" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Monday, December 5, 2011

မျက်စိစူးဝင်၊ မရှုချင်အောင်၊ ဝမ်းတွင်လှိုက်ဆူ၊ မငြူစူနှင့်၊

ပုထုဇဉ်များသည် ဘဝမဆုံးသေးသမျှ ခရီးသွားနေကြရပေဦးမည်။ ခရီးတို-ခရီးရှည်သာ ကွာခြားကြပါလိမ့်မည်။ သွားနေရသည့်ခရီးက နေ့စဉ်ခရီးနှင့် သံသရာခရီးတို့ပင်တည်း။ နေ့စဉ်ခရီးလျှောက်ရင်းဖြင့် သံသရာခရီးသွားနေကြရခြင်းလည်း ဖြစ်ပေသည်။ ရှည်လျားလှသည့် သံသရာခရီးစဉ်တစ်လျောက် လူ့ဘဝရခိုက် လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ မိမိထက်သာသူ- မိမိအောက် နိမ့်သူ-မိမိနှင့် အဆင့်တူသူ ဟု လောကဝေါဟာရအတိုင်း ခေါ်ဆိုနေကြရသူများနှင့် မလွဲမသွေဆက်ဆံကြရပေလိမ့်မည်။ အထူးသဖြင့် မိမိထက် စည်းစိမ်ဥစ္စာ ရုပ်ရည်ပညာ စသည် အဖက်ဖက်က သာလွန်နေသူများနှင့် ဆက်ဆံရလျှင် နှလုံးသွင်းမမှန်ကန်ပါက ဝမ်းမြောက်မှုမုဒိတာပွားနိုင်ဖို့ဆိုသည်မှာ ပုထုဇဉ်များအဖို့ လွယ်ကူသောအရာတော့ မဟုတ်ပါပေ။

ပုထုဇဉ်များသည် ကိုယ့်ထက်သာသူများအပေါ်တွင် များသောအားဖြင့် မနာလိုဝန်တိုမှု ဣဿာ တရားဖြစ်တတ်ကြသည်။ "သည်လိုယုန်တော့ ချုံတိုင်းရှိပါတယ်"၊ "ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့" ဟူသော သဘောထားများ ရင်ဝယ်ပိုက်ထွေးတတ်ကြသည်။ "ကိုယ့်ထက်သာ မနာလို၊ အကြံတူ ရန်သူ၊ အလုပ်တူ ငြူစူ၊" ဟူသော မြန်မာဆိုရိုးများသည် ဣဿာတရားကို ဖော်ညွှန်းပေသည်။ တစ်ခါတစ်ရံ သူတော်ကောင်းလက္ခဏာ တရားနှင့် အထိုက်လျှောက်ပြည့်စုံ ရှိသူများကိုပင် ယင်းဣဿာ တရားက အလဲထိုးအနိုင်ယူသွားတတ်သည်လည်း ရှိပါသေးသည်။ ဣဿာတရားတို့က အချိန်မရွေး မိမိကို တိုက်ခိုက်အနိုင်ယူဖို့ အမြဲတမ်း ချောင်းမြောင်းနေတတ်ကြသည်။ ယင်း မနာလိုမှု ဣဿာ တရားကို တန်ပြန် အနိုင်ယူဖို့ရန်မှာ မှတစ်ပါး အခြားမရှိ ဆိုသည့်အတိုင်း သူတစ်ပါး အောင်မြင်မှုအပေါ် ဝမ်းမြောက်ဝမ်းသာထားနိုင်မှု မုဒိတာမှတပါး အခြားမရှိပါပေ။ ယင်းမုဒိတာတရားထားနိုင်ဖို့ရန်မှာလည်း မှန်ကန်သောနှလုံးသွင်းမှု ယောနိသောမနသိကာရသည် အလွန်အရေးကြီးလှပေသည်။

