" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, December 15, 2011

ဘုရားလောင်း မဟော်သဓာ၏ ခေတ်ရှေ့ပြေး ပရဟိတဇရပ်ကလေး

မြန်မာပြည်ရှိ ဗုဒ္ဓဘာသာဝင်အားလုံး မြတ်ဗုဒ္ဓ၏ဘုရားလောင်းဘဝဖြစ်တော်စဉ် ၅၅၀ ဇာတ်နိပါတ်များကို အားလုံးမဖတ်ဖူးသည့်တိုင် ကြားဖူးနားဝ အားလုံးရှိကြပါသည်။ ထိုဇာတ်တော် ၅၅၀ ထဲတွင်လည်း ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတို့နှင့် ရင်းနှီးအကျွမ်းဝင်ဆုံးဘာသာရေးစာပေမှာ ဇတ်တော်ကြီး ဆယ်ဘွဲ့ပင်ဖြစ်ပါလိမ့်မည်။ ။ ယင်းဇာတ်တော်ကြီးဆယ်ဘွဲ့သည် ဘုရားဖြစ်ခါနီး နောက်ဆုံး ဆယ်ဘဝ၊ သို့မဟုတ် နောက်ဆုံး ဇာတ်တော် ဆယ်ဇာတ်ဟု ဆိုကြပါသည်။ ယင်းဆယ်ဘဝသည် မြတ်ဗုဒ္ဓဘုရားအဖြစ်နှင့် အလွန်နီးကပ်လှပေ၏။ အခြားအခြားသော ဘဝတို့ထက်လည်း ပို၍ ပါရမီ ရင်ကျင့်လှ၏။ ထို့ကြောင့် "နုမှာ ငါးရာ၊ အရင့်မှာ တစ်ကျိပ်" ဟု မြန်မာပညာရှင်များက မြန်မာဆိုရိုးပြုတော်မူခဲ့ကြ၏။

"တေ၊ဇ၊သု၊နေ၊မ၊ ဘူ၊စန်၊နာ၊ဝိ၊ဝေ" ဟူသည့်အတိုင်း ဇာတ်တော်ကြီးဆယ်ဘွဲ့မှာ ၁။ တေမိယဇာတ်၊ ၂။မဟာဇနကဇာတ်၊ ၃။သုဝဏ္ဏသာမဇာတ်၊ ၄။ နေမိမင်းကြီးဇာတ်၊ ၅။ မဟော်သဓာဇတ်၊ ၆။ ဘူရိဒတ် နဂါးမင်းဇတ်၊ ၇၊ စန္ဒကုမာရမင်းသားဇာတ်၊ ၈။ နာရဒဇာတ်၊ ၉။ ဝိဓူရဇာတ်၊ ၁၀။ ဝေဿန္တရာဇာတ်တို့ဖြစ်သည်။ ။ ဇာတ်တော်ကြီးဆယ်ဘွဲ့အပါဝင် ၅၅၀ ဇာတ်နိပါတ်များကို အဌကထာဆရာကြီး ရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်က စနစ်တကျ ပါဠိဘာသာဖြင့် အေဒီ ငါးရာစုခန့်(ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူပြီး နှစ်ပေါင်း ၉၃၀ လောက်က) သီဟိုဠ်ကျွန်း(သီရိလင်္ကာနိုင်ငံ) မှာ သီတင်းသုံးတော်မူစဉ် ပြုစုတော်မူခဲ့ပေသည်။

မင်းဘူးဆရာတော် ဦးသြဘာသသည် ဇာတ်တော်ကြီး ဆယ်ခုအနက် အောက်ပါ ဇာတ်တောကြီ်း ရှစ်ခုကို မြန်မာစာဖတ်ပရိတ်သတ်အတွက် ရေးသားတော်မူခဲ့ပေသည်။

၁။စန္ဒကုမာရဇာတ်(ကျမ်းပြီး ၁၁၄၄ ခုနှစ်၊ပြာသိုလ၊ တောင်းပန်သူ မောင်ထောက်)

