" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Saturday, September 17, 2011

ကာရန်မဲ့ကဗျာနှင့် ဆရာများအမြင်

မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးမှာပင်ဖြစ်စေ ကဗျာအလင်္ကာမည်သည် ဖတ်ရှု့သူတို့ စိတ်နှလုံးကြည်လင် စိတ်ကောင်းဝင်စေတတ်သောကြောင့် လောက၏အကောင်းနှင့် အလှလက္ခဏာပင် ဖြစ်ပေသည်။ (ဆရာမကြီး ရွှေဘိုမိမိကြီး)။

မြန်မာစာပေသည်နှစ်ပေါင်း ၉၀၀ ကျော် ရှည်လျားသော သမိုင်းကြောင်းရှိခဲ့ပေသည်။ ထိုစာပေသမိုင်း၌ မြန်မာတို့ ဂုဏ်ယူလောက်ဖွယ်ကောင်းသော ပျို့ မော်ကွန်း လင်္ကာ ကဗျာ ရတု ရကန် စသည်တို့ ထွန်းကားခဲ့ပေသည်။

သမိုင်းခေတ်တို့မည်သည်ကား အမြဲတမ်းပြောင်းလဲလျက်ရှိရကား ယင်းပြောင်းလဲမှုဖြစ်စဉ်အလိုက် စကားပြေနှင့် ကဗျာတို့သည်လည်း ရေးဟန်နှင့် ပုံသဏ္ဍာန်ပြောင်းလဲလာတတ်သည်မှာ သဘာဝပင်ဖြစ်ပေလိမ့်မည်။ သမိုင်းခေတ်နှင့်အတူ ပြောင်းလဲလာသော မြန်မာစာပေရေစီးကြောင်းကား အားကောင်းမောင်းသန်စွာ စီးဆင်းလာခဲ့ပေသည်။ အထူးသဖြင့် မြန်မာကဗျာရေစီးကြောင်းလည်း ရေးဟန်နှင့်ပုံသဏ္ဍာန်ပြောင်းလဲလာခဲ့ပေတော့သည်။ မြန်မာကဗျာများကို ဂန္ထဝင်ကဗျာ နှင့် ခေတ်စမ်းကဗျာ သို့မဟုတ် မော်ဒန်ခေါ် ခေတ်ပေါ်ကဗျာ သို့တည်းမဟုတ် ကာရန်မဲ့ကဗျာဟု ယေဘုယျခွဲနိုင်သည်ဟု ထင်ပါသည်။ မြန်မာနိုင်ငံတွင် ရာစု ၁၁ -၁၂- ရာစုနှင့် ၁၃ ရာစု ပုဂံခောတ်က ထွန်းကားခဲ့သော မြကန်သာအစချီနှင့် သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ အစချီ အနန္တသူရိယအမတ်ကြီး၏ လေးလုံးစပ် ကဗျာဟန် စသည်ကို ဂန္ထဝင် ဟုမှတ်တမ်းပြုခဲ့ကြသည်။ ဂန္ထဝင်ပုံစံမှ သွေဖည်ကာ ရေးသားလာသောကဗျာများကို ကာရန်မဲ့ကဗျာများဟု ကင်ပွန်းတတ်ဟန်တူပါသည်။ ယနေ့ပေါ်ပေါက်နေသော မော်ဒန်ကဗျာ သို့မဟုတ် ခေတ်ပေါ်ကဗျာဟု ခေါ်ဆိုနေကြသော အရေးအသားများကို ဆရာကြီး ဒဂုံတာရာက စကားပြေကဗျာဟူ၍ အမည်ပေးသည်။ စကားပြေမှာဖြစ်စေ ကဗျာမှာဖြစ်စေ ပုံသဏ္ဍာန်နှင့် အကြောင်းအရာ ဟု ရှိသည်။ အကြောင်းအရာကောင်းခြင်းသည် ကဗျာတစ်ပုဒ်၏ ပထမအနှစ်သာရပင်ဖြစ်သည်။ ပုံသဏ္ဍာန်သည်(ဂန္ထဝင်ပုံစံဖြစ်စေ မော်ဒန် သို့မဟုတ် ကာရန်မဲ့ဖြစ်စေ) ဒုတိယအရေးကြီးသော အနှစ်သာရပင်ဖြစ်မည်။ ကာရန်မဲ့ကဗျာများနှင့်စပ်လျည်း၍ စာရေးဆရာကြီးများ၏ အမြင်အချို့ကို ကောက်နှတ်တင်ပြလိုပါသည်။