"ဣဿာလျှံမူ၊ လွန်ငြူစူ၏၊" ဆိုသကဲ့သို့ မနာလိုခြင်း၊ ငြူစူခြင်း တို့သည် ဣဿာ၏ သင်္ကေတများဖြစ်သည်။ ပုထုဇဉ်တို့၏ ကိုယ့်ထက်သာ မနာလိုခြင်းမီးလျှံ ဣဿာတရားက အလွန်ပူပြင်းလှ၏။ ကိုယ့်ထက်ဂုဏ်အင်မြင့်မားသူ ကိုယ့်အသိုင်းအဝိုင်းမှာ မထားလိုခြင်း နေရာမပေးလိုခြင်း စိတ်ကျဉ်းမြောင်းသေးသိမ်မှုများက ဖိစီးလွှမ်းမိုး အနိုင်ယူတတ်ကြသည်။ တကယ်တန်း အောင်မြင်သူများအပေါ်မှာ ဖောခြင်းသောခြင်း မုဒိတာပွားနိုင်ဖို့ဆိုသည်မှာ အပြောလွယ်သလောက် အလုပ်ခက်ပေသည်။ အပြင်ပန်းသဏ္ဍာန်မှာတော့ "ဂုဏ်ယူပါတယ်ခင်ဗျာ"ဟု ရုပ်ရှင်သရုပ်ဆောင်များပမာ အက်ရှင်ပီသစွာ ချီးကျူးဝမ်းမြောက်နိုင်သော်လည်း ရင်ထဲနှလုံးသားထဲက တကယ်နှစ်နှစ်ကာကာ ရှိမရှိဆိုတာကလည်း ကာယကံရှင်မှ တပါး အခြားပုဂ္ဂိုလ်များ အပြည့်အဝ မသိနိုင်ပေ။ တစ်ချို့ကလည်း အောင်မြင်သူကို လက်ခုတ်တီးမိပြန်တော့ မုဒိတာမှာ နံရံတံတိုင်းများ ရှိသည်ဟု ဆိုလာကြ၏။ ကိုယ့်ကျိုးစည်းပွား ထိပါးလာနိုင်သည်နှင့် တစ်ပြိုင်နက် ယင်းလက်ခုပ်သံများက မှေးမှိန်ရပ်စဲသွားပြန်သေးသည်။ ကျော်တတ်သွားတာမျိုးကို မမြင်ချင်။ ဒို့အတူတူပဲ လေကွာ ဟူသော ပေတံမျိုးဖြင့်တိုင်းကာ ဆွဲနှစ်ထားချင်လိုက်ကြသေးသည်။

ပုထုဇဉ်တို့အဖို့ မနာလိုဝန်တိုမှုဣဿာ ဖြစ်ဖို့လွယ်သလောက် အောင်မြင်သူအပေါ် ဝမ်းမြောက်နိုင်မှု မုဒိတာတရား ထားနိုင်ဖို့မှာ အလွန်တရာခက်လှ၏။ မုဒိတာတရား မိမိတို့စိတ်နှလုံးသားထဲမှာ ဖြစ်ဖို့ ခက်ခဲလှသည်မှန်သော်လည်း ဒါနကုသိုလ်တို့ကဲ့သို့ ကိုယ့်အိတ်ကတ်ထဲမှ တစ်ပြားသားမှ စိုက်ထုတ်စရာမလိုပေ။ မုဒိတာတရား ပွားနိုင်တာနှင့် ကုသိုလ်တရားအချောင် ရနိုင်သည်သာတည်း။ မုဒိတာတရားကို ဒါနထဲမှာ ထည့်သွင်းနိုင်၏။ ဒါနအမျိုးမျိုးထဲတွင် သမနုညဒါန ဆိုတာရှိ၏။ သမနုညဒါန=ဆိုသည်မှာ သူတစ်ပါး အောင်မြင်ကျော်ကြားတာ လှူတာ တန်းတာများကို မနာလို ဝန်တိုမှုကင်းပြီး ဝမ်းမြောက်ဝမ်းသာ မုဒိတာတရား ပွားကာ စိတ်ထဲမှ သဘောတူခြင်းကို ခေါ်၏။ ယင်းကဲ့သို့ မုဒိတာပွားနိုင်ခြင်းကိုပင် သမနုညဒါန ကုသိုလ်အချောင်ဖြစ်၏။ ကုသိုလ်အချောင်ရ၏။ ပုထုဇဉ်တို့သည် ဝမ်းမြောက်မှု မုဒိတာတရားကို ခံတွင်းမတွေ့လှသော်လည်း မနာလိုဝန်တိုမှု ဣဿာ ကိုတော့ ပျားရည်ပမာ ချိုမြသယောင်ရှိကြ၏။ အမှန်တကယ် ကိုယ့်ထက်သာသူအပေါ် ရင်ထဲနှလုံးထဲက မုဒိတာတရားပွားနိုင်လျှင် ကုသိုလ်အချောင်ရနေ၏။ မနာလို ဝန်တိုမှု ဣဿာ တရားဖြစ်နေလျှင် အကုသိုလ်အချောင်ဖြစ်နေ၏။