၂။နာရဒဇာတ်(ကျမ်းပြီး ၁၁၄၄ ခု၊ တန်ခူးလ၊ တောင်းပန်သူ မောင်ထောက်)

၃။ ဝိဓူရဇာတ်(ကျမ်းပြီး ၁၁၄၅၊ ဝါခေါင်လ၊ တောင်းပန်သူ မောင်ထောက်၊

၎။ ဝေဿန္တရာဇာတ်(ကျမ်းပြီး ၁၁၄၅၊ တပေါင်းလ၊ တောင်းပန်သူ မောင်ထောက်)

၅ မဟောသဓဇာတ်၊(ကျမ်းပြီး ၁၁၄၆ ၊တန်ဆောင်မုန်းလ၊ တောင်းပန်သူ မောင်ထောက်)

၆။ မဟာဇနကဇာတ်၊(ကျမ်းပြီး ၁၁၄၇၊ နယုန်လ၊ တောင်းပန်သူ မောင်ထောက်)

၇၊ နေမိဇာတ်( ကျမ်းပြီး ၁၁၄၈၊ ဝါဆိုလ၊ တောင်းပန်သူ မောင်ထောင်)

၈။ တေမိဇာတ်(ကျမ်းပြီး ၁၁၄၈ ခု၊ တပို့တွဲလ (တောင်းပန်သူ ကျောင်းဒကာ မောင်ဝ) တို့ဖြစ်ပါသည်။

အမှန်စင်စစ် မင်းဘူးဆရာတော် ဦးသြဘာသသည် ပါဠိတော်လာ မဟာဥမ္မဂ္ဂဇာတက(မဟာဥမင်္ဂဇာတ်) ကိုပင် မှီး၍ မြန်မာနည်းမြန်မာ့ဟန်ဖြင့် ဆရာတော်၏ အဆိုအမိန့်အတိုင်းဆို အနေသင့် စီကုံးရေးသားထားသော မြန်မာတို့သိကြသည့် မဟောသဓာဇာတ်သည် အလွန်စိတ်ဝင်စားစရာကောင်းလှပါသည်။ ။ မင်းဘူးဆရာတော်ကြီးသည် မဟာဥမ္မဂ္ဂဇာတကကို အကြိမ်ကြိမ်ဖတ်ရှု့တော်မူပြီးနောက် မဟော်သဓာဝတ္ထုကို ရေးတော်မူသောအခါ သူ့စိတ်ထဲမှာ မြင်သိခဲ့၊ထင်ခဲ့၊ကြားခဲ့၊ခံစားခဲ့သမျှကို မဟာဥမ္မဂ္ဂဇာတကနှင့် ညှိလျက် ပဋိဘာန်စိတ်ကူးဥာဏ်ဖြင့် သုံးသပ်တော်မူကာ မြန်မာဇာတ်ဝတ္ထု ဟု ဆိုနိုင်လောက်အောင် ရေးသားတော်မူခဲ့သည်။ ။ မှန်ပါသည်။ အရှင်မဟာရဌသာရသည် ဟတ္ထိပါလဇာတ်တော်ကို မှီး၍ နှစ်သက်ဖွယ် ဟတ္ထိပါလပျို့ဖြစ်အောင် ရေးသကဲ့သို့လည်းကောင်း၊ ရှင်အဂ္ဂသမာဓိသည် နေမိဇာတ်တော်ကို ယူ၍ နှစ်သက်ဖွယ် ဘုံခန်းပျို့ဖြစ်အောင် အထူးသဖြင့် နှစ်သက်ဖွယ် ဗီရဏီဘုံခန်းပျို့ဖြစ်အောင် ရေးသားသကဲ့သို့လည်းကောင်း၊ မင်းဘူးဆရာတော်သည် မဟာဥမ္မဂ္ဂဇာတကကိုယူ၍ နှစ်သက်ဖွယ် မဟော်သဓာဝတ္ထုဖြစ်အောင် ရေးတော်မူခဲ့သည်။ ယင်းမဟော်သဓာဇာတ်ဝတ္ထုထဲမှာ နှစ်သက်ဖွယ် အတုယူဖွယ် မှတ်သားဖွယ် သင်္ခန်းစာယူဖွယ်များစွာ ရှိသည်ထဲက ဘုရားလောင်း မဟော်သဓာ၏ ခေတ်ရှေ့ပြေး ပရဟိတဇရပ်ကလေး အကြောင်းနှင့် အခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာ အနည်းငယ်ကို တင်ပြချင်ပါသည်။