ဆရာကြီးမင်းသုဝဏ်ကတော့ ကာရန်မဲ့ဆိုတာ ကဗျာမှာ မရှိပါဘူး။ ကာရန်လွတ်လပ်တာပဲ ရှိပါတယ်။ ရစ်သမ်ပါတယ်။ ကာရန်နဲ့ ရစ်သမ် တစ်ခုမှ မပါရင် ကဗျာမဟုတ်ပါဘူး။ ဖရီးဗာ့စ်(Free Verse) ကို ကာရန်မဲ့လို့ တလွဲဘာသာပြန်နေကြတာပါဘဲ။ အမှန်က ကာရန်မဲ့တာ မဟုတ်ဘူး။ ကာရန်ကိုလွတ်လွတ်လပ်လပ် ယူနိုင်တာဘဲ။ Free ကို မဲ့ ဟု လွတ်လပ်နှင့် အဓိပ္ပါယ်မှားပြီး ဒီမှာယူဆနေကြတာပါဟု ကောက်ချက်ချဖူးသည်။ ဆရာကြီး မင်းသုဝဏ်အလို ကာရန်နှင့် ရစ်သမ်တစ်စုံတရာ ပါလျှင် (အကြောင်းအရာ ကောင်းပါက) ကဗျာ (သို့မဟုတ် ကဗျာကောင်း) ဟုဆိုနိုင်မည်ထင်သည်။ စာရေးဆရာ ဇော်နောင် ကတော့ ကာရန်ဟာ မြန်မာကဗျာရဲ့ ဝတ်စုံပဲ။ ရစ်သမ်ဟာ ကဗျာရဲ့ဝတ်စုံ မဟုတ်ဘူး။ မြန်မာကဗျာမှာ ဝတ်ဆင်ရမယ့် ကာရန်ကို ချွတ်ပြီး ရစ်သမ်ကို ဝတ်ဆင်ပေးတာဟာ မြန်မာကဗျာရဲ့ အလှကို အကျည်းတန်စေပါတယ် ဟု ကောက်ချက်ပြုသည်။ ဆရာဇော်နောင်ကတော့ ဆက်လက်ပြီး ဆရာ့ဆရာကြီးများ ရေးသားစီရင်ခဲ့တဲ့ ကဗျာဖွဲ့နည်းကျမ်းတွေကို လေ့လာဆည်းပူးသင့်တယ်။ ဂန္ထဝင် မြန်မာကဗျာတွေကို ဖတ်ရှု့လေ့လာသင့်တယ်။ ဒီလိုတိုက်တွန်းတာဟာ -ဥခွံအဟောင်းထဲမှာ နေကြ- လို့ ဆိုလိုတာမဟုတ်ဘူး။ အဲဒီရှေးဟောင်းဂန္ထဝင်ဟန် ဂန္ထဝင်ပုံသဏ္ဍာန်အတိုင်းပဲ ရေးရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဂန္ထဝင်ဟာ မြန်မာကဗျာ အခြေခံပဲ ဟု တိုက်တွန်းထားပါသည်။ မှန်ပါသည်။ အခြေခံပိုင်နိုင်မှ ယင်းအခြေခံပေါ် မူတည်ပြီး ခေတ်နှင့် သင့်လျော်သည့် ပုံသဏ္ဍာန် ဟန်ပန်သစ်ကို တည်ဆောက်ဖွဲ့နွဲ့ကြရပါသည်။