အရည်မရ အဖတ်မရ မစားရမသောက်ရတာချင်းအတူတူ ကုသိုလ်ကိုသာ ယူသင့်၏။ တစ်ချို့ဆရာတော်များက မင်းတို့…မွေးမည့်မွေးလျှင် ကြက်ဘဲ စတဲ့တိရစ္ဆာန်များကိုသာ မွေးသင့်တယ်၊ အရည်မရ အဖတ်မရ မစားရမသောက်ရ မနာလို ဝန်တိုမှု ဣဿာ ကိုတော့ မမွေးကြနဲ့၊ အကုသိုလ်ဖြစ်တာချင်း အပါယ်ကျတာချင်းတူရင်တောင် ကြက်သားဝက်သား စားပြီးမှ အပါယ်ကျရတာကောင်းသေးတယ်၊ မနာလို ဝန်တိုသူများက ဘာမှ မစားရမသောက်ရ အချောင် အပါယ်ကျတယ်၊ အပါယ်ကျရကျိုးမနပ်လှဘူး ဟု ဟာသဆန်ဆန် ပြောစမှတ်ပြုကြပါသည်။ မှန်ပါသည်။ မနာလိုဝန်တိုမှု ဣဿာ တရားသည် အရည်မရ အဖတ်မရ ကိုယ့်ကျောင်း ကိုယ့်အိမ်ကိုယ့်တိုက်တာပေါ် နေရင်းထိုင်ရင်း အချောင်အကုသိုလ်ဖြစ်နေရကား အရှုံးကြီးရှုံးလှပါသည်။ ထို့အတူ ဝမ်းမြောက်မှု မုဒိတာတရားသည် ကိုယ့်အိတ်ကပ်ထဲမှ ဘာတစ်ခုမျှ အရင်းအနှီး စိုက်မထုတ်ရဘဲ အချောင်ကုသိုလ်ရကာ အကျိုးအမြတ်လည်း ကြီးလှပေသည်။