ဘုရားလောင်း မဟော်သဓာသည် ၇ နှစ် အရွယ်မှစ၍ သူတစ်ပါးအကျိုး ပရဟိတကို ဆောင်ရွက်ချင်စိတ်ရှိခဲ့သည်မှာ ကြည်ညိုစရာ အပြုအမူပင်ဖြစ်ပေသည်။ မဟော်သဓာ အသက် ခုနစ်နှစ်အရွယ်ရောက်သောအခါ သူနှင့် သူ့ကစားအဖော် တစ်ထောင်တို့ ကစားပျော်ပါးလေ့ရှိရာ မြေတလင်းသည် ယိုယွင်းပျက်စီးလျှက်ရှိပေသည်။ အမိုးအကာ မရှိသောကြောင့် ကလေးသူငယ်တို့သည် လေ၊နေပူ၊ တံလျှပ် ဒဏ်ခံကြရသည်။ သို့သော် ဘုရားလောင်း မဟော်သဓာသည် အခြားကလေးများလို အမှုမဲ့ အမှတ်မဲ့နေတတ်သူမဟုတ်၊ မြေတလင်း၏ အပြစ်ကို သူမြင်တတ်သည်။ မြင်ကာမတ္တမဟုတ်၊ မြေတလင်း၌ ဇရပ်ဆောက်ရလျှင် ကောင်းအံဟု အကြံဖြစ်သည်။ ဇရပ်ဆောက်ဖြစ်အောင် ဆောက်၍ အများအကျိုးအတွက် အသုံးပြုခဲ့သည်။ ။

သူ၏ ဇရပ်ဆောက်မှုသည်လည်း ထူးခြားလှ၏။ ဇရပ်ဆောက်ရာတွင် ဆောက်ရိုးဆောက်စဉ် ဆောက်တတ်သော ဗိသုကာဆရာကြီး၏ ပညာစွမ်းနှင့် ထူးထူးခြားခြားဆောက်လိုသော မဟော်သဓာသုခမိန်၏ ပညာစွမ်းတို့ အားပြိုင်ရာတွင် မဟော်သဓာက အနိုင်ရလိုက်သည်ဟု ဆိုနိုင်၏။ ။ အဘယ်ကြောင့်ဆိုသော် သူဇရပ်က တမူထူးခြားသောကြောင့်တည်း။ ထူးခြားပုံက သူ့ဇရပ်မှာ ခိုကိုးရာမဲ့ ခရီးသွား ကိုယ်ဝန်ဆောင်မိန်းမတို့၏ သားဖွားနေရာနှင့် ရွာသူရွာသားတို့၏ မှုခင်းများကို စီရင်ရာ တရားသဘင်နေရာတို့ကို ထည့်ဆောက်ထားသောကြောင့်တည်း။ ။ မဟောသဓာခေတ်သည် ဘုရားရှင် မပွင့်သေးမီ ကမ္ဘေကမ္ဘာက ခေတ်ပင်ဖြစ်၏ ။ ထိုအချိန်အခါက မဟော်သဓာသုခမိန်၏ လူမှုရေး စီမံဆောင်ရွက်မှုတို့သည် အလွန်ခေတ်မှီလှပေသည်။ ယနေ့ခေတ် ပရဟိတ သားဖွားခန်း ပရဟိတ ဆေးပေးခန်းများ ခေတ်စားလာခြင်း၊ ကိုယ့်ဒေသ ကိုယ့်နယ်နိမိတ်အတွင်းက အမှုကြီး အမှုငယ်များကို အကြီးကဲများက ကိုင်တွယ်ဖြေရှင်းပေးလာကြသည် ယနေ့ခေတ်ရောက်မှ ဖြစ်ပေါ်လာသည်မဟုတ်ပေ။ အမှန်စင်စင် ဘုရားလောင်း မဟော်သဓာ၏ ဇရပ်သစ်ကလေးသည် ယနေ့ ပရဟိတခေတ်၏ ခေတ်ရှေ့ပြေးပင် ဆိုနိုင်ပါသည်။ ။

