမျိုးမရှိ။ ဘွဲ့ရကျောင်းသားများတွေက အဖြေလွှာအမှတ်များကို စစ်ဆေးပေးကြ၏။ ပါမောက္ခများက မစစ်ဆေးကြပေ။ ဘွဲ့လွန်နှင့် ပါရဂူဘွဲ့တွေအတွက် ကျမ်းပြုတင်ကြရသည် ဟူ၏ ။

မှတ်ချက်။ ။ မြန်မာနိုငံကျောင်းသားလူငယ်များကွန်ဂရက်မှ စီစဉ်ထုတ်ဝေသည့် ပညာရေးဆွေးနွေးပွဲ မှတ်တမ်းများ မှ ပြန်လည် ကောက်နှတ် မျှဝေပါသည်။

မစ္စ် ဘရန်ဒါ ဘီလက် ၏ ကနေဒါပညာရေးစနစ် အတွေ့ကြုံ အကျဉ်းချုပ် (၂-၁၂-၁၉၉၈)

မေ့သားလှ-ဇလဂ္ဂ

၂၈-၁၂-၂၀၁၁

Monday, December 26, 2011

ဂုဏ်သိက္ခာရှိစွာအသက်ရှင်ရပ်တည်နိုင်ရေး

နံနက်မိုးလင်း အင်တာနက်သီတင်းဖွင့်ဖတ်ကြည့်လိုက်တယ်ဆိုရင် ကမ္ဘာ့အသံ အာရှအသံ မြန်မာ့အသံ သီတင်းစုံ ဖတ်ရ၏။ သီတင်းစုံ ကြားနေရ၏။ ကမ္ဘာတစ်လွှားမှာ လူပေါင်း လေးသန်းလောက်သည် လူကုန်ကူးခံနေရသူများ ဖြစ်၏ ဟု လေ့လာသူ အချို့က သုံးသပ်ကြ၏။ အမေရိကန်အစိုးရ အစီရင်ခံစာ တစ်စောင်ကမူ ကမ္ဘာတစ်ဝှမ်းမှာ လူပေါင်း ၇ သိန်းခန့်ဟာ လူကုန်ကူးမှူ လုပ်ငန်းမှာ ခံနေရပြီး သူတို့၏ ဆန္ဒနှင့် ဆန့်ကျင်ကာ ခိုင်းစေခံနေရသည်ဟု ဆို၏။ ရုရှားနိုင်ငံမှာပင် မိဘများ၏ စွန့်ပစ်မှုကြောင့် မိဘမဲ့ ကလေးများ စုစည်းရာ တပ်ကြီးထဲသို့ ဝင်ရောက်လာသူ ကလေးပေါင်းဟာ နှစ်စဉ် တစ်သိန်း သုံးသောင်းအထိ ရှိသည် ဟုဖတ်ရှု့ဖူး၏။ ထိုအချက်ကို ရုရှားလွှတ်တော်အမတ်တွေက မီးမောင်းထိုးပြကြ၏။

ကမ္ဘာမှာ ကလေး ရှစ်ဦးလျှင် တစ်ဦး အလုပ်လုပ်နေရပြီး ကလေးပေါင်း ၂၄၆ သန်းဟာ ကမ္ဘာတစ်လွှားမှာ အခိုင်းစေခံနေရသည်ဟု အိုင်အယ်အို အစီရင်ခံစာက ဆို၏။ အဆိုပါ အရေအတွက်အရ အာရှမှာ ကလေးသူငယ် ၁၂၇ သန်း အလုပ်လုပ်နေရပြီး အာဖရိကမှာ ကလေးပေါင်း ၄.၈ သန်း ခန့် အလုပ်လုပ်နေရသည်ဟူ၏။ မြန်မာနိုင်ငံမှာတော့ ကျောင်းနေချိန် ကျောင်းမနေနိုင်သည့် ပညာမသင်ကြားနိုင်သည့် ကလေးသူငယ်များသည် အလုပ်ခွင်တွင် ဝမ်းစာရေးအတွက် ဘယ်လောက်အရေအတွက် အလုပ်လုပ်နေကြသည်ကိုတော့ မိမိအနေနဲ့ မသိပါ။ ပြောနိုင်တာကတော့ ပညာသင်ကြားခွင့် မရကြသည့် ကလေးပေါင်း များစွာ ရှိပါသည်။