စာရေးဆရာကြီး ဦးရန်အောင်ကတော့ ကာရန်မဲ့ကဗျာများနှင့် ပတ်သက်ပြီး အောက်ပါအတိုင်း မှတ်ချက်ချ တုံ့ပြန်ပြုသည်။ --ကဗျာ မခက်ဘူး။ စာကြောင်းလေးတွေကို လေးငါးခြောက်ကြောင်းလောက် အထက်အောက် စီရေးရင် ကဗျာဖြစ်တယ်။ အဲဒါ ကဗျာလို့ခေါ်တယ် ဟု စိတ်အနှောက်ယှက် ရှိပုံရလျက် ရေးသားခဲ့ဘူးသည်။ စာရေးဆရာ သိန်းဖေမြင့်ကလည်း.. ကျွန်တော် ကာရန်မဲ့ကဗျာကို အားမပေးဘူး။ မထောက်ခံဘူး။ မကြိုက်ဘူးလို့ပဲ ပြောပါတယ်။ ကျွန်တော် စဉ်းစားကြည့်တယ်။ ဘာဖြစ်လို့ ကာရန်မဲ့ချင်ကြတာလဲ။ ထူးဆန်းချင်လို့ပဲ။ ဒီ့အပြင် ဘာမှမရှိဘူးလို့ဘဲ အဖြေထွက်တယ်...ဟု ပြောခဲ့ဘူးသည်။

ဆရာဇဝနကလည်း ကာရန်မဲ့ ကဗျာကတော့ ဥရောပ အစရှိတဲ့ နိုင်ငံခြား တိုင်းပြည်တွေမှာ ခေတ်စားနေတာ အတော်ကြာနေပါပြီ။ ဒီအယူအဆ ဒါမှမဟုတ် ဒီရောဂါ မြန်မာစာပေနယ်ထဲ ကူးလာတာ မကြာသေးပါဘူး။ ကျွန်တော်တို့က ရှေးကျတယ် ပြောပြော၊ ခေတ်နောက်ကျတယ်ဆိုဆို သမားရိုးကျ ရေးပုံရေးနည်းပဲ ကြိုက်တယ်ဟု ပွင့်လင်းစွာဆိုခဲ့ပါသည်။

ရှေးဟောင်း ဂန္ထဝင်ကဗျာများမှာလည်း အင်မတန် နှစ်လိုဖွယ်ကောင်းသော စာပေအလှများ ရှိပါသည်။ ယင်း ရှေးဂန္ထဝင်စာပေ ကဗျာများ မှေးမှိန်တိမ်ကော ပျောက်ကွယ်မှာလည်း စိုးရိမ်ရပါသည်။ ထို့ကြောင့် ကဗျာအလင်္ကာအတတ်တွင် မိမိအနေနဲ့ ကျွမ်းကျင်သူမဟုတ်သော်လည်း စာရေးဆရာကြီးများတချို့၏ ကာရန်မဲ့ကဗျာအကြောင်း အမြင်များတင်ပြရုံသာဖြစ်ပါသည်။ ကဗျာဖတ်သူများ၏ အဆုံးဖြတ်ကသာ အဓိကပင်ဖြစ်ပါသည်။

မေ့သားလှ-ဇလဂ္ဂ

၁၇-၀၉-၂၀၁၁


ကိုးကားသောစာအုပ်များ

၁။ စာဆိုနှင့် စာ -၁၃၆၁ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ်

၂။မန္တလေး အနှစ် ၁၅၀ ပြည့် အထိမ်းအမှတ် ကဗျာ

၃။ သိမှတ်ဖွယ်ရာ မြန်မာ့ လျှို့ဝှက်ချက် ၁၀၀ (နန္ဒာမိုးကြယ်)။

No comments:

Post a Comment