ထို့အပြင် ခေတ်ရှေ့ပြေးဖြစ်ပုံ တစ်ခုလည်း ရှိပါသေးသည်။ ။ မဟောသဓာ၏ ဇရပ်သစ်ကလေးသည် အသပြာတစ်ထောင်တန် ဇရပ်ဖြစ်ပါသည်။ ထိုအသပြာတစ်ထောင်ကို သူဌေးသား မဟော်သဓာတစ်ဦးတည်းက စိုက်ထုတ်ကာ ဆောက်လုပ်လှူဒါန်းနိုင်ပေသည်။ သို့သော် သူ့ငယ်ချင်း တစ်ထောင်ထံမှ တစ်ဦးလျှင် အသပြာတစ်ကျပ်စီ စုဆောင်းပြီး ထည့်ဝင်လှူဒါန်းဆောက်လုပ်ထားခြင်းဖြစ်သည်။ ။ ထိုသို့ပြုခြင်းသည် တစ်ရွာလုံး၏ အကျိုးအတွက် ဖြစ်သောကြောင့် ရပ်ရွာမှာ ကိုယ်ထူကိုယ်ထစိတ်ဓာတ်၊ ညီညွတ်ရေးစိတ်ဓာတ်၊ စုပေါင်း ဆောင်ရွက်လိုသည့် စိတ်ဓာတ်တို့ ဖြစ်ပေါ်လာအောင် ဘုရားလောင်း မဟောသဓာသုခမိန် စီမံခြင်းသာ ဖြစ်ပေသည်။ အများအကျိုး ပရဟိတအတွက် ဝိုင်းဝန်းလုပ်ချင်အောင် ဝိုင်းဝန်းစောင့်ရှောက်ကြရအောင် စီမံခြင်းဖြစ်ပေသည်။ ။