ယနေ့ကမ္ဘာမှာ ခေတ်မှီဖွင့်ဖြိုးတိုးတက်နေသည်ဟု ဆိုသော်လည်း ဆင်းရဲမွဲတေလှသည့် လူအများစု၏ အရေအတွက်သည်လည်း တရှိန်ထိုး တိုးတက်လာနေပါ၏။ အထူးသဖြင့် အာရှ အာဖရိကနှင့် လက်တင်အမေရိက နိုင်ငံတွေမှာ ပြည်သူအများစုသည် ဆင်းရဲတွင်းနက်နေကြဆဲပင် ဖြစ်၏။ ထို့ကြောင့်ပင် တိုင်းတပါး သွားရောက်အလုပ်လုပ်ကိုင်နေကြရ၏။ တစ်ချို့ဆိုလျှင် ဥပဒေချိုးဖောက် စော်ကားခံရမှု၊ တရားဥပဒေနှင့် ဆန့်ကျင်သည့် လုပ်ငန်းတွေထံ ရောင်းစားခံရမှု၊ ကိုယ်ထိလက်ရောက် စော်ကားညှင်းပန်းနှိပ်စက် အသတ်ဖြတ်ခံရမှ၊ အလုပ်ရှင်၏ မတရား ဖိနှိပ်မှုကြောင့် ဒဏ်မခံနိုင်သည့်အဆုံး ကိုယ့်ကိုယ်ကို ပင် သတ်သေသည်အထိ ရှိ၏။ ယင်းကဲ့သို့ ပြည်ပနိုင်ငံတွေမှာ အန္တရာမျိုးစုံကြားက စွန့်စွန့်စားစား သွားရောက်အလုပ်လုပ်ကြခြင်းသည် မိမိတို့ သက်ဆိုင်ရာ နိုင်ငံတွေမှာ စာဝတ်နေရေး ကျပ်တည်းလို့သာ ဖြစ်၏။ ပြည်ပကို တရားမဝင် သွားရောက်လုပ်ကိုင်သူများမှာတော့ တချို့ဆိုလျှင် မိမိနိုင်ငံသို့ ပြန်မရောက်နိုင်ကြတော့ဘဲ ပြည်ပ တစ်နေရာရာမှာ လူမသိ သူမသိနဲ့ ဘဝဇာတ်သိမ်းသွားကြပေသည်။

ဖွံ့ဖြိုးတိုးတက်သော ခေတ်သစ်ကမ္ဘာမှာ မိမိတို့၏ ဘဝအသက်ရှင် ရပ်တည်ရေး၊ မိမိတို့၏ ဘဝကို မိမိတို့ကိုယ်တိုင်ဖန်တီးနိုင်ရေး၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိမိတို့၏ ကိုယ်ပိုင်လုပ်အားခများကို ရောင်းချကာ တိုင်းတပါးမှာ ဖြစ်စေ မိမိနိင်ငံမှာဖြစ်စေ အသက်မွေးနေကြရသည့် အလုပ်သမားများတို့သည် ကမ္ဘာ့ဘယ်ဒေသမှာမဆို ဂုဏ်သိက္ခာရှိစွာ လုပ်ခွင့်ရဖို့လည်း အမှန်တကယ် လိုအပ်ပါသည်။ တဆက်တည်းမှာပင် နိုင်ငံ၏ ကမ္ဘာ၏ မျိုးဆက်သစ်ကလေးသူငယ်များကို ခိုင်းစေမှု၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ချိုးဖောက်မှုများလည်း ပပျောက်အောင် စုပေါင်း ဝိုင်းဝန်းကြိုးစားနိုင်ကြပါဖို့ အထူးလိုအပ်၏။

မြန်မာပြည်မှာ ကျောင်းနေချိန်အရွယ်မှာ ကျောင်းမနေနိုင်သည့် ဝမ်းစာရေးအတွက် ရုန်းကန်ရှာဖွေစားသောက်နေရသည့် ကျောင်းသားလေးတစ်ယောက်အကြောင်းကို "ခေတ်ပေါ်ရေသည် ပြဇာတ်" အဖြစ် မောင်မြင့်အောင်က ၂၀၀၄ စက်တင်ဘာလ ဥဒါန်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့ဘူး၏။ ၁၉၉၈ ခု ဧပြီလထုတ် မဟောသီ မဂ္ဂဇင်းမှာလည်း တစ်မျက်နှာ ဝတ္ထုတို အဖြစ် ဖော်ပြခဲ့ဘူး၏။ ဝတ္ထု ဟုပင်ဆိုသော်လည်း လက်တွေ့အဖြစ်ပျက်ကို အခြေခံ၍ ရေးသားထားသည်ဟု ယူဆမိပါသည်။ ထို တစ်မျက်နှာစာ ဝတ္ထုတိုလေးကို ဤနေရာမှာ မှတ်သားဖွယ် ကောင်းလို့ ထပ်မံတင်ပြချင်သည်။ အောက်ပါအတိုင်း မူရင်းလေးကို ဖြတ်ရှု့ရင်း ကျောင်းနေချိန်အရွယ် ကလေးများ ကျောင်းနေနိုင်ဖို့ အားလုံးဝိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းရင်း ဖော်ပြလိုက်ပါသည်။

ကျွန်မမှာ လေးနှစ်သားအရွယ် သားလေး တစ်ယောက်ရှိတယ်။ ဆော့ကစားတာနဲ့ ပတ်သက်လို့ "အော်စကာ" ဆု ပေးမယ်ဆိုရင် ကျွန်မသားလေးက ရွှေကမ္ဘာလုံးဆု ရော အော်စကာဆု ပါ တစ်ပြိုင်တည်း ရမှာ သေချာတယ်။ သားလေးက အဆော့မက်သလို အစားလဲ မက်တယ်။ ဆော့လွန်းလို့ သူ့ခြေထောက်နဲ့ လက်တွေမှာ ဒဏ်ရာဒဏ်ချက်တွေ မပြတ်ပေမယ့် ခြင်ကိုက်ရာတော့ လုံးဝမရှိဘူး။ ဘာကြောင့်လဲဆိုတော့ သားလေးကိုယ်တိုင်က တနေ့လုံး အငြိမ်မနေအောင် ဆော့တော့ ကိုက်မယ့်ခြင်လဲ စိတ်ဓာတ်ကျသွားပြီး မစောင့်နိုင်တာနဲ့ သူ့ကို ရှောင်သွားတာပေါ့။

ဒီနေ့ ကျွန်မ ခွင့်ယူထားလို့ အိမ်မှာ သားလေးနဲ့အတူ ရှိနေတယ်။ နေ့လည် တနာရီဝန်းကျင်လောက်မှာ သားလေးကို အိမ်မှာရှိတဲ့ ဘီစကစ်ကျွေးပြီး ကျွန်မ အပျိုဘဝတည်းက ဝယ်ထားတဲ့ "ကော်နီ မရန့်စ်" (Connie Francis) ရဲ့ Never on Sunday အခွေလေးကို နားထောင်နေတုန်း ခပ်လှန်းလှန်းက ရေခဲထုပ် ဆိုတဲ့ အသံကိုကြားရတော့ သားလေးက ကျွန်မကို ပြောလိုက်တယ်။

"မေကြီး သားသား ရေခဲထုပ် စားချင်တယ်" ။

ဒါနဲ့ သားလေးကို တစ်ချက်ပြုံးပြပြီး အိမ်ရှေ့ရောက်လာတဲ့ ရေခဲထုပ်ရောင်းတဲ့ ကောင်လေးကို လှမ်းခေါ်လိုက်တယ်။ ကောင်လေးက အသက် ၁၀ နှစ်လောက် ရှိပြီ။ အဝတ်အစား ခပ်နွမ်းနွမ်းနဲ့ ဂျပန်ဖိနပ်အစုတ်လေး စီးလို့။ ကျွန်မ ဒီကလေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်သွားတယ်။ တကယ်တော့ အခုလို နေအရမ်းပူတဲ့အချိန်မှာ ၁၀ နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ စာသင်ခန်းရဲ့ အမိုးအကာအောက်မှာပဲ ရှိသင့်တယ်လို့ ကျွန်မစဉ်းစားနေတုန်း သူ့ရေခဲပုံးလေးကို ဖွင့်လိုက်တော့ ရေခဲထုပ် နှစ်ထုပ်ပဲ ရှိတော့တယ်။ အဲဒီ နှစ်ထုပ်လည်း အရည်ပျော်နေပြီ။ ဒါနဲ့ သားလေးကို တထုပ်ယူပေးလိုက်တယ်။

ဒီတော့ ကောင်လေးက ကျန်တဲ့ တထုပ်ကိုပါ ကျွန်မကို ယူခိုင်းတယ်။ ကျွန်မက ငြင်းလိုက်တော့ ကျန်တဲ့ ရေခဲထုပ်လေးကို ကိုင်ပြီး တစုံတခုကို စဉ်းစားနေပုံရတယ်။ ကျွန်မကလဲ သူပြန်သွားမှ တံခါးပိတ်ရမှာမို့ သူ့ကိုကြည့်နေမိတယ်။ ကောင်လေးကတော့ တွေဝေနေတုန်း ခဏကြာတော့ တခုခုကို ဆုံးဖြတ်ချက် ချလိုက်တဲ့ပုံနဲ့ သူကိုင်ထားတဲ့ ရေခဲထုပ်လေးကို ပုံးထဲ ပြန်ထည့်လိုက်ပြီး ကျွန်မကို စကားတခွန်း ပြောလိုက်တယ်။

"ဒေါ်လေး ကျွန်တော် ရေဆာလို့ ရေတခွက်လောက် တိုက်ပါ" ။ တဲ့။

အော် လွန်ခဲ့သော ၁၄ နှစ်ခန့်က ရေးသားခဲ့သည့် ဝတ္ထုတိုလေးပင် ဖြစ်သော်လည်း ယနေ့အချိန်နှင့်လည်း ဘယ်လောက် ကိုက်ညီမှုရှိသလဲ ယခုအချိန်မှာ ဘယ်လောက် တိုးတက်ပြောင်းလဲလာနေပြီ လဲဆိုတာကို စဉ်းစားမိရင်း။

မေတ္တာဖြင့်

(မေ့သားလှ-ဇလဂ္ဂ)

၂၆-၁၂-၂၀၁၁