ဣဿာတရားသည် လူတွင်သာမက တိရစ္ဆာန်များလည်း ဖြစ်တတ်ပါသေး၏ တစ်ခါက ဟိမဝန္တာတောင် မြဂူအတွင်းမှာ ခြင်္သေ့တစ်ကောင်းအောင်းနေ၏။ ထိုဂူ၏ မနီးမဝေးမှာလည်း ဝက်များကျင်လည်ကျက်စားနေကြ၏။ မြရတနာ၏အရောင်ကြောင့် မြဂူအတွင်းက ခြင်္သေ့ကို မြင်နေရသဖြင့် အမြဲကြောက်ရွံ့ကာ ယင်းမြဂူ၏ အရောင်ကိုပင် ဝက်များမနာလိုဝန်တို အပြစ်မြင်ကြကုန်၏။ ထို့ကြောင့် ဝက်တို့သည် ရွှံ့ညွန်ထဲမှာ လူးပြီးလျှင် ထိုညွန်များဖြင့် မြဂူကို အရောင်မှိန်အောင် ပွတ်တိုက်ကြလေရာ မြဂူမှာ အရောင်မညှိုးဘဲ ပို၍ပင် တိုးလျှက် တောက်ပြောင်လာလေ၏။ ထို့အတူ မိမိထက်သာသူကို မနာလို ဣဿာ ဖြစ်နေလျှင် မိမိမှာသာ အကျိုးယုတ်သွားစရာရှိ၏။ အထက်တန်းရောက်ပြီးသူများမှာ တိုး၍ပင် ပြောင်မြောက်ဖွယ်ရှိပါသည်။ ထို့ကြောင့်မန်လည် ဆရာတော်ကြီးက မဃဒေဝ ၌

ဗာလအလို၊ သ၀န်တိုနှင့်၊ ကိုယ့်ကိုထောင်လွှား၊ အမြတ်ထား၍၊ သူ့အားနှိမ့်ချ၊ ပြုတတ်ကြမူ၊ မလှကျိုးမဲ့၊ ဂုဏ်ချို့တဲ့လျက်၊ ကဲ့ရဲ့ဘေးဒဏ်၊ ကိုယ့်ကိုပြန်ပြီး၊ ဧကန်မုချ၊ ဒုက္ခကိုယ့်မှာ၊ ရောက်တတ်စွာခဲ့…. (ပုဒ်ရေ ၂၀၃)။

ဟုလည်းကောင်း၊ ထို့ပြင်

"နောင်ရင်းညီရင်း၊ နွယ်မကင်းသော၊ သားချင်းမျိုးဖော်၊ အကျော်ထင်ရှား၊ ဆွေတော်များကို၊ တရားမပျက်၊ မေတ္တာဆက်၍၊ မဖျက်ဆီးမှု၊ ချီးမြှောက်ပြုလော့၊ သူ့ကိုယ်ချီးမြှောက်၊ ကိုယ့်ဂုဏ်မြောက်၏၊ ယွင်းဖောက်အလို၊ ဝန်မတိုနှင့်၊ သူ့ကိုဂုဏ်နှိမ့်၊ ကိုယ့်ဂုဏ်နိမ့်။ ။ " ဟုလည်းကောင်း၊

ထိုမှတစ်ပါးလည်း မန်လည်ဆရာတော်သည် "ပတ္တမြားရွှေဂူ" လေးဆစ်ကဗျာ" ဖြင့် အောက်ပါအတိုင်း သတိပေး ဆုံးမခဲ့သည်။

ပတ္တမြားရွှေဂူ

ပြစ်မရှိ ပြစ်ရှာ
လမင်းကို ခွေးဟောင်လို့

ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။

မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာတိုက်နဲ့။

ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။

လူ တိရစ္ဆာန်များသာ မနာလို ဝန်တိုမှု ဣဿာတရား ဖြစ်ကြသည်မဟုတ်သေး၊ စာတုမဟာရာဇ် နတ်ဘုံမှ မနောပဒေါသိကနတ်များသည်လည်း ဣဿာတရား ဖိစီးနှိပ်စက်ခံရမှုကြောင့် နတ်သက်ကြွေကြရလေသည်။ ကိုယ့်ထက်သာ မနာလို ဣဿာတရား သည် အဘိဓမ္မာသဘောအရ ဒေါသနှင့် အမြဲယှဉ်သောကြောင့် အလွန်ပူပြင်းလှ၏။ နတ်တစ်ပါးသည် အခြားနတ်တစ်ပါး၏ စည်းစိမ်ဥစ္စာကို မနာလို ဝန်တိုသည်နှင့် တပြိုက်နက် စုတေကြရ၏။ နတ်တို့၏ ရုပ်ခန္ဓာသည် ကမ္မဇရုပ်များဖြင့် ပြီးသောကြောင့် အလွန်နုညံ့သိမ်မွေ့ရကား ဣဿာမီးလောင်သည်နှင့် ချက်ချင်း စုတေကြရ၏ ထို့ကြောင့် မဃဒေဝ မှာပင်