ထို့ကြောင့် ဘုရားလောင်း မဟော်သဓာ၏ ရည်ရွယ်ချက်လည်း အောင်မြင်ခဲ့၏။ မဟော်သဓာ၏ ဇရပ်ကလေးသည် ယနေ့ခေတ် ဆေးရုံဆေးခန်းများ စုပေါင်းဆောက်ကြခြင်း၊ စုပေါင်း ကျောင်းဆောက်ကြခြင်း၊ စုပေါင်း ကိုယ်ထူကိုယ်ထ စနစ်ဖြင့် လမ်းပြင် လမ်းဖောက်ကြခြင်း စသည့် ပရဟိတလုပ်ငန်းများ၏ ခေတ်ရှေ့ပြေး ဇရပ်ကလေးပင်ဖြစ်ပေတော့သည်။ ။ မဟော်သဓာဇာတ်ကို လေ့လာဖတ်ရှု့သောအားဖြင့် ဘုရားလောင်း မဟောသဓာ၏ ပညာကြီးမားပုံ ပညာစွမ်းရည်တို့ ပေါ်လွင်ထင်ရှားရုံသာမက ဇရပ်ဆောက်ခန်းကို ကြည့်လျှင် ဘုရားလောင်း မဟောသဓာ၏ မြင့်မြတ်သော လူမှုရေး စေတနာများကို မြင်တွေ့နိုင်ပေသည်။ မဟောသဓာဇာတ်တော်လာ အမဲသားတစ်ကို ချစေရာတွင် ကျရောက်နေသောအခြေအနေကို ရုတ်ချည်း သုံးသပ်၍ နည်းလမ်းကောင်းများ ရှာတတ်သော ပညာဥာဏ်ကို သိနိုင်၏။ နွားခိုးမှု ရထားခိုးမှု စီရင်ခန်းစသည်တို့ကို ထောက်လျှင် သက်မဲ့သဘာဝတို့၏ အကူအညီကို အသုံးချတတ်သော ဥာဏ်ကိုလည်း သိနိုင်၏။ ထို့အပြင် လူအကဲခတ်တတ်သော ဥာဏ်များလည်း ပါဝင်၏။ မည်သို့ပင် ဆိုစေ ပညာရှိဟု ဆိုရာတွင် ကျမ်းဂန်တတ်မြောက်ရုံလောက်သာမက လူမှုရေး စေတနာကောင်းထားတတ်ခြင်း၊ အခြေအနေကို သုံးသပ်၍ နည်းလမ်းကောင်းများ ရှာတတ်ခြင်း၊ သဘာဝ၏ အကူအညီကို ရယူအသုံးချတတ်ခြင်း၊ လူကဲခတ်တတ်ရခြင်း စသည်တို့နှင့် ကျယ်ဝန်းစွာ သက်ဆိုင်နေပါသည်။ ။

ဘုရားလောင်း မဟော်သဓာသည် အသက်ငယ်ငယ် ခုနစ် နှစ်အရွယ်လောက်မှာပင် သူ၏ဇာတိဖြစ်သော ပါစိနယဝမဇ္ဈဂုံးရွာမှ ဝိဒေဟရာဇ်မင်းကြီး၏ နန်းတော်သို့ရောက်ခဲ့ရ၏။ ထိုသို့ရောက်ခြင်းအကြောင်းမှာလည်း မဟော်သဓာ ပညာအစွမ်းပြခဲ့သော အဖြစ်အပျက် ၁၉ ခုလောက်ရှိ၏။ မင်းဘူးဆရာတော်၏ မဟောသဓာဇာတ်တော်ကို ဆက်လက်ဖတ်ရှု့ဖို့ တိုက်တွန်းလိုက်ပါရစေ။ ယင်းဇာတ်တော်မှာ အဖြစ်ပျက်တိုင်း၌ မဟော်သဓာက ပညာစွမ်းပြလိုက်၊ သေနက အမတ်ကြီးက ဝန်တိုစိတ်ဖြင့် လျစ်လျုပြုထားလိုက် ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်၏

နမူနာတစ်ခု ပြရလျှင် ခုနစ်နှစ်ကြာသောအခါ ဝိဒေဟရာဇ်ာမင်းကြီးသည် သူ့အိပ်မက်အရ မိထိလာနေပြည်တော် ပတ်ဝန်းကျင် အရပ်လေးမျက်နှာသို့ မင်းချင်းအမတ်ကြီးလေးဦး(သိန်း၊ဒေဝိန်း၊ကာမိန်း၊ပကုပ်) တို့ကို လွှတ်၍ ပညာရှိကို အရှာခိုင်း၏။ အမတ်တို့သည် အရှေ့ပါစိနယဝမဇ္ဈဂုံးရွာသို့ ရောက်လတ်သော် မဟော်သဓာဆောက်လုပ်ထားသော ဇရပ်ကို မြင်သောအခါ ရှု့ဆင်ခြင်၍ ထူးခြားပုံကို မင်းကြီးထံ သီတင်းပို့ကြကုန်၏။ ထိုအခါ မင်းကြီးသည် သေနက အမတ်ကို ခေါ်၍ တိုင်ပင်၏။ ထိုအခါ သေနကအမတ်က ထိုမျှလောက်သော ပညာအစွမ်းကြောင့် မဟော်သဓာကို သုခမိန်မမြှောက်သင့်သေးဟု လျှောက်တင်၍ မဟော်သဓာ၏ တက်လမ်းကို ပိတ်ဆို့ခဲ့၏။ မဟော်သဓာ၏ ပညာအစွမ်းနှင့် သေနကအမတ်၏ ဝန်တိုစိတ် အားပြိုင်ရာ သေနကဝန်တိုစိတ်ကသာ အနိုင်ရသွား၏။ မဟော်သဓာဇာတ်လာ ဖြစ်ပေါ်လာသည့် မှုခင်းပေါင်း ၁၉ ခု၊ သေနကအမတ်၏ အမေးပြဿနာ ၁၁ ခု ကို အမှန်တိုင်း မင်းကြီးအား ဖြေကြားလျှောက်ထားနိုင်ခဲ့ပါ၏။ သို့သော် သေနကအမတ်၏ အမှန်တရားကို လက်မခံနိုင်သော ပြင်းပြလှသော ဝန်တိုစိတ်ကြောင့် သေနကလက်သို့ အမှုခင်းများ ရောက်သောအခါ မြည်းပြဿနာမှတစ်ပါး ကျန်ပြဿနာများ၌ မဟော်သဓာ ရှုံးရရှာ၏။

သို့သော် အခွင့်မသာသေးသဖြင့် အဖိနှိပ်ခံဘဝ မဟော်သဓာ၏ ပညာအစွမ်းက ပို၍ပို၍ပင် ထင်ရှားလာပါသည်။ တိုင်သားပြည်သူအားလုံးက မဟော်သဓာ၏ ပညာစွမ်းကို လက်ခံကြ၏။ နောက်ဆုံး ဝိဒေဟရာဇ်မင်းကြီးသည်ပင် သူကိုယ်တိုင် မဟော်သဓာရှိရာ ပါစိနယဝမဇ္ဈဂုံးရွာ သို့ပင် လိုက်လံကြည့်ရှု့ရပေ၏။ ။ ဇာတ်တော်လာ ပြဿနာများပေါ်လာတိုင်း ဘုရာလောင်းမဟော်သဓာသည် တစ်ချို့သော ပြဿနာများကိုထောက်လျှင် သက်ရှု့သက်မဲ့တို့၏ သဘာဝတို့ကို သတိပြု မှတ်သား ကောင်းစွာအသုံးချဖြေရှင်းသည်ကို တွေ့ရ၏။ တစ်ချို့သော ပြဿနာတို့ကိုမူကား ထောင်ချောက်ထောင် ပရိယာယ်သုံး၍ မေးသောပြဿနာမှန်း မဟော်သဓာချက်ချင်းသိမြင်သောကြောင့် ထိုအမေးပြဿနာမျိုးကို ပြဿနာဖြင့်တုံ့ပြန်ဖြေရှင်းသည်ကိုလည်း တွေ့ရ၏။ အခြေအမြစ်မရှိလှသော တစ်ချို့ပြဿနာများအတွက် ဘုရားလောင်း မဟော်သဓာသည် "အိုးရွဲ့ပေးလာ၍ စလောင်းရွဲ့ဖုံး၍ ပြန်ပေးလိုက်ရသော" အနေထားများလည်း တွေ့ရ၏။

လောကတွင် သစ္စာတရား အမှန်တရားကသာ အောင်နိုင်စမြဲဖြစ်၏ ။ နောက်ဆုံး အမေးပြဿနာဖြစ်သော မြည်းပြဿနာကို မဟော်သဓာ ဖြေပြီးသောအခါ ဝိဒေဟရာဇ်မင်းကြီးသည် အကောက်ကြံ မမှန်ကန်သမား ဝန်တိုတတ်သူ သေနကအမတ်ကို လျစ်လျုပြု၍ မဟော်သဓာကို ပညာရှိ သုခမိန်အဖြစ် အတော်ကောက်တော်မူ၏ ။ မဟော်သဓာနန်းတွင်းသို့ရောက်သွားသောအခါ (လွှတ်တော်သို့ ရောက်သွားသောအခါ) နန်းတွင်းတွင်(လွှတ်တော်တွင်) သေနကအမတ်ဝန်တိုနှင့် မည်သို့မည်ပုံ စခန်းသွားရသည်တို့ကိုလည်းကောင်း၊ အမှန်တရားကို ရပ်တည်၍ မတရားသဖြင့် ဖိနှိပ်ခံ မဟော်သဓာ မည်သို့မည်ပုံ ပြဿနာများ ကိုင်တွယ်ဖြေရှင်းသည်တို့ကိုလည်းကောင်း၊ တရားသည်ကိုသာ လိုလားတတ်ကြ၍ မတရားသည်ကို မလိုလားတတ်ကြသည်မှာ ယေဘုယျအားဖြင့် လူသားတို့၏ တိုင်းသားပြည်သူအားလုံးတို့၏ စိတ်ဓာတ်ကောင်းဖြစ်သည်ကိုလည်းကောင်း၊ နောက်ဆုံး အမှန်တရားဘက်တော်သား မဟော်သဓာက ဝန်တိုသူ မမှန်တရား ဘက်တော်သား သေနကအမတ်အပေါ် မည်သို့မည်ပုံ အနိုင်ရသွားပုံတို့ကိုလည်း၊ ပြဿနာဖြစ်ပေါ်လာတိုင်း မဟော်သဓာသည် သူ့ပတ်ဝန်ကျင် လောကကြီးကို ရှု့မြင်သုံးသပ်ပုံတို့ကိုလည်းကောင်း၊ အမှန်တရားသို့ရောက်အောင် မဟော်သဓာသည် မည်သို့ပြုမူ၍ ဆုံးဖြတ်ပေးသည်တို့ကိုလည်းကောင်း၊ တစ်ဖက် အတိုက်ခံ ရန်သူအပေါ် မဟော်သဓာသည် မည်သို့မေတ္တာကရုဏာထားတတ်ပုံတို့ကိုလည်းကောင်း၊ ထို့ပြင် ဝိဒေဟရာဇ်မင်းနှင့် မိထိလာသေနာပတိ ပညာရှိသုခမိန် မဟော်သဓာတို့ကို သေကြောင်းကြံသော စူဠနီဗြဟ္မဒတ်မင်းနှင့် ကေဝဋ်ပုဏ္ဏားကြီးတို့၏ ပရိယာယ်ကို မဟော်သဓာက သူ့ပရိယာယ်၊ သူ့နည်းသူ့ဟန် သူ့သံတမန်နည်းတို့ဖြင့် ချေဖျက်၍ နောက်ဆုံးတွင် မိထိလာပြည်နှင့် ရန်သူနိုင်ငံ ပဉ္စာလရာဇ် တိုင်းပြည်တို့ ရွှေလမ်းငွေလမ်းပေါက်အောင် မဟော်သဓာ၏ ပညာစွမ်းရည်၊ စည်းရုံးနိုင်စွမ်းတို့ကို မူရင်း မဟော်သဓာဇတ်တော်မှာ ဆက်လက်ဖတ်တော်မူကြပါရန်။ ။


မှတ်ချက်။ (မူရင်းဇာတ်တော်ကို ဖတ်ရင်းဖတ်ရင်း မျက်စိလည်နိုင်ပါသည်။) သတိဖြင့် ဖြေးဖြေးဖတ်သင့်လှပါကြောင်း။)

မေတ္တာဖြင့်

မေ့သားလှ(ဇလဂ္ဂ)

၁၅-၁၂-၂၀၁၁

ashinsutacara@gmail.com

maytharhla@gmail.com


No comments:

Post a Comment