"သူ့၌ပြည့်စုံ၊ စည်းစိမ်ပုံကို၊ မြင်တုံဘိလည်း၊ မျက်စိစူးဝင်၊ မရှုချင်အောင်၊ ဝမ်းတွင်လှိုက်ဆူ၊ မငြူစူနှင့်၊ ငြူစူတတ်က၊ နတ်မဟာရာဇ်၊ ဒေဝါဖြစ်လျက်၊ စင်စစ်လျင်စော၊ လတ်တလောဖြင့်၊ မနောပဒေါသိ၊ မည်ရှိစိတ်ဆိုး၊ နတ်အမျိုးတို့၊ နွမ်းညှိုးခန္ဓာ၊ သေလွယ်စွာ၏။ ။ " ဟုဆိုထား၏။

"ကိုယ့်ကုသိုလ်က ကိုယ့်ဘဝ မုချ မြင့်အောင် မြှင့်လိမ့်မည်" ဟူသော မစိုးရိမ်ဆရာတော်ကြီး ဦးရာဇဓမ္မာဘိဝံသ၏ တရားအဆုံးမလေးကိုလည်း ပြန်လည် ကြားရောင်နေမိပါသည်။ ကိုယ့်ဘဝ တိုးတက်ကြီးပွားဖို့အတွက် ကိုယ်လုပ်သည့် ကုသိုလ်တရားကသာလျှင် ဆောင်ကျဉ်းပေးနိုင်၏။ ကိုယ့်ဘဝ သံသရာ၏ အခြေခံ ဥပဒေများကို ကိုယ်တိုင်သာလျှင် ရေးဆွဲပြဌာန်းကြ၏။ မိမိဘဝ၏ ဘဝသံသရာမြစ်ရေစီးကြောင်း အသွားအလာ ရှင်သန်စီးဆင်မှုလမ်းကြောင်း မတိမ်ကောရလေအောင် မတိမ်းမစောင်းရလေအောင် မိမိသာလျှင် အမြဲထိန်းသိမ်းစောင့်ရှောက်ဖို့လိုပေလိမ့်မည်။ ဘဝမြစ်ရေစီးကြောင်း တိမ်းစောင်းကောက်ကွေ့နေပါက လမ်းခုလပ် ဘဝစိုက်ခင်း ပျိုးခင်း ပန်းခင်းများ ပျက်စီးသွားနိုင်ပါသည်။ ထို့ကြောင့် မိမိတို့၏ဘဝမြစ်ရေစီးကြောင်း မတိမ်းစောင်းကြရလေအောင် ဘဝသံသရာခရီးမှ ရုန်းမထွက်နိုင်သေးမီ အမြဲလိုလို သတိ ပညာ စသည့် သူတောင်ကောင်းတရားများဖြင့် ထိန်းကျောင်းနိုင်ဖို့ အထူးလိုအပ်ပါသည်။

မြစ်တစ်စင်း၏ အပြစ်ကင်းသည့်နည်းတူ ဘဝမြစ်ကြောင်းမှာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဟူသော ဗြဟ္ဗစိုရ်တရားတွေ သွင်သွင်စီးဆင်းနိုင်ပါစေသတည်း။ ဘဝခရီးဖြောင့်ဖြူးပြီး လိုရာပန်းတိုင် အချိန်မီ ရောက်နိုင်ကြပါစေ။

မေတ္တာဖြင့်

မေ့သားလှ-ဇလဂ္ဂ

၀၅-၁၂-၂၀၁၁

မှတ်ချက်။ ။ မစ္ဆရိယ မုန်တိုင်းအကြောင်း ဆက်လက်တင်ပြပါဦးမည်။

ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment